စာဖတ်သူများခင်ဗျား -
၂၀၀၆ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့က ကြပ်ပြေးမှာ ပြုလုပ်ခဲ့တဲ့ ကကကြည်း ဒုတိယလေးလပတ် စစ်ဆင်ရေး၊ စစ်ရေး၊ စစ်ထောက် ညှိနှိုင်း အစည်းအဝေးတွင် တပ်ချုပ် ဗိုလ်သန်းရွှေက ကြပ်ပြေးပြောင်းရတဲ့ အကြောင်းရင်းကို အကြောင်းပြချက် မျိုးစုံနဲ့ အသည်းအသန် ရှင်းပြနေရပါတယ်။ ပြည်တွင်းက စစ်ဖက်နဲ့ နီးစပ်တဲ့အသိုင်းအ၀ိုင်းက ပေးပို့လာတဲ့ သူ့ပြောဆိုချက်တွေကို စာဖတ်သူတွေ လေ့လာသိရှိနိုင်ဖို့ တင်ပြပေး လိုက်ပါတယ် -
ဗိုလ်သန်းရွှေဟာ တပ်မတော်သားတွေအနေနဲ့ ကာယအားဥာဏအားရှိဖို့လိုကြောင်း၊ နိုင်ငံတော်ကြီး တစ်ခု တည်ဆောက်ရာတွင် မြို့ သစ်တစ်ခု တည်ဆောက်ရသကဲ့သို့ လက်ရှိအနေအထားအရ ဖန်တီးဖြစ်ပေါ်လာမည့် ပြည်ထောင်စုကြီးမှာ လုံခြုံရေးအင်္ဂါရပ်နှင့် အညီ သဟဇာတ ဖြစ်ပြီး ထိခိုက်မှု နည်းတဲ့ နေရာ၊ သွားလာ ဆက်ဆံမှု ကောင်းတဲ့နေရာ၊ ဒါတွေကို ရွေးချယ်လို့ ကြပ်ပြေးနေပြည်တော်ကြီး တည်ဆောက်ရကြောင်း၊မိမိတို့ အားလုံးသည်လည်း တည်ဆောက်ရေး အဖွဲ့ အစည်းများဖြစ်ကြောင်း၊ နေပြည်တော်တည်ဆောက်တဲ့နေရာမှာ Historical Point of View အရ ကြည့်ကြည့်၊ အနေအထားအရ Background History ကိုဘဲ ကြည့်ကြည့်၊တိုင်းနဲ့ပြည်နယ် (၁၄)ခု ဖြင့် အလွယ်တကူ တိုက်ရိုက်ဆက်သွယ်နိုင်သည့်နေရာမှာ တည်ဆောက်ထား သကဲ့သို့ မိမိတိုင်း စစ်ဌာနချုပ်များကိုလည်း အထက်အောက် ဘေးဘယ်ညာဝဲယာ အလွယ်တကူ အုပ်ချုပ်ကွပ်ကဲနိုင်ရန် တည်ဆောက်ထားခြင်းဖြစ်ကြောင်း၊ Heart Land Theory အရ တည်ဆောက်ထားရှိခြင်းဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် ပေါ်ပေါက်လာမဲ့ အနေအထားများအရ Economical Value, Social Value, Logistic Value, Tactical Value ရှိကြောင်း၊ Strong Background ဖြစ်တဲ့ နယ်မြေဖြစ်ဖို့ လိုကြောင်း၊ဒီနေရာဟာအင်္ဂလိပ်ဂျပန်အားရွပ်ရွပ်ချွံချွံ တော်လှန်ခဲ့သည့် သမိုင်းဖြစ်စဉ်များအား ပြန်လည်ပြောပြနေသလို Logical Problem, Political Problem ဖြစ်လာနိုင်တာတွေ Logistical Problem ဖြစ်လာနိုင်တာတွေအတွက် စာရေးသောက်ရေး၊ နေရေးထိုင်ရေး ရေမီးပြည့်စုံကောင်းမွန်အောင် စီမံသွားရန်လိုကြောင်း၊ Communication ဘက်က ကြည့်ပါက The Whole Nation of State တစ်မျိုးသားလုံး နိုင်ငံတစ်ခုလုံး အချက်အခြာ ကျသည့် နေရာတွေမှ ဖြစ်လာပါက မည်ကဲ့သို့ ပြုလုပ်ရမည်ကို ကြိုတင်စဉ်းစားပြုလုပ်ရမည်ဖြစ်ကြောင်း၊ ဒါတွေကို ကြည့်ပြီး စွန်ရဲစီမံချက်များ ရေးဆွဲဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း၊ ကြပ်ပြေး (နေပြည်တော်) လက်ရှိနေရာသည် မိုးရေချိန် လက်မ (၅၀) ၀န်းကျင်ရှိပြီး ပူလည်းမပူ၊ အေးလည်း မအေး သဟဇာတမျှတသော ရာသီဥတုရှိကြောင်း စသဖြင့်မြို့ တော် ပြောင်းရွေ့  ရတဲ့အကြောင်းရင်းကို မိန့်ခွန်းတွေ တသီတတန်းကြီးနဲ့  မလုံမလဲ ပြောဆိုသွားခဲ့ကြောင်း သိရပါတယ်။
စာဖတ်သူများခင်ဗျား -
နအဖက ကြပ်ပြေးကို ရုတ်တရက် ရွေ့ပြောင်းရတဲ့ အကြောင်းရင်း ဆင်ခြေ၊ဆင်လက် များစွာနဲ့ ဘယ်လိုဘဲ ပြောပြော စစ်ရေးမဟာဗျူဟာအရဘဲ ကြည့်ကြည့်၊ နိုင်ငံရေးမဟာဗျူဟာအရဘဲ ကြည့်ကြည့် ကမ္ဘာတွင် ဖြစ်ပေါ် ပြောင်းလဲနေတဲ့ နိုင်ငံဖြစ်စဉ်များနဲ့ နှိုင်းယှဉ်ပြီး National Defense Strategy နိုင်ငံတော်ကာကွယ်ရေး မဟာဗျူဟာ အရ ပြည့်စုံကောင်းမွန်ခြင်း သဘာဝကျမှု မရှိတော့ကြောင်း စာရေးဆရာ ဂါမဏိက ယခုလို တင်ပြ ခဲ့ပါတယ်။ ဒီဆောင်းပါးကို ရေးသားပေးပို့ခဲ့တဲ့ ဆရာ ဂါမဏိကိုလည်း ကျွန်တော် ကိုဖိုးတရုတ်က အထူး ကျေးဇူးတင်ရှိပါတယ်။

ဗမာပြည်ရဲ့မြို့တော်ကို ပျဉ်းမနားကြပ်ပြေးကိုရွှေ့ရာမှာ စစ်ရေးအမြင်အရ ကျနော်တို့ဗိုလ်ချုပ်တွေ အကြောက်ဆုံးဖြစ်တဲ့ အမေရိကန်ကျူးကျော်သိမ်းပိုက်မှု အလွယ်တကူမခံရဖို့ဆိုတဲ့ စဉ်းစားချက်ကိုကြည့်ရင် နအဖရဲ့စစ်ရေးအမြင်ဟာ (၁၉)ရာစုမှာဘဲ ရှိနေသေးတာ တွေ့ရပါတယ်။ နိုင်တီးဝမ်တီး မတိုင်ခင်တုံးက ဆင်တွေ၊ မြင်းတွေနဲ့ လမ်းလျှောက်ပြီး ချီစစ် ခွာစစ် ဆင်တဲ့ခေတ်မှာတော့ တိုင်းပြည်ရဲ့အလယ်ဗဟိုနေရာမှာ ဌာနချုပ်ထားကြတာ ဓမ္မတာပါဘဲ။ မြို့တွေကိုလည်း မြို့ရိုးတံတိုင်းအမြင့်ကြီးတွေ ကာခဲ့ကြပါတယ်။
ဒါပေမဲ့ သမိုင်းကိုပြန်ကြည့်ရင် တရုတ်ပြည်က မဟာတံတိုင်းကြီးဟာ ဂျင်ဂျစ်ခန်၊ ကူဗလေခန်တို့ရဲ့ ဝက်ခေါင်းထိုး မွန်ဂိုတပ်တွေကို မတားဆီးနိုင်ခဲ့ပါဘူး။ ဗမာပြည်အလယ်ခေါင်က ပုဂံကိုတောင် မွန်ဂိုတပ်တွေ လာသိမ်းနိုင်ခဲ့လို့ နရသီဟပတေ့မင်းဟာ တရုတ်ပြေးမင်း နာမည်ရခဲ့ရပါသေးတယ်။ ဒါ လွန်ခဲ့တဲ့ နှစ်(၈ဝဝ) ဝန်းကျင်တုံးကဖြစ်ပါတယ်။ တရုတ်ပြည်အလယ်ခေါင်မှာရှိတဲ့ နန်ကင်းမြို့တော် ဟာလည်း မိုင်ထောင်ချီဝေးတဲ့ တရုတ်ပြည်အရှေ့မြောက်နယ်စပ်က မန်ချုးတွေလက်အောက်ကို လွန်ခဲ့တဲ့နှစ်ပေါင်း (၄ဝဝ)လောက်က ကျသွားခဲ့တာပါဘဲ။ အဲသလို တိုင်းပြည်အလယ်ခေါင်က မြို့တော်ကို သူများသိမ်းသွားလို့ မြန်မာပြည်ရာဇဝင်မှာ အင်းဝက မဟာဓမ္မ ရာဇာဘုရင်ဟာ ဟံသာဝတီပါမင်း လို့ နာမည်ရသွားပြီး မန္တလေးကသီပေါမင်းလည်း မဒရပ်ပါမင်း လို့ နာမည်တွင်သွားကြပါတယ်။ ဒါတွေကတော့ လွန်ခဲ့တဲ့အနှစ်(၃ဝဝ) အတွင်းဖြစ်ခဲ့တာပါ။
(၂၁)ရာစုစစ်ပွဲတွေထဲမှာတော့ အာဖဂန်နစ္စတန်နိုင်ငံဟာ ကုန်းတွင်းပိတ်နိုင်ငံဖြစ်ပြီး ကဘူးမြို့တော်ဟာ နယ်စပ်နဲ့အဝေးကြီးပါ။ အီရတ်နိုင်ငံမြို့တော် ဘက်ဂဒက်လည်း ထို့နည်းလည်းကောင်းပါဘဲ။ အမေရိကန်ရဲ့ အမှတ် ၁ဝ၁ လေကြောင်းချီတပ်မဟာ ခရီးဝေး ထိုးဖောက်တိုက်ခိုက်ရေးအတွက် သယ်ယူပို့ဆောင်ရေးယဉ်နဲ့ လက်နက်၊ ဆက်သွယ်ရေးစနစ်စတဲ့ ရုပ်ဝတ္ထုပိုင်းဘက်မှာရော၊ စစ်ပညာ လေ့ကျင့်မှုဘက်မှာပါ အဆင့်မြင့်တည်ဆောက်ထားတယ်။ ဒါ့အပြင် အမေရိကန်ဟာ အမြန်နေရာချတပ်ဖွဲ့ Rapid Deployment Forces တွေလည်း သီးသန့်ဖွဲ့စည်းတည်ဆောက်ထားတယ်။ အာဖဂန်နစ္စတန်ကို တိုက်ရာမှာ သမရိုးကျတပ်တွေ ဒါလောက်မသုံးဘဲ လေကြောင်းပစ်ကူနဲ့ ဒယ်လ်တာ (သုံးဒေါင့်) တပ်ဖွဲ့ Delta Force ရေတပ်ဖျံတပ်ဖွဲ့ Navy Seal စတဲ့ အထူးကွန်မန်ဒိုတပ်တွေကို အဓိကသုံးသွားခဲ့တယ်။
တဖက်မှာကြည့်ရင်တော့ လူဦးရေခြောက်သိန်းသာရှိပြီး ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းငယ်ငယ်ကလေးတကျွန်းရဲ့ တခြမ်းသာ နေရာရှိတဲ့ အရှေ့တီမောနိုင်ငံကို လူဦးရေသန်း (၂ဝဝ)ကျော်ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံက ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး တီမောတော်လှန်ရေး ကို (၂၄)နှစ်ကြာအောင် ပြင်းပြင်းထန်ထန် ရက်ရက်စက်စက် နှိမ်နင်းခဲ့ပေမဲ့ ဘယ်လိုမှမချေမှုန်းနိုင်ဘဲ နောက်ဆုံးမှာတော့ အင်ဒိုနီးရှား တပ်တွေ ဆုတ်သွားရပါတယ်။ အဇ္ဇရေးနိုင်ငံရဲ့မြို့တော် တယ်လာဗီဖြစ်စေ၊ ဂျေရုစလင်ဖြစ်စေ နယ်စပ်နဲ့ ဘယ်လောက်မှမဝေးပေမဲ့ စစ်ပွဲကြီးလေးခါဖြစ်ခဲ့ရာမှာ ရန်သူအာရပ်နိုင်ငံတွေဟာ မြို့တော်အနားကို မသီနိုင်ခဲ့ကြပါဘူး။ ကမေBာဒီးယားမှာတော့ အင်မတန် မိုက်ကန်းတယ်လို့ နာမည်ကြီးတဲ့ခမာနီတွေရဲ့ ဌာနချုပ်ဖနွမ်းပင်မြို့တော်ဟာ စစ် စဖြစ်ပြီး ရက်ပိုင်းအတွင်း ဗီယက်နမ်လက်ထဲ ကျသွားခဲ့ပါတယ်။ ဗီယက်နမ်မြို့တော် ဟနွိုင်းကတော့ တရုတ်နယ်စပ်နဲ့ သိတ်မဝေးလှပေမဲ့ အင်အားကြီးလှတဲ့ တရုတ်တပ်တွေ ၁၉၇၉ မှာ ဝင်တိုက်တုံးက အနားမကပ်နိုင်ခဲ့ဘဲ အကြီးအကျယ်အထိနာပြီး ပြန်ဆုတ်သွားခဲ့ရပါတယ်။
ဒါကိုကြည့်ရင် ပထဝီအနေအထားထက် စစ်ပညာ၊ စစ်ဗျူဟာနဲ့ စိတ်ဓာတ်က ပိုအဓိကကျတာထင်ရှားနေပါတယ်။ ကြပ်ပြေး ထက်စာရင် ရန်ကုန်က ပင်လယ်နဲ့နီးလို့၊ ထိုင်းနယ်စပ်နဲ့နီးလို့ အရင်ကျနိုင်တယ်ဆိုပေမဲ့ စောစောကပြောတဲ့ ၁ဝ၁ လေကြောင်းချီ တပ်မတို့၊ အမြန်နေရာချတပ်ဖွဲ့တို့၊ ဒယ်လ်တာ (သုံးဒေါင့်) တပ်ဖွဲ့တို့ကတော့ သမရိုးကျနည်းနဲ့ ဘေးသားကနေ ဖဲ့စားဖို့ လေ့ကျင့် ထားတာမဟုတ်ဘူးဆိုတာ ကျနော်တို့ဗိုလ်ချုပ်များ သိတ်ကောင်းကောင်းသိဟန်မတူပါဘူး။ ထားလိုက်ပါတော့။ အမေရိကန်က သမရိုးကျနည်းနဲ့ဘဲ နယ်စပ်ကနေ တထစ်ချင်းတိုးဝင်လာတော့ကော ကျနော်တို့တပ်တွေ ဘယ်လောက်ခံနိုင်မှာလဲ။ အဇ္ဇရေးတပ်တွေ လို အရည်အချင်းရှိသလား၊ အရှေ့တိမောတော်လှန်ရေးသမားတွေလို စိတ်ဓာတ်ရှိသလား၊ အိုစမာဘင်လာဒင်လို စည်းရုံးရေးကောင်း သလား။
ကမ္ဘာပေါ်က ဘယ်တိုင်းပြည်မဆို အမျိုးသားကာကွယ်ရေးကို အဓိကအားဖြင့် သက်ဆိုင်ရာတပ်မတော်က တာဝန်ယူရပါတယ်။ အမျိုးသားကာကွယ်ရေးကို နိုင်ငံတော်အစိုးရတွေက နိုင်ငံရေးနည်း၊ အုပ်ချုပ်ရေးနည်းတွေနဲ့ စွမ်းဆောင်ပေးလို့ မရတော့တဲ့အဆုံးမှာ တပ်မတော်တွေက စစ်ရေးနည်းနဲ့ တာဝန်ယူရတာဖြစ်ပါတယ်။ ဒီ့အတွက် စစ်တပ်တိုင်းဟာ မိမိအင်အားတောင့်တင်းဖို့ အစဉ် ကြိုးပမ်းနေကြရပါတယ်။ စစ်တပ်အင်အားတောင့်တင်းရေးဆိုတာ ရုပ်ဝတ္ထုပိုင်းဖြစ်တဲ့ လူအား၊ လက်နက်ခဲယမ်းအား၊ လက်နက်နည်း ပညာအား နဲ့ စိတ်ဓာတ်ပိုင်းဖြစ်တဲ့ ခံယူချက်၊ သတ္တိ၊ လူထုထောက်ခံမှု၊ စစ်ပညာ၊ စစ်ဗျူဟာတို့ ကြီးမားကြံ့ခိုင်ရေးကိုပြောတာ ဖြစ်ပါတယ်။ ဒီတော့ ကျနော်တို့ဗမာပြည်စစ်တပ်မှာ ဒါတွေ ဘယ်လောက်အားကောင်းနေပြီလဲ။
လူအင်အားကိုကြည့်ရင်တော့ အပေါ်ယံအရေအတွက်အရ အားရစရာပါဘဲ။ လေးသိန်းကျော်-ငါးသိန်းနီးနီးအင်အားဆိုတာ အရှေ့တောင်အာရှမှာ ဗီယက်နမ်ပြီးရင် အကြီးဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ ခက်တာက တပ်ပြေးတွေများလွန်းလို့ အတိအကျစာရင်း ကောက်ရင် နှစ်သိန်းကျော်ကျော်ဘဲ ကျန်နိုင်ပါတယ်။ အဲဒီထဲမှာ သေနတ်တောင် ကောင်းကောင်းမထမ်းနိုင်တဲ့ နို့နံ့မစင်သူတွေက များနေတော့ အားကိုးရပါ့မလား။ လူအားအရေအတွက်မှာ မလွဲမသွေတွဲဖက်ရတဲ့ စစ်ပညာကလည်း ဖဆပလခေတ်-မဆလခေတ် တွေလို စနစ်တကျ အချိန်ယူသင်ပေးတာမျိုးမဟုတ်၊ ခံယူချက်ပိုင်း သတ္တိပိုင်းမှာလည်း မျိုးချစ်စိတ်-ပြည်ချစ်စိတ် နည်းနည်းလေးတောင် မရှိဘဲ အဓမ္မကောက်လို့၊ ငွေနဲ့ငှားထည့်လို့၊ မဲပေါက်လို့ တပ်ထဲရောက်ရသူတွေ၊ ဒါတွေကများနေမှတော့ သေနတ်မရှိသူတွေအပေါ် ဗိုလ်ကျဓားပြတိုက်ဖို့လောက်ဘဲ အသုံးကျပြီး တကယ်တမ်း အမျိုးသားကာကွယ်ရေးအတွက် ဘယ်လောက် စွမ်းဆောင်နိုင်မှာလဲ။
စိတ်ဓာတ်ရှိရှိနဲ့ စစ်ထဲဝင်တာ ဘယ်နှစ်ရာခိုင်နှုန်းရှိသလဲ။ အတင်းဆွဲကောက်ထားတဲ့ စစ်သားတွေနဲ့တိုက်လို့ အရင်တုန်းက တရုတ်ပြည်မှာ ချန်ကေရှိတ်စစ်သားတွေဟာ မော်စီတုံးတပ်တွေကို ရှုံးခဲ့တာ သက်သေအထင်အရှားရှိပါတယ်။ ကျနော်တို့တပ်က ချန်ကေရှိတ်ထက် ပိုဆိုးတာကတော့ အဓမ္မဆင့်ထားတဲ့စစ်သားတောင်မှ လူစဉ်မှီမှီ မဟုတ်ဘဲ တပ်မတော်စည်းမျဉ်းဥပဒေတွေနဲ့မညီတဲ့ အသက်မပြည့်တာနဲ့၊ အရပ်မမှီတာနဲ့၊ ပေါင်မပြည့်တာနဲ့၊ ကျပ်မပြည့်တာနဲ့တွေ ဖြစ်နေတော့ ဘယ်လိုလုပ်စစ်တိုက်မှာလဲ။
လက်နက်ခဲယမ်းအားနဲ့ နည်းပညာပိုင်းမှာရော ခေတ်မှီနိုင်ငံခြားစစ်တပ်တွေနဲ့ ယှဉ်နိုင်ရဲ့လား။ တရက်ကို လက်နက်ကြီးကျည် ဘယ်နှစ်လုံးထက် ပိုမပစ်ရဆိုတဲ့ အမိန့်မျိုးနဲ့ ခေတ်မှီစစ်ပွဲ ဘယ်လို တိုက်မလဲ။ ပေါချောင်ကောင်းဘဲလိုက်နိုင်လို့၊ အင်ထုခံရတာ ဒို့မြန်မာလို့ တပ်ထဲေºကွးကြော်နေကြတဲ့ အခြေဆိုက်နေတာ ယိုသူမရှက်ပေမဲ့ ရဲဘော်တွေက ရှက်ကြပါတယ်။ သာမန်အရာရှိတွေ မပြောနဲ့၊ တပ်ရင်းမှူးတွေ ကိုယ်တိုင် ငြိမ်းချမ်းရေးအဖွဲ့တွေဆီမှာ သူတောင်းစားလို အရှက်မရှိတောင်းနေရပြီး နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သားတွေဆိုတာကိုယ်၌က ယူနီဖောင်းအီကွစ်မင့် စုတ်စုတ်ပြတ်ပြတ်နဲ့ လူမျိုးစုသူပုန်အဖွဲ့တွေ၊ ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ ယှဉ်လိုက်ရင် ဘယ်လိုမှ ဂုဏ်သိက္ခာမရှိတဲ့အဖြစ်ဟာ အမျိုးသားကာကွယ်ရေးတာဝန်ကို အဓိကထမ်းဆောင်ဖို့ ထိုက်တန်ပါ့မလား။
ရုပ်ဝတ္ထုညံ့ပေမဲ့ တိုက်ရည်ခိုက်ရည်နဲ့စိတ်ဓာတ် တအားမြင့်နေတယ်ဆိုရင်လည်း တော်ပါသေးတယ်။ သို့သော် ဒီကနေ့ ကျနော် တို့တပ်မတော်မှာ ဗိုလ်တိုက်ချွန်းတို့၊ ရဲဘော်လှသောင်းတို့ရဲ့ အပုံတထောင်ပုံရင်တောင် တပုံမှီတဲ့လူမရှိတာ အားလုံးအသိပါ။ အရင် တုံးကဆို နောက်တန်းရင်းဌာနချုပ်အစီးခံရတာ လူလှိုင်းလုံးစစ်ဆင်ရေးကျင့်သုံးပြီး လက်နက်ကြီးပုံအောသုံးတဲ့ ဗကပတွေရဲ့ နယ်မြေ အစပ်မှာသာ ဖြစ်ခဲ့ဖူးပါတယ်။ အခုတော့ သာမန်လူအင်အား လက်နက်ကြီးအင်အားသာရှိတဲ့ ကရင်ပြောက်ကျားဒေသ ဒုံဇရစ်မှာ ရှက်ဖွယ်လိလိဖြစ်သွားခဲ့ပါပြီ။ ဒါဟာ အဲဒီတပ်ရင်းတရင်းတည်းမှ ထူးပြီးဖြစ်တာမဟုတ်ပါဘူး။ တပြည်လုံးကတပ်ရင်းတွေဟာ ပိန်မသာ လိန်မသာတွေချည်းပါဘဲ။ အဓမ္မကောက်-ငွေပေးလူငှားထည့်တဲ့တပ်ဟာ ဘာကာကွယ်ရေးမှ လုပ်လို့မရနိုင်ပါဘူး။
ဦးစီးကွပ်ကဲမှုပိုင်းကျပြန်တော့ ၂၁ ရာစုမှာ ဗေဒင်ယတြာတွေနဲ့ စစ်ဆင်ရေး၊ အုပ်ချုပ်ရေး လုပ်လို့ကတော့ အကျိုးနည်းဖို့သာ ရှိပါတယ်။ တပ်မ ၅၅ လက်အောက်ရင်း/ဖွဲ့အားလုံးကို ညွှန်ကြားသလို နေ့စဉ်နေ့တိုင်း အိပ်ရာကထတဲ့အခါ အနောက်တောင်ဘက် (သန်းရွှေရှိတဲ့ဘက်) လှည့် အဝတ်လဲပြီး အောင်ပြီ၊ အောင်ပြီလို့ ကြွေးကြော်၊ ညာဘက်ပုခုံးရေမွှေးဆွတ်၊ လက်ခုပ်တီးပြီး အရှေ့ မြောက်ဘက် (တရုတ်ပြည်ဘက်) လှည့် ဆုတောင်း၊ ကြာသပတေးနေ့တိုင်း မနက် ၈း၁၅ မှာ ငါး၊ ငှက်နဲ့ ခွေးကို အစာကျွေးခိုင်းခြင်း အားဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန် အောင်မြင်ထမြောက်မယ်လို့ တကယ်ထင်နေသလား။ တတိယလှိုင်းနဲ့အိုင်တီခေတ်ကို ဒီလိုဗေဒင်ယတြာတွေနဲ့ ဝင်ဆောင့်ဖို့ကြံတာကတော့ အောချလောက်ပါရဲ့။
ပုံမှန်အုပ်ချုပ်မှုကိစ္စတွေ ဆောင်ရွက်တာတောင် ဗေဒင်ယတြာတွေ၊ လာဘ်ပေးလာဘ်ယူတွေ၊ အကြံအဖန်တွေလုပ်နေရရင် အသက်နဲ့ရင်းရတဲ့ အမျိုးသားလုံခြုံရေးကိစ္စကျ ဘယ်လိုလုပ်ကြမှာလဲ။
အရာရှိပိုင်းကြည့်ပြန်တော့လည်း တိုင်းပြည်အကျိုးအတွက်မဟုတ်ဘဲ ကိုယ့်အကျိုးအတွက် အခွင့်အရေးမျှော်ပြီး တပ်ထဲဝင်သူ တွေက အနည်းဆုံး သုံးပုံနှစ်ပုံရှိနေပါတယ်။ နာမယ်က အရာရှိဖြစ်ပေမဲ့ တကယ့်အခြေခံက ဂျလေဘီဖြစ်နေတာတွေကလည်း တဝက် လောက်ရှိပါတယ်။ မေမြို့ကအရက်ဆိုင်တွေထဲ မူးရူးပြီး ဗိုလ်လောင်းချင်း ထိုးနေကြတာ အရင်ကစစ်တက္ကသိုလ်ရာဇဝင်မှာ မရှိခဲ့ပါဘူး။
ကျန်တဲ့သုံးပုံတပုံမှာတော့ အကောင်ကြီးသားသမီး ဆွေမျိုးသားချင်းတွေ အများစုဖြစ်ပြီး ငါတို့စည်းစိမ်တွေကို ကာကွယ်ရမယ် ဆိုတဲ့ စိတ်ဓာတ်မျိုးတော့ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ ဗမာ့တပ်မတော်ရဲ့ အစဉ်အလာထုံးစံ စစ်ပညာသင်ကြားရေးစနစ်တွေဟာ ဒီလိုအကောင်ကြီးသားသမီးတွေကြောင့်ဘဲ ပျက်သွားပြီဖြစ်ပါတယ်။ ကျနော်တို့တပ်မတော်ဟာ ဂျပန်ကမွေးထုတ်လိုက်တာဖြစ်လို့ ဂျပန်ဖက်ဆစ်နည်းနဲ့ စစ်ပညာသင်ပေးတာကို အခြားအဆင့်တွေအတွက်ရော၊ စစ်တက္ကသိုလ်လို အရာရှိအဆင့်တွေအတွက်ပါ တလျှောက်လုံးကျင့်သုံးခဲ့တာ အားလုံးအသိဖြစ်ပါတယ်။ ဘာဘဲပြောပြော တပ်မတော်သားတွေဟာ စစ်ပညာကိုတော့ ပိုင်ပိုင်နိုင်နိုင် တတ်မြောက်သွားခဲ့ကြပါတယ်။
ဒါပေမဲ့ အခုအခါမှာတော့ အကောင်ကြီးသားသမီးတွေများလွန်းလို့ ပါးတွေနားတွေ ရိုက်သင်လို့မရ ဆဲမရ ဒဏ်ပေးမရ ခိုင်းမရ တွေဖြစ်နေတော့ ဘာစစ်ပညာမှ ကောင်းကောင်းမတတ်တော့ပါဘူး။ နအဖတပ်မတော်ဆိုတာကလည်း ဖက်ဆစ်နည်းမဟုတ်တဲ့ တခြားခေတ်မှီနည်းနဲ့ သင်တတ်တာမဟုတ်ပါဘူး။ ဒါကြောင့် အရာရှိအဆင့်တွေအတွက် စစ်သင်တန်းဟာ အရင်လို ဖက်ဆစ်နည်း လည်း ပြည့်ပြည့်ဝဝမဟုတ်တော့သလို အင်္ဂလိပ်-အမေရိကန်နည်းတွေ သို့မဟုတ် တရုတ်-ရုရှားနည်းတွေ ကျင့်သုံးနေသလား ဆိုတော့လည်း မဟုတ်ဘဲ လုံးဝပုံပျက်ပန်းပျက်နဲ့ အိယောင်ဝါးဖြစ်နေပါပြီ။ အခြားအဆင့်စစ်သင်တန်းကတော့ ဖက်တိတ်သင်တန်း ဖြစ်သွားတာ နဝတစတက်ကတည်းကပါဘဲ။ ဒါကြောင့် အခုသင်တန်းဆင်းတွေဟာ ရဲဘော်ဘဲဖြစ်ဖြစ် ဗိုလ်ဘဲဖြစ်ဖြစ် စစ်တိုက်ရာမှာ သုံးမရဘဲ ရွာသားကိုနှိပ်စက် အနိုင်ကျင့်ရာမှာသာ အားသန်ထူးချွန်ကြပါတော့တယ်။
ဒါကြောင့် အမေရိကန်ဝင်လာရင် ကြပ်ပြေးမရောက်အောင် ကြားမှာခံထားပေးနိုင်မယ့် အလားအလာကတော့ လုံးဝဇီးရိုးပါဘဲ။ တောတွေ တောင်တွေနဲ့နီးလို့ ကြပ်ပြေးကနေ ပြောက်ကျားစစ်တိုက်မယ်ဆိုတဲ့ စဉ်းစားချက်ကတော့ ရာနှုန်းပြည့်ဖြစ်မြောက်စရာ မရှိ ပါဘူး။ စောစောကပြောတဲ့ အရာရှိတွေ၊ ရဲဘော်တွေနဲ့ ဘယ်လိုမှ ပြောက်ကျားစစ်တိုက်မရပါဘူး။ ပြောက်ကျားစစ်ရဲ့ အဓိကအခြေခံက ပြည်သူ့စစ်ပွဲဖြစ်ပါတယ်။ ပြည်သူလူထုအားကိုယူပြီး ပြည်သူလူထုထောက်ခံမှုနဲ့ တိုက်ရမှာဖြစ်တယ်။ ပြည်သူလူထုထောက်ခံမှု ရှိရင် ကိုယ့်ထက်အားကြီးတဲ့ရန်သူကို နိုင်နိုင်တယ်ဆိုတာ အလောင်းဘုရားခေတ်ကတည်းက လက်ဝဲသုန္ဒရရဲ့ စစ်ဗျူဟာကျမ်းတွေမှာ ပြောထားပြီးသားပါ။
ဒါပေမဲ့ အခုနအဖတပ်လို ရွာသားမြင်တာနဲ့ ပေါ်တာထမ်းခိုင်းဖို့၊ နဘန်ကျင်းဖို့၊ မအေနှမဆဲဖို့ဘဲ အသားကျနေတဲ့တပ်က ဘယ်လိုလုပ် ပြည်သူ့အားနဲ့ ပြည်သူ့စစ်ပွဲတိုက်နိုင်မှာလဲ။ “အမေရိကန်ဝင်လာရင်တော့ ခံတိုက်မနေဘူး၊ အမြန်ဆုံးသွား လက်နက် ချပြီး အမေရိကန်ရဲ့စစ်သားလုပ်မယ်” လို့ ဗြောင်ပြောနေတဲ့အရာရှိတွေ၊ “အမေရိကန်က လခတွေ အခွင့်အရေးတွေ ပိုပေးရင် အမေရိကန်ဘက်ကနေ ဝင်တိုက်မယ်” လို့ လျှောက်ပြောနေတဲ့ အရာရှိတွေ ဘယ်လောက်တောင်များနေပြီလဲဆိုတာ ကျနော်တို့ ဦးစီးချုပ်များ သိကြပါရဲ့လား။ ပြည်သူလူထုတွေကလည်း ကျနော်တို့ဗိုလ်ချုပ်တွေကို မုန်းလွန်းအားကြီးလို့ နအဖကို တိုက်မယ်ဆိုရင် အမေရိကန်တပ်ဘဲလာလာ၊ အယ်လ်ကိုင်ဒါတပ်ဘဲလာလာ၊ ပန်းကုန်းတွေ ဆယ်ထပ်လောက်စွပ်ပြီး ကြိုဖို့အသင့်ဖြစ်နေတယ်။
အင်မတန်ခေတ်မှီအဆင့်မြင့်ပြီး အင်အားကြီးမား လှတဲ့ နိုင်ငံခြားတပ် ကျူးကျော်လာရင် ပြောက်ကျားစစ်နဲ့ပြန်တိုက်မယ်လို့ ခပ်တည်တည်ပြောနေပေမဲ့ ပြောက်ကျားစစ်ပွဲ-ပြည်သူ့စစ်ပွဲရဲ့ အခြေခံဖြစ်တဲ့ ပြည်သူလူထုထောက်ခံမှုကို ဘယ်ကရမှာလဲ။ ကိုယ့်တပ် ထဲမှာ ဂျပန်ဖက်ဆစ်နည်းအတိုင်း လက်အောက်ရဲဘော်ကို ပါးနားရိုက်အုပ်ချုပ်ရံတင်မက ပြည်သူလူထုတွေကိုပါ ပါးတွေ နားတွေ ±ိုက်ပြီး ထောက်ခံခိုင်းဖို့ဘဲတတ်တဲ့ မြန်မာ့တပ်မတော်ဟာ တကယ်တမ်းနိုင်ငံခြားတပ်ကျူးကျော်မှုနဲ့ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရရင် ရက်ပိုင်းအတွင်း ပြိုဖို့များပါတယ်။ ပြည်သူ့အကျိုး နိုင်ငံ့အကျိုးကို ကြည့်တာမဟုတ်ဘဲ ကိုယ်ကျိုးကိုယ့်စီးပွားဘဲကြည့်တဲ့ စစ်ဗိုလ်ကြီး တွေဟာ အင်မတန်မှ အဆင်းရဲအပင်ပန်းခံရတဲ့ ပြည်သူ့အကျိုးဆောင်ပြောက်ကျားတပ်မှူးတွေ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။
ဗိုလ်ချုပ်အောင်ဆန်းတို့ ဂျပန်ခေတ်အတွင်း ပျဉ်းမနားမှာ တပ်အခြေစိုက်ခဲ့တာမှန်ပေမဲ့ တကယ်တမ်းဂျပန်တော်လှန်တဲ့အခါမှာ တော့ ပျဉ်းမနားမှာ ဌာနချုပ်ထားတာမဟုတ်ဘဲ ဧရာဝတီမြစ်အနောက်ဘက် သရက်-မင်းတုံးနယ်မှာ ဂျပန်တော်လှန်ရေးရဲ့ စစ်ဌာန ချုပ် ဖွင့်ခဲ့တာဖြစ်ပါတယ်။ အဲဒီတုံးက တနိုင်ငံလုံးရဲ့ ဂျပန်တော်လှန်ရေး နိုင်ငံရေးဌာနချုပ်ကိုတော့ သခင်စိုးက မြစ်ဝကျွန်းပေါ်မှာဘဲ ဖွင့်ခဲ့ပါတယ်။
တဖက်မှာကြည့်ရင် ပျဉ်းမနားကြပ်ပြေးရဲ့အရှေ့ဘက် အရှေ့ရိုးမတောင်တန်းဟာ ပအို့တော်လှန်ရေးအခြေခံရာနဲ့ ကယန်း တော်လှန်ရေးအခြေခံရာနယ်မြေတွေဖြစ်ပါတယ်။ အရှေ့ရိုးမတောင်ပေါ်မှာ နည်းနည်းလေးတောင်ဘက်ဆင်းလိုက်ရင်တော့ ကေအင်ယူ ကရင့်တော်လှန်ရေးအခြေခံဒေသ ဖြစ်သွားပါပြီ။ လောလောဆယ် အပစ်အခတ်ရပ်စဲထားကြပေမဲ့ မညာတမ်းပြောရရင် ခေတ်သစ် သူဌေး (ဝါ) ခေတ်ပျက်သူဌေးဖြစ်နေတဲ့ ခေါင်းဆောင်အနည်းစုကလွဲလို့ ကျန်တဲ့အလယ်အလတ်နဲ့ အောက်ခြေတပ်အများစုကြီးရော ပအို့၊ ကယန်းလူထုတွေကပါ နအဖတပ်ကိုထချဖို့ အမြဲအသင့်ဖြစ် လက်ယားနေတာဖြစ်ပါတယ်။
ကြပ်ပြေးဟာ ဗမာပြည်အလယ်ပိုင်းမှာဖြစ်လို့ ဆက်သွယ်ရေးလွယ်ကူတယ်ဆိုရင်တော့ အခြေခံအဆောက်အအုံတွေလည်း အသင့်ရှိပြီးသား၊ ဆက်သွယ်ရေးလမ်းကြောင်းတွေလည်း အခြေတကျဖြစ်ပြီးသား မန္တလေး၊ မိတ္ထီလာက ပိုမလွယ်ဘူးလား။
ဒီတော့ ကြပ်ပြေးကိုရွှေ့ခြင်းအားဖြင့် အမေရိကန်ကိုခုခံဖို့၊ ဒါမှမဟုတ် ပြောက်ကျားစစ်ဆင်နွှဲဖို့ အခွင့်အလမ်းသာမယ်လို့ စဉ်းစား တာကတော့ အောက်ခြေလွတ်နေတဲ့စဉ်းစားချက်ဘဲဖြစ်ပါတယ်။ တိုင်းပြည်ကိုအုပ်ချုပ်ဖို့ အလယ်ဗဟိုကပိုကောင်းတယ် ဆိုတဲ့စဉ်းစား ချက်ကလည်း ၂၁ ရာစု အိုင်တီခေတ်နဲ့ ဘယ်လိုမှမအပ်စပ်ပါဘူး။
နိုင်ငံရေးအမြင်ဘက်ကကြည့်ရင်တော့ အခုလို တိုင်းပြည်ရဲ့မြို့တော် ရွှေ့တဲ့ကိစ္စဟာ ကိုယ့်တနိုင်ငံထဲနဲ့ဆိုင်တာမဟုတ်ပါဘူး။ ကမ္ဘာမှာ လုံးဝရာနှုန်းပြည့် ထီးထီးတည်းနေတာမဟုတ်ရင်တော့ အနည်းဆုံး ကုလသမဂ္ဂနဲ့ ကိုယ့်မဟာမိတ်တွေ၊ ကိုယ့်စီးပွားဖက်တွေ လောက်ကိုတော့ အသိပေးထားရပါမယ်။ ဒါပေမဲ့ နအဖကတော့ သူ့ကို ထောက်ခံပေးနေသူတွေကိုတောင် လုံချည်လှန်ပြတဲ့ပုံ လုပ်နေ တော့ ကိုယ့်ရှေ့ရေးကို ဘယ်လိုများစဉ်းစားနေသလဲ မပြောတတ်ပါဘူး။
နောက်ပြီး ကိုယ်ကိုယ်တိုင်ဦးစီးလုပ်နေတဲ့ ညောင်နှစ်ပင်ညီလာခံမှာ အတင်းအဓမ္မအတည်ပြုခိုင်းနေတဲ့ အခြေခံမူ (၁ဝ၄)ချက် ဆိုတာထဲမှာ ရန်ကုန်ကို မြို့တော်သတ်မှတ်ပြီး “ပြည်ထောင်စုနယ်မြေ” လို့တောင် သတ်မှတ်ချက်အသစ်လုပ်ထားပြီးသားဖြစ်ပါ တယ်။ ကြပ်ပြေးစီမံကိန်းကို ၂ဝဝ၂ ခုနှစ်ကတည်းက စချခဲ့ပေမဲ့ ၂ဝဝ၄ မှာ ညီလာခံပြန်လုပ်တော့ မြို့တော်ကိစ္စကို ဘာမှမပြောခဲ့ပါဘူး။ အခုကျမှ ကိုယ့် (၁ဝ၄)ချက်ကို ကိုယ်ကိုယ်တိုင် ဗလောင်းဗလဲလုပ်ရတဲ့အခြေဆိုက်သွားပါတယ်။
ဒါတွေကိုကြည့်ခြင်းအားဖြင့် ထိပ်ဆုံးကဗိုလ်ချုပ်ကြီးများဟာ အမျိုးသားကာကွယ်ရေးကို လူကြားကောင်းရုံအော်နေတာ သိသာ လှပါတယ်။ သူတို့ရဲ့ အရင်းခံရည်ရွယ်ချက်က အမျိုးသားကာကွယ်ရေးမဟုတ်၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဘဲ ဖြစ်ပါတယ်။ လက်ရှိ စစ်သား၊ လက်ရှိစစ်ဗိုလ်၊ လက်ရှိတပ်တည်ဆောက် လည်ပတ်နေပုံနဲ့တော့ အမျိုးသားကာကွယ်ရေးတာဝန် ထမ်းဆောင်ဖို့ဆိုတာ ဘယ်လိုမှ မတွေးဝံ့စရာ ရင်လေးစရာကြီးပါ။ ဒီတော့ ပြည်သူလူထုတွေတင်မက တပ်မတော်သားတွေကပါ အရူးကို လင်ဆက်လုပ် နေကြအုံးမှာလား။

No comments:
Post a Comment