.

.

.

July 27, 2008

ဆရာဂါမဏိက ဒီလို နှိုင်းယှဉ်ထားတယ်

ဆရာဂါမဏိက အမေရိကန်စစ်၊ တရုတ်စစ် နဲ့ ဗမာစစ် ဆောင်းပါးကို ပေးပို့လာလို့ ကျွန်တော် ကိုဖိုးတရုတ်က စာဖတ်သူများ ဗဟုသုတ ရရှိစေဖို့ တင်ပြပေးလိုက်ပါတယ်။ ယခုလို ပေးပို့လာတဲ့ ဆရာဂါမဏိကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။

နှစ်ဆယ့်တစ်ရာစုအဝင်မှာ၊ အထူးသဖြင့် ၉/၁၁ အရေးအခင်းနောက်ပိုင်းမှာ ကမ္ဘာ့နိုင်ငံတွေဟာ ကိုယ့်စစ်တပ်ဖွဲ့စည်းမှုအနေအထားတွေ၊ မဟာဗျူဟာ နည်းဗျူဟာတွေကို ပြန်လည်သုံးသပ်ကြ ပြင်ဆင်ကြ ပါတယ်။ ဒီထဲက နိုင်ငံတချို့ကို လေ့လာကြည့်ရအောင်။

အမေရိကန်စစ်တပ်ရဲ့ မဟာဗျူဟာသစ်ထဲမှာ ရေရှည်စစ်တိုက်နိုင်ဖို့၊ တပြိုင်ထဲမှာ စစ်ပွဲသုံးလေးပွဲ သို့မဟုတ် သုံးလေးနေရာတိုက်နိုင်ဖို့၊ နိုင်ငံ အများအပြားမှာ အမေရိကန်တပ်တွေ လျှို့ဝှက်ချထား လှုပ်ရှားနိုင်ဖို့ မျှော်မှန်း ထားတယ်။ အဓိကဦးစားပေးအစီအစဉ်တွေကတော့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (ဝါ) ကွန်မန်ဒိုတပ် အရေအတွက်ကို ၁၅ ရာခိုင်နှုန်းတိုးမြင့်ဖို့၊ မောင်းသူမဲ့ ထောက်လှမ်းရေး-တိုက်ခိုက်ရေး စက်ရုပ်လေယဉ်တွေကို နှစ်ဆတိုးဖို့၊ ဇီဝစစ်ဆင်ရေးကို တန်ပြန်ဖို့နဲ့ နျူကလီးယား၊ ဓာတု၊ ဇီဝ စတဲ့ဖျက်အားပြင်းလက်နက်တွေကို ဖော်ထုတ်ဖျက်ဆီးနိုင်မဲ့ အထူးတပ်တွေ အသစ်ဖော်ထုတ်ဖို့ဖြစ်ပါတယ်။ အဲဒါတွေကတော့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးနဲ့ သမရိုးကျမဟုတ်တဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ရေးအတွက်ဖြစ်ပါတယ်။

သမရိုးကျခြိမ်းခြောက်မှုအတွက် အလားအလာအရှိဆုံးဦးတည်ပစ်မှတ်ကို တရုတ်နိုင်ငံလို့ သတ်မှတ်ထားတာ နဲ့အညီ တာဝေးပြေး စစ်လေယာဉ်တွေအင်အားဖြည့်ရေးနဲ့ ရေငုပ်သင်္ဘောစစ်ဆင်ရေး စွမ်းရည်မြင့်ရေးကို စီမံကိန်းချထားတယ်။

ဆယ့်ကိုးရာစု၊ နှစ်ဆယ်ရာစုနဲ့ မတူတာကတော့ ပင်လယ်ရပ်ခြားမှာ စစ်ဆင်နွှဲရေးအတွက်တင်မဟုတ်တော့ဘဲ သမရိုးကျမဟုတ်တဲ့ အမိမြေ ကာကွယ်ရေးအတွက်ပါ ထည့်စဉ်းစားလာရတာဖြစ်ပါတယ်။ တကမ္ဘာလုံးမှာ အကန့်အသတ်မရှိ လှုပ်ရှားနိုင်ဖို့လည်း စဉ်းစားလာတယ်။

ဒီလိုရည်မှန်းချက်ကြီးကြီးထားပေမဲ့ အမေရိကန်အစိုးရဟာ တခုလုံးတပ်အင်အားအရေအတွက်ကို တိုးချဲ့ဖို့နဲ့ လက်ရှိလက်နက်စနစ်တွေ ထူးထူးခြားခြား အပြောင်းအလဲလုပ်ဖို့တော့ အစီအစဉ်မရှိပါဘူး။ တဖက်မှာလည်း ပင်တဂွန်စစ်ဌာနချုပ်ဟာ လာမယ့်ငါးနှစ်ထက်ကျော်ပြီး ကမ္ဘာ့အနာဂတ်ကို မှန်းဆနိုင်ဖို့ အခက်အခဲရှိတာကို ဝန်ခံထားသလို မဟာမိတ်မပါဘဲ အမေရိကန်စစ်တပ်တခုတည်းနဲ့ အောင်ပွဲမရနိုင်တာ ကိုလည်း အသိအမှတ်ပြုထားပါတယ်။ နောက်ငါးနှစ်ကျော်သွားရင် ဘယ်နေရာမှာ ဘာတွေ ဘယ်အချိန် ဘယ်လိုဖြစ်မယ် ဆိုတာ အင်မတန်မှန်းဆရခက်တယ်လို့ အမေရိကန်လက်ထောက်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ တော်ရှိ အမေရိကန် စစ်ဌာနချုပ်အဆောက်အဦး ပင်တဂွန်

သေချာတာကတော့ အရင်တုံးက တင့်ကားတွေ၊ တိုက်လေယဉ်တွေနဲ့ ဖျက်သင်္ဘောတွေကို အဓိက အားထားခဲ့ရာကနေ အခုအခါမှာ အကြမ်းဖက်ကွန်ယက်တွေ ချေမှုန်းရေး၊ ဖျက်အားပြင်းလက်နက်တွေကို တုန့်ပြန်ရင်ဆိုင်ရေး၊ တရုတ်၊ ရုရှားနဲ့ အိန္ဒိယလို အဓိကအင်အားကြီးနိုင်ငံတွေကို ရန်သူဖြစ်မသွားအောင် ထိန်းထားရေးနဲ့ အမိမြေကာကွယ်ရေးတို့ကို ဦးစားပေးလာရပါတယ်။ ပထမရည်မှန်းချက်နှစ်ခုအတွက် သုံးထောင့်တပ်ဖွဲ့၊ အထူးတပ်ဖွဲ့၊ ရေတပ်ပင်လယ်ဖျံတပ်ဖွဲ့စတဲ့ ကွန်မန်ဒိုတပ်တွေကို အရည်အချင်းမြင့် အင်အားတိုးချဲ့မှာဖြစ်ပြီး အလှမ်းဝေးတဲ့နိုင်ငံတွေမှာ စစ်ဆင်ဖို့ မောင်းသူမဲ့စက်ရုပ်လေယာဉ်တပ်ဖွဲ့တွေလည်း ဖော်ထုတ်သွားမှာဖြစ်ပါတယ်။ တတိယရည်မှန်းချက်အတွက် အရပ်ဖက်ရေးရာဌာနတွေနဲ့ စိတ်ဓာတ်စစ်ဆင်ရေး ဌာနတွေကို အင်အားတိုး အရည်အချင်းမြင့်မှာဖြစ်ပြီး အမိမြေကာကွယ်ရေးအတွက်ကိုတော့ ပြည်တွင်း ဆက်သွယ်ရေးစနစ်တွေနဲ့ အမိန့်ပေးကွပ်ကဲရေးစနစ်တွေ အရည်အချင်းမြင့်ဖို့၊ သက်ဆိုင်ရာပြည်နယ်-ဒေသန္တရ အစိုးရတွေ၊ ပြည်ထောင်စုရဲ့  ပြည်နယ်ရဲနဲ့ ပြည်နယ်စောင့်တပ်တွေကြား ရှုပ်ထွေးမှုမရှိဖို့ စီမံထားတယ်။

တရုတ်စစ်တပ်ကတော့ ကမ္ဘာ့နံပတ် (၁) အင်အားအကြီးဆုံးအမေရိကန်နိုင်ငံကို ရင်ဆိုင်နိုင်ဖို့အဓိကထားပြီး တဖက်ရန်ကို ကြိုတင်ဟန့်တားနိုင်မယ့် နျူကလီးယားတပ်ဖွဲ့ ပိုမိုအင်အားကောင်းမွန်ကြီးထွားရေး၊ တပ်ကို အရေအတွက်လျှော့ချပစ်ပြီး အမာခံတရုတ်စစ်သားတွေကို အဆင့်မြင့်နည်းပညာသုံးလက်နက်တွေ ကျွမ်းကျွမ်းကျင်ကျင်ကိုင်တွယ်နိုင်အောင် လေ့ကျင့်ပေးရေးနဲ့ ကမ်းနီးပင်လယ်သွား မြန်နှုန်းမြင့်စစ်သင်္ဘောတွေ တိုးချဲ့ရေး၊ သင်္ဘောဖျက်ဒုံးကျည်တွေ တိုးချဲ့ရေးကို စီမံကိန်းချလုပ်ဆောင်နေပါတယ်။ အဲဒီစစ်သင်္ဘောတွေနဲ့ ဒုံးကျည်တွေဟာ အမေရိကန်စစ်သင်္ဘောတွေရဲ့ အီလက်ထရွန်းနစ်ကာကွယ်ရေးစနစ်တွေကို ဖောက်ထွင်းနိုင်တဲ့ အဆင့်ရှိနေပါတယ်။

တရုတ်နိုင်ငံဟာ ၁၉၉၆ တုံးက တိုင်ဝမ်နဲ့တင်းမာချိန်မှာ အမေရိကန်လေယဉ်တင်သင်္ဘောအုပ်စုနှစ်ခု တိုင်ဝမ်ဘက်က ဝင်အင်အားပြခဲ့ပြီး နောက် နောက်တခါကျရင် အမေရိကန်စွက်ဖက်မှာကို ထိထိရောက်ရောက် တန်ပြန်နိုင်ဖို့ ခေတ်မှီလက်နက်တွေကို လုံလုံလောက်လောက် တိုးချဲ့တပ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်ရဲ့ စီးပွားရေးက နှစ်စဉ် ဂ-၉ ရာခိုင်နှုန်းတိုးတက်နေတဲ့အတွက် စစ်တပ်ကိုအဆင့်မြင့်ဖို့ ငွေရေးကြေးရေး ဘာမှမပူရပါဘူး။

တရုတ်တပ်မတော်၏ လေယာဉ်တင်သဘောင်္ကြီး

အခုချိန်ထိတော့ တရုတ်ဆီမှာ တိုင်ဝမ်ကိစ္စကို အဆုံးအဖြတ်ပေးနိုင်လောက်တဲ့ လက်နက်စနစ်အသစ် အဆန်းတော့ မရှိသေးဘူးလို့ လေ့လာသူတွေကဆိုကြပေမဲ့ အမေရိကန်အနေနဲ့ အလွယ်တကူနဲ့ ဗိုလ်ကျနိုင်မယ့် အနေအထားမျိုးတော့ မရနိုင်တော့ဘူးလို့ သုံးသပ်နေကြပါတယ်။ တရုတ်ပြည်ဟာ ဟိုတချိန်က နည်းပညာ အဆင့်နိမ့်ပြီး လူအင်အားအရေအတွက်ကို အဓိကထားတဲ့ စစ်ရေးကနေ အခုအခါ ကွန်ပျူတာ၊ ဂြိုလ်တုနဲ့ အီလက်ထရွန်းနစ်လက်နက်တွေလို အဆင့်မြင့်နည်းပညာအခြေပြုစစ်ရေးကို အနှစ်နှစ်ဆယ်ကျော် လှည့်ပြောင်း လာခဲ့ရာမှာ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ထူးထူးခြားခြားအဆင့်မြင့်လာနိုင်တယ်လို့ လေ့လာသူတွေက တွက်ချက်ကြပါတယ်။ “သူတို့ စိုက်ပျိုးခဲ့တာတွေကို ရိတ်သိမ်းမယ့်အချိန် ရောက်လာပြီ” လို့ တိုင်ဝမ်ကာကွယ်ရေးအရာရှိဟောင်းတယောက်က ဆိုပါတယ်။ တရုတ်စစ်တပ်ရဲ့ အဆင့်သစ်ကိုပြတဲ့ လက္ခဏာတခုကတော့ အာဏာအရှိဆုံးဗဟိုစစ်ကော်မရှင်မှာ အရင်က ကြည်းတပ်ကသာ လွှမ်းမိုးထားခဲ့ ရာက အခုပထမဆုံးအကြိမ်အဖြစ် လေတပ်ဦးစီးချုပ်၊ ရေတပ်ဦးစီးချုပ်နဲ့ အမှတ် (၂) လက်နက်ကြီးတပ်လို့ခေါ်တဲ့ နျူကလီးယားလက်နက် တပ်မှူးတို့ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင် ဖြစ်လာကြပါတယ်။

မဟာဗျူဟာမြောက်နျူကလီးယားတပ်ဖွဲ့အခြေအနေကလည်း အဆင့်သစ်တရပ်ကို ရောက်လုနီးဖြစ်နေပါပြီ။ တိုက်ချင်းပစ်နျူကလီးယား ဒုံးပျံ (၁၆) စင်းတင်နိုင်တဲ့ ရေငုပ်သင်္ဘောကို ရေချလိုက်နိုင်ပြီဖြစ်လို့ အမေရိကန်ရဲ့ နျူကလီးယားတိုက်ခိုက်မှုက လွတ်အောင်ရှောင်ပြီး အမေရိကန်ပြည်မကို တန်ပြန်နျူကလီးယား တိုက်ခိုက်နိုင်စွမ်းရသွားပြီဖြစ်ပါတယ်။ ဒါ့အပြင် တိုက်ချင်းပစ် နျူကလီးယားဒုံးပျံတွေကိုလည်း အဆင့်မြင့်တာတွေ အတော်များများ လုပ်ထားပြီဖြစ်ပါတယ်။ ဒါကြောင့် တရုတ်ပြည်မကနေ အမေရိကန် တနိုင်ငံလုံးကို နျူကလီးယားထိပ်ဖူးတပ်ဒုံးပျံနဲ့ နေရာမရွေးပစ်နိုင်နေပြီဖြစ်ပါတယ်။ တရုတ်ရဲ့ရည်ရွယ်ချက်က အမေရိကန်ကို အနုမြူလက်နက်နဲ့ လှမ်းပစ်ဖို့ တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အမေရိကန်တွေ တိုင်ဝမ်ကိစ္စလိုမျိုးမှာ ဝင်စွက်မယ်ကြံရင် အနည်းဆုံးနှစ်ခါလောက်ပြန်စဉ်းစားအောင် ကြိုဟန့်တဲ့သဘောသာဖြစ်ပါတယ်။

တရုတ်အတွက် တိုင်ဝမ်ကိစ္စလိုအရေးပါလာတာကတော့ စီးပွားရေးတိုးတက်မှုနဲ့အညီ ပင်လယ်ရပ်ခြားက လောင်စာအရင်း အမြစ်လမ်းကြောင်းတွေလုံခြုံရေး အာမခံဖို့ဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံ ကိုကိုးကျွန်းနဲ့ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနဲ့ ကမ္ဘောဒီးယားစတဲ့ “ပုလဲကုံး” မဟာဗျူဟာချပြီး လောင်စာလမ်းကြောင်းထိန်းဖို့ ကြိုးစားနေပါတယ်။ တိုင်ဝမ်သိမ်းရေးဗျူဟာကတော့ ဒုတိယကမ္ဘာစစ်က နော်မန်ဒီကမ်းခြေမှာ ကမ်းတက်တိုက်တဲ့ပုံစံမျိုးတော့ မဖြစ်နိုင်သေးပါဘူး။ ဘာ့ကြောင့်လဲ ဆိုတော့ တရုတ်နိုင်ငံရဲ့ လက်ရှိကမ်းတက်စစ်ရေယာဉ်အင်အားက တပ်မတခုလောက်ကိုပဲ ရွှေ့ပေးနိုင်တဲ့အခြေအနေ ရှိပါတယ်။ ဒါကြောင့် ပိုဖြစ်ဖို့များတာက အဆင့်မြင့်နည်းပညာနဲ့ ပစ်မှတ်အတိအကျလှမ်းပစ်တာမျိုး၊ ကွန်ပျူတာ စစ်ပွဲမျိုးကို ပိုလုပ်နိုင်ပါတယ်။ အဲဒါမျိုး လုပ်ရင် တိုင်ဝမ်စီးပွားရေး အင်မတန်အထိနာပြီး ဒူးထောက်ကျ သွားနိုင်ပါတယ်။

တဖက်မှာလည်း တရုတ်လေတပ်ဟာ အခုချိန်ထိတော့ ဝေဟင်မှာပျံရင်း ဆီဖြည့်တဲ့ပညာ၊ ဂြိုလ်တုအသုံးချ လေကြောင်းစစ်ဆင်နည်းပညာ၊ ဝေဟင်အခြေပြု ရေဒါထောက်လှမ်းရေးနဲ့ ကွပ်ကဲရေးပညာ၊ ဂျီပီအက်စ်စနစ်သုံး ဒုံးကျည်ပဲ့ထိန်းပညာတွေကိုတော့ မပိုင်နိုင်သေးဘဲ စမ်းတဝါးဝါး အဆင့်ပဲရှိပါသေးတယ်။ ကမ္ဘာ့အကောင်းဆုံး တိုက်လေယာဉ်လို့ နာမယ်ကြီးနေတဲ့ ရုရှားလုပ် အက်စ်ယူ-၃ဝ တိုက်လေယဉ် အစင်း (၂ဝဝဝ) လောက်ကို လာမယ့် (၁၅)နှစ်အတွင်း ဝယ်ယူတပ်ဆင်ဖို့တော့ စီစဉ်ထားပါတယ်။ ခေတ်မမှီတော့တဲ့ ဟောင်းအိုစုတ်ချာတဲ့ လေယာဉ်တွေ၊ လက်နက်တွေကိုတော့ နအဖလို ငထူငအတွေ၊ လူသိနတ်ကြား အရောင်းအဝယ်မလုပ်ရဲတဲ့ အာဏာရှင်တွေဆီ ရောင်းထုတ်ပစ်မှာ မြေကြီးလက်ခတ်မလွဲပါဘူး။

SU - 30

အမေရိကန်နဲ့ တရုတ်စစ်ရေးတွေပြီးတော့ နအဖရဲ့ မြန်မာ့စစ်ရေးကို လှည့်ကြည့်ကြပါစို့။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးယူမယ့်အလားအလာဟာ နအဖအတွက် အကြီးဆုံးအိပ်မက်ဆိုး ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အဲဒါကို ကာကွယ်ဟန့်တားဖို့၊ တကယ်လို့ဖြစ်လာခဲ့ရင် ပြန်တိုက်ဖို့ဟာ အဓိက စစ်မဟာဗျူဟာ ဖြစ်ပါတယ်။ဒီတော့ ပထမရည်မှန်းချက်အတွက် တရုတ်၊ အိန္ဒိယ၊ ထိုင်းနဲ့ အာဆီယံနိုင်ငံတွေ၊ ဂျပန်နဲ့ ဥရောပက ပြင်သစ်လို နိုင်ငံတချို့ကို စီးပွားရေးမက်လုံးတွေနဲ့ စည်းရုံးဖို့၊ ဝါဒဖြန့်လော်ဘီလုပ်ငန်းတွေ များများလုပ်ဖို့စီမံထားတယ်။

ဒုတိယရည်မှန်းချက်အတွက် အာဖဂန်နစ္စတန်က မြောက်ပိုင်းမဟာမိတ်အဖွဲ့၊ အီရတ်နိုင်ငံက ဆဒ္ဒမ်ဟူစိန် လက်ထက် ကာ့ဒ်သူပုန်နဲ့ ရှအာ အတိုက်အခံတွေကို အမေရိကန်အသုံးချသလိုမျိုး အသုံးမချနိုင်အောင် နယ်စပ်တလျှောက်က အပစ်ရပ်ရပ်၊ မရပ်ရပ် လူမျိုးစုလက်နက်ကိုင်တွေကို ကြိုတင်ပြီး အပြတ်ရှင်းထားဖို့၊ မြန်မာနိုင်ငံကိုတိုက်တဲ့အခါ အဓိကခြေကုတ်ဖြစ်စရာရှိတဲ့ ထိုင်းနိုင်ငံကို သူ့ရဲ့လေကြောင်းနဲ့ ရေကြောင်း အားသာမှုတွေ အပြည့်အဝအသုံးမချနိုင်ခင် စစ်ပွဲစပြီးရက်ပိုင်းအတွင်း ဗမာစစ်တပ်ရဲ့ အဓိကအားကိုးရာ ကြည်းတပ်နဲ့ ဘန်ကောက် အထိ အမြန်ဆုံးတက်သိမ်းဖို့၊ ပြည်တွင်းကနေ အမေရိကန်တပ်တွေကို အားပေးကူညီ သူတွေဖြစ်ဖို့ အလားအလာရှိသူပုဆိန်ရိုးတွေလို့ နအဖကသတ်မှတ်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝင်တွေ၊ ကျောင်းသားဟောင်းတွေ၊ တခြားအတိုက်အခံနိုင်ငံရေးသမားတွေ၊ လူမျိုးစုတက်ကြွလှုပ်ရှားသူတွေကို အပြတ်ရှင်းပစ်ဖို့ စီမံချက်တွေ ဆွဲထားပါတယ်။

ဒါကြောင့် ဒုတိယစီမံချက်အတွက် ထိုင်းနိုင်ငံရဲ့ စစ်ဖက်ဆိုင်ရာအချက်အလက်တွေကို အနီးကပ်ထောက်လှမ်း စောင့်ကြည့်ပြီး ကြည်းကြောင်း စစ်ဆင်ရေးအတွက် အချက်အလက်တွေ စုဆောင်းပြင်ဆင်နေပါတယ်။ နယ်စပ်တလျှောက်မှာလည်း ၁၂ဝမမ စိန်ပြောင်းကြီးနဲ့၊ ၁ဝ၅မမ အမြောက်ကြီးတွေ၊ ဝေဟင်ပစ် HN-5 အမျိုးအစား နဲ့ HN-2 အမျိုးအစား၊ မြေပြင်က ဝေဟင်ပစ် ဒုံးလက်နက်တွေအပြင် 12.7mm လေယာဉ်ပစ် စက်သေနတ်ကြီးများ၊ မြေပြင်က မြေပြင်ပစ် 106mm, 107mm ဒုံးပစ်လက်နက်တွေနဲ့ ကွန်ပြူတာ၊ အီလက်ထရွန်နစ် ပါရှိသော ရေဒါများ ချထားပြီးသွားပြီဖြစ်ပါတယ်။ တတိယစီမံချက်အဖြစ်တော့ နိုင်ငံရေးလှုပ်ရှားသူ ၁၂၂၁ ဦးရဲ့ “နာမည်ဆိုးစာရင်း” ပြုစုထားပြီး အမေရိကန် ကျူးကျော် တိုက်ခိုက်မှု စတင်တာနဲ့ အမြန်ဆုံးသုတ်သင်ပစ်ဖို့ တိုင်းစစ်ဌာနချုပ်တွေကို အမိန့်ပေးထားတယ်။

လက်တွေ့ပြည်တွင်းစစ်ဆင်ရေးအစီအမံတွေအဖြစ် “ပြည်သူ့စစ်မဟာဗျူဟာ” ဆိုတာကို ချမှတ်ထားရာမှာ ကျေးရွာအုပ်စုတခုကို ပြည်သူ့စစ် တပ်ရင်းတရင်းနှုန်းဖွဲ့စည်းဖို့၊ ပြည်သူ့စစ်တပ်ရင်းတွေ ဖွဲ့စည်းရာမှာ တပ်ရင်းမှူးအဆင့်အပါအဝင် စစ်မှုထမ်းဟောင်းတွေကို အမာခံထား ဦးစီးစေဖို့၊ ဒုတိယဆင့်အမာခံအဖြစ် စစ်သား၊ ရဲနဲ့ မီးသတ်၊ ကြက်ခြေနီတွေရဲ့ ဇနီး သားသမီးတွေ၊ တတိယဆင့်အမာခံအဖြစ် အစိုးရဝန်ထမ်းတွေ၊ စတုတ္ထဆင့်အမာခံ ကတော့ အစိုးရဝန်ထမ်းတွေရဲ့ ဇနီး ခင်ပွန်း သားသမီးတွေနဲ့ ပြည်သူ့စစ်ကို မတည်ဖို့၊ နအဖရဲ့ တရားဝင်တပ်ဖွဲ့တွေအားလုံး ရှေ့တန်းထွက်စေပြီး နောက်တန်းနယ်မြေအားလုံးရဲ့ ကာကွယ်ရေး လုံခြုံရေးကို အဲဒီပြည်သူ့စစ်တပ်ရင်းတွေက လုံးဝတာဝန်ယူဖို့၊ မီးသတ်တွေနဲ့ ကြက်ခြေနီတွေကို စစ်တပ်အသွင် ဖွဲ့စည်းလေ့ကျင့်ဖို့၊ စစ်ဖြစ်တာနဲ့တပြိုင်နက် တပြည်လုံးမှာ အကျဉ်းနည်းစစ်ဆေးကွပ်မျက်ရေးအာဏာ အပြည့်ချဖို့၊ တပ်အားလုံး နောက်တန်းဌာနချုပ်တွေကို အသေမကာကွယ်ဘဲ မိမိဒေသတွင်း ကျေးလက် တောတောင်တွေမှာ လှုပ်ရှားအခြေပြုဖို့ အစီအစဉ်တွေ ပါဝင်ပါတယ်။ ပျဉ်းမနားကြပ်ပြေးကို မြို့ တော်ရွှေ့တာ၊ ရေဇင်းအရှေ့ဘက် တောင်ပေါ်တောထဲမှာ လျှို့ဝှက်မြေအောက်စခန်းကြီး ဆောက်ထားတာတွေလည်း ဒီအစီအမံ အောက်မှာပဲ ဖြစ်ပါတယ်။ ဘိုးတော်ဘုရားခေတ်ကလို လူအင်အားအရေအတွက်ကိုသာ အားထားနေတဲ့ နအဖတပ်ဟာ အသက်ပြည့်တာ မပြည့်တာ၊ စစ်ထဲဝင်ဖို့ သတ်မှတ်စံချိန်တွေ မှီတာမမှီတာကို ဂရုမစိုက် တော့တဲ့အတွက် စစ်တပ်တခုလုံးရဲ့ ဆယ်ပုံတပုံဟာ ခလေးစစ်သားတွေ ဖြစ်နေပါတယ်။

အမာထည်လက်နက်ပစ္စည်းပိုင်းအနေနဲ့ မြန်မာစစ်တပ်ဟာ ထိုင်း-အမေရိကန်နဲ့တိုက်တဲ့အခါ ကျည်အခက်အခဲ မတွေ့ဖို့ရော စစ်သားတွေကိုယ်ပေါ် မှာ ဂျီသရီး ၇.၆၂ကျည်ထက်ပိုပြီးများများသယ်နိုင်ဖို့ရော အရင်က တလျှောက်လုံး သုံးခဲ့တဲ့ လေးလံတဲ့ဂျီသရီး ဂျီဖိုးနေရာမှာ အမ် ၁၆၊ ၅.၅၆ကျည်သုံး ပေါ့ပါးတဲ့ အမ်အေ မောင်းပြန်သေနတ်သစ်တွေနဲ့ အစားထိုးခဲ့တာ အခုဆိုရင် တပ်မတပ်တွေနဲ့ စကခတပ်တွေ အားလုံးလိုလို ကိုတော့ ပြောင်းလဲတပ်ဆင် ပြီးသွားပါပြီ။ ဒီ အမ်အေသေနတ်တွေကို စင်္ကာပူကတဆင့် အဇ္ဇရေးနည်းပညာ ရယူပြီး အဇ္ဇရေးတပ်မတော်ရဲ့ အဓိကတိုက်ပွဲဝင်လက်နက်ငယ်ဖြစ်တဲ့ ဂါလီမောင်းပြန်ရိုင်ဖယ်ကို ပုံစံယူထုတ်လုပ် ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ စစ်အုပ်စုပီသစွာ ညံ့ဖျင်း လဘော်ကျမှုကြောင့် အမ် ၁၆ ကျည်အစစ်ထည့်ပစ်ရင် ပြောင်းကွဲ အုံပွင့် မဖြစ်တောင် အနည်းဆုံး ပြောင်းကျယ်သွားတာမျိုး ဖြစ်ဖြစ်နေတော့ ရန်သူ့ဆီက သိမ်းရတဲ့ ကျည်နဲ့ ကျည်အားပြန်ဖြည့်တိုက် ဖို့ဆိုတဲ့ စိတ်ကူးက အရူးအိပ်မက်အဆင့်ထက် မပိုနိုင်ခဲ့ပါဘူး။

လူမသေဘဲ လက်နက်မဆုံးရ ဆိုတဲ့မူကို တရားသေဆုပ်ကိုင်ထားတဲ့ နအဖစစ်တပ်ဟာ ဒိတ်အောက်နေတဲ့ လက်နက်အိုဟောင်း တွေကိုလည်း အတင်းဆက်သုံးနေလို့ ထိန်းသိမ်းရေးစရိတ်တွေတက် ပစ္စည်းရှားတဲ့ ပြဿနာကို တွေ့နေရတယ်။

စစ်လက်နက်ပစ္စည်းတွေ ခေတ်မှီရေး ကြိုးပမ်းတဲ့အနေနဲ့ ၈၈ နောက်ပိုင်းမှာ ပထမဆုံး စင်္ကာပူနဲ့ ပါကစ္စတန်က ရယူခဲ့တယ်။ နောက်ပိုင်းမှာ တရုတ်၊ ယူဂိုစလားဗီးယား (ဆားဘီးယား)၊ အဇ္ဇရေး၊ မြောက်ကိုးရီးယား၊ ပိုလန်၊ ရုရှား၊ ယူကရိန်း၊ အီတလီတို့ကနေ ပေါချောင်ကောင်း စစ်လက်နက်ပစ္စည်းတွေ ရှာကြံနိုင်ခဲ့တယ်။ ပိုလန်နဲ့ ယူကရိန်းတို့ဟာ ဆော်လစ်ဒါရတီတော်လှန်ရေး၊ လိမ္မော်ရောင်တော်လှန်ရေး နာမည်တွေနဲ့ ဒီမိုကရေစီစစ်စစ် ထူထောင်ထားတယ်ဆိုတဲ့ကြားက မြန်မာနအဖလို ကမ္ဘာ့အဆိုးဆုံးစစ်အာဏာရှင်ကို လက်နက်ရောင်းနေတာ ဖြစ်ပါတယ်။ အီတလီလည်း အလားတူပါပဲ။ ဒါပေမဲ့ အရည်အချင်းညံ့ဖျင်း ထုံထိုင်းထူအလှတဲ့ နအဖစစ်အုပ်စုဟာ လက်နက်ရောင်းစားတာ အံခွနေပြီဖြစ်တဲ့ မရဏကုန်သည်တွေရဲ့ ရိတ်တာ လှီးတာတွေ အင်ထုတာတွေကို ကျော်မကောင်းကြားမကောင်းခံရတာများပါတယ်။ မြန်မာ့တပ်မတော်ထဲက အခုနောက်ပိုင်းလက်နက် ပစ္စည်းသစ်တွေ၊ လေယာဉ် ရဟတ်ယာဉ် စစ်ရေယာဉ်သစ်တွေကို လက်တွေ့ကိုင်တွယ်နေရတဲ့ အရာရှိငယ်တွေ အကြပ်တပ်သားတွေ အသိဆုံးပါပဲ။ သဘာဝဓာတ်ငွေ့ကံစမ်းမဲပေါက်ပြီး တခါမှမမြင်ဖူးတဲ့ ငွေတွေကိုင်လာရလို့ အမ်အိုင်ဂျီ-၂၉ တို့၊ အနုမြူတို့ဝယ်ဖို့အထိ အကြံကြီးပေမဲ့လည်း လူမိုက်နဲ့ငွေ အတူမနေ ဆိုတဲ့စကား အတိုင်းဖြစ်နေတော့ လက်နက်ပစ္စည်းဖိုး ငွေ အပြည့်မချေ နိုင်တာတွေလည်း ဖြစ်နေရတယ်။ တပ်ကိုလည်း ဖဆပလခေတ်၊ အစောပိုင်းဗိုလ်နေဝင်းခေတ်တွေတုံးကလို မကျွေးမွေး မတပ်ဆင်နိုင်တာ ကြာပါပြီ။

စစ်သားတွေကို အရည်အချင်းမြင့်ဖို့ အားထုတ်မှုအနေနဲ့ တရုတ်၊ ရုရှားတို့ကို အဆင့်မြင့်နည်းပညာတွေသင်ဖို့ ပညာတော်သင် လွှတ်ရာမှာ လက်ရှိအရာရှိအင်အား (၅ဝဝဝ) ဝန်းကျင် ရုရှားကိုလွှတ်ထားပေမဲ့ စစ်အရာရှိတွေအဖြစ် ရုရှားက နာမည်ကြီးစစ်တက္ကသိုလ်တွေမှာ ဂုဏ်သိက္ခာရှိရှိ တက်နေရတာမဟုတ်ဘဲ အရပ်သားတွေအဖြစ်နဲ့ အရပ်ဖက်တက္ကသိုလ်တွေမှာ ဗရုတ်သုက္ခ တက်ရောက်နေရတာ ဖြစ်ပါတယ်။ ပြန်လာတဲ့အရာရှိတွေရဲ့ တတ်မြောက်မှုအဆင့်အတန်းကလည်း မှန်းချက်နဲ့မကိုက်တာ ခပ်များများဖြစ်နေတယ်။ ရာထူးတက်လမ်းတခု၊ အမေရိကန် ဥရောပ တို့က ဗီဇာပိတ်ထားလို့ ရရာနိုင်ငံခြားသွားဖို့ အခွင့်အလမ်း တခုအဖြစ်သာ သဘောထားတဲ့ ကြေးစားစစ်ဗိုလ်တွေဟာ ခက်ခဲရှုပ်ထွေးလှတဲ့ တတိယလှိုင်းနည်းပညာတွေကို ဘယ်လောက်များ ဇွဲနဘဲနဲ့ ရယူကြမှာလဲ။ သာမန်ရဲဘော်တွေကတော့ အဓမ္မလုပ်အားပေးစိတ္တဇစွဲရောဂါသည် နအဖဗိုလ်ချုပ်တွေလက်အောက်မှာ စစ်သင်တန်းစတက်ကတည်းက ဖက်တိတ်နဲ့ပဲ နှစ်ပါးသွားခဲ့ရပြီး တပ်ကထွက်တဲ့အချိန်ထိ သို့မဟုတ် တပ်ကပြေးတဲ့အချိန်ထိ လုပ်အားပေးဖက်တိတ်ကို ဘယ်နိုင်ငံတကာ စစ်တပ်နဲ့မှ မယှဉ်နိုင်အောင် ဖြတ်သန်းနေရပါတယ်။

မြန်မာ့နအဖစစ်ရေးကို ယေဘုယျအားဖြင့် ချုပ်ကြည့်ရင် တခြားနိုင်ငံတွေလို အဆင့်မြင့်ခေတ်မှီ နည်းပညာတွေကို အားမကိုးဘဲ စစ်ဘက်နဲ့ ဘာမှမဆိုင်တဲ့ အရပ်သားနိုင်ငံရေးသမားတွေကို ခလေးစစ်သားတွေ အားကိုးပြီး သတ်ဖို့အဓိကထားတဲ့ ကျောက်ခေတ်စစ်ရေးဖြစ်နေတာ တွေ့ရပါတယ်။

No comments: