နာဂစ်မုန်တိုင်းကြီး တိုက်ခတ်ပြီး မြန်မာနိုင်ငံမှ လူတန်းစားအလွှာ အသီးသီးကို လှုပ်နှိုးလိုက်သလို ဖြစ်သွားခဲ့သည်။
ဆင်းရဲချမ်းသာမရွေး၊ ဘာသာမရွေး၊ ပညာတတ် မတတ်မရွေး၊ လူကြီးလူငယ်မရွေး တတ်နိုင်သည့်ဘက်မှ ၀င်ရောက်ကူညီ လုပ်ဆောင်ဖို့ ထွက်လာကြသည်။ အချင်းချင်းတိုင်ပင်ကာ ဒုက္ခရောက်နေသည့်နေရာများသို့ ပစ္စည်းများလှူဒါန်း ကြသည်။ ပို့ဆောင်ပေးကြသည်။
သံဃာတော်များက ဒုက္ခရောက်သူ မြို့သား၊ တောသား၊ ကျားမ၊ ဘာသာမရွေး ဘုန်းတော်ကြီးကျောင်း ပရ၀ုဏ်ထဲ လက်ခံ ထားကာ ရှိသည့် ရေ၊ စားစရာ၊ ဆေးဝါးတို့ဖြင့် ကူညီထောက်ပံ့ ပေးထားခဲ့သည်။
ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားတန်ဆောင်းများထဲမှာမှီခိုနေကြသည့် ဒုက္ခသည်များကိုကြည့်ပြီး မြို့ခံလူထုများကလည်း မိမိတို့နေအိမ်ပျက်စီး စီးပွားရေးလုပ်ငန်း ရပ်တန့်နေသည်တို့ကိုမေ့ကာ တတ်နိုင်သည့်ဘက်မှ ၀င်ကူညီခဲ့ကြသည်။ အစိုးရက ချက်ခြင်းအရေးယူဆောင်ရွက်ခြင်း မပြုသည်ကိုလည်း မည်သို့မျှတိုက်တွန်းပြောဆိုခြင်းမပြုဘဲ နောက်ထပ် အသက်တွေ မဆုံးရှုံးအောင် တတ်နိုင်သည့် ဆောင်ရွက်မှုကို တက်ညီလက်ညီ လုပ်ဆောင်ခဲ့ကြသည်။
ဥပမာအားဖြင့် လပွတ္တာမြို့တွင် မုန်တိုင်းတိုက်ပြီး နောက်တရက်မှ စတင်ကာ အနီးအနားရှိရွာများမှ ဒုက္ခသည်များ စတင် ၀င်ရောက်လာကြကာ သကျမာရဇိန် ဆုတောင်းပြည့်တန်ဆောင်းတွင် မှီခိုနေထိုင်ကြသည့် ဒုက္ခသည်များကို မြို့ခံနာရေး ကူညီမှု အသင်းအဖွဲ့ဝင်များက ဆန်ပြုတ်တိုက်ရန် စတင်လုပ်ဆောင်ခဲ့ကြသည်။
ရက်အတော်အတန်ကြာသည် အထိ လပွတ္တာမြို့မှ အာဏာပိုင် မယကနှင့် တပ်မတော်က အဆိုပါ ဒုက္ခသည်များအတွက် မည်သည့် ကယ်ဆယ်ရေးမှ မလုပ်ဆောင်ခဲ့ကြပေ။
ရက်ပိုင်းအတွင်း ဘုန်းတော်ကြီးကျောင်းများမှာလည်း ဒုက္ခသည်များဖြင့် ပြည့်လျှံသွားခဲ့ပြီး ဆရာတော်သံဃာတော်များက စားရေးသောက်ရေး နေထိုင်ရေးကို အစွမ်းကုန် နေ့မအိပ်ညမအိပ် စီစဉ်စောင့်ရှောက်ကြသည်။ ယခုကဲ့သို့ အရေးအကြီးဆုံး အချိန်အခါတွင် မည်သည့် ဆိုင်းဘုတ်မျှ မတင်ကြ။ မည်သူက လုပ်ဆောင်သည်ဆိုသည့် အချက်ထက် ဒုက္ခသည်များ အမြန်ဆုံး သက်သာရာ ရရေးသာဖြစ်သည်ကို ကူညီသူ အားလုံးက သဘောပေါက်ထားကြသည်။
ကိုယ်ဘယ်သူဆိုတာကို မေ့ထားကြပြီး ဒုက္ခရောက်နေသူများကို ပိုမိုထိရောက်အောင် ဘယ်လိုကူညီကြမလဲဆိုတာကိုပဲ ခေါင်းထဲမှာ ထည့်သွင်းထားကြသည်။
နအဖ အစိုးရရဲ့ ဗိုလ်ချုပ်တွေက ရဟတ်ယာဉ်တွေနှင့် ပျံသန်းကာ ရေသန့်ပုံး ၁ ဒါဇင်၊ ၂ ဒါဇင်နှင့် ခေါက်ဆွဲခြောက်ထုပ် ၂ ဖာ ၊ ၃ ဖာကိုသာပေးပြီး ဓာတ်ပုံအရိုက်ခံ၊ ဗီဒီယိုအရိုက်ခံကာ ကယ်ဆယ်ရေးကို အပြသဘောလုပ်ဆောင်နေကြသည့် အချိန်မှာ သံဃာနှင့် လူထုက ယခုထက်ပိုပြီးကူညီနိုင်အောင် ကြိုးစားနေခဲ့ကြသည်ကို မြင်ရသည်။
နအဖ အစိုးရ၏ အပြသဘောလုပ်ရပ်ကို မုန်တိုင်းဒဏ်ခံဒေသများသို့ ရောက်သည့်သူတိုင်း ကိုယ်တိုင်ကိုယ်ကျမြင်ကြရပြီး ဒေါသဖြစ်ကြရသည်။ နိုင်ငံတကာအသိုင်းအ၀န်းကို ပစ္စည်းသာ အကူအညီတောင်းပြီး ကိုယ်တိုင်ကိုယ်ကျ သွားရောက် ကူညီခွင့် မပေးသည်ကိုလည်း လူထုတွေက မကျေမနပ်ဖြစ်ကြရသည်။
လပွတ္တာမြို့နယ်ထဲမှ ပင်လယ်ပိုင်းကျသည့် ရွာများသို့ အမိန့်မရသောကြောင့် သွားမကယ်ဘဲ ဒုက္ခသည်များ သောက်စရာ ရေမရှိ၍ ရေငန် ၀င်နေသည့် ရေသောက်ပြီး ၀မ်းလျှောကာ သေဆုံးကြရသည်ဆိုသည့် သတင်းများကြားပြီး စိတ်ဆိုး ဒေါသ ထွက်ကြရသည်။
ယခုအချိန်တွင် အားလုံး၏ရင်ထဲ အသည်းထဲမှာ ဘယ်လိုကူညီရမလဲ ဆိုသည့်ဆန္ဒသာလွှမ်းမိုးနေကြသည်။ ဘယ်သူ လှူသလဲ ဆိုတာထက် ဘယ်သူတွေရသွားပြီး ဒုက္ခမှ သက်သာရရသွားကြသည့် အချက်ကို ပိုအရေးထားနေကြသည်။
နအဖ အစိုးရကို အဆိုးဆုံးအရက်စက်ဆုံး အစိုးရအဖြစ် သတ်မှတ်ထားကြပြီး သတင်းစာထဲမှာဖေါ်ပြနေသည့် ဒုက္ခသည် များကို ပစ္စည်းဝေငှ ပေးကမ်းနေသည့် သတင်း၊ အခြေအနေမေးမြန်းနေသည့် သတင်းများကို အမှန်တကယ် လုပ်ဆောင် နေသည်ဟု မည်သူကမျှ မယူဆကြတော့။
အစိုးရနှင့် နီးစပ်ပြီး နအဖ ခေါင်းဆောင်များနှင့် အကျိုးစီးပွားတူ လုပ်ကိုင်နေကြသည့် လုပ်ငန်းရှင်ကြီးများဖြစ်သည့် ထူး ကုမ္ပဏီ၊ မက်စ်မြန်မာ၊ ဧဒင်၊ ရွှေသံလွင်၊ ဇေကမ္ဘာ၊ ယုဇန စသည့်ကုမ္ပဏီများက ဒုက္ခသည်များအတွက် သိန်းဘယ်နှထောင် လှူဒါန်းသည် ဆိုသည့်ဆိုင်းဘုတ်များဖြင့် သတင်းစာတွင် ထည့်သွင်းဖေါ်ပြနေသည်ကိုလည်း လူထုက အယုံ အကြည်မရှိ တော့။ အဆိုပါ ကုမ္ပဏီများအနေဖြင့် အကျိုးမျှော်ကိုးပြီးသာ လှူဒါန်းနေကြသည်ဟု ပြည်သူများက နားလည် ထားကြသည်။
ဒုက္ခရောက်သူများအရေးထက် သူတို့ ကုမ္ပဏီ ဆိုင်းဘုတ်ကိုသာ ပိုအရေးထားနေကြသည် ဟုလည်း ရှုမြင်ကြသည်။
ထူးကုမ္ပဏီက သိန်းပေါင်း ၁ သောင်း လှူဒါန်းသည်ဟု သတင်းစာတွင် အကြိမ်ကြိမ်ဖေါ်ပြပြီး နောက်တဖန် သိန်းတထောင် လှူသည်၊ သိန်း ၃ထောင်လှူသည် ဟူသည့် အဆိုပါ ကျပ် သိန်း ၁ သောင်းကို ထပ်ကာထပ်ကာ ဖေါ်ပြကြော်ငြာသည့် သတင်းတွေလည်း မကြာခဏ အစိုးရသတင်းစာမှ ဖေါ်ပြလျှက်ရှိသည်။
မုန်တိုင်းဒဏ်ခံရသော ဒုက္ခသည်များကိုကူညီသည့် အဖြစ်အပျက်ထဲတွင် မိမိတို့ကုမ္ပဏီ၏ အမှတ်တံဆိပ်၊ နာမည်ကိုပါ ကြော်ငြာလိုသည့် အဖြစ်သည် ဖတ်ရှုတွေ့မြင်ရသူတို့ နှလုံးမသက်မသာ ဖြစ်ကြရသည်။ မိမိတို့ ကုမ္ပဏီ လှူသည့် ကိစ္စက ဒုက္ခရောက်သူများကို ကူညီသည့် ကိစ္စထက် ပိုအရေးကြီးသကဲ့သို့ ပြုမူလျှက်ရှိကြသည်။
ပြည်သူချစ်သည့် အနုပညာရှင်များ ကလည်း မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များအား ကူညီသည့် လှုပ်ရှားမှုတွင်ပါဝင်လာကြ သည်။ ထို့သို့ ပါဝင်လာခြင်းကို အားလုံးက လှိုက်လှဲစွာ ကြိုဆိုကြပါသည်။
သို့ရာတွင် ဒုက္ခသည်များ အရေးထက် ပုဂ္ဂိုလ်ရေး ရှေ့တန်းရောက်ကုန်မှာကို စိုးရိမ်ပါသည်။ ဒုက္ခရောက်နေပြီး အကူအညီ မရသေးသူ ဘယ်လောက်ကျန်သေးသလဲ၊ သွားလာရခက်ခဲသည့် နေရာဒေသများသို့ ဘယ်လိုလုပ်ပြီး ရောက်အောင် သွားကြမလဲ ဆိုသည့်အချက်က လောလောဆယ်မှာ အရေးကြီးဆုံးဟု ထင်ပါသည်။
ကုမ္ပဏီများတင်မကဘဲ တိုင်းပြည်၏ စတုတ္ထမဏ္ဍိုင်ဆိုသော ပုဂ္ဂလိက မီဒီယာများ ဖြစ်သည့် သတင်းဂျာနယ် တချို့ကပါ မိမိတို့ မီဒီယာ၏ ဆိုင်းဘုတ်တွေက အလှူကိစ္စထက် ပိုအလေးပေး ဖေါ်ပြလာကြသည်။
ဘာအတွက်လှူသည်၊ ဘယ်လောက်လိုအပ်နေသေးသည်၊ မရောက်သေးတဲ့ ဒေသတွေဆီဘယ်လို လှူဒါန်းသင့်သည် ဆိုသည့်အချက်ကို မျက်ချည်မပြတ်သင့်ဟု နားလည်မိပါသည်။
မိမိတို့ မီဒီယာမှ နှိုးဆော်ပြီး အလှူရှင်တွေ စုထည့်ကြသည့် ကျပ်ငွေ သိန်းဘယ်နှဆယ်ကို ဘယ်နေ့က မိမိတို့မီဒီယာမှ ကိုယ်ထိလက်ရောက် သွားရောက်လှူဒါန်းခဲ့ကြပြီ နတ်လူသာဓု ခေါ်စေသော်ဝ် ဆိုသည့် ကြော်ငြာဆန်သော ဖေါ်ပြချက် မျိုးသည် မုန်တိုင်းဒဏ်ခံစားနေရသည့် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသ၏ အဓိက ရုပ်ပုံလွှာကို ဖုံးအုပ်မသွားစေသင့်ဟု ယူဆမိပါသည်။
ဒုက္ခရောက်နေသူပေါင်း ထောင်နှင့်ချီရှိနေသေးကာ နောက်တရက်အတွက်၊ နောက်တပတ်အတွက် ထမင်းစားဖို့ ပူပန် နေရသူပေါင်း သောင်းနှင့်သိန်းနှင့် ချီရှိနေသေးသည်ကို မမေ့သင့်ပါ။
ကယ်ဆယ်ရေးစခန်းများကို အမိန့်အာဏာသုံးကာ ပိတ်စေပြီး ဆန် ၅ ပြည်၊ ငွေ ၅ ထောင် နှင့် ပလတ်စတစ် တာပေါ်လင် ၁၀ကိုက်ဖြင့် ဘာမှ မကျန်တော့သည့် ရွာများသို့ ပြန်နှင်ထုတ်နေသည့် အဖြစ်အပျက်များကိုလည်းမျက်ချည်မပြတ်သင့်ပါ။
မိမိတို့ရဲ့ အတ္တ၊ မိမိတို့ကုမ္ပဏီရဲ့ နာမည် တွေကို ဘေးမှာထားပြီး သဘာဝဘေးအန္တရာယ် ကပ်ဘေး ခံစားနေကြရသူများ အရေးကို နံပါတ် ၁ ဦးစားပေးအနေနှင့် စဉ်းစားပေးသင့်ကြပြီ ဟု ထင်မြင် ယူဆမိပါသည်။
မိုးအောင်တင် - ဧရာဝတီ
.
.
.
.
.
June 13, 2008
အလှူပေးသူထက် မုန်တိုင်းဒဏ် ခံစားရသူ အရေးကို ပိုဦးစားပေးကြပါ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment