.

.

.

August 2, 2008

ဒီမိုကရေစီရရှိရေး အမေရိကန်နိုင်ငံက မြန်မာနိုင်ငံကို စစ်ရေးအရတိုက်ဖို့ သင့်၊ မသင့် နဲ့အလားအလာ ရှိ၊ မရှိ ဆွေးနွေးခန်း အမေးအဖြေ အမှတ်စဉ်(၃)

စာဖတ်ပရိသတ်များ၏ ဆွေးနွေးမေးမြန်းခြင်း

ကျွန်တော် ကိုဖိုးတရုတ် ထံကို သဘောထားအမြင် ဆွေးနွေးပေးပို့လာတဲ့ ကိုရှမ်းနောင် ရဲ့ အီးမေးလ်ပါ စာကို စာဖတ်ပရိသတ်များအား တင်ပြပေးလိုက်ပါတယ်။ ကျွန်တော့် အနေနဲ့ ဒီဆွေးနွေးပွဲ ခေါင်းစဉ်ကို လုပ်ရတဲ့ ရည်ရွယ်ချက်က လက်နက်ကိုင်တော်လှန်ရေးကို ကိုယ့်ခြေထောက်ပေါ် အားကိုးပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်နေတဲ့သူတွေ၊ လုပ်ချင်တဲ့ သူတွေက တောင်းဆိုကြလို့ ဒီမိုကရေစီရရှိဖို့ နည်းလမ်းရှာတဲ့အနေနဲ့ ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ နိုင်ငံတကာက ထောက်ပံ့မှု ရနိုင်တဲ့ နည်းလမ်းတွေ၊ ထောက်ပံ့မှု မရခဲ့ရင်လည်း ကိုယ့်အားကိုယ်ကိုး လုပ်နိုင်မဲ့ နည်းလမ်းတွေကို ဆွေးနွေးပြောကြားပေးသူများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ ကိုရှမ်းနောင် ဆွေးနွေးသလို စစ်ရေးနဲ့ ပတ်သက်ပြီး ဘယ်လို လုပ်သင့်သလဲဆိုတာ စာဖတ်သူတွေ အနေနဲ့ လေ့လာပြီး အောင်ပွဲရသည် အထိ လူအား၊ ငွေအား၊ စိတ်ဓာတ်အားတွေနဲ့ ကြိုးစားကြစေ လိုကြောင်း တင်ပြလိုက်ရပါတယ်။ ကျွန်တော့်ထံ ပို့လာတဲ့ တစ်ချို့ အီးမေးလ်တွေက မေးခွန်းမေးတာတွေ ရှိသလို သူတို့ရဲ့ အမြင်ကို တင်ပြဆွေးနွေး ထားတာလည်း ရှိပါတယ်။ တူညီနေတဲ့ မေးခွန်းတွေလည်း ရှိတာကြောင့် တချို့ မေးခွန်းများအား စုပေါင်း၍ ဆရာ ဂါမဏိက တစ်စုတည်း ပြန်လည် ဆွေးနွေးတင်ပြထားပါတယ်။ မေးခွန်း များအား ဆွေးနွေးဖြေကြားပေးသော ဆရာ ဂါမဏိအား အထူးကျေးဇူးတင်ရှိပါကြောင်း ကျွန်တော် ဖိုးတရုတ်မှ မှတ်တမ်းတင်အပ်ပါတယ်။

ကိုရှမ်းနောင်ရဲ့ အီးမေးလ်

ကိုဖိုးတရုတ်ရဲ့ ဘလော့ပေါ်မှာ ဖတ်ရတဲ့ ဒီမိုကရေစီရရှိရေး အမေရိကန်နိုင်ငံက မြန်မာနိုင်ငံကို စစ်ရေးအရ တိုက်ဖို့ သင့်၊ မသင့် နဲ့အလားအလာ ရှိ၊ မရှိ ဆိုတာနဲ့ ပတ်သက်ပြီး စကားလေးနဲနဲပြောချင်လို့ပါ၊ ကိုဖိုးတရုတ်ရဲ့ဆွေးနွေးပွဲ ခေါင်းစည်းက ဘောင်ကျဉ်း သလိုခံစားရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ စစ်ရေးနဲ့ ပတ်သက်လာရင် မြန်မာပြည်သားတွေအတွက် အားကိုးစရာဆိုလို့ အမေရိကန်ဘဲရှိတဲ့ သဘောကို ဆောင်နေ သလိုဖြစ်နေတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းမှာလက်နက်ကိုင် တိုင်းရင်းသားတပ်တွေ ကျောင်းသား လက်နက်ကိုင်တပ်တွေ တော်တော်များများရှိပါတယ်၊ သူတို့တွေကလဲ တော်လှန်ရေးခေါင်းစဉ်တပ်ပြီး အမေရိကန်ရဲ့အကူအညီကိုဘဲ စောင့်နေသလို ဖြစ်နေတာ ကြာလှပါပြီ၊ ခုလို ကိုဖိုးတရုတ်က အမေရိကန် ဆိုတဲ့စကားကိုပြောလိုက်လို့ ဆွေးနွေးပွဲရဲ့ အဖြေက အမေရိကန် ၀င်တော့မယ် ဆိုတဲ့ မျှော်လင့်ချက်ရောင်နီကို ပြည်သူတွေအတွက် ပေးသလိုဖြစ်သွားမယ်၊ ကိုဖိုးတရုတ်သိတဲ့အတိုင်းဘဲ ခုချိန်မှာ တို့ပြည်သူတွေ အရမ်းကို မျှော်လင့်နေကြတယ် အမေရိကန်ဝင်ရေးကို ပြောတာပါ မျှော်လဲ မျှော်လင့်ခဲ့ကြပြီးပါပြီ၊ ဒါပေမဲ့ ခုချိန်ထိ တစ်ခုမှ ဖြစ်မလာဘူး၊ ရှင်းရှင်းပြောရရင် ပြည်သူတွေအတွက် တကယ့်အားကိုးစရာဆိုလို့ ဘာမှ မရှိတော့ဘူး ကြားရတဲ့သတင်းမှန်သမျှ သူတို့အတွက် အားကိုးစရာဘဲ ၊ ခုလဲ ကိုဖိုးတရုတ်က အမေရိကန် ၀င်သင့်မ၀င်သင့်လို့ ခေါင်းစည်းတပ်ပြီး ဆွေးနွေးတဲ့အခါ ၀င်သင့်တယ်လို့ အဖြေထွက်ခဲ့မယ်ဆိုရင် ပြည်သူတွေက တကယ့်ကို မျှော်လင့်ကြမှာဘဲ ၊ မ၀င်ဘူးလို့ အဖြေထွက်ခဲ့ရင်လဲ သူတို့အတွက် ဘယ်လိုခံစားသွားရမလဲ၊ ဖြစ်သမျှကံပေါ့အေ ဆိုတဲ့လက်သုံးဝေါဟာရနဲ့ ဘဲ ဒုက္ခတွေကို ခါးစည်းခံနေကြမယ်၊ ဆိုလိုတာ ကတော့ ပြည်တွင်းမှာ ရှိနေတဲ့ တော်လှန်ရေးလက်နက်ကိုင်တွေကို တပ်လှန့်မှ ပိုထိရောက်မယ်လို့ ထင်တယ်၊ လက်နက်ကိုင် တပ်တွေရဲ့ စိတ်ဓာတ်ကို နှိုးဆွပေးမယ်ဆိုရင် သို့မဟုတ် သူတို့ရဲ့လှုပ်ရှားမှုတွေ ဖြစ်လာအောင် ဖန်တီးပေးနိုင်မယ်ဆိုရင် အမေရိကန် ဆိုတဲ့စကားထက် ပြည်တွင်းလက်နက်ကိုင် လို့ သုံးနိုင်မယ် လုပ်နိုင်မယ်ဆိုရင် အကောင်းဆုံးဘဲလို့မြင်တယ်၊ ကိုဖိုးတရုတ်သိတဲ့အတိုင်းဘဲ န အ ဖ မှာဂရုစိုက်စရာဆိုလို့ ပြည်တွင်းဘဲရှိတယ် အပြင်ဘက်ကနေ ဘယ်လောက်တောင်းဆိုဆို ဘယ်လောက်ဘဲ ကန့်ကွက်ပါတယ် ရှုတ်ချပါတယ်ပြောပြော သူတို့က ဂရုစိုက်တဲ့ကောင်တွေ မဟုတ်ဘူး၊ သူတို့ကြောက်တာဆိုလို ပြည်တွင်းဂယက်ဘဲရှိတယ်၊ ကိုဖိုးတရုတ်ရဲ့ ဆွေးနွေးပွဲကို မကောင်းဘူးလို့ ပြောတာ မဟုတ်ဘူးနော်၊ ဖြစ်သင့်တဲ့ သဘောတစ်ခုကို ပြည်သူပြည်သား တစ်ယောက်ရဲ့ ခံစားချက်နဲ့ ပြောပြတာပါ၊

အောင်မြင်ပါစေ
ရှမ်းနောင်

ကိုလွင်အောင်စိုးရဲ့ အီးမေးလ်

ပစ္စည်းယူ-လူသတ်ပါတယ် ဆိုတဲ့ ဓါးပြဆီက ဘာမှ ပြန်တောင်းလို့ မရနိုင်ပါဘူး။ ဒီဓါးပြကို သတ်ရင်လည်း သတ်၊ မသတ်ရင်လည်း ကြောက်သွားအောင် ခြိမ်းချောက်မှ ကိုယ့်ပစ္စည်း ကိုယ်ပြန်ရမှပါ။ ဒါဟာ တရားတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ဘယ်နိုင်ငံမဆို နိုင်ငံ့အာဏာကို ပြည်သူတွေကသာ ပိုင်ဆိုင်တဲ့အတွက် ပြည်သူတွေကပဲ အနာဂတ်ကံ့ကြမ္မာကို လွတ်လွတ်လပ်လပ် ဆုံးဖြတ် ရွေးချယ်ပိုင်ခွင့် ရှိကြပါတယ်။ မြန်မာနိုင်ငံမှာတော့ ပြည်သူတွေဟာ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲမှာကတည်းက ပါတီစုံဒီမိုကရေစီစနစ်နဲ့ မိမိတို့ရဲ့ အနာဂတ်ကံကြမ္မာကို ဖန်တီးဖို့ ဆုံးဖြတ်ရွေးချယ်ခဲ့ကြပြီး ဖြစ်ပါတယ်။ အာဏာရှင်စနစ်ကို မက်မောလှတဲ့ နဝတ-နအဖဟာ လူထုဆုံးဖြတ်ချက်ကို လစ်လျူရှုပြီး ၂ဝဝ၈ ခုနှစ် လူထုဆန္ဒခံယူပွဲကို ကလိမ်ကကျစ်နည်းနဲ့ အတင်းလုပ်ယူပါတယ်။ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲကိုလည်း ကလိမ်ကကျစ် ထပ်လုပ်ဦးမှာ သေချာနေပါပြီ။ အာဏာရှင်ဟာ ဒီမိုကရေစီ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အသွင်ပြောင်းအရေခြုံဖို့ ရှိနေတာကြောင့် ပြည်သူတွေအနေနဲ့ အစစ်အမှန် ဒီမိုကရေစီကို ရနိုင်စရာအကြောင်း သိပ်မရှိလှပါဘူး။ ဥပမာ- လက်ရှိ ကမ္ဘောဒီးယားနိုင်ငံကို ကြည့်နိုင်ပါတယ်။ လက်ရှိ ပါကစ္စတန် နိုင်ငံကိုလည်း ကြည့်နိုင်ပါတယ်။ ဒီတော့ မြန်မာပြည်သူတွေဟာ ဒီမိုကရေစီကို ရချင်ရင် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို သုံးလာရဖို့ ရှိပါတယ်။ ဘယ်နည်းလမ်းကို သုံးသုံး တရားတဲ့နည်းလမ်းသာ ဖြစ်ပါတယ်။ ဒီမိုကရေစီကို လူထုက အသာတကြည် တောင်းလို့ ရရင်ရ- မရရင် စစ်တပ်က ဝင်ချပေးရဖို့ပဲ ရှိလာပါပြီ။ ဒါက အဆိုးဝါးဆုံး ကြုံတွေ့နေရပြီဖြစ်တဲ့ မြန်မာနိုင်ငံရဲ့အခြေအနေကြောင့်ပါ။ ဒီမိုကရေစီကို မြန်မာစစ်တပ်က စစ်သည်တွေကလည်း လိုချင်နေ ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့လည်း မိဘပြည်သူတွေရဲ့ သားသမီးတွေ ဖြစ်နေကြလို့ပါပဲ။ မြန်မာပြည်ကို ကျေးဇူးပြန်ဆပ်ဖို့က အခုချိန်မှာ ဒီနည်းလမ်းပဲ ရှိပါတော့တယ်။ အမေရိကန် စစ်ရေးအရ ဝင်ပေးမှ ရမယ်လို့တော့ မဟုတ်ပါဘူး။ အမေရိကန် ဝင်မပေးပဲ ကိုယ့်လူမျိုး-ကိုယ့်အစွမ်းအစနဲ့ ကိုယ့်ပစ္စည်း (အာဏာ)ကို ပြန်ယူတာ သမိုင်းကြောင်းကောင်းစေတဲ့ ကိစ္စပါ။ နောင်လာနောင်သားတွေအတွက်လည်း သင်ခန်းစာ ကောင်းပါ။

ဒါဟာ ကျနော့်ခံယူချက်ပါ။
ဆွေးနွေးပေးပါဦး။

လေးစားစွာဖြင့်
လွင်အောင်စိုး
၂၉-၇-၂ဝဝ၈


ဆရာဂါမဏိ၏ ပြန်လည်ဆွေးနွေးချက်

အမေရိကန်က စစ်ရေးအရဝင်ရေးဆိုတာ အလွယ်သုံးစကား၊ အများနားလည်တဲ့စကားနဲ့ ပြောတာဖြစ်ပါတယ်။ အတိအကျပြောရရင်တော့ အမေရိကန် (သို့) နေတိုး (သို့) ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းတပ် (သို့) ဒေသ ဆိုင်ရာ ငြိမ်းချမ်းရေးတပ် လို့ပြောရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဘာခေါင်းစဉ်ဘဲတပ်ထားတပ်ထား အမေရိကန်ရဲ့ ကမ ကထပြုမှု၊ ဒါမှမဟုတ် မီးစိမ်းပြမှုနဲ့ဘဲ ဝင်ရတာဖြစ်ပါတယ်။ အဲဒီအောက်ကလွတ်ကင်းတာ ရှားပါတယ်။ ဟိုတုံးက ကမ္ဘောဒီးယားကို ဗီယက်နမ်ဝင်တိုက်တာ၊ အရှေ့ပါကစ္စတန် (ဘင်္ဂလားဒေ့ရှ်) ကို အိန္ဒိယ ဝင်တိုက်တာတွေက စစ်အေးခေတ်ကာလ ဆိုဗီယက်ရုရှ မီးစိမ်းပြမှုနဲ့ ဝင်ခဲ့ကြတာဖြစ်ပါတယ်။ စစ်အေးခေတ် ဒီဘက်ပိုင်းမှာတော့ အားလုံးဟာ အမေရိကန်အပေါ်တည်နေပါတယ်။

အမေရိကန် (သို့) ကုလ ဝင်တဲ့အခြေအနေတွေက ဘာလဲ။ အဓိကကတော့ အကျိုးစီးပွားဖြစ်ပါတယ်။ အရှင်းဆုံးဥပမာကတော့ အီရတ်ကရေနံ၊ ပနားမားက တူးမြောင်းကြီးတို့ဘဲဖြစ်ပါတယ်။ ဒါတွေက တိုက်ရိုက် ဒြဗ်ရှိ အကျိုးစီးပွားတွေဖြစ်ပါတယ်။ ဒီတော့ သွယ်ဝိုက်ဒြဗ်မဲ့အကျိုးစီးပွားကြောင့် ဝင်တာလည်းရှိတယ်လို့ အဓိပ္ပာယ်ကောက် လို့ရပါတယ်။ တိုင်းပြည်တပြည်မှာ အကြီးအကျယ် အပြန်အလှန်သတ်ဖြတ်နေကြ ဆူပွက် လောင်ကျွမ်းနေကြရင် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကမ္ဘာကြီးတခုလုံးမဟုတ်ရင်တောင် ဒေသကြီးတခုရဲ့ တည်ငြိမ်မှုကို ထိခိုက်လာပါတယ်။ တည်ငြိမ်မှုထိခိုက်တယ်ဆိုတော့ ဂလိုဘယ်လိုက်ဇေးရှင်းအရင်းရှင်စီးပွားရေး စနစ်ကို ထိခိုက်လာပါတယ်။ (ဂလိုဘယ်အရင်းရှင်စနစ်ထဲမှာ တရုတ်လဲပါပါတယ်။) ဒါကြောင့် ဒီလို သွယ်ဝိုက်ဒြဗ်မဲ့အကျိုးစီးပွား ထိခိုက်တာ တွေကိုလည်း အမေရိကန် (သို့) အမေရိကန်က ခေါင်းခံခိုင်းတဲ့ အင်အားစုတွေက စစ်ရေးအရ ဝင်ရောက်စွက်ဖက်တာ မလုပ်မဖြစ်လုပ်ရပါတယ်။ တရုတ်လည်း (သွယ်ဝိုက် ဒြဗ်မဲ့အကျိုးစီးပွားပါနေတာကြောင့်) ဒါကို ဆန့်ကျင်လို့မဖြစ်ပါ။

အီရန်၊ မြောက်ကိုးရီးယားတို့ နျူကလီးယားတွေနဲ့ ကမြင်းကြောထနေကြပေမဲ့ သူတို့ပြည်တွင်းမှာ ဆူပူတိုက်ခိုက် အပြန်အလှန်သတ်နေတာ မရှိတော့ အမေရိကန်လည်း ဝင်မစွက်ပါဘူး။ လေနဲ့ဘဲ အမြောက် ဖောက်နေပါတယ်။
ဒါကြောင့် ပြင်ပကနေ စစ်ရေးအရဝင်စွက်ဖို့ဆိုတာ အထဲကအင်အားစုတွေ စစ်ရေးအရ ဆူပွက်သဲသန် မနေဘဲ မဖြစ်နိုင်ပါဘူး။ ဒါကို ၂၀ ရာစုအကုန်နဲ့ ၂၁ ရာစုအဆန်း နိုင်ငံခြားတပ်ဝင်ရောက်စွက်ဖက်မှုရှိခဲ့တဲ့ နိုင်ငံ အားလုံးက သက်သေပြနေပါတယ်။ ဒါဆိုရင် ဗမာပြည်ကို အမေရိကန်တပ်တွေ ဝင်သင့်မသင့်၊ ဝင်ဖို့ အလားအလာ ရှိမရှိ၊ ဝင်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို ဆက်စဉ်းစားလို့ ရမယ်ထင်ပါတယ်။

ဒီတော့ ပြည်တွင်းမှာ စစ်ရေးအရ ဆူပွက်သဲသန်ဖို့ ဘာလုပ်ကြမလဲ။ ရှိနေတဲ့ တော်လှန်ရေးတပ်တွေဟာ နှစ် ၂၀၊ နှစ် ၅၀ တိုက်ခဲ့ကြပေမဲ့ ဘာမှဖြစ်မလာခဲ့ပါဘူး။ အမျိုးမျိုးသော အကန့်အသတ်တွေကို မကျော်နိုင်တဲ့အတွက် ဖြစ်ပါတယ်။ ဒါကြောင့် အင်အားသစ်တွေက စစ်ရေးလမ်းသစ်ကိုထွင်ရမှာဖြစ်ပါတယ်။ နိပေါနိုင်ငံမှာ မော်ဝါဒီတွေက ရေဆန်လေဆန် လမ်းကြောင်းသစ်ဖောက်ခဲ့လို့ အောင်ပွဲခံသွားပါတယ်။ ကိုဆိုဗိုမှာလည်း ကေအယ်လ်အေ သူပုန်တွေ က မြို့တွင်းပြောက်ကျားလမ်းသစ်ဖောက်ခဲ့လို့ တိုင်းပြည်ရသွားတယ်။ ရူမေးနီးယား နိုင်ငံမှာ တပ်မတော်က လမ်းသစ် ဖောက်လိုက်လို့ အာဏာရှင် ချောင်ချက်စကူး ကြိုးစင်ရောက်သွားတယ်။ ဖိလိပိုင်မှာတော့ ဗိုလ်ချုပ်ကြီးရားမို့စ်က လမ်းသစ်မဖောက်ရင် အကွီနိုတို့အတိုက်အခံတွေ မြေကြီးထဲ ရောက်သွားမှာဖြစ်ပါတယ်။ (ဗမာပြည်မှာတော့ ဗိုလ်ကြီး အုန်းကျော်မြင့်တို့ လမ်းသစ်ဖောက်ခဲ့ပေမဲ့ အားနည်းချက်တွေရှိလို့ မအောင်မမြင်ဖြစ်ခဲ့တယ်)

လမ်းကြောင်းကို အသေထားလို့ အကျိုးမရှိပါဘူး။ ဗမာပြည်မှာ အရင်ကလမ်းကြောင်းတွေ အသေကိုင် ခဲ့ကြတယ်။ ၈၈ မတိုင်ခင်က လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်း၊ ၈၈ နောက်ပိုင်းမှာ လူထုတိုက်ပွဲ လမ်းကြောင်း၊ အကြမ်းမဖက်တိုက်ပွဲလမ်းကြောင်းစသဖြင့် အသေကိုင်ခဲ့ကြတယ်။ ဘယ်သူမှ အလုပ်မဖြစ်ခဲ့ပါ။ ဒါကြောင့် နီပေါနိုင်ငံက မော်ဝါဒီတွေ၊ သီရိလင်္ကာက တမီးကျားတွေ၊ ကိုဆိုဗိုက ကေအယ်လ်အေတွေရဲ့ လမ်းကြောင်းကို လေ့လာအတုယူဖို့လိုသလို ရူမေးနီးယား၊ ဖိလိပိုင်၊ ဘော့စ်နီးယား၊ ပေါ်တူဂီတို့က တပ်မတော် တွေရဲ့ လမ်းကြောင်းတွေကိုလည်း အတုယူလျှောက်လှမ်းနိုင်အောင် ကြိုးစားရမှာဖြစ်ပါတယ်။ ။ ဒီထက်ပိုပြောလို့ မကောင်းပါဘူး။ နားလည်ယူ ကြိုးစားကြပါ။

3 comments:

Myo Win Zaw said...

geographically ရှုဒေါင့်က၀င် ဆွေးနွေးချင်ပါတယ် အီရန်၊ မြောက်ကိုးရီးယားတို့ နျူကလီးယားတွေနဲ့ ကမြင်းကြောထနေကြပေမဲ့ သူတို့ပြည်တွင်းမှာ ဆူပူတိုက်ခိုက် အပြန်အလှန်သတ်နေတာ မရှိတော့ အမေရိကန်လည်း ဝင်မစွက်ပါဘူး။ လေနဲ့ဘဲ အမြောက် ဖောက်နေပါတယ်။
ဆိုဒါမဟုတ်ပါ အမေရိကန်စစ်ရေးအရ ၀င်စွက်ဘက်ခြင်းဘက် ဒီနိုင်ငံတွေကိုဘဲ စွတ်ဖက်မှာပါ ဒီနိုင်ငငံတွေယာ အမေရိကန် အကျိုးစီးပွားနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ နိုင်ငံတွေဖြစ်ပါတယ် မြောက်ကိုးရီးယားထက်စာရင် အီရန်ကိုတောင် စစ်ရေးအရပိုပြီးစွပ်ဖက်ခြင်ပါတယ် ဘာလို့လဲဆိုတော့ ရေနံနဲ့ ဥရောပမဟာမိတ်တွေကို ပိုပြီးခြမ်းခြောက်နိုင်လို့ပါ အမေရိကန်ရဲ့ အစဉ်အလာ မဟာမိတ် အစ္စရေးကိုလဲ တိုက်ရိုက် ခြိမ်းခြောက်နေလို့ပါ နောက်တစ်ခု ဆော်ဒီအာရေဗျ အမေရိကန်ရဲ့ နှစ်ကာလရှည် အရှေ့အလယ်ပိုင်းရဲ့ မဟာမိတ် ဒီနိုင်ငံကဆွန်နီတွေကြီးစိုးတယ် အီရန်က ရှီရိုက်တွေနဲ့ မတည့်ဘူး အီရန် အီရတ် စစ်ပွဲဆိုတာ ဆွန်နီ ရှီရိုက် မွတ်စလင်ခြင်း အားပြိုင်ပွဲပါ historically ရန်သူတွေပါ စစ်အေးခေတ်အားပြိုင်ကြတာမဟုတ်ပါဘူး။ အီရတ်မှာခု ရှီရိုက်တွေအားကောင်းနေတယ် ဒါကို ဆွန်နီ ဆော်ဒီကနည်းနည်းမှကြည့်မရဘူး အီရတ်မှာ ဆွန်နီအားကောင်းရခြင်းကလည်း Majority ဖြစ်တာရယ် အီရန်မြှောက်ပေးတာကြောင့်ပါ မြောက်ကိုးရီးယားကိုကြည့်ရအောင် မြောက်ကိုးရီးယားဟာ တရုတ်နဲ့ ရုရှားတို့ရဲ့ အစဉ်အလာ မဟာမိတ်ပါ မြောက်ကိုးရီးယားကို အမေရိကန်ဝင်တိုက်လို့မရပါဘူး တရုတ်က ၀င်စွက်ဖက်မှာကြိမ်းသေပါတယ် မြောက်ကိုးရီးယားစစ်ပွကြိုကြည့်သိနိုင်ပါတယ် ၀င်စွက်ဖက်ဘူး ပြောလို့မရဘူး မြန်မာကိုဝင်ရင်တောင် အပေးအကမ်းလုပ်ရင် တရုတ်ဒီအတိုင်းထိုင်ကြည့်နေနိုင်တယ် မြောက်ကိုးရီးယားကြတော့ အ၀င်ကိုခံမှာမဟုတ်ဘူး နောက်အမေရိကန်ကိုယ်တိုင်လဲ မ၀င်ပါဘူး တည်ငြိမ်တဲ့ အရှေ့ပင်လယ် စီးပွားရေး (တောင်ကိုရီးယား၊ ဂျပန်) ကို ကမောက်ကမဖြစ်အောင်မလုပ်ပါဘူး မြောက်ကိုးရီးယားက စတိုက်မှသာတိုက်မယ့် သဘောဘဲရှိတဲ့ အင်အားချိန်ခွင်မျှအောင်သာ လုပ်ထားမှာပါ။

Myo Win Zaw said...

နီပေါနိုင်ငံက မော်ဝါဒီတွေ၊ သီရိလင်္ကာက တမီးကျားတွေ၊ ကိုဆိုဗိုက ကေအယ်လ်အေတွေရဲ့ လမ်းကြောင်းကို လေ့လာအတုယူဖို့လိုသလို
ဒါလည်းခုမကပြောသလို geographically ရှုဒေါင့်ကကြည့်ပါ နီပေါမော်ဝါဒီတွေဆိုတာ UWSA လိုဘဲ သူ့မှာကြားခံပေးထားတဲ့ တရုတ်က နောက်မှာရှိတယ် သိရိလင်္ကာ တမီလ်ကျားတွေဆို တာ သူ့နောက်မှာအလွန်ကျဉ်းတဲ့ ရေလက်ကြားဘဲခြားတဲ့ အိန္ဒိယ တမီလ်နာဒူးပြည်နယ်ကြီးရှိတယ် လူလိုလား ဖြည့်ပေးနိုင်တယ် လက်နက်နဲ့ငွေလိုလား တမီလ် သဌေးတွေ တမီလ်လက်နက်ကုန်သည်တွေရှိတယ် ဒါကြောင့် သီရီလင်ကာအစိုးရ ခုထိနိုင်အောင် မတိုက်နိုင်တာပါ တမီလ်နာဒူးပြည်နယ်ဆိုတာ အကြီးကြီးနော် လူဦးရေ ၀န်းနဲ့ချီတယ် ကိုယ်ပိုင်ပြည်နယ်အစိုးရရှိတယ် ပြည်နယ်မှာကိုယ်ပိုင် တမီလ်စကားကို ရုံးသုံးစကားသတ်မှတ်ထားတယ် အိန္ဒိယအစိုးရက သီရိင်္လကာပြည်တွင်းစစ်ကို အဆုံးသတ်အောင် လုပ်ပေးခြင်ပေမယ့် အကန့်အသတ်တွေရှိတယ် ရာဂျစ်ဂန်ဒီလက်ထပ်က အိန္ဒိယစစ်တပ် သီရိင်္လကာ မှာ တမီလ်ကျားတွေကို ၀င်တိုက်ဘူးတယ် တမီလ်နာဒူးပြည်နယ်မှာ အကြီးအကျယ်ကန့်ကွက်လို့ ပြန်ဆုတ်ပေး သွားရတယ် သီရိင်္လကာလူထုကိုယ်တိုင် ကန့်ကွက်လို့လဲပါတယ်။ ရာဂျစ်ဂန်ဒီ ကိုယ်တိုင် တမီလ်ကျားတွေရဲ့ လုပ်ကြံတာခံခဲ့ရတယ်

Myo Win Zaw said...

နောက်ကိုဆိုဗို ကိုဆိုဗိုမှာ လူများစုဟာ အိမ်နီးချင်းအယ်ဘေးနီးယားနဲ့ မျိုးနွယ်တူ အယ်ဘေးနီးယားတွေပါ အယ်ဘေးနီးယား အစိုးရကိုယ်တိုင် ကိုဆိုဗိုသူပုန်တွေကို ဗြောင်ထောက်ခံတာတွေ လုပ်ဘူးတယ် နောက်တစ်ခုက နေတိုး၊ အမေရိကန်ပြည်ထောင်စု နဲ့ ဥရောပသမဂ္ဂ က ဘောလ်ကန်ဒေသမှာ ရုရှားမျိုးနွယ်တူ ဆလပ်အမျိုးသားရေးဝါဒီတွေ အားကောင်းလာမှာကို သိပ်ကြည့်မရပါဘူး ဒီသုံးခုစလုံးမှာ နောက်မှာ geographicallyအရ background ရှိတယ် ကဲမြန်မာမှာရော