.

.

.

July 9, 2008

ပြည်တွင်းက ထပ်ဝင်လာတဲ့ အထူးသတင်း

ပြည်တွင်းက နောက်ထပ် ထောက်လှမ်းရေး အရာရှိဟောင်း တစ်ဦးက ကျွန်တော့် အီးမေးလ်ကို ပေးပို့ လာလို့  စာဖတ်သူများကို တင်ပြပေးလိုက်ပါတယ်။ သူလည်းဘဲ စစ်အာဏာရှင်ကို တော်လှန်ဖို့  ဆိုရင် ဒီဘ၀မှာ မရခဲ့ရင် တောင် နောင်ဘ၀အထိ ဆက်ကြိုးစားနေမယ်လို့  ပြောသွားပါတယ်။

နအဖ ဂယောင်ဂတမ်း ဖြစ်နေပြီ

ပေးပို့ သူ - ထောက်လှမ်းရေးအရာရှိဟောင်းတစ်ဦး

နအဖအနေနဲ့ ရန်ကုန်မြို့ လုံခြုံရေးကို အထူးစိုးရိမ် ထိတ်လန့်နေပြီး ဆဲလ်ဗင်းဂျူလိုင် အမှတ်တရ ကျောင်းသားလူထု အုံကြွမှု မဖြစ်ပေါ်စေရေးအတွက် ရဲတွေကိုတောင် စိတ်မချတော့ဘဲ တပ်တွေကို အဆင်သင့် ပြင်ဆင်ထားပါတယ်။ ရန်ကုန်မြို့ (၆) မိုင်ခွဲမှာ ရှိတဲ့ စစ်တပ်လိုင်းခန်း ဆင်ဖြူရှင်ရိပ်သာမှာ တပ်မ (၇၇) က စစ်သားတွေကို စစ်ကား (၄) စီးပေါ် တင်ဆောင်ကာ အဆင်သင့် ပြင်ပြီး တပ်ရင်း တစ်ရင်းကို Stand by ချထားတာ ကိုယ်တိုင် တွေ့ခဲ့ရပါတယ်။ ကျိုက္ကဆံကွင်းနဲ့  အောင်ဆန်းကွင်း လို နေရာတွေမှာလည်း ထူထပ်စွာ တပ်တွေကို ချထားခဲ့ပါတယ်။ ဒါ့အပြင် လူထု အရေးအခင်း ဆန္ဒပြ လေ့ရှိတဲ့ လမ်းဆုံလမ်းခွ၊ မြို့  လယ်ခေါင်တွေမှာ တပ်အင်အားပြပြီး Show of Forces ယာဉ်တန်းနဲ့  စစ်ကားတွေ လှည့်လည် ကာ ခြိမ်းခြောက်နေပါတယ်။ လက်ရှိ ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ၀င်းမြင့်ဟာ တပ်မ (၇၇) က လာတာဖြစ်လို့  သူ့ ရဲ့  တပ်မ တစ်ခုလုံးကို ရန်ကုန်မြို့ လုံခြုံရေးအတွက် ဆွဲသွင်းထားခဲ့တာ ဖြစ်ပါတယ်။

ရဲမြင့်ကြီးရဲ့ သား အောင်ဇော်မြင့်နဲ့  မောင်ဝိတ်တို့  အဖမ်းခံရတာနဲ့  ပတ်သက်ပြီး နအဖထိပ်ပိုင်းမှာ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့ မှူးတွေအထိ မကျေနပ်မှု များစွာ ဂယက်ရိုက်နေလို့  စစ်အာဏာရှင်များ အတော့်ကို ဂယောင်ဂတမ်းနဲ့  ထိန်းသိမ်းနေကြတယ်လို့ သိရပါတယ်။ ယခင်က အတွင်းရေးမှူး (၃) စစ်ရေးချုပ် ၀င်းမြင့် နဲ့ စစ်ထောက်ချုပ် ဗိုလ်တင်လှ တို့ အဖြုတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တော့လည်း မောင်ဝိတ်ရဲ့ ပယောဂ မကင်းခဲ့လို့ ဒီ ဗိုလ်ချုပ်တွေ က မောင်ဝိတ်ကို လက်စားချေဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ မောင်ဝိတ်ဟာ ဗိုလ်သန်းရွှေရဲ့  အနီးကပ် ဆောက်လုပ်ရေး ၀န်ကြီး ဗိုလ် စောထွန်းနဲ့ ကိုတေဇ တို့ က တဆင့် ဗိုလ် သန်းရွှေ အထိ ဖောက်နိုင်ခဲ့လို့ မောင်ဝိတ် စင်ပေါ်မှာဘဲ ရှိနေခဲ့တာပါ။ အခု ကိစ္စမှာလည်း ကြပ်ပြေးအတွင်းမှာ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်နေပါတယ်။ ရဲမြင့်ကြီး သားဟာလည်း စစ်အာဏာရှင် တွေရဲ့  အဂတိ လိုက်စားမှုကို အတွင်းသိထားတာကြောင့် သူ့ ကို ကိုင်ရင် သူ ကလည်း ပြန်ဖော်မဲ့ အနေအထား ခြိမ်းခြောက်နေလို့ နအဖထိပ်ပိုင်းမှာ ဘာဆက်လုပ်ရမယ်မသိ ဂယောင်ဂတမ်း ဖြစ်နေကြောင်း သတင်း ကောင်းပါးလိုက်ပါတယ်။ ဒါကြောင့်ကျနော်တို့က ခုနေခါမှာ တစ်ခုခု ထပြီး လုပ်ပြမှကို ဖြစ်မယ်၊ အဲဒီလို လုပ်ပြလိုက်မှ စစ်တပ်ထဲက ဇဝေဇဝါဖြစ်နေတဲ့ကောင်တွေရဲ့ အသိစိတ်တွေ နိုးကြားလာကြလိမ့်မယ်။ နအဖထိပ်ပိုင်းက လူတွေကတော့ ငါ့သား၊ ငါ့မယား၊ ငါ့ဆွေမျိုး အတွက် ငါ၏အလုပ်ကို လုံးဝအထိခိုက်မခံနိုင်ပါ လို့ သစ္စာဆိုနေကြတဲ့ ကောင်တွေပါ။ စစ်တပ် ကအပြောင်းအလဲလုပ်ချင်တဲ့သူတွေ ကျနော်မှန်းသလောက် အောက်ခြေမှာတော့ များပါတယ်။ ဒေါ်စုကြည်နဲ့ သူ့ပါတီကို မလှုပ်နိုင်အောင်လုပ်ထားတဲ့ အတွက်ကြောင့် ကျန်တဲ့အဖွဲ့တွေက ပေါင်းစည်းကြမှ ဖြစ်မယ်လို့ ကျနော်ပြောချင်ပါတယ်။ ပြီးတော့ အဓိကခေါင်းဆောင်ပေးမဲ့ တစ်ယောက်လဲ လိုတယ်၊ မထင်မရှားထဲက ခေါင်းဆောင်ဆိုရင်ပိုကောင်းမယ်လို့ အကြံပြု တင်ပြလိုက်ရ ပါတယ်။ ကျွန်တော် အခု သတင်းပေးပို့လိုက်တဲ့ စည်းလုံးခြင်းရဲ့ အင်အား ဘာလော့ဂ်နဲ့ တခြား ဘလော့တွေကို ပြည်တွင်းက လူငယ်တွေ ထိထိရောက်ရောက် လုံလုံခြုံခြုံဖတ်လို့ ရနိုင်ဖို့၊ နောက်ပိုင်းမှာအဖွဲ့တွေ အားလုံးတစ်သားထဲ ဖြစ်သွားကြဖို့ ကြိုးစားသွားပါမယ်ဆိုတာလည်း တင်ပြလိုက်ရပါတယ်။

No comments: