.

.

.

July 30, 2008

မြန်မာနိုင်ငံအပေါ် ကမ္ဘာ့ဘဏ်ရဲ့  သဘောထား

စာဖတ်သူများ ခင်ဗျား -

ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်ဖို့ နေနေသာသာ အိမ်နီးချင်းနိုင်ငံတွေ အကြား ဘယ်လောက် မျက်နှာငယ်နေရ၊ အောက်ကျ နောက်ကျ ဖြစ်နေရသလဲဆိုတာ ခေတ်ပညာတတ်လူငယ်တွေနဲ့ ပြည်ပကို ရောက်နေတဲ့ လူတွေအားလုံး သိကြမြင်ကြတွေ့ကြပါတယ်။

နိုင်ငံချစ်စိတ်၊ အမျိုးချစ်စိတ်ရှိတဲ့ ကိုယ့်တိုင်းပြည်ကို တိုးတက်ကောင်းစားလိုသူတိုင်းဟာ မြန်မာ့နိုင်ငံရေး ပြုပြင် ပြောင်းလဲဖို့ လိုလားကြရမှာပါ။ နိုင်ငံရေးတည်ငြိမ်မှ အုပ်ချုပ်သူမှန်ကန်ကောင်းမွန်မှ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိတာတွေဟာ ကောင်းမွန်တိုးတက်လာမှာ ဖြစ်ပါတယ်။ မြန်မာ့စီးပွားရေးနဲ့ Globalization အကြောင်းကို စာဖတ်သူတွေ ဗဟုသုတရရှိစေဖို့ ကျွန်တော် ကိုဖိုးတရုတ်က ဆရာ ဂါမဏိရဲ့  ဆောင်းပါးအား စီစဉ်တင်ဆက်လိုက်ပါတယ်။ ဒေါင်းအိုးဝေ ဂျာနယ်မှာ ရေးသားဖော်ပြထားတာကို ကောက်နှုတ် တင်ပြထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်ထောင်စုကြီး ကမ္ဘာကြီးနဲ့အတူ Globalization ခေတ်မှာ လူချွန်လူကောင်းတွေ အမြောက်အမြား ပေါ်ထွက်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ကွယ်လွန်သူ ဂီတစာဆိုကြီး ဆရာမြို့ မငြိမ်းဟာ လွန်ခဲ့တဲ့ နှစ် (၅၀) ကျော်ကတည်းက လူချွန်လူကောင်း သီချင်းထဲမှာ မြန်မာနိုင်ငံသားတွေကို ခေတ်မှီမှီ ကမ္ဘာကြည့် ကြည့်မြင်ပြီး ကမ္ဘာကို ထိုးဖောက် အမှီလိုက်ဖို့ လှုံ့ ဆော်ရေးသားခဲ့ပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင် စနစ် မင်းထုံမင်းထိုင်းတွေ လက်အောက်ကို (၄၅) နှစ် ကျော် ရောက်ခဲ့ပြီးတဲ့နောက် မြန်မာ့စီးပွားရေး အခြေအနေဟာ Globalization ခေါ်တဲ့ ဆရာမြို့ မငြိမ်းရဲ့ ကမ္ဘာကြည့် အခင်းအကျင်းနဲ့ ဘယ်လောက် ထိစပ်မိနေပါပြီလဲ။ Globalization လှိုင်းလုံးကို ဘယ်လောက်လက်ခံစီးနင်း နိုင်နေပါပြီလဲ။

ဒီနေရာမှာ တကမ္ဘာလုံးက နိုင်ငံပေါင်းစုံရဲ့ စီးပွားရေးတွေကို ၂၁ ရာစု ရုပ်ပုံကားချပ်ထဲ ဆွဲစေ့ပေးဖို့ တာဝန်ယူထားတဲ့ ကမ္ဘာ့ဘဏ်ရဲ့ သတ်မှတ်ချက်တွေ၊ သဘောထားတွေကလဲ အဓိက ကျလာပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ Globalization စံ သတ်မှတ်ချက် (၀ါ) တိုက်တွန်းချက်က ယေဘူယျ အားဖြင့် (၁၀) ချက်ရှိပါတယ်။
အဲဒါတွေကတော့ -
  1. ကုန်သွယ်ရေးလွတ်လပ်ပျော့ပျောင်းခြင်း။
  2. ဈေးကွက်ထိန်းချုပ်မှု လျော့ပေါ့ပေးခြင်း။
  3. နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှပ်နှံမှု လွတ်လပ်ပျော့ပျောင်းခြင်း။
  4. နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ ပုဂ္ဂလိကပိုင်ပြုခြင်း။
  5. ဈေးကွက်ပေါက် အတိုးနှုန်းရှိခြင်း။
  6. ဈေးကွက်ပေါက် ငွေလဲနှုန်းရှိခြင်း။
  7. ပုဂ္ဂလိကပိုင် ပစ္စည်း လုံခြုံမှု ဥပဒေ ရှိခြင်း။
  8. အခွန်စနစ် ပြုပြင်ပြောင်းလဲခြင်း။
  9. ဘတ်ဂျက်လိုငွေ၊ ပိုငွေ မျှအောင် ထိန်းထားခြင်း။
  10. စီးပွားရေးတိုးတက်ရေးနဲ့ ဆင်းရဲသား အကျိုးပြုရေး စီမံချက်များ ထားရှိခြင်း တို့ဘဲ ဖြစ်ကြပါတယ်။
နအဖတွေ စီမံခန့်ခွဲနေတဲ့ မြန်မာ့စီးပွားရေးကို ဒီ (၁၀) ချက်နဲ့ ချိန်ထိုးကြည့်တဲ့အခါမှာ အခုတမျိုး တော်ကြာတမျိုး ရှေ့နောက်မညီ စိတ်ထင်ရာ ချမှတ်ထားတဲ့ အဓိပ္ပာယ်မဲ့တဲ့ တံခါးပိတ် ကုန်သွယ်ရေး အကန့်အသတ်တွေ၊ မလွတ်လပ်တဲ့ ဈေးကွက်ထိန်းချုပ်မှုတွေဟာ ပြည်တွင်းဈေးကွက်မှာရော၊ နယ်စပ်ကုန်သွယ်ရေးမှာရော ပုံမှန် ပြည်ပကုန်သွယ်ရေးမှာပါ ကြီးကြီးမားမား ဟန့်တားမှုရှိနေပါတယ်။

နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှပ်နှံမှုတွေအတွက် လက်တွေ့လုပ်ငန်းလည်ပတ်မှုမှာ အကန့်အသတ်တွေ၊ ချို့ယွင်းချက်တွေကို ဘာမှ ဖြေရှင်းမပေးနိုင်ဘဲ နိုင်ငံခြားငွေ ရရေးသက်သက်ကိုဘဲ ဦးထိပ်ထားနေပါတယ်။ ကိုးရီးယားနဲ့ ထိုင်ဝမ်တို့က အထည်ချုပ် ကုမ္ပဏီတွေဟာ အလုပ်သမားတွေကို လစာပေးရာမှာ မြန်မာ့ရင်းနှီးမြှပ်နှံမှု ကော်မရှင်ကတဆင့်ပေးရပါတယ်။ ဒီအခါမှာ ဒီကော်မရှင်က လစာရဲ့ တ၀က်ကို ဖြတ်ယူထား လိုက်တဲ့အတွက် အလုပ်သမားတွေဟာ ကုမ္ပဏီက ပေးတဲ့လစာ၊ တကယ် ရသင့် ရထိုက်တဲ့ လစာရဲ့ တ၀က်ကိုဘဲ ရရှိပါတော့တယ်။ အလုပ်သမားတွေက လစာ နည်းတာကို မကြေနပ်လို့ လစာ တိုးတောင်းတဲ့အခါ အလုပ်ရှင်တွေဘဲ တရားခံဖြစ်ရ၊ ပြဿနာ တက်ရပါတယ်။ ဒါ့အပြင် နဂိုဂတိ ပေးထားသလိုမဟုတ်ဘဲ မီးမှန်မှန် မရတာမျိုး၊ မီးလုံးဝ မရလို့ မီးစက်နဲ့ မောင်းရတာမျိုးလို စရိတ်အပိုတွေ ကုန်ပြီး အရှုံးတွေ ပေါ်ကုန်တာလည်း တွေ့နေရပါတယ်။ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင် လုပ်ရာမှာလည်း အရေးမပါတဲ့ ရုပ်ရှင်ရုံတွေကိုဘဲ အဓိက လုပ်နေပါတယ်။ တောက်လျှောက် အရှုံးပေါ်နေတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင် လုပ်တာ မရှိသလောက် တွေ့ရပါတယ်။ စတော့ဈေးကွက်ဆိုတာကတော့ ဘယ်လိုမှ မပေါ်နိုင် ဖြစ်နေပါတယ်။

ဈေးကွက်ပေါက် အတိုးနှုန်း၊ ငွေကြေး ဖောင်းပွမှု နှုန်းထက် အများကြီး လျော့နည်းနေတဲ့ အတိုးနှုန်းကို ဗဟိုအစိုးရ က အမိန့်အာဏာနဲ့ သတ်မှတ်ထားပါတယ်။ ဘဏ်လုပ်ငန်းတွေလည်း ပျက်စီး၊ အကြွေးဝယ်ကဒ် စနစ်လည်း မရှိ၊ ATM ကဒ်လည်း မရှိ၊ လွန်ခဲ့တဲ့ (၃) (၄) နှစ်က အကြီးအကျယ် ပြဿနာ ပေါ်ခဲ့တဲ့ အကျိုးဆောင် ကုမ္ပဏီတွေလည်း အခုထိ စာရင်းမရှင်းနိုင်သေးတာ တွေ့ရပါတယ်။ တကယ့် ပေါက်ဈေးထက် အဆပေါင်းများစွာ နိမ့်ကျနေတဲ့ နိုင်ငံခြားငွေ လဲနှုန်းကို နအဖဟာ အသေဖက်သွယ် နေပြန်ပါသေးတယ်။ တချို့ လုပ်ငန်းတွေ အတွက် ငွေလဲနှုန်းကို စိတ်ထင်ရင် ထင်သလို သတ်မှတ်ထားပြန်ပါတယ်။

ပြည်သူလူထုနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ မြေယာအိုးအိမ် အဆောက်အဦး လုပ်ငန်းပိုင်ဆိုင်မှုတွေကို စိတ်ထင်သလို လျော်ကြေးမပေးဘဲ ဥပဒေမဲ့ သိမ်းယူတာတွေလည်း အနှံ့အပြားရှိနေပါတယ်။ ပုဂ္ဂလိက ပိုင်ဆိုင်မှု ဟာ လုံးဝအာမခံချက် မရှိတာကြောင့် နအဖဟာ အာဏာရပြီး (၁၉) နှစ် ကျော်ကြာတဲ့အထိ ပုဂ္ဂလိကပိုင်ဆိုင်မှုကို တကယ်အာမခံရတဲ့ ကွန်ဒိုဥပဒေတို့ အထူးစီးပွားရေးဇုံ ဥပဒေတို့ကို မထုတ်ပြန်တာဘဲ ဖြစ်ပါတယ်။

အခွန်စနစ်ဟာလည်း လုံးဝ ပရမ်းပတာ ဖြစ်နေပြီး တရားဝင် အခွန်နံမည် မခံတဲ့ကောက်ခံမှု အမျိုးမျိုးကိုလည်း စာရင်းမရှိ အင်းမရှိ အပြန့်အနှံ့ လုပ်နေပါတယ်။ ကိုးကန့်ငြိမ်းအဖွဲ့ ဂိုဏ်းကွဲတခုက တည်ထောင်ခဲ့တဲ့ PMG အရက်ကုမ္ပဏီကို အမြတ်ခွန် ကျပ်သိန်းပေါင်း တစ်သိန်း နှစ်သောင်း တောင်းခဲ့လို့ မပေးနိုင်တဲ့အတွက် အဲဒီ ကုမ္ပဏီခမျာ ပျက်လုလု ဖြစ်နေရပါတယ်။

ကမ်းလွန်သဘာဝ ဓာတ်ငွေ့ကနေ တစ်နှစ်ကို ဒေါ်လာ တစ် ဘီလီယံ ကနေ နှစ် ဘီလီယံ ကျော်အထိ ၀င်ငွေ ရနေပေမဲ့ ဘတ်ဂျက်လိုငွေ ကြီးကြီးမားမား တောက်လျှောက် ပြနေခဲ့ပါတယ်။ ခေါင် ထိပ်ပိုင်းက စလို့ ဖြုန်းတီး၊ ခိုးဝှက်နေကြတာကို ဘယ်လိုမှ မထိန်းနိုင် ဖြစ်နေရပါတယ်။ စီးပွားရေး တိုးတက်စေဖို့ စီမံချက်တွေကို ဦးနှောက် ရှိရှိနဲ့ ပညာရှင်တွေက ချမှတ်တာ မရှိဘဲ ၊ ရှိရင်လည်း လက်မခံဘဲ စီးပွားရေး ဘာမှ နားမလည်တဲ့ စစ်ဗိုလ်တွေကသာ ထင်သလို စီမံချက်တွေ ချနေပြီး ပညာရှင်တွေက လိုက်နာနေကြရတာကို တွေ့ရပါတယ်။ ဆင်းရဲမှုပပျောက်ရေးဆိုတာ ဗမာပြည်မှာ တခါမှ မကြားဖူးဘဲ တနိုင်ငံလုံး ချမ်းသာဖွံ့ဖြိုးနေပြီလို့ တလျှောက်လုံး ၀ါဒဖြန့် လိမ်ညာပြောဆိုနေကြပါတယ်။

တစ်ခုရှိတာက ဒီ (၁၀) ချက်မရှိလည်း နိုင်ငံတကာ စီးပွားရေးသမားတချို့ ကတော့ ငါးသလောက် စီးပွားရေးနဲ့ အကြံအဖန် လုပ်လို့ ရနိုင်မယ်၊ ထူးခြားတဲ့ အနေအထားတွေ ဓာတ်ငွေ့ရေနံ စသဖြင့် ရရှိလို့ အလုပ်ဖြစ်နိုင်မယ်လို့ ယူဆပြီး ၀င်လုပ်တာတွေ ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ အရင် မဆလခေတ်ကတည်းက ဟီးနိုး၊ မာဇဒါ၊ ရှလမ်ဘာဂျာ၊ ဖရစ်ဇ်ဝါနာ ကုမ္ပဏီတွေ ၀င်လုပ်ခဲ့ပေမဲ့ အဲဒီလောက်နဲ့ ကမ္ဘာ့စီးပွားရေး Globalization လောကထဲ မရောက်နိုင်ပါ။

ကမ္ဘာ့ဘဏ်ရဲ့ Globalization စံနှုန်း (၁၀) ချက်ကို အစိုးရပိုင်းက ဘယ်လောက် ဖြည့်ဆည်းနိုင်စွမ်း ရှိသလဲဆိုတာကို အစိုးရ အုပ်ချုပ်ပုံ အညွှန်းကိန်း Worldwide Governance Indicators (WGI) project အစီအစဉ်နဲ့ တိုင်းတာတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ တကမ္ဘာလုံးက နိုင်ငံနဲ့ ဒေသပေါင်း (၂၁၂) ကို ၁၉၉၆ ကနေ ၂၀၀၆ အထိ ကမ္ဘာ့ဘဏ်က ကြီးမှူး လေ့လာထားပါတယ်။ ကမ္ဘာ့ဘဏ်ဟာ ဒီအညွှန်းကိန်း (၆) ခုပေါ်ကနေ ကမ္ဘာ့နိုင်ငံတွေကို စမ်းစစ်ပြီး ဒီနိုင်ငံတွေနဲ့ တွဲလုပ်လို့ ရနိုင်၊ မရနိုင် စဉ်းစား ဆုံးဖြတ်တာဖြစ်ပါတယ်။ အရင်က ဒီအကဲဖြတ် တိုင်းတာချက်တွေကို ကမ္ဘာ့ဘဏ်က လျှို့ ဝှက်ထားလေ့ရှိပါတယ်။ အခုမှ လူသိရှင်ကြား ထုတ်ပြန်တာ ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်အတွက် မြန်မာနိုင်ငံက ရရှိတဲ့ အညွှန်းကိန်း ရမှတ်တွေကတော့ စုစုပေါင်းအမှတ် (၁၀၀) မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။


ပြည်သူ့အသံနဲ့ တာဝန်ခံမှု ၀.ဝ

နိုင်ငံရေးတည်ငြိမ်မှု၊ အကြမ်းဖက်ကင်းမဲ့မှု ၂၄.ဝ

အစိုးရစွမ်းရည် ၂.၈

ထိန်းကျောင်းကြပ်မတ်မှု အရည်အချင်း ၁.ဝ

တရားဥပဒေအာဏာပိုင်စိုးခြင်း ၃.၈

အကျင့်ပျက်ခြစားမှု ထိန်းချုပ်ခြင်း ၁.၀ တို့ဖြစ်ပါတယ်။


ဒါဟာ ရွှေဝါရောင် တော်လှန်ရေး မဖြစ်ခင်က အမှတ်တွေ ဖြစ်တဲ့အတွက် အခု ၂၀၀၇-၂၀၀၈ အတွက် ဆိုရင် ဒုတိယ အညွှန်းကိန်းဟာ သုည (သို့မဟုတ်) သုညနား ကပ်နေမှာ မလွဲသေချာ ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ် အမြင်မှာ အညွှန်းကိန်း အမှတ်နည်းတာဟာ သိပ်အကြောင်း မဟုတ်ပါ။ နည်းပေမဲ့ (၁၀)နှစ် ကာလအတွင်း အတက်ပြနေရင် အားပေးချီးမြောက်ပါတယ်။ လိုအပ်တဲ့ ဘဏ္ဍာရေး အကူအညီ နည်းပညာအထောက်အပံ့တွေ ပေးပါတယ်။ အစိုးရ အုပ်ချုပ်ပုံ အညွှန်းကိန်း နိမ့်ပေမဲ့လည်း တက်နေရင် စီးပွားရေးအရ ပြည်သူလူထုဝင်ငွေ တိုးများလာတာ၊ မွေးစကလေး သေနှုန်းကျလာတာ၊ စာမတတ်မှု နှုန်းကျလာတာတွေကို တိုက်ရိုက် အကျိုးဖြစ်စေပါတယ်။ အတက်မပြရင် ဒါမှမဟုတ် တောက်လျှောက် အကျဘဲ ပြနေရင်တော့ ကမ္ဘာ့ဘဏ်မကလို့ ကမ္ဘာ့ဘဏ် ဘိုးအေ ကနေ ဘယ်လောက် ဘဏ္ဍာရေး အကူအညီ အထောက်အပံ့ပေးပေး သဲထဲရေသွန် ဖြစ်မယ် ဆိုတာ (၂၀) ရာစုအတွင်း နိုင်ငံတကာမှ သက်သေတွေ အထင်အရှား ရှိခဲ့ပါတယ်။

ဗမာပြည်ကတော့ ဒီ WGI Project မှာ တွေ့နေရတာက နအဖရဲ့ အစိုးရ အုပ်ချုပ်ပုံ အရည်အချင်း တောက်လျှောက် အကျဘဲ ပြနေပြီး ဘယ်လိုမှ သုံးစားမရတာ ဖြစ်နေတော့ အကူအညီ ပေးချင်တာတောင် ပေးမရနိုင် ဖြစ်နေပါတော့တယ်။ ကမ္ဘောဒီးယား၊ လော(လာအို)၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ် တို့မှာ ဆိုရင် အညွှန်းကိန်းရမှတ်တွေ နိမ့်ပေမဲ့ တစ်နှစ်ထက်တစ်နှစ် သိသိသာသာ တက်နေလို့ တစ်ဦးချင်း ၀င်ငွေ နှစ်ဆ၊ သုံးဆ စသဖြင့် တက်လာပါတယ်။ ဒါကြောင့် ကမ္ဘာ့ဘဏ်ရဲ့ အကူအညီ အထောက်အပံ့တွေလည်း ရကြပါတယ်။ ချေးတဲ့ငွေတွေအတွက် အတိုးရော၊ အရင်းပါ ပြန်ဆပ်နိုင်ဖို့ သေချာလို့ ကမ္ဘာ့ဘဏ်က သူတို့ကို ငွေချေးတာ ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်ဟာ အလှူဒါနပြုတဲ့ ကုသိုလ်ဖြစ်အဖွဲ့ မဟုတ်ဘဲ ကုမ္ပဏီတခုလို စီးပွားရေးအရ အကျိုးအမြတ်ကိုသာ အဓိကထား တွက်တာဖြစ်ပါတယ်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအုပ်ချုပ်ပုံ တခုတည်းကသာ အဓိကကျတာတော့ မဟုတ်ပေမဲ့ အာရုံစိုက်ပြီး အလေးထားရမဲ့ အရေးကြီး အချက်အလက် တစ်ခု ဖြစ်တယ်ဆိုတာကို တင်ပြလိုက်ရပါတယ်။

No comments: