.

.

.

June 13, 2008

ကျောင်းမအပ်နိုင်သည့် ကလေးများစွာ ကျန်ရှိနေသေး

ဒုတိယတန်း တက်ရတော့မယ့် ၇ နှစ်အရွယ် သမီးနဲ့ ငါးတန်းတက်ရတော့မယ့် ၁၁ နှစ်အရွယ်သားကို ခုချိန်ထိ ကျောင်း မအပ်နိုင်သေးတဲ့အတွက် ဖခင်တယောက်အနေနဲ့ စိတ်မကောင်းဖြစ်ရကြောင်း လှိုင်သာယာမြို့နယ် ရပ်ကွက် ၂၀ မှာ နေထိုင်တဲ့ ကိုအောင်မြင့်က ပြောပြပါတယ်။

“ကျောင်းအပ်ခနဲ့ စာအုပ်ဖိုး စုစုပေါင်း ကလေးနှစ်ယောက်ပေါင်း ငွေ ၅၀၀၀ လောက် ကုန်မယ်ဆိုတော့ မအပ်နိုင်ပါဘူး၊ ကျနော်တို့မှာ ခုချိန်ထိ တဲတောင် ပြန်မဆောက်နိုင်သေးပါဘူး” လို့ သူက ဆိုပါတယ်။

နာဂစ်မုန်တိုင်းထိထားတဲ့ သူတို့ရပ်ကွက်မှာ သူ့တို့လိုပဲ ကျောင်းမအပ်နိုင်သေးတဲ့ ကလေးတွေ အများကြီးရှိနေပြီး မိဘတွေ အနေနဲ့ စားရေးနဲ့ နေရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေထိုင်ကြရတဲ့အတွက် ကလေးတွေ ကျောင်းအပ်နိုင်ရေးအတွက် အဆင်မပြေဘူးလို့ သူက ပြောပြပါတယ်။

နာဂစ်မုန်တိုင်းထိထားတဲ့ သူတို့ရပ်ကွက်မှာ သူ့တို့လိုပဲ ကျောင်းမအပ်နိုင်သေးတဲ့ ကလေးတွေ အများကြီးရှိနေပြီး မိဘတွေ အနေနဲ့ စားရေးနဲ့ နေရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေထိုင်ကြရတဲ့အတွက် ကလေးတွေ ကျောင်းအပ်နိုင်ရေးအတွက် အဆင်မပြေဘူးလို့ သူက ပြောပြပါတယ်။

သူတို့တွေဟာ မေလ ၂ ရက်နေက တိုက်ခိုက်ခဲ့တဲ့ နာဂစ်မုန်တိုင်းဒဏ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး မေလ ၇ ရက်နေ့မှာ ကိုယ့်နေ့ရာကိုယ် ပြန်နေကြဖို့ ဒုက္ခသည် စခန်းကနေ ဆန်တပြည်ပေးကာ မောင်းထုတ် ခံခဲ့ရ သူတွေဖြစ်ပါတယ်။

အစိုးရ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းက ထွက်ခဲ့ရပြီးကတည်းက ဘယ်လိုအထောက်အပံ့ အကူအညီတခုမှ မရတော့ဘဲ ကြပ်တည်းဆင်းရဲစွာနဲ့ နေထိုင်နေရတယ်လို့ သူက ပြောပြပါတယ်။

“ကျနော်တို့ဆီကို ဘယ်အလှူရှင်မှ မလာတော့ဘူး။ အစိုးရဆီကလည်း ဘာအထောက်အပံ့မှ မရပါဘူး။ ကျနော်တို့မှာ အိမ် တွေလည်း ပြန်မဆောက်နိုင်ကြသေးဘူး။ ဖြစ်သလိုပဲ နေနေ ကြရတယ်။ ကလေးတွေ ကျောင်းနေဖို့ ကိစ္စလည်း အတော့်ကို အခက်အခဲ ဖြစ်နေပါတယ်” လို့ ကျောင်းသား ၃ ဦးရဲ့ ဖခင် တယောက်က ပြောပါတယ်။

သူတို့အနေနဲ့ ကလေးတွေ ကျောင်းအပ်နှံရေးအတွက် လာရောက်ကူညီ ပံ့ပိုးပေးမယ့် အလှူရှင်တွေကို မျှော်လင့်နေဆဲဖြစ် ကြောင်း ပြောပြကြပါတယ်။

အစိုးရအနေနဲ့ နာဂစ် လေမုန်တိုင်းတိုက်ခတ်ပြီး တလအကြာဖြစ်တဲ့ ဇွန်လ ၂ ရက်နေ့မှာ ဧရာဝတီတိုင်းအတွင်း မုန်တိုင်း ဒဏ် ဆိုးဆိုးရွားရွား ထိခိုက်ခဲ့တဲ့ ကျောင်းတချို့ကလွဲပြီး ကျန် အခြေခံပညာကျောင်း အားလုံးကို ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။

ရန်ကုန်တိုင်းအတွင်း လေဘေးသင့်မြို့နယ်တခုမှ အထက်တန်း ကျောင်းအုပ် ဆရာမကြီး တဦးကလည်း ကျောင်းကို လာရောက်အပ်နှံတဲ့ ကျောင်းသားဦးရေက အရင်နှစ်ကထက်စာရင် သိသိသာသာ ကျဆင်းသွားပြီး အမှန်တကယ် ကျောင်းအပ်မယ့် ကျောင်းသားဦးရေရဲ့ လေးပုံ တပုံပဲ ကျောင်းကို ပြန်လည်ရောက်ရှိလာတယ်လို့ ပြောပြပါတယ်။

“ကျောင်းသားတယောက်အတွက် ကျောင်းအပ်ခနဲ့ စာအုပ်စာတမ်းဖိုး ကုန်ကျစရိတ်က တယောက်ကို အနည်းဆုံး ကျပ် ၃၀၀၀ ကျော် ၅၀၀၀ လောက်ထိတော့ ကုန်ကြတာပဲ။ အဲဒီလောက် ငွေတောင် အခက်အခဲရှိပုံရတယ်။ တော်တော် များများက ကျောင်းမအပ်နိုင်ကြသေးဘူး” လို့ အဆိုပါ ကျောင်းအုပ် ဆရာမကြီးက ဆိုပါတယ်။

အစိုးရအနေနဲ့ ရန်ကုန်တိုင်းအတွင်းခဲ့ လေးဘေးသင့်ခဲ့တဲ့မြို့နယ်တွေထဲက ကျောင်းအားလုံးကို ပြန်လည်ပြင်ဆင်ပေးခြင်း မရှိတဲ့အပြင် အဆိုပါ မြို့နယ်တွေထဲက လေးဘေးသင့် မိသားစုဝင်တွေရဲ့ ကလေးတွေ ကျောင်းအပ်နှံရေးအတွက်လည်း ကူညီထောက်ပံ့တာမျိုး မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

တွံတေးမြို့နယ် အတွင်းမှာလည်း ကျောင်းသားအများစု အနေနဲ့ ကျောင်းစာသင်ခန်းထဲကို မ၀င်နိုင်ကြသေးဘဲ မူလတန်း ကလေးငယ်တချို့သာ ကျောင်းတက်နိုင်ကြပြီး အလယ်တန်းနဲ့ အထက်တန်းကျောင်းသားတွေကိုတော့ ကျောင်းပြန်တက် နိုင်တာ မတွေ့ရသေးဘူးလို့ တွံတေးမြို့နယ်အတွင်းမှာရှိတဲ့ အထက်တန်း ကျောင်းဆရာ တဦးက ပြောပြပါတယ်။

တွံ့တေးမြို့နယ်က လေဘေးသင့်ခံခဲ့ရတဲ့ ကျောင်းသားမိဘတဦးကတော့ “ကျမတို့မှာ ကျောင်းတက်ဖို့အတွက် လွယ်အိတ် နဲ့ စာအုပ်တောင် ၀ယ်မပေးနိုင်တော့တာ ကလေးကို ဘယ်လိုလုပ်ပြီး ကျောင်းလွှတ်နိုင်မှာလဲ” လို့ သူတို့ရဲ့ အခက်အခဲကို ပြောပြခဲ့ပါတယ်။

အစိုးရပိုင် သတင်းစာတွေမှာ လေဘေးသင့် မိသားစုဝင်တွေအတွက် ဗလာစာအုပ်တွေ စာရေးကိရိယာတွေ လှူဒါန်းတယ် ဆိုပြီး သတင်း ဖော်ပြထားတာ တွေ့ရပေမယ့် လှိုင်သာယာမြို့နယ်၊ တွံ့တေးမြို့နယ်၊ တောင်ဒဂုံမြို့ နယ် စတဲ့ မြို့နယ် တွေက လေဘေးသင့်မိသားစုဝင် အများစုကတော့ အဲဒီ စာအုပ်တွေနဲ့ စာရေးကိရိယာတွေကို မရပါဘူးလို့ ပြောဆိုကြ ပါတယ်။

ကျောင်းသားမိဘတဦးကတော့ အစိုးရအနေနဲ့ မုန်တိုင်းသင့်မိသားစုဝင်တွေရဲ့ စာရင်းကို အတိအကျ ကောက်ယူပြီး အဲဒီမိသားစုဝင်တွေရဲ့ သားသမီးတွေကို ကျောင်းဝင်ကြေးအခမဲ့ သတ်မှတ်ပေးတာ၊ စာရေးကိရိယာ စတာတွေကို သေသေချာချာ ကူညီထောက်ပံ့တာမျိုးတွေ လုပ်သင့်တယ်လို့ ပြောပါတယ်။

အစိုးရအနေနဲ့ အခြေခံပညာကျောင်းတွေမှာ ဘယ်လိုအကြောင်းနဲ့မှ အလှူငွေ မကောက်ခံဘူးလို့ စာကပ်ထုတ်ပြန်ထားတာ တွေ့မြင်ရပေမယ့် ကျောင်းတချို့မှာ ကျောင်းသား မိဘတွေနဲ့ နားလည်မှုယူပြီး အလှူငွေ ထည့်ဝင် နေရတာတွေရှိနေ တယ်လို့ ကျောင်းသားမိဘတွေဆီက သိရှိရပါတယ်။

“ကုမ္ပဏီတွေက တာဝန်ယူပြီး ပြင်ပေးတယ်ဆိုတဲ့ ကျောင်းတွေက မြို့ပေါ်တို့ လမ်းမပေါ်တို့က လူမြင်များတဲ့ ကျောင်းတွေ ကိုပဲ ပြင်ပေးကြတာပါ။ တကယ်တမ်း ဆင်ခြေဖုံး ရပ်ကွက်တွေက ကျောင်းတွေဆိုရင် စာရင်းတောင် လာမကောက်ကြဘူး။ အဲဒီလို ကျောင်းတွေကျတော့ ကျောင်းသားမိဘတွေကပဲ မရှိ ရှိတာ ၀ိုင်းထည့်ပြင်ကြရတယ်” လို့ တောင်ဒဂုံမြို့နယ် အတွင်းမှာနေထိုင်တဲ့ ကျောင်းသားမိဘ တဦးက ပြောပြပါတယ်။

မေလ ၂ ရက်နေ့နဲ့ ၃ရက်နေ့တွေက တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းဒဏ်ကြောင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်း ဒေသကြီး အချို့က အခြေခံပညာ ကျောင်းတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပြီး အဲဒီ ကျောင်းတွေကို ကျောင်းဖွင့်အမီ ပြင်ဆင်ရေးအတွက် ပြင်ပ အန်ဂျီအို အဖွဲ့တွေ ဆောက်လုပ်ရေး လုပ်ငန်းတွေကို အစိုးရအနေနဲ့ တာဝန် ပေးအပ်ပြီး ပြင်ဆင်စေခဲ့တယ်လို့ သိရပါတယ်။
“သူတို့တွေ ပြင်ပေးတယ်ဆိုတာ သဘောလောက်ပဲ။ အမိုးတွေပြင်ပေးတယ်၊ အိမ်သာပြန်ပြင်ပေးတယ်၊ စာသင်ခုံတွေ ပျက်စီးကုန်တာကိုတော့ ခုချိန်ထိ ပြုပြင်ပေးမယ့်သူ မရှိဘူး။ အဲဒီလိုမျိုး ကျောင်းတွေမှာ လိုအပ်တာတွေ ပြုပြင်ဖို့ အတွက် အလှူငွေတွေ လိုအပ်ပါတယ်” လို့ တာမွေမြို့နယ် အထက်တန်းကျောင်း တကျောင်းက ဆရာမ တဦးက ပြောပြခဲ့ပါတယ်။

No comments: