.

.

.

July 17, 2008

မြန်မာနိုင်ငံ ဒီမိုကရေစီရရှိဖို့ စစ်ရေးနည်းလမ်းဖြင့် သင့် မသင့် ဆွေးနွေးခန်း

မြန်မာနိုင်ငံ ဒီမိုကရေစီရရှိဖို့ စစ်ရေးနည်းလမ်းဖြင့် သင့် မသင့် ဆွေးနွေးခန်း ဗိုလ်ထက်မင်း ရဲ့ ဒုတိယပိုင်း ကို ဆက်လက် တင်ပြပေးလိုက်ရပါတယ်။

ကိုဖိုးတရုတ်ရဲ့ ဆွေးနွေးမေးမြန်းချက်(၄)။ ။ စစ်ရေးနည်းဗျူဟာအရဆိုရင် ယေဘူယျဘယ်လို အကောင်အထည် ဖော်သင့်ပါသလဲ။

ဗိုလ်ထက်မင်းရဲ့ ဆွေးနွေးချက်။ ။ မီဒီယာ ဖြစ်နေတော့ နအဖရိပ်မိသိရှိပြီး ကြိုတင်မပြင်ဆင်နိုင်အောင် အကြမ်းဖျင်း နည်းဗျူဟာ ပြောရမှာဖြစ်ပါတယ်။ နအဖရဲ့ NDS ဟာ လူထုကိုလူထုနဲ့ ထိန်းကွပ်နည်းဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ကလည်း တပ်ကို ဒီမိုကရေစီလိုလားတဲ့ တပ်နဲ့ တန်ပြန်ရင် နအဖရဲ့ National Defense Strategy ကို ထိုးခွဲပြီးသား ဖြစ်မယ်။ ဒီလိုတန်ပြန်ရာမှာ ကျွန်တော်တို့က နိုင်ငံတော်ထိုးစစ်မဟာဗျူဟာ National Offensive Strategy ချမှတ်ပြီး သူတို့ရဲ့ Defense ခံစစ်ကို ကျွန်တော်တို့ရဲ့ Offensive တိုက်စစ်ဖြင့် ချေဖျက်ရမှာ ဖြစ်တယ်။ ဆရာဂါမဏိရဲ့ နည်းလမ်း နှစ်သွယ်အနက် ဒုတိယနည်းလမ်းဖြစ်တဲ့ အာဏာရှင်ရဲ့ လက်အောက်ခံတပ်တွေကို ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေဘက်ကို ကူးပြောင်းလာစေပြီး အာဏာရှင်ဘက် သေနတ်ပြောင်း၊ ပြောင်းပြန်လှည့်စေတဲ့နည်းဟာကောင်းမွန်ပါတယ်။ ပထမနည်းလမ်း ကတော့ နိုင်ငံတကာမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ အနေအထားပေါ် မူတည်လို့ အချိန်ကာလ အတော်အတန် ယူရမှာမို့ လွယ်ကူတဲ့အနေအထား မရှိသော်လည်းပြည်တွင်းမှာ တော်လှန်ရေးတစ်ရပ်ကိုဖေါ်ဆောင်ရင်တော့ နိုင်ငံတကာကအင်အားသုံးကူညီနိုင်လိမ့်မယ်လို့ သုံးသပ်ရပါတယ်။ ဒါကြောင့် ဒုတိယနည်းလမ်းအရ နည်းဗျူဟာ အပိုင်းကို ယေဘူယျတင်ပြရမယ်ဆိုရင် (၁) စစ်တပ်မှ မျိုးချစ်တပ်မှူးများကို စည်းရုံးပြီး ပြည်သူ့ဘက် ရပ်တည်ရေးနဲ့ သေနတ်ပြောင်း၊ ပြောင်းပြန်လှည့် နိုင်ရေး နည်းဗျူဟာကို ချမှတ် အကောင်အထည်ဖော်ရပါမယ်။ (၂)လက်နက်ကိုင် တော်လှန်ရေးလုပ်ရမည်ဟု ယုံကြည်သည့် အဖွဲ့အစည်းများက အစိုးရ အဆောက်အအုံ၊ ဆက်သွယ်ရေးယန္တယားတို့ အား ပစ်မှတ်ထား တိုက်ခိုက်ရပါမယ်။ ဒီလိုမတိုက်မှီ အကြမ်းဖက်ဝါဒအဖြစ် နအဖရဲ့ တိုက်ကွက်အတွင်း မရောက်ရလေအောင် လူထုအား အမြန်ရှောင်ရှားပေးရန် ကြိုတင် အကြောင်းကြားချက်ကို နံရံကပ်စာစောင်၊ ဖုံးဖြင့် လည်းကောင်း၊ မီဒီယာဖြင့် လည်းကောင်း အချိန်အတိုင်းအတာတခု ပေးပြီး သတိပေးရပါမယ်။ အဲဒီအခါ လူထု ရှောင်ရှားဖို့  အချိန်ရသွားပြီး နအဖကို ကာကွယ်ရေး၊ ရှာဖွေရေး၊ လုံခြုံရေး တွေနဲ့ သောကဗျာပါဒပွားများစေမှာဖြစ်ပါတယ်။ တခါတလေ ပစ်မှတ်အတုများ ဖန်တီးကာ မျက်စိလည်သွား အောင် ယောင်ပြဖန်တီးပေးရပါမယ်။ လူထုကတော့ ပစ်မှတ် အတုကော အစစ်ပါ မခွဲခြားဘဲ ရှောင်ရှားသွားရ ပါမယ်။ ပြီးရင် တော်လှန်ရေး အရှိန်မြှင့်တဲ့အနေနဲ့ နအဖရဲ့ လက်ကိုင်တုတ် စွမ်းအားရှင်နဲ့ ကြံ့ဖွံ့တွေကို တိုက်ခိုက်ရပါမယ်။ ဒါမှ နအဖလက်ကိုင်တုတ်တွေ တုန်လှုပ်ချောက်ခြားပြီး လူထုကို အန္တရာယ်ပေးရန် ၀န်လေးကြမှာ ဖြစ်ပါတယ်။ ဆက်လက်ပြီး ပြည်သူဘက်ရပ်တည်လာသော မျိုးချစ်တပ်မှူးများနဲ့ တပ်မတော် သားများက ပြည်သူ့စစ်မဟာဗျူဟာ စတင်နိုင်ရန် လူထု တက်ကြွပါဝင်လာအောင် လူထုတိုက်ပွဲကို စည်းရုံး လှုံ့ဆော်ဖော်ဆောင်ပေးရပါမယ်။ (၃) ရန်သူကို တိုက်ခိုက်ရာတွင် Guerilla War ပြောက်ကျားစနစ်နဲ့ Professional War သမာရိုးကျစစ် ရောနှောကာ တပ်နဲ့ ပြည်သူ လက်တွဲတိုက်ခိုက်သကဲ့သို့ နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကလည်း ပူးပေါင်းတိုက်ခိုက်ကာ စစ်မျက်နှာများ ဖွင့်ပေးရပါမယ်။ ထိုသို့ စစ်ဆင်နွှဲစဉ်မှာ တပြိုင်တည်း ၉၀ ခုနှစ် ရွေးကောက်ပွဲမှ လွှတ်တော်ကိုယ်စားလှယ်များ၊ CRPP နဲ့ တပ်တို့ ပူးပေါင်းကာ ကြားဖြတ်အစိုးရ ဖွဲ့စည်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြပြီး နိုင်ငံတကာမှလည်း အသိအမှတ်ပြု ထောက်ခံပေးဖို့၊ လိုအပ်ရင် အင်အားသုံးဝင်ရောက် ကာကွယ်ပေးဖို့ နယ်စပ်ရှိ အတိုက်အခံ အဖွဲ့အစည်းများက တိုက်တွန်းဆောင်ရွက်ပေးရန် လိုအပ်ပါတယ်။ တခုရှိတာက အတိုက်အခံ အဖွဲ့အစည်း တချို့ ၊ နိုင်ငံရေး လေ့လာသူတချို့နဲ့ တပ်မတော်သား တချို့တို့က တပ်မတော်ကွဲပြီး ပြည်တွင်းစစ် ဖြစ်ပွားမှာကို စိုးရိမ်ကြောင့်ကြမှု ရှိကြတာကို သိရှိရပါတယ်။ တော်လှန်ရေးတစ်ရပ်ဟာ သွေးထွက်သံယို အနည်းနိုင်ဆုံး ဖြစ်လေ အကောင်းဆုံးဖြစ်ပါတယ်။ ကျွန်တော် တင်ပြခဲ့တဲ့ အစီအစဉ်အတိုင်း ရဟန်းသံဃာ ဦးဆောင်တဲ့ ပြည်သူလူထုက တခဲနက် ထုထည်အင်အားကြီးမားစွာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဟန်ချက်ညီ ပြည်သူ့ဘက်ရပ်တည်လာ တဲ့ တပ်အား အမြန်ပူးပေါင်းပါဝင်လာကြမယ်ဆိုရင် တွေဝေနေတဲ့ ကျန်တပ်မှူးများနဲ့ တပ်မတော်သားများ ထပ်မံ ပါဝင်လာကြပါလိမ့်မယ်။ အဲဒီမှာ အာဏာရှင်အနေနဲ့ အကြမ်းဖက်နှိမ်နင်းဖို့ လက်တွန့်သွား ကြပြီး ဖိလစ်ပိုင် နိုင်ငံလို ဒီမိုကရေစီအသွင် ညင်သာစွာ ကူးပြောင်းသွားမှာ ဖြစ်ပါတယ်။အချုပ်ဆိုရရင် စည်းလုံးခြင်းရဲ့ အင်အား ဆိုတဲ့ ဒီဘာလော့ဂ်ရဲ့ အနှစ်သာရ အတိုင်း တပ်၊ ပြည်သူ၊ အတိုက်အခံ အဖွဲ့အစည်းများ အားလုံး စည်းလုံး ညီညွတ်မှုရှိရေးဟာ အောင်မြင်မှုရလဒ်အတွက်အရေးကြီးဆုံးဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

ကိုဖိုးတရုတ်ရဲ့ ဆွေးနွေးမေးမြန်းချက်(၅)။ ။ တပ်မတော်ဟာ ပြည်သူဘက်ကို ပါလာနိုင်ဖို့ အလားအလာ ရှိရဲ့လား။

ဗိုလ်ထက်မင်းရဲ့ ဆွေးနွေးချက်။ ။ အဲဒီမေးခွန်းကို အတိုက်အခံ အဖွဲ့အစည်းတစ်ချို့ကလည်း မေးတတ်ကြ ပါသေးတယ်။ တပ်မတော်က မျိုးချစ်တပ်မှူးအရာရှိ၊ အရာခံ၊ အကြပ်တပ်သားပါ၊ မပါဆိုတာ လက်တွေ့ သက်သေပြရင် ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ဖြစ်တဲ့ စစ်တပ်အများဆုံးရှိရာ မင်္ဂလာဒုံ၊ ဒဂုံ တို့မှာ NLD ကို တပ်ကထောက်ခံမဲ ပေးခဲ့တာ ရှိပါတယ်။ အခြေအနေ ပေးလာရင် ပေးလာသလို သူတို့ရဲ့ ဆန္ဒတင်ပြဖို့ ရင်ထဲက အသိတွေရှိတယ်ဆိုတာ ရဲဘော်အချင်းချင်း အသိဆုံးဖြစ်ပါတယ်။ ဒီတော့ကာ တပ်အနေနဲ့ အခြေအနေပေးမှ လုပ်ရသလားဆိုတာ ထောက်ပြစရာရှိပါတယ်။ စစ်သားတွေ မလုပ်နိုင်ရတဲ့ အကြောင်းရင်းမှာ တပ်ရဲ့ တသွေးတသံ အမိန့်နဲ့အာဏာအပြင် တင်းကျပ်တဲ့ စည်းကမ်းများနဲ့ ချည်နှောင်မှု၊ ရက်စက်စွာ နှိပ်ကွပ်တာ တွေကြောင့် ဖြစ်ပါတယ်။ လုပ်ပိုင်ခွင့်ရှိတဲ့ အရာရှိတွေကသာ လုပ်နိုင်တာဖြစ်ပါတယ်။ တပ်သမိုင်း အစဉ်အလာ ရှိခဲ့တဲ့ ဥပမာ ဗိုလ်ကြီးအုံးကျော်မြင့်လိုမျိုး ဖြစ်စဉ် တင်ပြထားခဲ့ပြီးဖြစ်ရာ အဲဒီလို လုပ်တဲ့သူကို ရက်စက်စွာ မသေမချင်း သေဒဏ်ပေးခဲ့တယ်ဆိုတာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ အရပ်သားကိုတော့ သေဒဏ်ပေးတာ ယခုထိမရှိခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ နှစ်ရှည်ထောင်ကျနေတဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆောင်တွေထက် ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ PA ဗိုလ်မှူးနိုင်ဌေးကို ထောင်ဒဏ် အနှစ်ပေါင်း ၂၆၀ ထိ စံချိန်တင်ချမှတ်ခဲ့တာမို့ ကိုနိုင်ဌေး ဟာ ရူးသွပ်တဲ့ဘ၀ရောက်နေပါတယ်။ ဒီလို အကြောက်တရားနဲ့ စစ်သားတွေကို နှိပ်ကွပ်ထားတာကြောင့် သူတို့ကို ဆထက်တံပိုး လုပ်ရဲလာအောင် စည်းရုံးဖို့ လိုပါတယ်။ ကိုရင်ဒေါင်းရဲ့ ဆောင်းပါးမှာ ပြောခဲ့သလို စည်းရုံးတယ်ဆိုတိုင်း Statement ထုတ်တိုင်း စည်းရုံးမှု မထိရောက်ပါဘူး။ မေတ္တာစေတနာ အပြည့်ဖြင့် ယုံကြည်မှု ရှိရှိ စည်းရုံးဖို့လိုပါတယ်။ တပ်ထွက် အရာရှိစစ်သည်တွေနဲ့ အရပ်ဖက်ဝန်ကြီးဌာနတွေကို ပြောင်းသွားတဲ့ အရာရှိများဟာ တပ်အကြောင်း အရပ်ဖက်ထက် ပိုမိုသိတာမို့ ၀င်ထွက်လမ်းကြောင်းနဲ့ တပ်ရဲ့ အားနည်းချက်တွေကို သိထားသူများ ဖြစ်လို့ စည်းရုံးရာမှာ ပိုမိုလွယ်ကူနိုင်တဲ့အပြင် တော်လှန်ရေးအတွက် အင်အားတရပ် ဖြစ်ပါတယ်။ သူတို့တွေကို ထောက်လှမ်းရေးဆိုပြီး မသကာင်္စိတ်နဲ့ လှေနံဓားထစ် အာဃာတ တရားမထားသင့်ဘဲ လူအမျိုးမျိုး စိတ်အထွေထွေ ရှိတာကို သုံးသပ်ရမှာ ဖြစ်ပါတယ်။ လက်တွေ့မှာ ဘက်ပြောင်းချင်တဲ့ တပ်မတော်သားတွေကို နအဖက အတိုက်အခံတွေအနေနဲ့ မင်းတို့ကို သတ်လိမ့်မယ်ဆိုတဲ့ အပြောမျိုးနဲ့ ပြန်စည်းရုံးသွားပြီး စစ်မှုထမ်းဟောင်း အဖွဲ့အောက်သွတ်သွင်းလိုက်တာကို အတိုက်အခံတွေ သိဖို့ လိုပါတယ်။ ဒါကြောင့် တပ်မတော်သားတွေကို ၀င်ထွက်ရလွယ်ကူတဲ့ ဈေး၊ ကျောင်း၊ ဆေးရုံကားဂိတ်တွေမှာ စည်းရုံးကာ နိုင်ငံရေးအံတုမှု နည်းဗျူဟာများနဲ့ ဆောင်ရွက်ပြီး တပ်ရဲ့ Heart ကို ပေါက်ကွဲထွက်လာအောင် လုပ်ဆောင်နိုင်ပါတယ်။ နိုင်ငံရေး ခေါင်းဆောင်တွေဟာ ဗိုလ်ချုပ်အောင်ဆန်းကို နမူနာယူသင့်ပါတယ်။ ရန်သူတွေဖြစ်ခဲ့တဲ့ ဂျပန်၊ အင်္ဂလိပ်တွေကို သံတမန် ဆက်ဆံရေးသုံးကာ လွတ်လပ်ရေး အရယူခဲ့ပုံတွေနဲ့ သူ့ကို သတ်တဲ့ ဂဠုန်ဦးစောကိုတောင် ဆေးရုံကို သွားရောက်အားပေးတွေ့ဆုံခဲ့တဲ့ မေတ္တာစေတနာဟာ ကြီးမားလှ ပါတယ်။ တပ်မတော်ဟာရန်သူတွေမဟုတ်ဘူး၊ အာဏာရှင်နဲ့ ခွဲခြားမြင်တယ်၊ စစ်သားတွေဟာ ပြည်သူရဲ့ သားသမီးတွေဖြစ်တယ်၊ ပြည်သူသာအမိ ပြည်သူသာအဖ ဖြစ်တယ်လို့် တပ်မတော်အတွင်း စည်းရုံးရေးကို ထိထိရောက်ရောက် စွမ်းအားရှိရှိ ယုံကြည်မှု သက်သေပြကာ ဆောင်ရွက်မယ်ဆိုရင် တပ်မှူးများက ဦးဆောင်ပါဝင်ဆောင်ရွက်လာနိုင်ပါတယ်။ ယနေ့ခေတ်မှာ Internet နှင့် ဆက်သွယ်ရေး မီဒီယာလောက တိုးတက်လာပြီမို့ တပ်မှူးများအနေနဲ့ နအဖရဲ့ ယခင်ကလို လုပ်ကြံဝါဒများ ရိုက်သွင်း တိုင်း လက်မခံကြတော့တဲ့ အတွေးအခေါ်များရှိနေပြီ ဖြစ်ပါတယ်။ ယခုတက်လာတဲ့ တပ်မမှူးတွေဟာ ၁၉၈၈ လူထုအုံကြွမှု အရေးအခင်းမှာ တပ်ခွဲမှူး (ဗိုလ်ကြီး) အဆင့်သာ ရှိတဲ့လူငယ်များဖြစ်ပါတယ်။ အဆိုပါ တပ်မမှူးများဟာ ကျောင်းဆင်းကာစ ဒုဗိုလ် ဖြစ်ချိန်မှာ တပ်ချုပ် သန်းရွှေက တပ်မ(၈၈) တပ်မမှူးဖြစ်နေလို့ အဆင့်ကွာဟမှု ကြီးမားပြီး နီးစပ်တဲ့ ပုဂ္ဂိုလ်ရေး သံယောဇဉ် မရှိခဲ့ကြောင်း သိရပါတယ်။ ယခုတက်လာတဲ့ တပ်မမှူးတွေနဲ့ တိုင်းမှူးတွေ ထားရှိတဲ့ သံယောဇဉ်က ကစထမှူးတွေနဲ့ ဗိုလ်ချုပ်ရွှေမန်း အထိသာ ရှိတာမို့ သူတို့ ဆရာတွေကို ထိလာရင်တောင် သန်းရွှေကို ပြန်လှန်မဲ့ သဘောထားမျိုးရှိပါတယ်။ တပ်ချုပ် သန်းရွှေအနေနဲ့ မဖြစ်သာလို့ လူငယ်တပ်မမှူးများကို နေရာပေးရပေမဲ့ စိုးရိမ်ကြောင့်ကြမှုတွေ ရှိနေပါတယ်။ လက်ရှိရာထူး အပြောင်းအလဲကတော့ သန်းရွှေနဲ့ တပ်မမှူးတွေရဲ့ အဆင့်ကွာဟမှု ကြီးမားနေတာကြောင့် စစ်တပ်ရဲ့ သဘောထား ပြောင်းလဲသွားနိုင်တဲ့ အခြေအနေ အလားအလာ ရှိပါတယ်။ ပြည်သူ့ဘက် ရပ်တည်လာနိုင်တဲ့ တပ်မတော်က အဆင့်တန်း အားလုံးကို လေ့လာသုံးသပ်ရာမှာ တိုင်းမှူး(၁၃)ဦး ဟာ ပြည်သူ့ဘက် ရပ်တည်နိုင်မှု (၂၀) ရာခိုင်နှုန်း တွေဝေနေမှု (၁၀) ရာခိုင်နှုန်း အာဏာရှင်ဘက် ရပ်တည်မှု (၇၀) ရာခိုင်နှုန်း ၊ တပ်မမှူး၊ စကခမှူး၊ ဒကစမှူး (၄၀) ဦးခန့်ဟာ ပြည်သူ့ဘက်ရပ်တည်မှု (၄၀) ရာခိုင်နှုန်း တွေဝေနေမှု (၁၀) ရာခိုင်နှုန်း အာဏာရှင်ဘက် ရပ်တည်မှု (၅၀) ရာခိုင်နှုန်း၊ ဗျူဟာမှူး၊ တပ်ရင်းမှူးအဆင့် အရာရှိကြီး (၁၀၀၀)ဦးခန့် ဟာ ပြည်သူ့ဘက်ရပ်တည်မှု (၅၀) ရာခိုင်နှုန်း အာဏာရှင်ဘက်ရပ်တည်မှု (၅၀) ရာခိုင်နှုန်း ကျန်တဲ့ အရာရှိ၊ အကြပ်တပ်သားများအဆင့် အားလုံးနီးပါးဟာ ပြည်သူဘက်ရပ်တည်မှု (၆၀) ရာခိုင်နှုန်း၊ အာဏာရှင်ဘက်ရပ်တည်မှု (၄၀) ရာခိုင်နှုန်း ရှိနေကြောင်း သုံးသပ်ရပါတယ်။ တိုင်းမှူးများဟာ စည်းစိမ်ဥစ္စာ များနှင့် ပြည့်စုံနေတာမို့ တစ်စုံတစ်ခုသော ပြောင်းလဲမှု တိုက်တွန်းမှု၊ ဖိအားပေးမှု တခုခုရှိမှ ပြောင်းလဲနိုင်မဲ့ အလားအလာ ရှိပါတယ်။ တခု သတိပြုစေချင် တာက တပ်မတော်ဟာ ပြည်သူ့ဘက် တကယ်ရပ်တည်လာပြီဆိုရင် သူတို့ဟာ လက်နက်ခဲယမ်း ကို အခြေအနေ ပေးသလောက်သာ ရယူခဲ့ရပါတယ်။ ဒါကြောင့် အာဏာရှင်ရဲ့ အငြိုးကြီးကြီး ချေမှုန်းမှုကို တောင့်ခံကာ တော်လှန်နိုင် ဖို့ အချိန်အနည်းငယ်သာ ရတာမို့ ပြည်သူလူထုက အမြန်ပူးပေါင်းကြဖို့ လိုအပ်ပြီး နိုင်ငံတကာ ကလည်း အင်အားသုံး ၀င်ရောက်အကာအကွယ်ပေးကာ အသိအမှတ်ပြုထောက်ခံအားပေးကြပါရန် တိုက်တွန်း လိုက်ရပါတယ်။

1 comment:

မိုးကြိုး said...

i agree to this interview.that is good data for democracy people