.

.

.

June 20, 2008

Generation Wave မှ အဆိုတော် ဇေယျာသော်ကို ရုံးထုတ်

စစ်အစိုးရက လွန်ခဲ့သော မတ်လအလယ်တွင် ဖမ်းဆီးထားသည့် ဂီတ အနုပညာရှင် ကိုဇေယျာသော်နှင့် ၅ ဦးကို ရန်ကုန်မြို့ လမ်းမတော် မြို့နယ် တရားရုံး၌ ယနေ့ ရုံးထုတ်ကြောင်း သိရသည်။

ကိုဇေယျာသော်အပါအဝင် ကိုအောင်ဇေဖြိုး၊ ကိုအာကာဗိုလ်၊ ကိုဝေလွင်မျိုး၊ ကိုရန်နိုင်သူ၊ ကိုသီဟဝင်းတင် တို့ကို ပုဒ်မ ၆/၈၈ အရ ခွင့်ပြုချက်မရှိဘဲ အသင်းအဖွဲ့ ဖွဲစည်းမှုဖြင့် အာဏာပိုင်များက တရားစွဲဆို၍ ရုံးထုတ် ခြင်းဖြစ်ကြောင်း ယင်းအမှု အား အကျိုးဆောင်ပေးနေသူ ရှေ့နေ ဦးအောင်ကြီးက ပြောသည်။

“ပုဒ်မ ၆/၈၈ နဲ့ တရားစွဲထားပါတယ်၊ ၁၉၈၈ ခုနှစ်တုန်းက ထုတ်တဲ့ ခွင့်ပြုချက်မရှိဘဲ အသင်းအဖွဲ့ ဖွဲ့တဲ့ အသင်း အဖွဲ့ဆိုင်ရာပုဒ်မပါ၊ ပြစ်မှု မြောက်တယ်ဆိုရင် အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ် ချမှတ်နိုင်ပါတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

ကိုဇေယျာသော်တို့ ၆ ဦးအား မတ်လ ၁၂ ရက်နေ့ ညဦးပိုင်းတွင် ဗဟန်းမြို့နယ်ရှိ စားသောက်ဆိုင် တဆိုင်၌ အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး ၎င်းတို့ကို အင်းစိန်ထောင် သီးသန့်ဆောင်တွင် ချုပ်နှောင်ထားခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့ကို ဖမ်းတဲ့ အချိန်တုန်း က သူတို့လက်ထဲမှာ ဘာ သက်သေ အထောက်အထားမှ ရမသွားပါဘူး၊ ဒါပေမယ့် မြန်မာငွေ ကျပ် တသောင်းလောက်တောင်မရှိတဲ့ နိုင်ငံခြားငွေ အကြွေတချို့ကို တွေ့သွားပါတယ်၊ အဲဒါကို တော့ အမှုတခု ဆင်နိုင်ပါ တယ်၊ အဲဒီ ပိုက်ဆံတွေက အမှတ်တရသိမ်းထားတာတွေပါ၊ မိသားစုကလည်း စိုးရိမ် ပူပန်နေ ပါတယ်”ဟု ကိုဇေယျာသော် ၏ အဒေါ် တော်စပ်သူ ရှေ့နေ ဒေါ်အေးအေးနိုင်က ပြောသည်။

ကိုဇေယျာသော်တို့အား ဗဟန်းတွင် ဖမ်းဆီးခဲ့သော်လည်း ဗဟန်းရဲစခန်းက လမ်းမတော် ရဲစခန်းသို့ လွှဲပြောင်း၍ လမ်းမတော်မြို့နယ် တရားရုံးတွင် ရုံးထုတ် အမှုစစ်ခြင်းဖြစ်ကြောင်းနှင့် ယခုစွဲဆိုထားသော အမှုသည် ပြစ်မှု မမြောက် ကြောင်းဆိုသည်ကို ခုခံကာကွယ်သွားမည်ဖြစ်ကြောင်း ရှေ့နေ ဦးအောင်ကြီးကပြောဆိုသည်။

“အစိုးရက တရားစွဲဆိုတာကို ကျနော်တို့က ပြစ်မှုမမြောက်ဘူးဆိုတဲ့အကြောင်း ကာကွယ်ရမှာပေါ့၊ ဒါပေမယ့် ရှေ့နေတဦး အနေနဲ့ အမှုအပေါ်မှာ သုံးသပ်ဖို့ဆိုတာက တရားလိုပြ သက်သေက ၁၁ ဦးလောက်ရှိတယ်၊ အဲဒါ အခုမှ စစ်နေတုန်းပါ”ဟု ဦးအောင်ကြီး ကဆိုသည်။

ယင်းအမှုအား ယနေ့ ရုံးထုတ်ရာတွင် တရားရုံးသို့ တရားလိုပြ အစိုးရသက်သေ ဗဟန်း ရယကက မလာရောက် နိုင်သော ကြောင့် အမှုကို လာမည့် ၂၇ ရက်နေ့သို့ ရုံးချိန်း ပြန်ချိန်းလိုက်သည်ဟု သိရသည်။

ကိုဇေယျာသော်နှင့် အတူ ဟစ်ပ်ဟော့ ဂီတအဖွဲ့ အက်ဆစ်အဖွဲ့ကို တည်ထောင်ခဲ့သည့် အဆိုတော် ရန်ရန်ချန်း ကိုလည်း ပြီးခဲ့သည့် ဧပြီလအတွင်းတွင် အာဏာပိုင်များက ဖမ်းဆီးခဲ့သေးသည်။

ကိုဇေယျာသော်၊ ရန်ရန်ချန်း၊ အနဂ္ဂနှင့် ဟိန်းဇော် တို့သည် ၂၀၀၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် အက်ဆစ်အဖွဲ့ကို စတင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

No comments: