.

.

.

July 10, 2008

တပ်မတော်ကဏ္ဍ

ပြည်တွင်းမှ စစ်ဖက်နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက သတင်းပေးပို့လာချက်ကို ကျွန်တော်ကိုဖိုးတရုတ်မှ တပ်မတော်ကဏ္ဍမှာ တင်ပြပေးလိုက်ပါတယ်။


တပ်မတော်ရဲ့ အနာဂတ်အရေး ရင်လေးဖွယ် သတင်း

နအဖရဲ့  တပ်တွင်း အပြောင်းအရွေ့ သတင်း ထပ်မံပေးပို့လာလို့ တင်ပြလိုက်ပါတယ်။ ဗိုလ်မှူးချုပ် သက်ဦး (အလုပ်သင် OTC - ၅) အား နိုင်ငံခြားရေးဝန်ကြီးဌာနသို့ လည်းကောင်း၊ ဗိုလ်မှူးကြီး သိန်းထွန်း (အလုပ်သင် OTC - ၁၀) အား စကခ (၁၆) တပ်မမှူး အဖြစ်လည်းကောင်း၊ ဗိုလ်မှူးကြီး သန်းအောင်အား ရုရှား ပညာတော်သင် အဖြစ် စေလွှတ်၍လည်းကောင်း၊ ဗိုလ်မှူးကြီး စံရွှေသာ (အလုပ်သင် OTC - ၅) အား အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန သို့ လည်းကောင်း အသီးသီး ပြောင်းရွေ့ လိုက်ကြောင်း သတင်းရရှိပါ တယ်။ ဆက်လက်ပြီး တပ်မတော်ရဲ့  Third Generation ထဲက ထိပ်မှ ပြေးနေတဲ့ ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေ အပေါ် စစ်ဖက်နီးစပ်သူ အသိုင်းအ၀ိုင်းတွေရဲ့  သုံးသပ်ချက်နဲ့ တပ်မတော်ရဲ့  အနာဂါတ်ဟာ ရင်လေးဖွယ် ရှိနေတဲ့ အကြောင်းကို တင်ပြပေးလိုက်ပါတယ်။


ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေဟာ Staff Duty မှာ ကျွမ်းကျင်လှသူ ဖြစ်ပေမဲ့ ခြေလျင် တိုက်ပွဲ အတွေ့အကြုံကိုတော့ လုံးဝနီးပါး မရှိခဲ့ကြောင်း သိရပါတယ်။ ဒါကြောင့် အောက်ခြေ တပ်မတော်သားတွေရဲ့  အခက်အခဲ၊ ဆန္ဒသဘောထားတွေကို နားလည်မဲ့သူ မဟုတ်တဲ့အပြင် နိုင်ငံတော်ရဲ့ လိုအပ်ချက်၊ ပြည်သူလူထုရဲ့  လိုအင်ဆန္ဒ တွေကိုလည်း သိရှိဖို့ ဝေးသွားပြီလို့ စစ်ဖက်နဲ့ နီးစပ်သူတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ ၂၀၀၅ ခုနှစ်က ရန်ကုန်မြို့ လည် နေရာသုံးခုမှာ လူအများအပြား သေကြေခဲ့ရတဲ့ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကို ရန်ကုန်တိုင်း တိုင်းမှူး တာဝန်နဲ့ ထောက်လှမ်းရေး အသွင်ပြောင်း တပ်မတော်စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်အဖြစ် အကြီးအကဲ တာဝန်ကို ယူထားတဲ့ သူ့အနေနဲ့ တိတိကျကျ စုံစမ်းဖော်ထုတ်နိုင်စွမ်း မရှိခဲ့တာကြောင့် တာဝန်ရှိသူ တစ်ဦးအနေနဲ့ သူ့ကို အရေးယူသင့်တယ်လို့ ထိပ်ပိုင်း ဗိုလ်ချုပ်တွေက တိုးတိုးတိတ်တိတ် ဝေဖန်ခဲ့ဖူးပါတယ်။ မြောက်ကိုးရီးယား ကွန်မန်ဒိုတွေ အာဇာနည်ဗိမာန် ဗုံးခွဲခဲ့စဉ်က ဗုံးခွဲသူတွေကို ဖမ်းဆီးရမိတဲ့ သာဓက ရှိခဲ့ပါတယ်။ ယခုလို ဗုံးပေါက်ကွဲတဲ့ကိစ္စမှာလည်း မိအောင် စုံစမ်းဖမ်းဆီးနိုင်စွမ်း မရှိလို့ ရန်ကုန်တိုင်း တိုင်းမှူးအနေနဲ့ဘဲ ကြည့်ကြည့်၊ စရဖ အကြီးအကဲအနေနဲ့ဘဲ ကြည့်ကြည့် သူ့မှာမလွဲမသွေတာဝန်ရှိတာကြောင့် အလိုက်သိသိ နှုတ်ထွက်စာ တင်သင့်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ သူ့ကို ဗိုလ်သန်းရွှေရဲ့  တပည့်အရင်း၊ ဒေါ်ကြိုင်ကြိုင်ရဲ့  ဆွေမျိုးနီးစပ်တော်သူ သထုံသား ဖြစ်နေတာမို့ ဒုဗိုလ်ချုပ်ကြီး ကစထမှူး အဖြစ်တောင် ရာထူး တိုးမြှင့်ပေးလိုက်လို့ ဘက်လိုက်နေတာ သိသာထင်ရှားကြောင်း ပြောဆိုခဲ့ကြပါတယ်။ ဒါ့အပြင် KIA အဖွဲ့ ရမခ တိုင်းအတွင်းမှာ ပစ်သတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း စရဖ အကြီးအကဲ တစ်ယောက်အနေနဲ့ တာဝန်ယူ ဖြေရှင်းတောင်းပန်လိုက်ရုံ နဲ့ ကြေအေးနိုင်ပေမဲ့ လုပ်သင့်လုပ်ထိုက်တာ မလုပ်နိုင်ခဲ့ဘဲ တိုင်းရင်းသားတွေ အပေါ် ဂရုမစိုက် အရေးမထား ခဲ့တာကြောင့် KIA က ငြိုငြင်ခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။ တိုင်းရင်းသားငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ ရေရှည်မှာ သူ့ကြောင့် ပြဿနာ ကြီးထွားမှာ မြင်တွေ့နေတာမို့ စရဖ အကြီးအကဲရဲ့  တာဝန်အား ရပခတိုင်းမှူး ဗိုလ်ချုပ်ရဲမြင့်ကို လွှဲပြောင်းစေပြီး သူ့ကိုတော့ ရန်ကုန်တိုင်း တစ်တိုင်းတည်းကိုသာ ကွပ်ကဲရတဲ့ ကစထမှူး အဖြစ်သာ ပြောင်းလဲခဲ့ပါတယ်။ သူဟာ Staff ပီပီ Commander မဟုတ်ခဲ့လို့ ဆုံးဖြတ်မှု အပိုင်းမှာ မပြတ်သားတာကို ရန်ကုန်တိုင်း တိုင်းမှူး တာဝန်ထမ်းဆောင်ခဲ့စဉ် နယ်ဘက်အုပ်ချုပ်ရေး တ၀တ အစည်းအဝေးများမှာ မကြာခဏ တွေ့ရှိနေရကြောင်း သုံးသပ်တင်ပြလာပါတယ်။ ဥပမာ - လှည်းကူးမြို့ က ဆရာတော်ကြီးတစ်ပါးရဲ့  ကျောင်းပိုင် ဂရမ်မြေ ကိစ္စအတွက် အကြိမ်ကြိမ် တင်ပြနေရပြီး စာရွက်စာတမ်း ပြည့်စုံ သော်လည်း ဆိုင်းငံ့ထားလို့ တိုင်းမှူးကိုယ်စား တ၀တရုံးအဖွဲ့ကတောင် ဆရာတော်ကြီးကို အားနာနေရကြောင်း သတင်းပေးပို့လာပါတယ်။ သာသနာပိုင်မြေကိစ္စမို့ တခြားဆရာတော်တွေရဲ့ ဂရမ်မြေ ကိစ္စမှာ လွယ်လွယ်ကူကူ ရရှိခဲ့ကြသော်လည်း လှည်းကူး ဆရာတော်ရဲ့ သာသနာမြေ ဂရမ် ကိစ္စ တစ်ဆို့နေလို့ စိတ်မကောင်းဖြစ်ခဲ့ရကြောင်း၊ ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေဟာ ဗိုလ်သန်းရွှေကို အနီးကပ် ထမင်းခူးခပ် ကျွေးမွေးတဲ့ အထိ အဖားတော်သူ ဖြစ်တာကြောင့် တိုင်းပြည်ကောင်းကျိုး ကို ကြည့်မဲ့သူ မဟုတ်လို့ တပ်မတော်ရဲ့ အနာဂါတ် အရေးဟာ ကောင်းမွန်ဖို့ ဝေးနေပါကြောင်း သုံးသပ်တင်ပြသွားပါတယ်။

No comments: