.

.

.

June 10, 2008

စစ်သားလူထွက် ကိုဖိုးတေ၏ ၀မ်းနည်းဖွယ်ရာ အဖြစ်အပျက်

ကျုပ်နာမည်က ဖိုးတေ။ ကျုပ်တို့နေတဲ့ ရွာနာမည်က ပြင်စလူရွာ တဲ့၊ အရင်ကတော့ လပွတ္တာမြို့နယ်ထဲက ရွာငယ်လေးပေါ့။ အခု ဒီဘက်နှစ်တွေမှာ ကျုပ်တို့ရွာက စပါးကလဲ လွှတ် ဖြစ်၊ ရေလုပ်ငန်းကလဲ လွှတ်ကောင်းဆိုတော့ မြို့နယ်အဆင့်ဖြစ်တယ်ဆိုလား ဘာဆိုလား ဒါတွေတော့ ကျုပ် သိပ် နားမလည်ပါဘူး။ ကျုပ်ကိုယ်တိုင်ကလဲ အချိန်ရှိ လယ်ထဲ ဆင်းလိုက်၊ ဆားကွင်းသွားလိုက်၊ အစုယူပြီး အငှားချ ထားတဲ့ ငါးဖမ်းလှေတွေဆီက ငွေသွားကောက်လိုက်၊ စာရင်းရှင်းလိုက်။ ပိုတဲ့အချိန်လေးမှာ ကျုပ်မိသားစုနဲ့  နေလိုက်နဲ့  ရပ်ရေးရွာရေးလဲ သိပ်မသိပါဘူး။ အပေါ်ဖြူ အောက်စိမ်း ဝတ်ပြီး တိုက်ပုံတကားကားနဲ့  ကျောင်းဆရာ ဂိုက်စဘောက် ဖမ်းနေတဲ့ ကိုစိန်သန်းတို့  လူစုတွေနဲ့ မပတ်သက်ချင်တာလဲ ပါ တာပေါ့ဗျာ။

တကယ်တော့ ကျုပ်ရော ကျုပ်မိန်းမ မိအေးရော ဒီရွာဇာတိတော့ မဟုတ်ပါဘူး။ ကျုပ်က အညာက မကွေးတိုင်းထဲက ဆီမီးခုံဆိုတဲ့ ရွာက။ ကျုပ် မိန်းမ ကတော့ ဘယ်မယ်မွေးတယ်ရယ် မသိဘူး။ မေးလဲ မေးမကြည့်ဖူးပါဘူး သေချာ။ ကျုပ်တို့ တွေ့တာကတော့ ဧရာဝတီ ရေတပ် စခန်း ဋ္ဌာနချုပ်မှာ ။ အဲဒီတုန်းက သူက ဆရာကြီး သမီး ၊ ကျုပ်က ၁၀ တန်း နှစ်ခါကျ လို့ အိမ်က ထွက်ပြေးလာပြီး လုပ်စရာမရှိလို့  စစ်ထဲလိုက်ခဲ့တဲ့ ရဲဘော် အသစ်စက်စက်။ ရုပ်ရှင်တွေ ပြဇာတ်တွေထဲကလိုတော့လဲ မဟုတ်ပါဘူး။ ဒီလိုပဲ နှုတ်ခမ်းပဲ့ခြင်း မီးမှုတ်ခဲ့တာ ဆိုပါတော့။ သူအထွာနဲ့ သူတော့ ရင်ခုန်ဖို့ ကောင်းတဲ့၊ ကြည်နူးဖို့ ကောင်းတဲ့ ပြဿနာလေးတွေ မကင်းခဲ့ပါဘူး။

အဲဒီတုန်းက ကျုပ်မိန်းမ ဖြစ်မဲ့ မိအေးက ဥပဒေ အဝေးသင် ပထမနှစ်။ ကျုပ်ယောက္ခမတွေ အနေနဲ့ ကလဲ အချိန်တန် ဘွဲ့လေး ဘာလေးရပြီးတော့ အရာရှိ တယောက်နဲ့ ပေးစားဆိုတဲ့ အိမ်မက်တွေ ရှိတာပေါ။ ကျုပ်က ဆရာကြီးကို ပွင့်ပွင့်လင်းလင်း ပြောပါတယ်။ ကျုပ် ဆယ်တန်း အောင်အောင်ဖြေမယ်၊ စစ်သက်ပြည့်တာနဲ့ဗိုလ်သင်တန်း တက်ခွင့်ရအောင် လုပ်ပါ့မယ် ဆိုတာမျိုးတွေ ဘယ်လောက်ပြောပြော ဆောက်ဖြစ်မှ ကျောင်းဒါယကာ ဖြစ်မဲ့ ကျုပ်နဲ့ ဘယ် သဘောတူမလဲ။ နောက်ဆုံးတော့လဲ ကျုပ်မိန်းမ မိအေးက ခေါင်းမာမာ နဲ့ ဖိုးတေနဲ့ မပေးစားရင် ကျောင်းဆက်မတတ်ပဲ ခရစ်ယာန် သီလရှင် အပြီး လုပ်တော့မယ် ဆိုတဲ့ စကားတွေနောက်မှာမှ လက်ထပ်ခွင့် တင်ပြီး အိမ်ထောင်သည်ဘဝ ရောက်ခဲ့ရတယ် ဆိုပါတော့။

အစတော့ တပ်ကပေးတဲ့ အိမ်ထောင်သည်လိုင်း မှာ နေ၊ တပ်က ပေးတဲ့ ရိက္ခာစား ၊ တပ်က ပေးတဲ့ လစာသုံးရင်း နေလာတာ သမင် မွေးရင်ကျားစားရင် ဆိုသလိုပါပဲ။ စုမိ ဆောင်းမိလဲ မရှိ။ ကျုပ်လဲ ဆယ်တန်း ပြန် မဖြေနိုင်၊ ကျုပ်မိန်းမလဲ ကျောင်းဆက်မတတ်နိုင် ဖြစ်လာ ပါလေရော။ နောက်ဆုံးတော့ ဘာသာခြားတွေနဲ့ ယူပြီး ရာထူးတော်တော်နဲ့ မတတ်၊ နေရာတော်တော်နဲ့ မရတဲ့ အရာရှိ တွေကိုကြည့်ပြီး သွေးလန့်လာတာက တကြောင်း၊ ကျုပ်ကိုယ်တိုင် အကြံအဖန် မလုပ်တတ်တာကတကြောင်း၊ ကိုယ်နဲ့ရွယ်တူ အရာရှိ ကတော်တွေ၊ ဆရာကြီးကတော်တွေ သားသမီးတွေနဲ့ ယှဉ်ရင် ကျုပ်မိန်းမ မျက်နှာငယ်တာကတကြောင်း ဆိုတဲ့ အကြောင်းကြောင်း တွေကြောင့် ဆေးပင်စင် (တပ်ထဲမှာတော့ အရူးလက်မှတ် ခေါ်တာပေါ့) ရအောင် အကြံအဖန် လုပ်ပြီး ထွက်ခဲ့တယ်။

တပ်ထဲက ထွက်ပြီးခါစတော့ ပင်စင်ရတဲ့ ဆုကြေးငွေလေးနဲ့  လင်ကိုယ်မယား နှစ်ယောက် ပုသိမ်မြို့ပေါ်မှာ အိမ်လေးတလုံး ငှားနေ။ ကျုပ်ကလဲ ရွာ အနီးအနားမှာ စပါးပွဲစား လုပ်၊ ဆားပွဲစား လုပ်ရင်းနဲ့  နေလာလိုက်တာ ကျုပ်မိန်မ ဘွဲ့ရတဲ့အထိ ဆိုပါတော့။ မိန်းမ ဘွဲ့ရပြီးလို့  ရှေ့ နေလုပ်စားဖို့ကလဲ ချိန်ဘာဆင်းဖို့ ဆရာမွေးစရာ ပိုက်ဆံကလဲ မရှိ။ နောက် ဒိုင်တွေ ပွဲရုံတွေကလဲ ရွာတွေအထိ ဆင်းကောက်တော့ ကျုပ်တို့ လို ပွဲစားတွေမယ် နောက်ပိုင်း သိပ် အလုပ်မဖြစ်တော့ဘူး ။ မိအေး နောက်ဆုံးနှစ် တက်နေတုန်းကတောင် ပိုက်ဆံပြတ်လို့  ပုသိမ်သင်္ဘောဆိပ်မှာ ညဘက် ပုတ်ပြတ်နဲ့ ကုန်တင်ကုန်ချ သွားလုပ်ရတာ အကြိမ်ကြိမ်။ အဲဒီကနေ ငါ့ဝမ်းပူစာ မနေသာဆိုတဲ့အတိုင်း တခြားပွဲစား အပေါင်းအသင်းတွေကတဆင့် ချဲ လက်ခွဲ ရောင်းတဲ့ အလုပ်ကို လုပ်တဲ့အထိ ရောက်ရော။ အဲဒီအလုပ်က အဆင်လဲ ပြေပါတယ်။

ငွေလဲ ဝင်တယ်။ ဒါပေမဲ့ တွေ့သမျှ လူ ဆရာခေါ် ရ ။ ဟိုလူ ကြောက်ရ ဒီလူ ကြောက်ရနဲ့  စိတ်ပျက်ဖို့တောင် အလွန်ကောင်းတာ ကလား။ နောက်ဆုံး မိအေး ဘွဲဝတ်ရုံကြီး တကားကားနဲ့  ဘွဲ့ တက်ယူတဲ့နေ့ ပြီးတော့ နောက်နေ့ထင်တာပဲ ကျုပ်တို့  လင်မယား နှစ်ယောက် ရှိသမျှလေး ပိုက်ပြီး ရေကြည်ရာ မြက်နုရာမှာ လယ်လေးချောင်းလေး ရသလောက်ဝယ်၊ ပြီး လုပ်ဖို့၊ နောက် အသက်သိပ်မရခင် ကလေးယူဖို့ တိုင်ပင် ပြီး ပွဲစားလုပ်တုန်းက အဆက်အသွယ်တွေနဲ့  အခုနေတဲ့ ပြင်စလူ ဆိုတဲ့ ရွာလေးကို ရောက်လာတာ အခုဆို သမီးက ၁၀ နှစ်၊ သားအငယ်လေး က ၈ နှစ် ဆိုတော့ ၁၂ မိုးလောက် ရှိ ထင်ပါ့။

ဒီရွာ ပြောင်းခါစတုန်းကများ ပြောပါတယ်။ ကျုပ်ကတော့ တောသားဆိုတော့ ကိုယ် တတ်နိုင်တဲ့ လယ်လေး နှစ်ဧက လောက်ပေါ် အငှားကျွဲ နဲ့ လုပ်နေရတာကို ပျော်လို့ ။ ကျုပ်မိန်းမ မိအေး ကတော့ နည်းနည်း မျက်နှာ ပျက်ချင်တာပေါ့။ ဒီလိုနဲ့  ကျုပ်ရဲ့မိသားစုကို ကောင်းကောင်း ထားချင်တဲ့ စိတ်နဲ့  တွန်းလုပ်တာ နှစ်မိုးလောက်နေတော့ ကျွဲ အပိုင် ဖြစ်လာတယ်။ လယ်လဲ ၅ ဧက ဖြစ်လာတယ်။ နောက် အဲဒီနှစ်ပဲ သမီးလေး ကိုယ်ဝန်လဲ ရလာတယ်။ မိန်းမက သားဖွားဆရာမနဲ့ပဲ မွေးမယ်လို့ ပြောပေမဲ့ ကျုပ်က စိုးရိမ်လို့ ပုသိမ်မြို့က သားဖွားမီးယပ် ဆရာဝန်မကြီးနဲ့ သေချာကျကျနန မွေးခဲ့တာပါ။ အဲဒီနောက်ပိုင်း သားလေး မွေးလာ၊ ပြီးတော့ စီးပွားတွေ တရိပ်ရိပ် တက်လာတယ် ဆိုပါတော့။

အခုတော့ ကျုပ် မိန်းမ ဦးစီလုပ်နေတဲ့ ဆားကွင်းတွေ ရယ် ကျုပ်ထောင်ထား တဲ့ ငါးဖမ်းလှေတွေ ရယ်၊ ကျုပ်လယ်တွေ ရယ်နဲ့  ဒီရွာမှာတော့ သူဋ္ဌေးစာရင်ပေါက် ဆိုပါတော့။ ရွာခံလူတွေကလဲ ကျုပ်တို့မိသားစုကို ချစ်ကြပါတယ်။ ကျုပ်မိန်းမ သဘောကောင်းတာ အလှုအတန်း မှာ မနှေးတာရယ်၊ ဘွဲ့ရပညာတတ် ရှားတာရယ် ပေါင်းတော့ ကျုပ်တို့ မိသားစုက ဒီရွာမှာတော့ ရွာ့မျက်နှာဖုံးမိသာစုဆိုရင် မမှားဘူးပေါ့လေ။ တစ်ခု ရယ်ရတာက ကျုပ်တို့အိမ်မှာ ကိစ္စတစ်ခုနဲ့  ဧည့်သည်တွေလာပြီး နောက်ဆုံး ကျုပ်တို့ စီးပွားတတ်တဲ့ အကြောင်းကို ရောက်သွားတဲ့ အခါတိုင်း ကျုပ်မိန်းမနဲ့ ပြောရင် ဘုရားသခင် အလိုတော်အတိုင်းပေါ့ မအေး ရယ် လို့ ပြောတတ် ပြီး ကျုပ်နဲ့ဆိုရင်တော့ ကံ ကံ၏ အကျိုးပေါ့ ကိုဖိုးတေ ရာ လို့ ပြောတတ်တဲ့ ဓလေ့ ဒီရွာက ကျုပ်တို့မိသားစုနဲ့ ရင်းနှီးတဲ့ လူတွေမှာ ရှိတတ်တာပါပဲ။

ဒီနှစ်တော့ ကျုပ် သားလေးကို ရှင်ပြုပြီး၊ ကျုပ်သမီးလေးကို နားသမယ့် နှစ်မို့ လား မသိပါဘူး။ အလုပ်တိုင်းက အရင်နှစ်ကထက်ပိုပြီး ငွေဝင် တာမှ ကလေးတွေထိန်းဖို့ ခေါ်ထားတဲ့ ကျုပ် မိန်းမဘက်က တူမတော်တဲ့ ကလေးမလေးကိုတောင် နားဆွဲလေး လုပ်ပေးထားသေးတယ်။ ကျုပ်မိန်းမ မျိုးချစ်စိတ်ရှိပုံ ပြောပါတယ်။ ပြောရဦးမယ်။ ကျုပ်နဲ့ မိအေးက ကလေးတွေ မမွေးခင်ထဲက သူဘာသာ ကိုယ့်ဘာသာ မခွဲပဲ ဘာသာရေး နဲ့ ပတ်သက်တဲ့ ထုံးတမ်းစဉ်လာတွေ အကုန်လုပ်ပေးဖို့  သဘောတူထားခဲ့တယ်။ သူတို့ကြီးမှ သူတို့ ကြိုက်တဲ့ ဘာသာယူပါစေ ဆိုပြီးတော့ ပေါ့။ ဒီ တမိုး စပါးပေါ်တာနဲ့ ရှင်ပြုနားသပွဲ လုပ်မဲ့အလှုရှင်တွေကလဲများတော့ မိုးမကျခင်ပဲ အလှုဆိုင်းဝိုင်း အတွက် စရံသတ်တာ တို့၊ ရှင်လောင်းဝတ်စုံ ငှားတာတို့ ဆိုတဲ့ ကိစ္စလေးတွေ ပုသိမ်မြို့ပေါ် တတ်လုပ် ပြန်ပြန် လာခဲ့တာဗျာ။

လူတိုင်းကလဲ ကျုပ်တို့  နှစ်ယောက် လုပ်မဲ့ အလှုအတွက် ထင်ကြေးအမျိုးမျိုး ပေးလို့။ ကြားတာတော့ မိအေး ကန်တော့ပွဲ ရွက် မရွက်တောင် ကာလသားတွေကြား အပျော်တမ်း အလောင်းအစား လုပ်ကြတယ် ဆိုပါ့ ပဲ။ မိအေးကလဲ ကျုပ် မရှိတဲ့ အချိန်တွေတိုင်း ခေါင်းခုလေး တင်ပြီးကတော့ ပွဲရွက်ဖို့ ကြိတ် ကျင့်နေတာ ဘယ်သူမှ မသိကြဘူး။ ကျုပ်ကိုယ်တိုင်တောင် မသိဟန်ဆောင်နေရတာ ကိုး။

အဲဒီနေ့က လေတွေ စ ထန်လာတော့ ကျုပ်တို့ဖြင့် မကြောက်ပေါင်။ ကျုပ်တို့ မြစ်ဝကျွန်ပေါ်ဒေသအတွက်က မုန်တိုင်း ဆိုတာ အထူးအဆန်းမှ မဟုတ်ပဲ။ ဒါပေမဲ့ နည်းနည်းကြာလာတော့ အခြေအနေ မဟန်မှန်း ကိုယ်စောင့်နတ်က နှိုးဆော်ဟန် တူပါတယ်။ သားရယ်၊ သမီရယ် မိအေး ရယ် ၊ မိအေးတူမလေး ရယ် ခေါ်ပြီး တိုက်ခံအဆောက်အဦးလဲ ဖြစ်၊ အမြင့်ပိုင်းလဲ ဖြစ်တဲ့ ဘုန်းကြီးကျောင်းဘက်ကို ထွက်လာလိုက်တာ ကံကောင်းတယ် ပြောမလား ကံဆိုးတယ် ပြောမလား။ အချိန်ကြာလာတာနဲ့ အမျှ မုန်တိုင်း အားကောင်းလာပုံးများ ကျုပ်ဖြင့် ကမ္ဘာပျက်တယ် ဆိုတာ ဒါပဲ နေမယ်လို့ တွေးမိတယ်။ ကလေးတွေရဲ့ ငိုသံတွေ၊ သွပ်မိုးတွေ လွင့်သွားတဲ့ အသံတွေ၊ တဲပြိုတဲ့ အသံ၊ အပင်လဲတဲ့ အသံတွေနဲ့  ကျနော် ဘဝတလျှောက်လုံး ကြောက်စရာ အကောင်းဆုံးဆိုတာတောင် ဒီလောက် ကြောက်ဖို့ အကောင်းဆုံးလို့ ထင်မှတ် ထားတဲ့ ဟာတွေ အားလုံး ရယ်စရာတွေ ဖြစ်ကုန်တယ် ပြောလို့ရပါတယ်။

ဒီလိုနဲ့  တစ်လောက လုံးဝ ဝုန်းဒိုင်းကျဲနေတဲ့ ကာလကြီး အပြီးမှာတော့……..

ပထမဆုံး သတိထားမိတာ ဆာလောင်လို့ ငိုနေတဲ့ ကလေးငယ်တွေရဲ့ အသံ။ ပြီးတော့ မိအေးရဲ့ “မုန်တိုင်းရဲ့ အပေါ်မှာ ဘုရားသခင် ရှိပါတယ်။သခင့်လက်ထဲမှာ ကျမတို့ဘဝကို အပ်နှံထားပါတယ် အာမင်” ဆိုတဲ့ အသံ။ အဲဒီအသံတွေရဲ့နောက်မှာ စိုးရိမ်စွာ ကြည့်လိုက်မိတာ သမီးနဲ့သား၊ ပြီးတော့ မယ်အေးတူမ။ ငေးကြောင်နေတဲ့ မျက်လုံးတွေအောက်မှာ ခြောက်သွေ့နေတဲ့ မျက်ရည် စီးကြောင်းတွေနဲ့ အတူ သမီးနဲ့ သားကို တွေ့ လိုက်ရလို့ စိတ်အေး ရပေမဲ့ မိအေး တူမလေးကိုတော့ ရှာ မတွေ့တော့ဘူး။

အခြေအနေ ငြိမ်သက်စပြုတာနဲ့  ကျုပ်တို့လဲ အိမ်ပြန်ကြမယ်ဆိုပြီး ကလေးတွေကို မိအေးတယောက် ကျုပ်တယောက် လက်ဆွဲပြီး ထွက်အလာမှာ လဲ ကျနေတဲ့ သစ်ပင်ကြီး၊ အဲဒီအောက်မှာ လူသေကောင် တွေ တွေ့လိုက်ရတယ်။ ချက်ခြင်းပဲ မိအေးနဲ့ ကလေးတွေကို ဘုန်းကြီးကျောင်းမှာ ဆက်နေခဲ့ဖို့ မှာရင်း အိမ်ရှိရာကို ကျုပ်တယောက်ထဲ ပြန်လာခဲ့တယ်။ ဒါပေမဲ့ ကျုပ်အိမ် ဘယ်မှာလဲ ဆိုတဲ့ အမေး ကို ကျုပ်ကိုယ်တိုင်ကိုယ် ပြန် မဖြေပေးနိုင်ခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် သေသွားထက်လူတွေနဲ့ ယှဉ်ရင်တော့ ကျုပ်တို့မိသားစုက တော်သေးတယ်
ဆိုရမှာပေါ့။

လူအများစုလဲ ကျုပ်လိုပဲ သူတို့အိမ်တွေကို ရှာမတွေ့တော့ဘူး။ အိမ်တွေနေရာမှာ ရေပြင်ကြီး ဖွေး လို့  ။ အဲဒီရက်မှာတော့ ဘုန်းကြီးက မျှကျွေးတဲ့ အစားလေးတွေပဲ အားလုံးမျှ စား ရင်း ကျုပ်တို့အားလုံး နေကြရတာပေါ့။ ကျုပ်လို တောက တက်လာတဲ့လူ၊ စစ်သားလူထွက် အတွက် အရေးမကြီးပေမဲ့ မိအေးနဲ့ ကလေးတွေ အခုလို စားနေရတာ ကြည့်ပြီး ကျုပ်တော့ လုံးလုံး စိတ်မကောင်းဘူး။ အဲဒီ အိပ်မက်ဆိုးကြီး အပြီး နှစ်ရက် သုံးရက်ရှိတော့ ရန်ကုန်ကလူတွေ ရောက်လာတယ်။ ဒါပေမဲ့ ကျုပ်တို့ဆီ ရောက်လာတဲ့အခါ ရေဘူးနည်းနည်းနဲ့  ခေါက်ဆွဲခြောက်ထုတ် တထုတ်စီလား မသိဘူး ပေးနိုင်တာကလွဲလို့  ဘာမှလဲ လုပ်မပေးနိုင်ခဲ့ဘူး။ ကျုပ် သမီးနဲ့ သား မောင်နှမ နှစ်ယောက် ကလဲ အလှူကျတော့၊ အလှူရောက်ရင် ဆိုတဲ့စကားကို ရွယ်တူကလေးတွေကြားမှာ ပြောနေ ဆိုနေတုန်း။

အဲဒီအသံကြားတိုင်း ကျုပ် နှလုံးသားကို အပ်နဲ့ ဆွသလိုပါ ပဲ။ အဲလိုအချိန်မျိုးမှာ မိအေး အနားရှိလို့  လှမ်းကြည့်မိ ပြန်ရင်လဲ မလိုအပ်ပဲ မျက်လုံး ပုတ်ခတ်ပုတ်ခတ် လုပ်တာကို သတိထားမိတယ်။ ကျုပ်တို့အိမ် အခြေအနေ၊ လယ်အခြေအနေ၊ ကျွဲ တွေရဲ့ အခြေအနေ၊ ဆားကွင်း အခြေအနေ၊ ငါးဖမ်းလှေတွေ ရဲ့ အခြေအနေကို ကျုပ်နဲ့ မိအေးအကြား မပြောဖြစ်အောင် သတိထားနေတာလဲ သိသာတယ်။ ဒါပေမဲ့ အိပ်မက်ဆိုးမက်တဲ့ နေ့ကတည်းက ဒီနေ့အထိ ဝတ်ထားတဲ့ အဝတ်တွေက ကျုပ်တို့မိသားစု သာမက ဒီနေရာမှာ ရှိနေတဲ့ မိသားစုတွေရဲ့ အခြေအနေကို ပြောပြနေသလိုပါပဲ။

တဖြည်းဖြည်းနဲ့ စေတနာရှင်တွေ ပို ပို ရောက်လာတယ်။ ကျုပ်အတွက် အဝတ်အစားလေးတွေ ရလာတယ်။ စားစရာတွေ နည်းနည်းပါးပါး ရလာတယ်။ မြို့ပေါ်တွေမှာလိုတော့ တားတာ ဆီးတာမျိုးတွေ မရှိပေမဲ့ နည်းနည်း လူလည်ကျတဲ့ အပိုင်းတွေတော့ ရှိတာပေါ့လေ။ အလှုရှင်တွေကလဲ စေတနာကောင်းကြပါတယ်။ ရေလမ်းခရီးကိုလဲ သက်စွန့်ဆံဖျား လာကြတယ်။ အာဏာပိုင်တွေရဲ့ ညှိုငြင်မှုကို ခံပြီးတော့လဲ လာကြတယ်။ ဘုန်းတော်ကြီးကတော့ ပြောတယ်၊ အမေရိကန်တို့ ပြင်သစ်တို့က သင်္ဘောကြီးတွေ ရောက်နေပြီ။ မကြာခင်ကျုပ်တို့ ရွာတွေဆီ လာပြီး လိုတာ မှန်သမျှ ကူညီလိမ့်မယ်လို့ ပြောတယ်။ ကျုပ် ကတော့ ကျန်တာ ဘာမှ ပေး ပေး မပေး ပေး ပါ၊

ဒီတမိုးအတွက် စားဖို့ ရယ်။ ကျုပ်လယ်တွေကို စပါးစိုက်လို့ရအောင် မြေပြင်ပေးပြီး မျိုးစပါးလေး ပေးရင်ကို တော်ပါပြီ။ ကျုပ် အလကား မယူပါဘူး၊ ဒါတွေကို ပြန်ဆပ် ဆိုလဲ ဆပ်ပါ့မယ်။ ဒီနှစ် စပါးလေး စိုက်ငွေလေး ပြန်ဆယ်ပြီးတဲ့အခါမှ ဆားကွင်းလေးကို လူငှားနဲ့  ပြန်လုပ်ရင် ကျုပ်တို့ မိသားတစုတော့ ခါးမလှသေးတောင် ဝမ်းဝမှာတော့ မပူရဘူးပေါ့။

ကျုပ်တို့ ရွာကို အလှုရှင်အဖွဲ့တွေ ရောက်လာတယ် ဆိုပေမဲ့ သွားရေးခက်တော့ ဆင့်ပါးစပ် နှမ်းပက်သလို ဖြစ်နေတာပေါ့။ ဒါနဲ့ ကျုပ် ၊ မိအေး ၊ သမီးနဲ့ သား ကိုခေါ်ပြီး လပွတ္တာဘက်ကို အလှုရှင်စက်လှေ အကြုံနဲ့ လိုက်သွားဖို့ စိတ်ကူးတယ်။ တဘက်က ကျုပ် မိသားစု ဝဝလင်လင် စားရဖို့ဆိုတဲ့ စိတ်ကလေး ပါသလို၊ တဘက်ကလဲ ကျုပ်တို့လေးယောက် လျော့သွားရင် တခြားလူတွေ လေးယောက်စာ ပိုရမယ် ဆိုတဲ့ အတွေးလေးလဲ တွေးမိပါတယ်။ မိအေးကို ဖွင့် တိုင်ပင်တော့လဲ သဘောတူတယ်။ နောက် ရွာ ဥက္ကဋ္ဌကို ပြောတော့လဲ ဥက္ကဋ္ဌ က သွားချင် သွားလို့ ပြောတယ်။ နောက်တရက် အလှုရှင်တွေ ရောက်လာပြီး စိတ်ကူးကို ပြောပြတော့ သဘောကောင်း တဲ့ခေါင်းဆောင် လုပ်သူက ကျုပ်တို့ကို ခေါ်သွားပေးမယ် ပြောတယ်။ ရေဆိပ် ဆင်းခါနီး ကိုစိန်သန်း တို့ လူအုပ်က မဲလက်မှတ် ဆိုလား ဘာ လားကို တင်တင်စီးစီးနဲ့ အတင်း လုပ်ခိုင်းလို့ လက်မှတ် ထိုးပေးလိုက်တာက လွဲရင် ကျန်တာ အဆင်ပြေတယ် ပြောရမှာပေါ့။ မဲလက်မှတ်လို့သာ ပြောတယ်၊ သူတို့ ပြောတဲ့ ပုံက အမှန်ခြစ်ပြီး ကြိုတင်မဲ လက်မှတ်ထိုးသွား တဲ့ ။ စိတ်ထဲ ဘဝင် မကျပေမဲ့ လောလောဆယ် မိသားစု အရေးက ရှိသေးတာကိုး။ စကားနည်း ရန်စဲ ပေါ့။

လပွတ္တာရောက်တော့ မြို့ထဲမှာ နေတာထက် မြို့ပြင်ကားလမ်းမှာ သွားနေရင် ပို အဆင်ပြေတယ်လို့ အလှူရှင်တွေ အကြံပေးတဲ့အတိုင်း မြို့ပြင် ကားလမ်းဘက် ထွက်ခဲ့တယ်။ အလှုရှင်တွေက ပေးခဲ့တဲ့ မိုးကာလေးကို သုံးပြီး သစ်ပင်ကြီးတပင်အောက်မှာပဲ အဖြစ်တဲလေး ထိုးနေ လိုက်တယ်။ နောက်နေ့မနက်ကစလို့ လာလိုက်တဲ့ ကားကြီးကားငယ် တွေ။ တချို့ကားတွေကလဲ ရပ်ပြီး ပစ္စည်းတွေကို စနစ်တကျ ဝေတယ်။ တချို့ကတော့လဲ ဘာကြောင့်မှန်းမသိ ပစ်ပေးသွားတာမျိုးတွေ ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရွာမှာထက် စာရင်တော့ ကျုပ်တို့ ပို စားရတာအမှန်ပဲ။ နိုင်ငံခြားက လူတွေဆိုတာ ဘယ်တော့ လာမလဲ တွေးလိုက်၊ အလှုရှင်တွေလာရင် ပစ္စည်းလေးတွေ ယူလိုက်နဲ့ လက်ရှိ ကိုယ့်အဖြစ် ကိုယ်တောင် မေ့နေတယ်။

တရက်တော့ မနက်အစောကြီး ရဲတွေရယ် ၊ ကိုစိန်သန်းတို့လို ဖြူစိမ်းကောင်တွေ ရယ် ရောက်လာပြီး ကျုပ်တို့ မိသားစုကို ဒီမှာ နေခွင့် မရှိဘူး။ သူတို့နဲ့ လိုက်ခဲ့ပါ၊ ကယ်ဆယ်ရေးစခန်းကို ပို့ပေးမယ် လို့ ပြောပြီး လာ ခေါ်တယ်။ ဒါနဲ့ ကျုပ်တို့မိသားစုလဲ ဝမ်းသာအားရနဲ့  လိုက်ခဲ့တာပေါ့။ ဟိုလဲ ရောက်ရော တပ်ထဲတုန်းက ကြည့်ဖူးတဲ့ ရုပ်ရှင်ကားထဲကလို တဲလေးတွေ တန်းစီ ဆောက်ထားတာကို တွေ့ရတယ်။ အထဲမှာလဲ ဒန်အိုးဒန်ခွက်၊ ဆန်အိတ်၊ ဆီ၊ ဆား နဲ့  အခြောက်အခြမ်းတွေကို တွေ့ရတယ်။ ခဏတာတော့ လုံခြုံမှုရပြီ ဆိုတဲ့ အသိနောက် ကျုပ် ကလေးတွေရော ၊ မိအေး နဲ့ ကျုပ်ကိုယ်တိုင်ရော ကားသံ နားထောင်လိုက်၊ ပစ္စည်းလှူမဲ့သူ မျှော်လိုက်နဲ့၊ ပစ္စည်းတွေ သွား အလှုခံလိုက် ဆိုတဲ့ ဘဝကို ကြည့်ရတာလဲ မဖြစ်လို့သာ ရယ်။ တကယ်တမ်းတော့ တစက်ကလေးမှ စိတ်ချမ်းသာတာ မဟုတ်ဘူး။ အခုလို ဆိုတော့ စခန်းက ဝေတဲ့ ရိက္ခာ သွားထုတ်ရင်း နိုင်ငံခြားကလာမဲ့ အကူအညီတွေကို ထိုင် စောင့်ယုံပဲ ပေါ့။

တအောင့်နေတော့ ရဟတ်ယာဉ်သံတွေ ဆူညံပြီး အရာရှိကြီးတွေ ကျုပ်တို့ တဲတန်းတွေထဲ ဝင်လာတာကို မြင်ရတယ်။ တပ်ထဲတုန်းကလဲ ကျုပ်က ဓါမနောက်ပိတ် ရိုးရိုးရဲဘော် ဆိုတော့ ဘယ်သူဘယ်ဝါရယ်လို့တော့လဲ မသိဘူးပေါ့။ ကျုပ်တို့ တဲတွေဆီ တတဲချင်း ကြည့်ပြီးတော့ အားပေးစကားပြောတယ် ပေါ့။ ကျုပ်တို့လဲ ဝမ်းသာတာပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုလူကြီးတွေ လာတယ် ဆိုတော့။ လူကြီးတွေ ပြန်ထွက်သွားပြီးခဏနေတော့ ကျုပ်တို့ တဲတွေဆီကို တာဝန်ခံဆိုတဲ့ လူတွေ ရောက်လာပြီး ဆန်အိတ်တွေနဲ့  တခြား စားစရာတွေကို ပြန်သယ်သွား တယ်။ ပါးစပ်ကလဲ ရေရှည်အတွက် ကျုပ်တို့က စေတနာနဲ့ လုပ်ပေးတာ ဘာညာ ဆိုတာတွေ ပြောတယ်။ ပြီးတော့ ဆန်နှစ်ပြည်ရယ် အခြောက်အခြမ်း နည်းနည်းရယ် ထည့်ထားတဲ့ အိပ်တွေ ကို “ဒါ တပတ်စာ” လို့ ပြောပြီး ပေးတယ်။ နောက် ဘယ် အလှုရှင်တွေဆီကမှလဲ တိုက်ရိုက် လက်မခံဖို့  မျက်နှာထားနဲ့ ပြောတယ်။

ကျုပ်ကလဲ တစ်ခုခုဆိုရင် မြုံ မနေတတ်တော့ နိုင်ငံခြားက လူတွေကရော ဘယ်တော့ လာမလဲ လို့ မေးလိုက်မိတယ်။ အဲဒီမှာ ခေါင်းဆောင်လုပ်သူက ဒေါနဲ့ မာန်နဲ့  ဘယ်သူ့အကူအညီမှ မလိုဘူး နိုင်ငံတော်က ကူညီနိုင်တယ်၊ ဘာညာ နဲ့ အော်ပါလေရော။ ကျုပ်တို့ကို မျိုးစပါး ပေးမှာလား၊ လယ်တွေ ပြင်ပေးမှာလား၊ ငွေချေး ပေးမှာလား စတဲ့မေးခွန်းတွေ ဆက်တိုက် မေးလာတော့ အဲဒီလူလဲ မျက်နှာကြီး နီရဲလာပြီး ဒေါသတကြီး အော်ပါလေရော။ သူ ပြောတဲ့ထဲမှာ ဖားရှာ ငါးရှာစား တို့၊ ချောကလက် မလိုဘူး ဆိုတဲ့ အသံတွေပဲကြားနေရတယ်။ မျက်လုံးထဲမှာတော့ တိုင်တချို့က လွဲပြီးဘာမှ မရှိတော့တဲ့ ကျုပ်တို့ အိမ်။ လူတွေ စွန့်ကြဲတာကို သိမ်ငယ်တဲ့ မျက်လုံးတွေနဲ့  လက်ဖြန့့် တောင်းနေတဲ့ ကျုပ် ချစ်တဲ့ မိအေးနဲ့  သမီးနဲ့ သားနဲ့ တခြားလူတွေ။ နောက် သမီးနဲ့ သားကို လှူတဲ့ အလှူပွဲ။ နောက်ဆုံး ကြားလိုက်ရတဲ့ စကားက ဘယ် နိုင်ငံခြားသာမှ အဝင် မခံဘူး စားဖို့ မရှိရင် တောင်း စား ဆိုတဲ့ အသံ ………..

ကျုပ်ကို ကျုပ် ဘာလုပ်လိုက်မှန်း မသိခင်မှာ အဲဒီခေါင်းဆောင်လုပ်သူရဲ့ ပြူးကျယ်နေတဲ့ မျက်လုံး၊ ကျုပ်လက်နှစ်ဘက်နဲ့ သူ့ လည်ပင်း အထိအတွေ့ကိုပဲ သိတော့တယ်။ နောက် ချက်ချင်းလိုပဲ ကျုပ် ခေါင်းနဲ့ ခန္ဓာကိုယ် အနှံ့က နာကျင်မှု။ ဒါပေမဲ့ ကျုပ်လက်ကို ဘယ်တော့ မှ မလွတ်ဘူး။ မုန်တိုင်းက ကျုပ်တို့ ဆီက ပစ္စည်းဥစ္စာပိုင်ဆိုင်မှုတွေ ပဲ လုယူတာ၊ ကျုပ်လက်ထဲက လူ နဲ့  သူလို လူမျိုးတွေက ကျုပ်တို့ဘဝတခုလုံးကို လုယူတာ။ ကျုပ် သားနဲ့ သမီးရဲ့ အနာဂတ်ကို ဖျက် ပစ်တာ။ ကျုပ်တို့ တရွာလုံးကို ဖျက်ပစ်တာ။

ကျုပ်နဲ့ ဘဝတူတွေကလဲ ချကြပါတော့လား။ ထမင်းစားရယုံနဲ့ ကျုပ်တို့ဘဝ ရပ်တည်လို့မှ မရတာ။ ဘယ်မလဲ လယ်၊ ဘယ်မလဲ နွား၊ ဘယ်မလဲ မျိုးစပါး။ ဘယ်သူတွေကရော ကျုပ်တို့ ကို အမြဲ လှူနေနိုင်မလဲ တလ လား၊ ဆယ်လ လား ၊ တစ်နှစ် လား ။

သူများ ပေးတာ ကျွေးတာကို တသက်လုံး ထိုင် စားနေမယ် ဆိုရင်ရော ကျုပ်တို့ ဘာတွေ ဖြစ်ကုန်မလဲ။ ဘုရားကျွန်လား၊ သူဖုန်းစားလား၊ ဒုက္ခိတတွေလား။ ချကြပါတော့လား၊ ကျုပ်နဲ့ ဘဝတူ လူတွေရယ်။ အစာငတ်မှာ ကြောက်ပြီး ဘဝကို အငတ်ခံကြတော့မလို့လား။

ကျုပ်တို့လူမျိုးတွေက ခန္တီပါရမီကောင်းတာပဲ လား၊ သရဲဘောကြောင်တာပဲ လား ။ ဓါးမိုး အုပ်ချုပ်ခဲ့တဲ့အချိန်တွေ သိပ် ကြာလာခဲ့လို့ လား။ မေးခွန်တွေရဲ့အဖြေကို ရှာမတွေ့ခင်ပဲ ကျုပ်တော့ အမှောင်အတိ ကျလို့။ နောက်ဆုံး မြင်လိုက်ရတာက ဧရာမ သင်္ဘောကြီး။ မိအေးနဲ့  ကလေးတွေလဲ ပျော်လို့။ အခု ရက်ပိုင်းအတွင်း လေဘေးကယ်ဆယ်ရေးစခန်းထဲမှာ အရူးတယောက် စိတ်ဖောက်ပြီး ဥက္ကဋ္ဌကြီးကို လည်ပင်း ထ ညှစ်တာ ဘေးက လူတွေ ဝိုင်းကယ်လို့ ဥက္ကဋ္ဌကြီး ဘာမှ မဖြစ်တာဆိုတဲ့ သတင်းကို လူတွေ စုမိတိုင်း ပြောတတ်တယ်။ အဲဒီ အရူးကတော့ သေသွားပြီ တဲ့။

နောက်တခါ လပွတ္တာမြို့က အလှူရှင်တွေနဲ့ အလှူခံတွေ စုဝေးနေတဲ့ နေရာတိုင်းမှာ “မနက်ဖြန်အတွက် ဘာမှ စိတ်မပူကြပါနဲ့၊ ကျမ အမျိုးသား သင်္ဘောတွေ၊ ကယ်ဆယ်ရေး လုပ်မဲ့လူတွေ သွားခေါ်နေတယ်“ လို့  ငိုတခါ ရယ်တလှည့် ပြောနေတတ်တဲ့ လူရည်သန့်  အမျိုးသမီးတယောက်ကို လူတွေ သတိထားမိလာကြတယ်။ သူ့နံဘေးနားမှာ ၁၀ နှစ်အရွယ် မိန်းကလေး တယောက်နဲ့ ၈ နှစ်အရွယ် ယောက်ျားလေးတယောက်က မျက်လုံးလေး ကလယ်ကလယ်နဲ့ ရပ်နေတယ်။

No comments: