.

.

.

July 16, 2008

မြန်မာနိုင်ငံ ဒီမိုကရေစီရရှိဖို့ စစ်ရေးနည်းလမ်းဖြင့် သင့် မသင့် ဆွေးနွေးခန်း

ကျွန်တော် ကိုဖိုးတရုတ်အနေနဲ့ ဒီမိုကရေစီ ရရှိရေးအတွက် ဘက်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားနေ ကြတဲ့ ရဟန်းရှင်လူ ပြည်သူအပေါင်းနဲ့ အတိုက်အခံ အဖွဲ့အစည်းတွေကို လေးစားဂုဏ်ယူမိပါတယ်။ ကျွန်တော်လည်း တဖက်တလမ်းမှ ပါဝင်အကြုံပြုလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဆွေးနွေးပွဲ အစီအစဉ်ကို ပြုလုပ်ရခြင်းဖြစ်ပါတယ်။ ကျွန်တော့်ဘာလောဂ်ကို ဆောင်းပါးရေးသား ချီးမြှင့်နေကြတဲ့ ဆောင်းပါးရှင် ဗိုလ်ထက်မင်းနဲ့ ဆရာ ဂါမဏိတို့ကို ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ပါတယ်။ နိုင်ငံတကာမှ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်မူဝါဒတွေနဲ့ ပြည်သူလူထုဘက်က မေးနိုင်တဲ့ မေးခွန်းတွေကို စီစစ်ရွေးချယ်ပြီး သူတို့ ကို ဆွေးနွေး ပြန်ကြားစေခဲ့ပါတယ်။ သူတို့ရဲ့ အမြင်တွေကို ကွက်ကွက်ကွင်းကွင်း ဖြေကြားကူညီပံ့ပိုးပေးတဲ့ အတွက် ဆောင်းပါးရှင် ဗိုလ်ထက်မင်းနဲ့ ဆရာ ဂါမဏိတို့အား ကျွန်တော် ကိုဖိုးတရုတ်က အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါတယ်။ စာဖတ်သူတွေ အနေနဲ့လည်း အပြုသဘောဆောင်ပြီး မိမိတို့ရဲ့ ဆန္ဒသဘောထားတွေ ကို ဒီမိုကရေစီအနှစ်သာရရှိရှိ တင်ပြပေး နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါတယ်။ အခု ဆက်လက်ပြီး ဗိုလ်ထက်မင်းရဲ့ ဆွေးနွေးပြန်ကြားချက်ကို စာဖတ်သူများအား တင်ပြပေးလိုက်ပါတယ်။ ပြည့်ပြည့်စုံစုံ ရေးသားတင်ပြချင်တာကြောင့် ပထမပိုင်းအနေနဲ့ မေးခွန်း အမှတ် (၁)၊ (၂)၊ (၃) တို့ကို တင်ပြပေးထားပြီ ကျန်ရှိတဲ့ မေးခွန်းအမှတ် (၄) နဲ့ (၅) တို့ကို ဒုတိယပိုင်း အဖြစ် နောက်ရက်တွေမှာ ဆက်လက်တင်ပြပေးသွားပါမယ်။

ကိုဖိုးတရုတ်ရဲ့ ဆွေးနွေးမေးမြန်းချက်(၁)။ ။ အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်တဲ့ နည်းလမ်းနဲ့ မြန်မာနိုင်ငံမှာ ပြောင်းလဲလာနိုင် တဲ့အလားအလာ မရှိတော့ဘူးလား။

ဗိုလ်ထက်မင်းရဲ့ ဆွေးနွေးချက်။ ။ မြန်မာနိုင်ငံမှာ ၁၉၈၈ခုနှစ် လူထုအုံကြွမှု အရေးတော်ပုံကြီးဟာ အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြပြီး အာဏာရှင်အစိုးရ (၂) ဆက်ကို ဖြုတ်ချနိုင်ခဲ့တဲ့အပြင် ဒေါက်တာမောင်မောင် အစိုးရကိုလည်း ပြုတ်ကျလုနီးပါးအထိ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလူထု အုံကြွမှု ဖြစ်ရတဲ့ အကြောင်းရင်းနဲ့ လူထု အုံကြွလာရတဲ့ လှုပ်ရှားမှုတွေကို သင်ခန်းစာယူ သုံးသပ်ပြီး စစ်အာဏာရှင် ဗိုလ်သန်းရွှေက ၁၉၉၆ ခုနှစ် ကက(ကြည်း)စစ်ဆင်ရေးလေးလပတ်အစည်းအဝေးမှာ ရန်ကုန်တိုင်းစစ်ဌာနချုပ် စစ်ဦးစီးမှူး(ပထမတန်း) ဒုဗိုလ်မှူးကြီးသိုက်ထွန်း တင်ပြထားတဲ့ ဆရာဒါကာ စီမံချက် ၊ ကျောင်းဒါကာ စီမံချက် တို့ကို အခြေခံပြီး နိုင်ငံတော်ကာကွယ်ရေးမဟာဗျူဟာ (National Defense Strategy) ကို ချမှတ်ခဲ့ပါတယ်။ ၁၉၉၈ခုနှစ်က ဂျိုးဖြူတိုင်းဗဟို(၁)မှာ မီးသတ်(၂၀၀) ကြက်ခြေနီ(၂၀၀) စစ်သင်တန်းများ လေ့ကျင့်ပေးခဲ့ရာမှ NDS ကို စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီ NDS ကိုလိုရင်းချုပ်ပြီး တင်ပြရမယ်ဆိုရင် လူထုကို လူထုနည်းနဲ့ ထိန်းကွပ်ဖို့ အဓိက ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့လူထုကို လူထု အယောင်ဆောင် ကြံ့ဖွံ့၊ စွမ်းအားရှင် စတဲ့ သူတို့လူစုက လက်မခံတဲ့ အသွင်မျိုး ဖန်တီးထားတာဖြစ်ပါတယ်။ လူ(၅)ဦးထက် ပိုစုရုံးလာရင် လူထုစုရုံးခွင့်မပေးဘဲ စွမ်းအားရှင်(၁၀)ဦးထက်မက သာလွန်အင်အားနဲ့ ချေမှုန်းသွားရေးဖြစ်ပါတယ်။ အစိုးရ အုပ်ချုပ်ရေး ယန္တယားကို အနီးကပ် ထိန်းချုပ်ဖို့ Heart Land Theory အရ ကြပ်ပြေးကို ၀န်ကြီးဌာနအားလုံး စုစည်းခေါ်ယူထားပြီးဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်နောက်ပိုင်း ပေါ်ပေါက်လာတဲ့ လူထုအုံကြွမှုတွေသာ မက ရွှေဝါရောင် တော်လှန်ရေးအထိ နအဖဟာ လူထုမပါဝင်စေရေး ၀န်ထမ်းများ မရောထွေးစေရေးအတွက် ထိန်းချုပ်ထားနိုင်ပြီး သူတို့ရဲ့ လက်ကိုင်တုတ် အင်အားနဲ့ ဖြိုခွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကုန်ဈေးနှုန်း ကြီးမြင့်နေလို့ လူထုရှေ့က မားမားမတ်မတ် ထွက်လာတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် တွေနဲ့ ကိုထင်ကျော်၊ မစုစုနွေးတို့လို ဦးဆောင်သူတွေကို လက်ဦးမှု ရယူ ဖမ်းထိန်းထားလိုက်လို့ လူထုအား စည်းရုံးနိုင်တဲ့ အင်အားလျော့နည်းသွားစေခဲ့ပါတယ်။ လူထုအသွင်ဆောင် နအဖရဲ့ လက်ကိုင်တုတ် ကြံ့ဖွံ့စွမ်းအားရှင်နဲ့ စရဖ SB တို့ဟာ တသွေးတသံ အမိန့်အောက်မှာ ဟန်ချက်ညီညီ လှုပ်ရှား ထိန်းချုပ်ခဲ့ပါတယ်။ ရွှေဝါရောင်တော်လှန်ရေးကြီးမှာတောင် ကြံ့ဖွံ့တွေကို ကတုံး တုံးစေပြီး ဘုန်းကြီးအစစ်များထဲ သို့ ထည့်သွင်းရန် ကြံစည်ခဲ့ပါတယ်။ နောက်ဆုံး ရွှေဝါရောင်တော်လှန်ရေးမှာ ရဟန်းသံဃာထုကြီးဟာ အင်အား အရှိန်အ၀ါ ကြီးမားလာတာကြောင့် နအဖအနေနဲ့ သူတို့ရဲ့ NDS ကို မထိန်းနိုင်တော့လို့ လက်နက်အားကိုး အကြမ်းဖက် ဖြိုခွင်းခဲ့ပါတော့တယ်။ ဒါတွေကို ကြည့်ရင် ရဟန်းသံဃာ လူထုတွေအနေနဲ့ တာဝန်ကျေခဲ့ပြီ ဆိုတာ ပြောနိုင်ပါ တယ်။ ဒါ့အပြင် လူထုဟာ စားဝတ်နေရေး ကြပ်တည်းမှုကို ရုန်းကန်ဖြေရှင်းနေရတာကြောင့် နိုင်ငံရေးမှာ စိတ်ဝင် စားမှု လျော့နည်းလာတဲ့အပြင် နှိပ်ကွပ်မှုကြောင့် ကြောက်ရွံ့မှု အရှိန် ရှိနေလို့ ငြိမ်းချမ်းစွာ ဆန္ဒပြမဲ့ အရှိန်အဟုန် အလားအလာ နည်းနေပြီလို့ သုံးသပ်ရပါတယ်။

ကိုဖိုးတရုတ်ရဲ့ ဆွေးနွေးမေးမြန်းချက်(၂)။ ။ ဒီမိုကရေစီရရှိဖို့ စစ်ရေးနည်းလမ်းနဲ့ မြန်မာနိုင်ငံမှာ သုံးသင့်ပါသလား။

ဗိုလ်ထက်မင်းရဲ့ ဆွေးနွေးချက်။ ။ မြန်မာနိုင်ငံဟာ Background History အရလည်းကောင်း၊ လူမျိုးတွေရဲ့ Culture အရ လည်းကောင်း၊ စစ်တိုက်ပြီးမှ ရှင်သန် ရပ်တည်လာခဲ့တဲ့ အစဉ်အလာ ရှိခဲ့ပါတယ်။ ပြည်ထောင်စုစနစ်နဲ့ ဖွဲ့စည်းထားတာမို့ နိုင်ငံရဲ့ လူမျိုးစုတွေ ရောထွေးယှက်နွယ်နေတာလို့ Political Strategy နိုင်ငံရေးမဟာဗျူဟာအပြင် Military Strategy စစ်ရေး မဟာဗျူဟာ ကိုပါ ပေါင်းစပ်အသုံးပြုမှ အောင်မြင်နိုင်ပါမယ်။ နမူနာဖြစ်စဉ်ပြောရရင် ဆရာစံတော်လှန်ရေးဟာ ကိုလိုနီခေတ် အင်္ဂလိပ်အင်အားကြီးမား နေချိန်မှာတောင် တော်လှန်ပုန်ကန်ထကြွ ကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဆရာစံ တော်လှန်ရေးကို သင်ခန်းစာယူပြီး ခေတ်မှီလက်နက်အင်အား ချို့တဲ့မှု၊ Policy မူဝါဒနဲ့ ခိုင်မာတဲ့ မဟာဗျူဟာ ရည်မှန်းချက် မရှိမှုတို့ ကို သုံးသပ်ဆင်ခြင် သင်ခန်းစာယူ့ခဲ့ပြီးလက်နက်ကိုင် တော်လှန်ရေးအတွက် ပြင်ဆင်နိုင် ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့ကို ဟသာင်္တမြို့ဝန်ကဆုငွေနဲ့ဖမ်းဝရမ်း ထုတ်တာကို ရင်ဆိုင်နေမယ် ဆိုရင် အကျိုးမရှိမှန်း သိရလို့ လက်နက်ရှိတဲ့ အင်္ဂလိပ်ကို ရင်ဆိုင်နိုင်ဖို့ စစ်ရေးနည်းလမ်းအား ရွေးချယ်ခဲ့ပြီး နိုင်ငံတကာ အကူအညီရရှိရေးအတွက် ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို အင်္ဂလိပ်က လွတ်လပ်ရေးပေးရတဲ့ အကြောင်းရင်း တစ်ချက်က ရရင်ရ ၊မရရင်ချ ဆိုတဲ့ စစ်ရေးအမြင်နဲ့ ပြတ်သားမှု ရှိရှိ ပြောခဲ့လုပ်ခဲ့တာရယ်၊ အဲဒီလို ပြောနိုင်လောက်အောင် အတွေ့အကြုံ ရင့်ကျက်နေတဲ့ မြန်မာ့တပ်မတော်နဲ့ အင်အားကောင်းလှတဲ့ ပြည်သူ့ရဲဘော်တပ်ဖွဲ့ကြီး ဖွဲ့စည်းပြီး ရှိနေတာရယ် ကြောင့် ကိုလိုနီနယ်ချဲ့တွေဟာ လွတ်လပ်ရေးကို အသာတကြည် ပေးလိုက်ရခြင်းဖြစ်ပါတယ်။ ယခု နအဖဟာ အင်္ဂလိပ်နယ်ချဲ့ထက် ပိုဆိုးနေပါတယ်။ ဥပဒေ ပုဒ်မ များကို ထင်ရင်ထင်သလို အသုံးပြုပြီး အကြမ်းဖက် ကျူးလွန်မှုတွေ ဆက်တိုက် ပြုလုပ်နေတာကြောင့် ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံး အာဏာရှင်စာရင်းမှာ ပါဝင်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် နအဖကို စစ်ရေးနည်းလမ်းလည်း သုံးသင့်ကြောင်း ပြန်လည် ဆွေးနွေးလိုက်ရပါတယ်။

ကိုဖိုးတရုတ်ရဲ့ ဆွေးနွေးမေးမြန်းချက်(၃)။ ။ စစ်ရေးနည်းလမ်းသုံးရင် နိုင်ငံတကာအများစုက မလိုလားတဲ့ အကြမ်းဖက်ဝါဒနဲ့ ပတ်သက်ခြင်း မရှိဘူးလား။

ဗိုလ်ထက်မင်းရဲ့ ဆွေးနွေးချက်။ ။ ပြည်သူလူထု အနေနဲ့ အနှစ် (၂၀) နီးပါး အေးချမ်းစွာ အကြမ်းမဖက်ဘဲ တောင်းဆိုလာခဲ့ပြီးပါပြီ။ သွေးချွေး၊ အသက်တွေ၊ ဘ၀တွေလည်း ပေးဆပ်ခဲ့ပြီးပါပြီ။ မြင့်မြတ်တဲ့ သူတော်စင် ဘုရားသားသံဃာတွေလည်း ငြိမ်းငြိမ်းချမ်းချမ်း တောင်းဆိုမှုတွေ လုပ်ခဲ့ပြီးပါပြီ။ အာဏာရှင်တွေရဲ့ ကမ်းကုန် အောင် ရက်ရက်စက်စက် ပစ်သတ်နှိမ်နင်းတာလည်း ခံရပြီးပါပြီ။ အကြမ်းဖက်တာဟာ လူထုကို တိုက်ခိုက်ပြီး သတ်ဖြတ်တာကို ခေါ်တာဖြစ်ပါတယ်။ ဒီမိုကရေစီအခွင့်အရေးနဲ့ တရားမျှတတဲ့ လူထုရဲ့ တောင်းဆိုမှုတွေကို အာဏာရှင်တွေက အကြမ်းဖက်လာလို့ ပြန်လည်တိုက်ခိုက်တာဟာလည်း တရားသောစစ် ဖြစ်ပါတယ်။ ဥပဒေဘက်က ကြည့်ရင် ကိုယ့်ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ရှိရမယ်လို့ ဆိုထားပါတယ်။ အာဏာရှင်ကို တော်လှန်တဲ့ စစ်ဟာလည်း မလွဲမသွေ လုပ်ရမဲ့ တရားမျှတတဲ့ စစ်ဖြစ်ပါတယ်။ ဆားဘီယားနိုင်ငံ၊ ကိုဆိုဗိုပြည်နယ်မှ ပြည်သူလူထုက ဒီမိုကရေစီရရှိရေး လက်နက်ကိုင် တော်လှန်ရေးဖြင့် တိုက်ခိုက်ဆင်နွှဲလာပြီး နိုင်ငံတကာက တောင် အားပေးကူညီခဲ့တဲ့ သာဓက ရှိပါတယ်။

2 comments:

အောင်ဇေယျ said...

တရားမျှတတဲ့စစ် လို့ပြောတဲ့ ဗိုလ်ထက်မင်းကို အပြည့်

အ၀ထောက်ခံပါတယ်။ မြန်မာ့သမိုင်းစာမျက်နှာသစ်ကို

မြန်မာ့သူရဲကောင်းစစ်စစ်တွေက ဖွင့်လှစ်ခဲ့ကြပါပြီ။

မြန်မာဆိုတာ ကျွန်သဘောက်များ ထားရာနေ

စေရာသွား၊ စစ်ဖိနပ်အောက်က နင်းပြားဆိုတဲ့ ဘ၀မျိုး

တွေမှာဆက်ပြီးတော့နေကြမလား။

လွှတ်လပ်ခြင်းအရသာကိုခံစား ကိုယ့်ကျမ္မာ

ကိုယ်ဖန်တီးကြမလား စဉ်းစားကြ ကိုယ့်လူတို့။

Nay Thiha said...

ဗိုလ်ထက်မင်းရဲ့ သဘောထားကို လက်ခံပါတယ်။ စစ်ရေးနည်းလမ်းက သုံးကိုသုံးရမယ့် အခြေအနေကိုရောက်နေပြီလို့ ပြောရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ စစ်ရေးအရတော်လှန်ဖို့ ဘယ်သူတွေမှာ တာဝန်အရှိဆုံးလဲ၊ ဘယ်သူတွေက တာဝန်ယူပြီး လုပ်ဆောင်ကြမှာလဲ၊ ပြတ်ပြတ်သားသား ဆွေးနွေး၊ စီစဉ်၊ ပြင်ဆင်သင့်ပါပြီ။
ပြည်သူတွေအနေနဲ့ လက်နက်မရှိတဲ့အခြေအနေမှာတောင် တော်လှန်ရေးတာဝန် ကျေခဲ့ကြပါတယ်။ တော်လှန်ရေးအင်အားစုများအနေနဲ့ ယှဉ်ပြိုင်တပ်မတော်ဖွဲ့ဖို့ ဘာကြောင့်မလုပ်နိုင်ရတာလဲ။ တော်လှန်ရေးကြီးကို အဓွန့်ရှည်အောင်များ စိတ်ကူးထားနေကြသလား။ တော်လှန်ရေးကိုဗန်းပြပြီး စီးပွားရှာနေကြတာလား။ လက်နက်ကိုင်တဲ့လမ်းစဉ်ကို မကြိုက်သူတွေကို အပြစ်မဆိုချင်ပါ။ သို့သော် လက်နက်ကိုင်ပြီးတော်လှန်မှုကို မနှောင့်ယှက်သင့်ပါဘူး။ ဂလန့်မတိုက်သင့်ပါဘူး။ နှောင့်နှေးအောင် မလုပ်သင့်ပါဘူး။ ကိုယ့်လမ်းစဉ်နဲ့ ကိုယ်လျှောက်ပြီး အလုပ်ကို တကယ်လုပ်သင့်နေပါပြီ။