.

.

.

June 10, 2008

ကိုယ်ထူကိုယ်ထ ဖျာပုံ

ဖျာပုံမြို့နယ်အပိုင် ကျေးရွာများရှိ မုန်တိုင်းသင့် ဒုက္ခသည်အများစုမှာ တလကျော် ကြာသည်အထိ အာဏာပိုင်များနှင့် နိုင်ငံ တကာအဖွဲ့ အစည်းများ၏ အကူအညီများ အပြည့်အ၀ မရရှိသေးဘဲ စားဝတ်နေရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်း စဉ်များကို ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေရကြောင်း တွေ့ရှိရသည်။

ဖျာပုံမြို့နယ်တွင် အောက်ကွင်း၊ စံပြ ၊ ကနိ ၊ ဖျာပုံမြစ်တန်း တလျှောက်ကျေးရွာများ။ ဘုန်းကြီးသောင်၊ ဖိုးရှမ်းကြီး၊ ကပျက်၊ ညီနောင်၊ သကြားဟင်းအိုး၊ မကျီးကန်း၊ ကျုံဓမင်း၊ ကန်ဆိပ် ကျေးရွာအပါအ၀င် မုန်တိုင်းသင့် ကျေးရွာပေါင်း တရာနီးပါး ရှိသည်ဟု သိရသည်။



နာဂစ်မုန်တိုင်းကြောင့် ဖျာပုံမြို့နယ်တွင် အနည်းဆုံးလူဦးရေ တသောင်းကျော်သေဆုံးရပြီး ပျောက်ဆုံးသည့် အရေအတွက် ကိုမူ မသိရှိရကြောင်း ဖျာပုံမြို့နယ် ကြက်ခြေနီအသင်း တာဝန်ရှိသူတဦးက ပြောသည်။

မုန်တိုင်းတိုက်ခတ်ပြီးခဲ့ချိန် ရက်အနည်းငယ်က ဖျာပုံမြို့နယ်တွင် ဒုက္ခသည် စခန်း ဆယ်ခု နီးပါးကို မြို့ပေါ် ဘောလုံးကွင်း၊ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားစေတီ ပရ၀ဏ်များအတွင်းတွင် ဖွင့်လှစ်ပေးခဲ့သော်လည်း ၎င်း ဒုက္ခသည်များအားလုံးကို မေလ ၂၃ ရက်နေ့နောက်ပိုင်းတွင် နေရပ်ရင်း ကျေးရွာများသို့ အတင်းအကျပ် ပြန်လွှတ်ခဲ့ပြီး မေလမကုန်ခင် စခန်းများအားလုံး ပိတ်သိမ်းခဲ့ကြောင်း ဖျာပုံမြို့ခံများက ပြောသည်။

နေရပ်ရင်းကျေးရွာများသို့ ဒုက္ခသည်များကို ပြန်လည်စေလွှတ်သော်လည်း လိုအပ်သည့် စားဝတ်နေရေးနှင့် ပြန်လည်ထူ ထောင်ရေး အကူအညီများကိုမူ အနည်းအကျဉ်းသာ လုပ်ဆောင်ပေးသည်ဟု ဒေသခံများက ဆိုသည်။

“နေစရာကတော့ ဖျာပုံမြစ် ကမ်းနားတလျှောက်က ဓနိတောတွေမှာရှိတဲ့ ဓနိတွေသွားခုတ်၊ ၀ါးတွေခုတ်ပြီး တဲတွေ ပြန်ဆောက်ကြဆိုတော့ အရမ်းကြီးဒုက္ခ မရောက်ဘူး။ စားစရာနဲ့ အ၀တ်အထည် အရမ်းဒုက္ခဖြစ်တယ်။ ရွာတွေကို စစ်တပ်က ရိက္ခာလာပေးပေမယ့် ရွာလူဦးရေနဲ့ မမျှတော့ မဲဖောက်ပေးရတာမျိုးတွေရှိတယ်။ မြို့ပေါ်က အဖွဲ့အစည်း အကူအညီတွေက ရောက်တဲ့ ရွာတွေရောက်တယ်။ ဒါပေမယ့် အကူအညီမရတဲ့ ကျေးရွာတွေများတယ်” ဟု တင်မလွှဲကျေးရွာအုပ်စုမှ ရွာလူကြီးတဦးကပြောသည်။

ဖျာပုံမြို့နယ်တွင် နာဂစ်မုန်တိုင်းကြောင့် လူအသေအပျောက်မရှိဘဲ နေအိမ်၊ စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းခွင်များသာ ပျက်စီး ဆုံးရှုံးခဲ့ရသည့် ကျေးရွာ အများအပြားရှိနေသည်။ အဆိုပါ ကျေးရွာများတွင် သီတင်းလေးပတ် ကျော်လာသည့် အချိန်ထိ စားနပ်ရိက္ခာ၊ အ၀တ်အထည်၊ အမိုးအကာများကို အာဏာပိုင်များနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများထံမှ လုံလုံ လောက်လောက် မရရှိသေးဘဲ ရန်ကုန်နှင့် မြို့ပြဒေသကြီးများမှ လာရောက် လှူဒါန်းသည့် အလှူရှင်များကိုသာ မှီခိုနေ ရကာ မုန်တိုင်းဖြစ်ပြီး တလကျော်ကြာလာချိန်တွင် အလှုရှင်အရေအတွက် လျော့ကျသွားသောကြောင့် အခက်အခဲများ ကြုံတွေ့ရကြောင်း သိရှိရသည်။

“မုန်တိုင်းဖြစ်စက အလှူရှင်တွေအရမ်းလာတော့ ဆန်တို့၊ ပဲတို့ လုံလောက်တယ်လေ။ ဒါပေမယ့် အခု အလှုရှင်တွေ အလာ ကျဲသွားတော့ ရှိတဲ့ဆန်လေးကို ဆန်ပြုတ် ပြုတ်သောက်တယ်။ ဆန်ပြုတ်ဖို့ မရှိတော့ရင် နေလှန်းထားတဲ့ ရေစိုဆန်တွေ ချက်စားပေါ့” ဟု ဖိုးရှမ်းကြီး ကျေးရွာသား တဦးကဆိုသည်။

နေလှန်းထားသည့် ရေစိုဆန်များမှာ ဝါကျင်ကျင် ဖြစ်နေပြီး အနံ့အသက်ဆိုးကာ ချက်ပြုတ်စားသောက်ရာတွင် အရသာလုံးဝ မရှိကြောင်း ဒေသခံများက ဆိုသည်။ ဖျာပုံမြစ် အဆုံး ပင်လယ်ဝနားတွင် အခြေစိုက်ထားသော အစိုးရစစ်တပ်က နီးစပ်ရာ ကျေးရွာတချို့ကို ဆန်အနည်းငယ်စီ လိုက်လံဝေငှသော်လည်း အလွန် နည်းပါးကြောင်း ဒေသခံများက ပြောပြသည်။

“မုန်တိုင်းတိုက်ပြီးတဲ့အချိန်က စလို့ အခုအချိန်ထိ အကူအညီဆိုလို့ ဖျာပုံ ဓမင်းဆိပ်ကျေးရွာမှာ အခြေစိုက် တပ်စွဲထားတဲ့ တပ်မ ၃၆ က လာပေးတဲ့ ဆန် စုစုပေါင်း ၃ ပြည်ပဲရသေးတယ်” ဟု လူဦးရေ ၆ ဦးသာ ကျန်ခဲ့သော ဘုန်းကြီးသောင်ရွာမှ အသက် ၅၀ အရွယ် အမျိုးသမီးကြီး တဦးကပြောသည်။

သောက်သုံးရေ နှင့်လက်ရှိအခြေအနေတွင် မိုးအဆက်မပြတ် ရွာသွန်းနေသောကြောင့် မိုးရေခံအသုံးပြု၍ ရနေပြီး ချက်ပြုတ် စားသောက်ရေးအတွက် အိုးခွက်ပန်းကန်နှင့် အ၀တ်အထည်များ အရေးပေါ်လိုအပ်နေကြောင်း ဒေသခံများထံမှသိရသည်။

“ဒန်အိုး၊ ဒန်ခွက်တွေ ပြီးတော့ အ၀တ်အထည်။ မိန်းမတွေအတွက် ထဘီ အရမ်းလိုအပ်တယ်။ ယောက်ျားတွေအတွက် ပုဆိုး လိုတယ်။ မိုးရာသီရောက်လာတော့ စောင်တို့ ခြင်ထောင်တို့ လည်းလိုတယ်” ဟု အသက် ၄၀ ကျော်အရွယ် ကနိရွာသား တဦးက ဆိုသည်။

ဖျာပုံမြို့ပေါ်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဗိုလ်ချုပ်စိုးနိုင် ဦးစီးပြီး နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်တွင်း အန်ဂျီအိုတချို့နှင့် ဒဂုံအင်တာနေရှင်နယ်၊ ယုဇန၊ ပြည်ဖြိုးကျော် မင်းရာဇာကုမ္ပဏီ အစရှိသည့် ပြည်တွင်းစီးပွားရေး ကုမ္ပဏီများ လာရောက်အခြေစိုက်ကာ အကူအညီနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများလုပ်ဆောင်မှုများရှိသော်လည်း ကျေးရွာများရှိ ဒုက္ခသည်များ၏ အခြေအနေမှာ အနည်းငယ်သာ တိုးတက်ကောင်းမွန်၍ အများစုမှာ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသေးကြောင်း သိရှိရသည်။

ဖျာပုံမြို့ပေါ်ရပ်ကွက်များတွင်လည်း စားဝတ်နေရေး အဆင်မပြေသည့် နာဂစ်မုန်တိုင်းသင့် ဒုက္ခသည်များရှိနေပြီး အများ စုမှာ အကူအညီမရရှိဘဲ ရပ်ကွက်လူကြီးများက စီစဉ်ပေးသည့် အတိုင်း မဲနှိုက်၍ ဆန်၊ ဒန်အိုးနှင့် လိုအပ်သောအကူအညီ များကို တန်းစီစောင့်ဆိုင်း ရယူနေရကြောင်း သိရသည်။

ဖျာပုံမြို့၁ ရပ်ကွက်မှ ဒုက္ခသည်တဦးက “ရပ်ကွက်တွေအားလုံးက လူတွေအတွက် ဆန်၊ ဆီနဲ့ တခြားမီးဖိုချောင်ပစ္စည်း တွေ ဝေပေးဖို့ မဖြစ်နိုင်ဘူးတဲ့။ အဲဒါတွေက အစိုးရဆီက ခွဲတမ်းနဲ့ပဲ ရတယ်လို့ ရယကတွေကပြောတယ်။ တခြား အန်ဂျီအိုနဲ့ အလှုရှင်တွေဆီက ရတာတွေ ကလည်း လူအရေအတွက်နဲ့ ပစ္စည်းက မမျှတော့ မဲဖောက်ပေးရတာလို့ ပြောတယ်။ ကျနော် ဆိုရင် မနေ့က ယူနီဆက်ဓာတ်ဆားတထုပ် မဲပေါက်တယ်။ ဒီနေ့တော့ ထွေးခံတလုံး မဲပေါက်တယ်” ဟုဆိုသည်။

ဖျာပုံမြို့နယ်သည် ဧရာဝတီတိုင်းအတွင်း နာဂစ်မုန်တိုင်းဒဏ်ကို အနည်းဆုံး ခံခဲ့ရသော ဒေသဖြစ်သော်လည်း ပြန်လည် ထူထောင်ရေးနှင့် အကူအညီပေးရေး လုပ်ငန်းများကို လပွတ္တာ၊ ဘိုကလေးဒေသများကဲ့သို့ပင် အင်တိုက်အားတိုက် ဆောင်ရွက်ရန် အထူးလိုအပ်နေကြောင်း ပြည်တွင်း အန်ဂျီအိုတခုမှ လူငယ်တဦးက ပြောသည်။

ဖျာပုံဒေသ၏စီးပွားရေးအခြေအနေ

ရေလုပ်ငန်းနှင့် ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းများ

ဖျာပုံမြို့နယ်တွင် လုပ်ကိုင်လျှက်ရှိသည့် ရေလုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းများမှာ ဧရာဝတီတိုင်း၏ အကြီးမားဆုံးနှင့် ရင်းနှီး မြှုပ်နှံမှုအများဆုံးသော လုပ်ငန်းများ စာရင်းတွင် ပါဝင်ပြီး နာဂစ်မုန်တိုင်းကြောင့် ရာနှုန်းပြည့်နီးပါး ပျက်စီးသွားရကြောင်း ဖျာပုံဒေသခံ ရေလုပ်သားများကပြောသည်။



ဖျာပုံမြို့နယ်၏ ရေလုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းများတွင် ကျပ်သိန်း ထောင်သောင်း ချီ၍ လုပ်ကိုင်နေသည့် ဒေသခံစီးပွားရေး ကုမ္ပဏီများနှင့် လုပ်ငန်းရှင် ရာဂဏန်းကျော်ရှိပြီး တနိုင်တပိုင် ရေလုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သည့် စီးပွားရေး လုပ်ငန်းရှင် ထောင်ဂဏန်းကျော် ရှိကြောင်းသိရသည်။

နာဂစ်မုန်တိုင်းကြောင့် ရေလုပ်သားထောင်ပေါင်းများစွာ အသက်ဆုံးရှုံးခြင်း၊ ငါးဖမ်း သဘောင်္များ နစ်မြုပ်ပျောက်ဆုံးခြင်း၊ ဖျာပုံမြစ်ကမ်းတလျှောက်ရှိ ရေထွက်ပစ္စည်း သိုလှောင်ရုံများ ပျက်စီးရခြင်း၊ ပိုက်နှင့် ငါးဖမ်းကိရိယာ ဆုံးရှုံးခြင်းများ အပါ အ၀င် ပျက်စီးဆုံးရှုံးမှု တန်ဖိုးအားဖြင့် ကျပ်သိန်း သောင်းပေါင်း များစွာရှိနိုင်ကြောင်း ဖျာပုံရေလုပ်ငန်းရှင် အသိုင်းအ၀န်းက ပြောသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ လက်ရှိ ကောက်ခံရရှိသော ပျက်စီး ဆုံးရှုံးမှု စာရင်းဇယားများ အရ နာဂစ် မုန်တိုင်း ကြောင့် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းမှ ကမ်းနီး ကမ်းဝေး ငါးဖမ်းလှေသင်္ဘော ၂၀၈၈ စီး နစ်မြုပ်ကာ ရေလုပ်သား ၁၇၈၇၆ ဦးသေဆုံး၍ ၉၆၁၂ ဦးပျောက်ဆုံးနေကြောင်းသိရသည်။ ပိုက်နှင့် ငါးဖမ်းပစ္စည်း စုစုပေါင်း တန်ဖိုး ကျပ်သိန်း ၂၇၆၀ ဖိုးဆုံးရှုံးခဲ့ရပြီး ပိုမိုတိကျသော စာရင်းဇယားများ ရရှိရေးအတွက် ဆက်လက် ဆောင်ရွက် နေကြောင်း ဖော်ပြထားသည်။

နာဂစ်မုန်တိုင်း ၀င်ရောက်မှုကြောင့် ဖျာပုံမြို့နယ်မှ သေဆုံးခဲ့ရသူများတွင် ငါးဖမ်းလုပ်သား အများဆုံးဖြစ်ပြီး အသက်ရှင် ကျန်ရစ်သည့် ရေလုပ်သားများမှာလည်း လုပ်ငန်းများ ပြန်လည် မစတင်နိုင်သေးသောကြောင့် စားဝတ်နေရေး အကြပ် အတည်းများ ကြုံတွေ့ နေရကြောင်း သိရှိရသည်။

“မုန်တိုင်း တိုက်ပြီးကတည်းက အလုပ်မရှိတော့တာ။ အလုပ်တွေကလည်း အခုအချိန်ထိ ပြန်မစနိုင်သေးဘူး။ ကုမ္ပဏီတွေနဲ့ လုပ်ငန်းရှင်တွေက ကမ်းတင်နေတဲ့ ငါးဖမ်းသင်္ဘောတွေ ပြန်ရှာကြ၊ ပြင်ဆင်ကြတဲ့ အဆင့်ပဲ ရှိသေးတယ်။ အလုပ်တွေပြန်စ ဖို့ မလွယ်သေးဘူး။ အလုပ်မရှိတော့ မြို့ပေါ်တက် အိမ်ပြင်ဘာပြင်နဲ့ တနေ့ ၁၅၀၀ လောက်တော့ ရတယ်” ဟု ဖျာပုံမြစ် ကမ်းဘေးရှိ ငါးဖမ်းလုပ်ငန်းအလုပ်ရုံမှ လုပ်သားတဦးကဆိုသည်။

ဖျာပုံမြစ် ကမ်းဘေး ဒေးဒရဲဘက်ခြမ်းတွင် ကမ်းတင် ပျက်စီးနေသည့် ဘုံကျောင်း၊ မျှောပိုက်၊ ဂျူတ်၊ ကျား၊ စိန်ပိုက် စသည်ဖြင့် ငါးဖမ်းစက်လှေ ရာပေါင်းများစွာ ရှိနေပြီး တလကျော် ကြာလာသည့် အချိန်ထိ သက်ဆိုင်ရာ ကုမ္ပဏီနှင့် လုပ်ငန်းရှင်များက ပြန်လည် ပြင်ဆင်ခြင်းများ မပြုလုပ်ကြသေးကြောင်း သိရှိရသည်။

“ဖျာပုံမြစ် ဒေးဒရဲကမ်းဘက်ခြမ်း မိုင်ကျွန်း၊ ငမေးကြီးသောင်၊ ကျုံနမေး ကမ်းနဲ့ ကမ်းနားတလျှောက်မှာ ကမ်းတင်နေတဲ့ ငါးဖမ်းသင်္ဘောနဲ့ စက်လှေတွေအများကြီးပဲ။ တချို့က ကမ်းနားမှာမြုပ်နေတယ်။ တချို့လှေတွေက ကုန်းတွင်းပိုင်း ကမ်းနား နဲ့ တော်တော် ဝေးတဲ့နေရာထိ ရောက်နေတယ်။ ဒီသင်္ဘောနဲ့ စက်လှေတွေ ရေထဲပြန်ရောက်ဖို့ဆိုတာ တော်တော် လုပ်ယူ ရမယ်” ဟု ဖျာပုံမြစ်တွင်း ခရီးသည်တင် မော်တော်နှင့် စက်လှေ အငှားလိုက်သည့် လုပ်ငန်းလုပ်ကိုင်နေသော ဒေသခံ တဦးက ဆိုသည်။

ငါးဖမ်းလုပ်ငန်းများနှင့် ရေလုပ်ငန်းများ ပြန်လည်စတင်နိုင်ခြင်း မရှိသေးသောကြောင့် ဖျာပုံဒေသမှ ရေလုပ်သားများမှာ ရန်ကုန်မြို့မှ ငါးဖမ်းသင်္ဘော များတွင် အလုပ်လုပ်ကိုင်ရန် ပြောင်းရွှေ့မှုများရှိပြီး တချို့ရေလုပ်သားများမှာ အိမ်နီးချင်း ထိုင်းနိုင်ငံသို့ မိသားစုလိုက် ပြောင်းရွှေ့မှုများ ရှိနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဖျာပုံအပါအ၀င် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းမှ ရေလုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းများ ပြန်လည်စတင်ရန်အတွက် စစ်အစိုးရ က ကျပ်ငွေ သိန်းနှစ်သောင်း ကူညီချေးငှားသွားမည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်ထား သော်လည်း တနေ့စာတနေ့ ရှာဖွေ အသက်မွေးနေရသော ငါးဖမ်း လုပ်သားများ အတွက် တစုံတရာစီစဉ်ထားပေးခြင်း မရှိဟု ၎င်းတို့ကပြောပြသည်။

“ပိုက်ကော၊ လှေကောမရှိတော့ဘူး။ ဘာလုပ်ကိုင်စားရမလဲဆိုတာ အခုထက်ထိ စဉ်းစားလို့ မရသေးဘူး” ဟု ဘုန်းကြီးသောင် ကျေးရွာမှ တံငါတဦးကဆိုသည်။

လယ်ယာစိုက်ပျိုးရေးလုပ်ငန်း

ဖျာပုံမြို့နယ် ကျေးရွာများရှိ လယ်ယာမြေများမှာ ပျက်စီးမှုများ ရှိသော်လည်း ယခု မိုးရာသီတွင် အချိန်မီ ပြင်ဆင်စိုက်ပျိုး ပါက အဆင်ပြေ နိုင်မည်ဖြစ်သည်။ သို့ရွာတွင် ကျွဲနွားနှင့် မျိုးစပါးများ မရှိသောကြောင့် လယ်ယာလုပ်ငန်းများ ပြန်လည် မစတင် နိုင်သေးကြောင်း ဒေသခံ လယ်သမား တဦးကပြောသည်။

နာဂစ်မုန်တိုင်း တိုက်ခတ်မှုကြောင့် ဖျာပုံမြို့နယ်အပိုင် ကျေးရွာများတွင် ကျွဲနွားများနှင့် စပါးသိုလှောင်ရုံများ အကြီးအကျယ် ပျက်စီးခဲ့ရပြီး ဆန်စက်အများအပြားလည်း လုံးဝနီးပါး ပျက်စီးသွားကြောင်း သိရှိရသည်။

လယ်ယာလုပ်ငန်းများပြန်လည်စတင်ရန် အကူအညီများ အရေးပေါ်လိုအပ်နေသောကြောင့် ဖျာပုံမြို့ပေါ်ရှိ ပြန်လည် ထူထောင်ရေး လုပ်ကိုင်နေသည့် အာဏာပိုင်များထံ စာတင်ပြ အကူအညီ တောင်းခံထားသော်လည်း တစုံတရာ အကြောင်း ပြန်ခြင်း မရှိကြောင်း သိရသည်။

“မြို့ပေါ်က အာဏာပိုင်တွေကိုအကြောင်းကြားထားတယ်။ ရွာမှာ လယ်တွေ ပြန်စိုက်လို့ ရနေပြီ။ လက်တွန်းထွန်စက်တလုံး ရရင် ရွာကလယ်တွေ အလှည့်ကျ စနစ်နဲ့ ထွန်ပြီး မျိုးစပါးကိုတော့ ရွာသားတွေ စုဝယ်စိုက်မယ်။ အဲဒါ လက်တွန်း ထွန်စက် ရအောင် ဆောင်ရွက်ပေးပါ ဆိုပြီး အကြောင်းကြားထားတယ်။ သွားပြောထားတာ ၁၅ ရက်ကျော်နေပြီ ဘာမှပြန်မပြောဘူး” ဟုကနိရွာသား လယ်သမားတဦးက ဆိုသည်။

ကျေးရွာတချို့တွင်မူ ကျန်ရစ်သည့် ကျွဲနွားများဖြင့် လယ်ယာမြေများ ထွန်ယက် ထားနိုင်သော်လည်း မျိုးစပါးဈေးနှုန်း မြင့်မားမှုကြောင့် လယ်ယာလုပ်ငန်းများ မစတင်နိုင်သေးကြောင်း ကြားသိရသည်။

“မျိုးစပါးက ရွှေဝါထွန်းလို အကြမ်းကို တင်းတစ်ရာ ၈ သိန်း၊ အချောက တင်းတရာ ၁၀ သိန်း။ ဒါတောင် ၀ယ်ချင်တိုင်းဝယ် လို့ မရဘူး” ဟု ကနိကျေးရွာမှ လယ်သမားကြီးတဦးက ဆိုသည်။

ဆန်စပါး ဈေးနှုန်းများမှာလည်းမြင့်တက်နေပြီး စပါးအကြမ်းတင်းတရာ ငွေ၂၃၅၀၀၀၀ ကျော်ရှိကာ အချောတင်းတရာလျင် ငွေ ၄၀၀၀၀၀ ကျော်ရှိပြီး အရောင်းအ၀ယ် လုံးဝ မရှိကြောင်း သိရှိရသည်။

မုန်တိုင်းသင့် ဒေသများမှ လယ်ယာများ ပြန်လည်စတင်ရန်အတွက် ချေးငွေ၊ မျိုးစပါးနှင့် လက်တွန်း ထွန်စက် မြေသြဇာနှင့် ပိုးသတ်ဆေး အစရှိသော အကူအညီများ ရရှိမှသာ ဖြစ်နိုင်မည်ဟု လယ်သမားများက ပြောကြသည်။

လယ်ယာစိုက်ပျိုးရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ထားသော စာရင်းများအရ နာဂစ်ကြောင့် ဧရာဝတီတိုင်းတွင် လယ်မြေ ၁၀၆၆၂၇၁ ဧက၊ ရန်ကုန်တိုင်းတွင် ၃၀၀၇၁၃ ဧကနှင့် ကျွဲနွားစုစုပေါင်း ၂၈၈၄၇၄ ကောင် ဆှုံးရှုံးခဲ့ကြောင်း သိရသည်။

အောင်သက်ဝိုင်း - ဧရာဝတီ

No comments: