.

.

.

June 13, 2008

မိုးကုတ်တွင် မိုးသည်းထန်မှုကြောင့် တောင်ပြို၍ လူ ၁၂ ဦးသေဆုံး

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့တွင် ယမန်နေ့အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ပြိုမှု ဖြစ်ပွားကာ လူ ၁၂ ဦးသေဆုံးခဲ့ကြောင်း မိုးကုတ်ကြက်ခြေနီအသင်း တာဝန်ရှိသူတဦးက အတည်ပြု ပြောကြားသည်။

ဇွန်လ ၁၁ ရက်နေ့ ည သန်းခေါင်ယံအချိန်မှစပြီး မိုးကုတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ရာမှ ၁၂ ရက်နေ့ နံနက် ၄ နာရီ တွင် မိုးကုတ်မြို့ ဆင်ခြေဖုံး ပိတ်ဆွဲ၊ ဟိုမိုင်း ဘက် စွန်းလွန်း ဒေသအောက်ရှိ တောင်လေးစွန်းတွင် တောင်ကျချောင်းရေ ကြောင့် မြေပြိုမှုဖြစ်ပွားကာ လူများသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“မိုးက တအားရွာတာ ည ၁၁ နာရီလောက်ကတည်းက ရွာတာ မနက် ၄ နာရီ ကျော်လောက် ကျတော့ တောင်ကျချောင်း ရေတွေများပြီး တောင်လေးစွန်းမှာတောင်တွန်း (ဒေသအခေါ်ဖြစ်ပြီး မြေပြိုခြင်းကိုပြောခြင်းဖြစ်သည်) တာ အိမ်တွေပါ သွားတယ်၊ အားလုံးပေါင်း ၁၂ ယောက် သေတယ်၊ အိမ်အလုံး ၂၀ လောက် မြေအောက် မှာပိသွားတယ်၊ အလောင်းတွေ အခုထိတော့ ဖော်နေကြတုန်းပဲ”ဟု မိုးကုတ်မြို့ခံတဦးက တယ်လီဖုန်းဖြင့် ပြောသည်။

မိုးကုတ်မြို့ ပြည်သူ့ ဆေးရုံကြီးကမူ ယင်းတောင်ပြိုမှုကြောင့် လူ ၁၁ ဦး သေဆုံးသည်ဟု ဆိုသည်။ထို့အပြင် မိုးကုတ်မြို့ပေါ် ခ ရပ်ကွက် မြေနိမ့်ပိုင်းတွင်လည်း ရေကြီးမှုဖြစ်ပေါ်ကာ လူသေဆုံး မှုများရှိခဲ့ကြောင်း သိရှိရသည်။မိုးကုတ်မြို့လယ်ရှိ ရေနီချောင်းတွင်လည်း ရေလျှံမှုများဖြစ်ပွားကာ အိမ်တချို့ပြိုကျပျက်စီးမှုများရှိကြောင်း ဒေသခံများက ပြောသည်။

“ရေနီချောင်းကလေ တောင်ကျရေကြောင့် ရေတအားတက်လာတယ်၊ ၃ ပေလောက် အထိ တက်တယ်၊ ဒါပေမယ့် ချက်ချင်း ပြန်ကျသွားတယ်”ဟု မိုးကုတ်မြို့သားတဦးက ပြောသည်။

အဆိုပါသတင်းကို ၁၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် သတင်းတိုအဖြစ်ဖော်ပြပြီး လူသေဆုံးမှု စာရင်းနှင့် အပျက်အစီးစာရင်းကို ထုတ်ပြန်ခြင်းမရှိပေ။

ပြီးခဲ့သည့် မေလဆန်းပိုင်းက မြန်မာနိုင်ငံတွင် ၀င်ရောက်တိုက်ခိုက်ခဲ့သော နာဂစ်မုန်တိုင်း ကြောင့် လူ တ သိန်းကျော် သေဆုံးပြီး လူဦးရေ ၃ သန်းနီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ပြီးနောက်ပိုင်း မိုးကုတ်မြို့တွင် ဖြစ်ပွားသော မြေပြိုမှုမှာ လူအသေ အပျောက်ရှိသည့် သဘာဝဘေးအန္တရာယ် တခုဖြစ်ခဲ့သည်။

မွန်ပြည်နယ် မော်လမြိုင်မြို့တွင်လည်း ယခုလ ၁၆ ရက်နေ့မှစပြီး သံလွင်မြစ်ရေကြီးမှု ဖြစ်ပွားနိုင်သည်ဟု ဆိုကာ အာဏာပိုင်များက သောင်းဂဏန်းရှိ ဒေသခံအများအပြားကို ပြောင်းရွှေ့မှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

No comments: