.

.

.

June 20, 2008

ပိုမိုခိုင်မာခဲ့သည့် သံဃာနှင့် လူထု စည်းလုံးမှု


နာဂစ်မုန်တိုင်းက တိုင်းပြည်တခုလုံးကို ဆုံးရှုံးမှုပမာဏ ကြီးမားစွာပေးခဲ့သည်။ ငွေဖြင့်တန်ဖိုးဖြတ် မရစကောင်းသည့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံး၍ အသက်ရှင် ကျန်ရစ်သူများ၏ စည်းစိမ်၊ အိုးအိမ် ပိုင်ဆိုင်မှု၊ အသက်မွေးဝမ်းကျောင်း ကိရိယာ များစွာလည်း ရေနှင့် လေနှင့်မျောလွင့် ပျက်စီးခဲ့ကြရသည်။ ဒီလိုဆုံးရှုံးမှုတွေထဲမှ ထွက်ပေါ်လာသည့် ကောင်းမွန် သောရလဒ် တချို့ကိုလည်း အဖြစ်အပျက် တလျှောက်မှာ တွေ့ရသည်ဟု လေ့လာ အကဲခတ်သူ တဦးက ဆိုသည်။

ဖျက်ဆီးနိုင်စွမ်းအား ပြင်းထန်သည့် မုန်တိုင်းကြားမှ ရရှိလိုက်သည့် ကောင်းမွန်သော ရလဒ်မှာ ရဟန်း သံဃာနှင့် လူထုအကြားမှာ ပိုမိုခိုင်မာ သည့် ပေါင်းစည်းမှု ဖြစ်သည်ဟု အဆိုပါ အကဲခတ်သူက ပြောဆိုသည်။

၂၀၀၇ ခုနှစ်ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပြီးသည့်နောက်မှာ သံဃာနှင့် လူထု အကြား သွေးစည်းမှုတခု ဖြစ်ပေါ်ခဲ့သည် ကို တွေ့ရသည်။ သံဃာများအပေါ် နဂိုက သာမန် ကြည်ညိုမှု သာရှိခဲ့ကြ သည့် လူတချို့၏ ထင်မြင်ချက် ပြောင်း လဲသွားကာ လေးလေးနက်နက် ကြည်ညိုလေးစား လာသည်ကို တွေ့ရှိရသည်။ တခြားဘာသာဝင်များ ကပင် ရဟန်းသံဃာများ၏ အနစ်နာခံမှု စွန့်လွှတ်မှုကို အသိအမှတ်ပြု လေးစားခဲ့ကြသည်။


နာဂစ်ကယ်ဆယ်ရေး ကာလတွင် အစ္စလာမ် ဘာသာဝင် အလှူရှင်များကလည်း ဗလီများတွင် ခိုလှုံနေကြသည့် အစ္စလာမ် ဘာသာဝင်များသာမကဘဲ ဘုန်းတော်ကြီးကျောင်းများရှိ ဒုက္ခသည်များကိုလည်း ၀င်ရောက် လှူဒါန်းကြသည်ကို အများ အပြားမြင်တွေ့ကြရသည်။ ကယ်ဆယ်ရေးလုပ်ငန်းတွင် သံဃာတော်များ၏ ဦးဆောင်ဦးရွက်ပြုသည်ကို ထောက်ခံအားပေး ခဲ့ကြသည့် လက္ခဏာဖြစ်သည်ဟု ရှုမြင်ကြသည်။

လပွတ္တာမြို့နယ်သို့ မေလအတွင်း ကယ်ဆယ်ရေးအကူအညီ သွားရောက်ခဲ့သည့် အစ္စလာမ် ဘာသာဝင် ရန်ကုန်မြို့သူ တဦးက “ဘုန်းကြီးတွေ လုပ်တာကိုကျမတို့အနေနဲ့ ယုံတယ်၊ မျှမျှတတလည်းရှိတယ်၊ စည်းစနစ်လည်းကျတယ်။ ဒါကြောင့် ကျမတို့အလှူပစ္စည်း တ၀က်ကျော်ကျော်ကို ဘုန်းကြီးကျောင်းတွေ ၀င်ပြီးလှူခဲ့တာပါ ”ဟု ဆိုသည်။

သူတို့အဖွဲ့မှ အစ္စလာမ်ဘာသာဝင် တဦးကလည်း “အရင်တုန်းက လူမျိုးရေး အဓိကရုဏ်းဖြစ်ရင် အထင်လွဲခဲ့တယ်။ ပြီးခဲ့တဲ့ နှစ်ကမှ ဗလီကို ခဲနဲ့လာပေါက်တဲ့ ဘုန်းကြီးရဲ့ ခါးကြားမှာ ဝေါ်ကီတော်ကီ (ကြိုးမဲ့ဆက်သွယ်ရေးစက်) ချိတ်ထားတာတွေ့ လိုက်တော့မှ ဒီလိုအဖြစ်အပျက်တွေကို သူတို့ဖန်တီးတယ်ဆိုတာ ကောင်းကောင်း သဘောပေါက်သွားတယ်” ဟုဆိုသည်။

ထိုအချက်သည် နအဖ စစ်အစိုးရအတွက် ကြီးမားသည့် ဆုံးရှုံးမှုကြီးတခု ဖြစ်သည်။ နိုင်ငံရေး အကြပ်အတည်း ကြုံတိုင်း လူမျိုးရေး အဓိကရုဏ်းဖန်တီးကာ ထွက်ပေါက်ရှာသည့် စစ်အစိုးရ၏လုပ်ရပ်ကို မြန်မာဘုန်းတော်ကြီးများရော အစ္စလာမ် ဘာသာဝင်များပါ သဘောပေါက်သွားခဲ့ကြသည်။

ယခု နာဂစ်ဘေးအန္တရာယ်မှာလုပ်ဆောင်ခဲ့သော သံဃာများ၏ အခန်းကဏ္ဍကိုမူ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ပြီးနောက်မှာ နိုင်ငံရေး လှုပ်ရှားမှု မဟုတ်ဘဲ ကယ်ဆယ်ရေး လုပ်ငန်းကရသည့် နိုင်ငံရေး အကျိုးအမြတ်ဟူ၍ နိုင်ငံရေး လေ့လာ သူများက သုံးသပ်ကြသည်။ ရွှေဝါရောင် တော်လှန်ရေးမှာ နိုင်ငံရေးလှုပ်ရှားမှု တခုဖြစ်သည်။

အကြမ်းမဖက်သော ငြိမ်းချမ်းစွာ မေတ္တာ ပို့ ချီတက်လမ်းလျှောက်သော လှုပ်ရှား မှုမှာ လူထုအရေးကို ရဟန်းသံဃာများ ကရှေ့မှ ထွက်ရပ်ကာ ငြိမ်းချမ်းစွာ ဦးဆောင်ခဲ့ကြသည်။ မြန်မာပြည် လူထု အရေးကြုံလာသောအခါ သံဃာများက ရှေ့ကိုထွက်ပြီး ဆောင်ရွက်ပေးခဲ့သည့် သာဓကဖြစ်ခဲ့သည်။

ယခု မေလဆန်းတွင် ဖြစ်သည့် နာဂစ် မုန်တိုင်း ဘေးအန္တရာယ်မှာလည်း ကျေးရွာအသီးသီးနှင့် မြို့အသီးသီးက ဆရာတော်၊ သံဃာတော်တွေက ကယ်ဆယ်ရေး ကူညီရေး၊ ထူထောင်ရေး တွေမှာ ရှေ့တန်းကထွက်ပြီး ဆောင်ရွက် နေကြတာမြင် တွေ့ရသည်။

လပွတ္တာ၊ ဘိုကလေး၊ ဖျာပုံ၊ ဒေးဒရဲနှင့် ကွမ်းခြံကုန်း ဒေသများသို့ ရောက်သည့် အခါ မုန်တိုင်းဘေးကအသက်ရှင် လွတ်မြောက်လာသူတွေက သူတို့အတွေ့အကြုံကို ပြန်လည် ပြောဆိုကြသည်။ ထိုသို့ပြောဆိုရာမှာ မုန်တိုင်းကြောင့် လှိုင်းတွေ ရေတွေ ကြီးလာသည်နှင့် ရွာမှာ ခိုင်ခန့်ကြီးမားသည့် အဆောက်အဦဖြစ်သော ဘုန်းတော်ကြီး ကျောင်းတွေ၊ သိမ်တွေမှာ ခိုလှုံခဲ့ကြပြီး အသက်ချမ်းသာရာ ရခဲ့ကြသည်ဟု ဆိုသည်။ ရေကျပြီးသွားသည့် အခါမှာလည်း အိမ်တွေပြို ပျက်ပြီးရေထဲပါသွား၍ ကျန်ရစ်ခဲ့သည့် ဘုန်းကြီးကျောင်းတွေ မှာသွားရောက်ခိုလှုံကြသည်။

ရွာတရွာလုံး ကျောင်းတွေပါပျက်စီးတဲ့ ရွာတွေကတော့ မြို့ပေါ်ကိုတက်ပြီး တန်ဆောင်းနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံကြရသည်။ ဘုန်းတော်ကြီးတွေက စားရေး၊ နေရေးနှင့် ကျန်းမာရေး တို့ကိုတတ်နိုင်သမျှ စီစဉ်လုပ်ဆောင်ပေးကြ သည်။ တာဝန်အရှိဆုံး အဓိက အကျဆုံး နေရာကိုယူထားသော အစိုးရထက်ကို ဘုန်းတော်ကြီးကျောင်း တွေက မြန်ဆန်ထိရောက် စွာနှင့် ကယ်ဆယ်ရေးကို လုပ်ဆောင်ခဲ့သည်ကို တနိုင်ငံလုံးနှင့် တကမ္ဘာလုံး ကမြင်တွေ့ ခဲ့ရ သည်။

ဘိုကလေးမြို့အနီးအနားမှ ဟေမာန် လတာဆိုသည့် ရွာငယ်တရွာက ဒုက္ခသည်ရွာသူရွာသားများ အတွက် မြို့သို့ တက် ကာ အလှူရှင်များကို လာရောက်ဆက်သွယ်ဆောင်ရွက်သည့် သံဃာတပါးကိုလည်း ဘိုကလေးမြို့ရှိ ဘုန်းတော်ကြီး ကျောင်းတွင် တွေ့မြင်ခဲ့ရသည်။ အရေးကြုံလာသည့်အခါ ရွာတွင်ဦးဆောင်ဦးရွက် ပြုမည့်သူသည် ရယက ဆိုသူတို့ မဟုတ် ရွာရှိဘုန်းတော်ကြီးကျောင်းမှ ဆရာတော်နှင့် သံဃာတော်များ သာဖြစ်သည်။

ရွာဘုန်းတော်ကြီးကျောင်းအတွက် မျှမဟုတ်ဘဲ ရွာတရွာလုံး၏ အရေးပေါ်စားရေး၊ နေရေးနှင့် ကျန်းမာရေးတို့အတွက် ဘိုကလေးသို့လာရောက်ပြီး အကူအညီတောင်းခံ ခြင်းဖြစ်သည်ဟု ဦးပဉ္ဇင်းက မိန့်ဆိုသည်။

ယခု အဖြစ်အပျက်ကိုကြည့်ပြီး ပြည်တွင်း ဂျာနယ်လစ်တစ်ဦးက“မြန်မာနိုင်ငံရဲ့ ကျေးလက်တွေမှာ လူထုရဲ့ခေါင်းဆောင်က သံဃာတော်တွေပဲ။ သံဃာတော်တွေက ဘာသာရေး တခုတည်းသာမကဘဲ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးနဲ့ အခုတော့ သဘာဝဘေး ဒုက္ခကဏ္ဍတွေမှာပါ ဦးစီးဦးဆောင် လုပ်နေတာ မြင်ရတယ်” ဟု သုံးသပ်သည်။

နိုင်ငံတွင်းတွင်သာမက ပြည်ပသာသနာပြုတွင်ပါ ထင်ရှားပြီး နအဖ အစိုးရကို တရား ဒေသနာများဖြင့် ပွင့်လင်းထိမိစွာ ဝေဖန် ဟောပြောလေ့ရှိသည့် သီတဂူဆရာတော် သည်လည်း နာဂစ်မုန်တိုင်း ဖြစ်ပြီးသည့်နောက် ဘိုကလေးမြို့တွင် အခြေစိုက်ကာ ရွာပေါင်းများစွာ၏ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အတွက် အင်အားဖြင့် လုပ်ဆောင်လျက် ရှိသည်ကို တွေ့မြင်ရသည်။ပြီးခဲ့သည့်မေလ မကုန်မီကပင် စာသင် ကျောင်းများတွင် နေထိုင်သည့် မုန်တိုင်း ဒဏ်ခံရသော ဒုက္ခသည်များကို သက် ဆိုင်ရာ အာဏာပိုင်နှင့်စစ်တပ်က ဖယ်ရှားခဲ့ကြသည်။ ကျောင်းမဖွင့်မီမှာပင် နေခွင့်မပြုဘဲ နှင်ထုတ်ခဲ့ကြသည်။ ထိုမျှမက ဘုန်းတော်ကြီးကျောင်းများ ကိုပါ ဒုက္ခသည်များဖယ်ရှားရန် အာဏာ ပိုင်တွေက ဖိအားပေးခဲ့ကြသော်လည်း တချို့သော ဆရာတော်များက ဒုက္ခ သည်များ အိမ်ပြန်ခိုင်းရန် မဖြစ်နိုင်သေး ဟု ဆိုကာ ဖိအားပေးမှုကို ငြင်းဆန်ခဲ့ကြ သည်ဟု လပွတ္တာ၊ ကွမ်းခြံကုန်းတို့တွင် ကြားသိရသည်။

သဘာဝဘေး အန္တရာယ် ဆိုက်ရောက်ပြီး နောက် ရွာများပြန်လည်တည်ဆောက်ကြရာမှာ အကူအညီပေးရေး အန်ဂျီအို များနှင့် တသီးပုဂ္ဂလ အလှူရှင်အဖွဲ့များက ဘုန်းတော်ကြီးကျောင်းများကို နောင်သဘာဝဘေး အန္တရာယ် ကြုံတွေ့ရသည့်အခါ ခိုးကိုးရာ အဆောက်အဦအဖြစ် ခိုင်ခန့် အောင် တည်ဆောက်ပေးရန် စဉ်းစားလျက်ရှိကြသည်။ စာသင်ကျောင်းထက် ဘုန်းတော်ကြီးကျောင်းများက လူထုအတွက် အားကိုးအားထား ပြုစရာအဖြစ် မြင်ကြသည်။
အဆိုပါ အချက်သည် ရုပ်ဝတ္တုဖြစ်သည့် ဘုန်းတော်ကြီးကျောင်းများကို အနာဂတ် ဘေးအန္တရာယ် ကာကွယ်ရေး အတွက် ဆောက်လုပ်ခြင်းဖြစ်သည်။ ရုပ်ဝတ္တုမဟုတ် သောကြောင့် ထိတွေ့ကိုင်တွယ်၍မရသည့် သံဃာတော်များ နှင့်လူထု အကြား မှ စည်းလုံးရေး စိတ်ဓာတ် သည်လည်း နောင်ကြုံလာမည့် နိုင်ငံရေး အန္တရာယ်ကျရောက်သည့် ကာလတွင် ခိုကိုးရာ အဆောက်အဦဖြစ်၍ နာဂစ်မုန်တိုင်း အပြီးတွင် ခိုင်မာသည့် စိတ်ဓာတ်ရေးရာ အဆောက်အဦတခု အဖြစ်တည်ခဲ့ပြီ ဟု နိုင်ငံရေး အကဲခတ်လေ့လာသူများက ဆိုသည်။

မိုးအောင်တင် - ဧရာဝတီ

No comments: