.

.

.

August 5, 2008

ပြည်သူသာ အမိ ပြည်သူသာ အဖ - အပိုင်း (၂)

ဆောင်းပါးရှင် - ဆရာဖုန်းမြင့်


ဆန္ဒပြပွဲများအနက် လူအစည်ကားဆုံးနေ့ကို ပြောပါဆိုလျှင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမည့် သြဂုတ်လ (၂၆) ရက် သောကြာနေ့ဟု ပြောရမည်ထင်သည်။ ဘာကြောင့်လဲဆိုတော့ ယင်းနေ့ မနက် (၅) နာရီလောက် ကတည်းက သိန်းသောင်းမကသော လူအုပ်ကြီးသည် ရွှေတိဂုံဘုရားလမ်းအတိုင်း အနောက်ဘက် မုခ်သို့ ချီတက်သွားကြသည်မှာ တနေ့လုံး မဆုံးနိုင်တော့၊ ကျွန်တော်တို့လည်း မနက် (၉) နာရီကျမှ တပ်ပြင်ထွက်ခွင့် ရသောကြောင့် ထိုအချိန်ကျမှ ယင်းဟောပြောမည့်နေရာသို့သွားရာ နဲနဲနောနော မဟုတ်သော ဧရာမလူအုပ်ကြီးကို တွေ့ရသည်။ တိုး၍ ပင်မပေါက်၊ ဤမျှကျယ်သောကွင်းပြင်ကြီးတွင်ပင် နေရာမဆန့်တော့ဘဲ လူများအပြင်သို့ ပြည့်လျှံထွက်ကာ လမ်းတခုလုံး ခြေချစရာမရှိလောက်အောင် ပြည့်နှက်နေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ရောက်သောအခါ ပရိတ်သတ်၏ သြဘာသံသည် နားကွဲတော့မလား ထင်ရအောင် ကျယ်လောင်ပြင်းထန်လှသည်။ ဒေါ်အောင်ဆန်းစုကြည် ဟောပြောစဉ်တွင် သဲသဲကွဲကွဲ မမြင်ရတော့ဘဲ အသံသာ ကြားနေရသည်။ များပြားလှသော လူအုပ်ကြီးကြောင့် အသံချဲ့စက်မြောက်များစွာ တပ်ထားပါလျက် မကြားတချက် ကြားတချက်ဖြစ်နေသည်။ လက်ခုပ်သံများကသာ ဖုံးလွှမ်းနေတော့သည်။ မှတ်မိလိုက်တာ တချို့ကတော့ “နိုင်ငံခြားသားနဲ့ အိမ်ထောင်ကျတာ ကလေးအတွက်ကြောင့် ကျမတိုင်းပြည်အပေါ် မှာထားတဲ့ မေတ္တာဟာ ဘယ်လိုနည်းနဲ့မှ ကျဆင်းမသွားနိုင်ပါဘူး၊ နိုင်ငံရေးနဲ့ ဝေးဝေးကင်းကင်း နေခဲ့ချင်ပေမယ့် ဒီအရေးအခင်းက တတိုင်းပြည်လုံးနဲ့ ဆိုင်တဲ့အရေးအခင်း ဖြစ်နေပါတယ်။ ကျမလည်း ဖေ့ဖေ့သမီးလုပ်နေပြီး ခေါင်းရှောင်နေလို့ မဖြစ်တော့ဘူး။ တကယ်တော့ ဒီအရေးအခင်းဟာ ဒုတိယလွတ်လပ်ရေးတိုက်ပွဲကြီး ခေါ်ရင်လည်း ဖြစ်ပါတယ်။” ဟူသော စကားသံများပင်ဖြစ်သည်။

စက်တင်ဘာ (၈) ရက်နေ့တွင် (လပထ) ပြုပြင်ထိန်းသိမ်းရေး လေတပ်စခန်း၊ မင်္ဂလာဒုံ မှ ပါဝင်လှုပ်ရှားရန် အခြေအနေ တရပ်က မမျှော်လင့်ဘဲ ဖန်တီးပေးလာသည်။ ထို့အတူ ကျွန်တော်လည်း ထိုဆန္ဒပြပွဲတွင် ပါဝင်လာရန် အခြေအနေက သူ့အလိုအလျောက် ဖန်တီးပေးလာသည်။ ထိုနေ့မနက်က ကျွန်တော်သည် ကာကွယ်ရေးဝန်ကြီးဋ္ဌာန ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) တွင် ရှိနေပါသေးသည်။ မနက် (၁၀) နာရီတွင် မင်္ဂလာဒုံတပ်နယ် လုံခြုံရေးတပ်ဖွဲ့များအတွက် အင်အားဖြည့် ရိက္ခာများသွားပို့ရန် အစီအစဉ်တရပ်ပေါ်လာသည်။ ထိုအဖွဲ့တွင် ကျွန်တော်လည်း ပါဝင်သည်။ (၅၀၂) လေတပ်စခန်းတွင် ရိက္ခာများ ချပြီးနောက် (လပထ) သို့ဝင်သည်။ ကျွန်တော်သည် ထိုတပ်လူပျိုဆောင်တွင် နေသောကြောင့် ရုံးချုပ်သို့ ပြန်လိုက်မသွားတော့။ ညနေ(၃) နာရီလောက်တွင် ထူးခြားမှု တရပ်ပေါ်ပေါက်လာသည်။ (ကျွန်တော်တို့ လူပျိုများနေသော မာဃဆောင် အပေါ်ထပ်မှ ကြည့်လိုက်လျှင် ပန်းခြံကုန်းရှိ ကားလမ်းကို အတိုင်းသား မြင်နေရသည်။) ရန်ကုန်မြို့တွင်း ဆန္ဒပြပြီး ထောက်ကြံ့၊ မှော်ဘီသို့ ပြန်လာကြသော ကားတန်းကြီးဆီမှ အော်ဟစ်ကြွေးကြော်သံ များ ကျယ်လောင်လှလေရာ ကျွန်တော်တို့ တဆောင်လုံး ထွက်ကြည့်ပြီး ကျယ်လောင်သော သြဘာလက်ခုပ်သံများ၊ လက်ခေါက်မှုတ်သံများဖြင့် အော်ဟစ်အားပေးကြသည်။ ထိုစဉ် လေ - (၁၃၈၅) ဒုဗိုလ်မှူးကြီးဇော်ဝင်း ဘယ်လိုက ဘယ်လို ရောက်လာသည်မသိ၊ “ဟေ့-ဘာလို့ လက်ခုပ်တီးကြတာလည်း မင်းတို့ကို ကောင်းကောင်းကျွေးထားတာ ကောင်းကောင်းနေကြ၊ ဆူဆူပူပူ မလုပ်နဲ့၊ အကုန်ဖမ်းချုပ်လိုက်မယ်” ဟု ပြောလိုက်ရာ ရဲဘော်အချို့ က “ကျုပ်တို့ ငတ်လို့ တပ်ထဲဝင်လာတာ မဟုတ်ဘူး၊ ဘွဲ့ရရင် ထွက်မယ့် ကောင်တွေ ချည်းဘဲ” ဟု ပြန်ပြောသည်။ ဇော်ဝင်းမှာ အလွန်ဒေါသထွက်သွားသော်လည်း များပြားလှသော လူအုပ်အရှိန်ကြောင့် ဘာမျှပြန်မပြောတော့ဘဲ ချာကနဲလှည့်ထွက်သွားသည်။ ရဲဘော်များ လုံးဝမကျေနပ်ကြ၊ နဂိုကတည်းက အခွင့်အရေးစောင့်နေကြသူများဖြစ်၍ မကြာမီပင် “ဒီမိုကရေစီ ရရှိရေး ဒို့အရေး၊ ဒို့အရေး”၊ “တပါတီစနစ် အလိုမရှိ”၊ “ဒို့ရဲဘော်တွေ ညီရဲ့လားဟေ့-ညီတယ်ဟေ့၊ ညီတယ်ဟေ့” စသဖြင့် အော်ဟစ်ပါတော့သည်။



မကြာမီပင် ရဲဘော် (၂) ယောက်အချုပ်ခံရရာ မကျေနပ်မှုများ ပိုမိုပြင်းထန်လာသည်။ ရဲဘော်များ ဘာလုပ်ကြမည်ကို တိုင်ပင်ကြလေပြီ၊ ညနေ ခြောက်နာရီခွဲလောက်တွင် ဇော်ဝင်း ထပ်ရောက်လာပြီး အဆောင်မှူး တပ်ကြပ်အောင်စည်ရှိရာ မာဃဆောင် အခန်း(၁) သို့သွားပြီး ပြစ်တင်ကြိမ်းမောင်းခြင်းနှင့် ညွှန်ကြားချက်များ ပေးနေသည်မှာ မဆုံးတော့၊ ရဲဘော်များကလည်း သူဝင်လာကတည်းက အောင်ဆန်း ဆောင်ရှိ ရဲဘော်များကို သွားစည်းရုံးထားပြီး စီစဉ်မှုများ ပြုလုပ်ထားသည်။ (အချိန်က ည(၇)နာရီ ကျော်ပြီဖြစ်၍ မှောင်နေသည်။ အဆောင်မီးနှင့် ကော်ရစ်ဒါမီးများကို ထွန်းထားသည်။) ရဲဘော်များ အားလုံး အင်္ကျီချွတ်၊ ကတောင်းကျိုက်ထားကြပြီး အခန်း(၁၀) အပြင်ဘက် ကော်ရစ်ဒါတွင် အသင့် စောင့်နေကြသည်။ သူထွက်လာပြီဖြစ်ကြောင်း ရဲဘော်တယောက်က အချက်ပြလိုက်သည်နှင့် ရှိသမျှ မီးများ မှိတ်သွားပြီး တပြိုင်နက်တည်း တုတ်၊ ခဲ ပစ်ပေါက်သံနှင့်အတူ “တပါတီစနစ်အလိုမရှိ၊ ဒီမိုကရေစီ ရရှိရေး ဒို့အရေး၊ ဒို့အရေး”၊ “ငဖားဇော်ဝင်း အလိုမရှိ”၊ “ဖမ်းချုပ်ထားသူ အကုန်လွှတ်” စသဖြင့် အော်ဟစ်သံများ ပွက်လော ရိုက်ဆူညံ သွားသည်။ ဇော်ဝင်းလည်း အလွန်ထိတ်လန့်သွားကာ အပြင်သို့ အမြန်ထွက်သွားသည်။ ခဏအကြာတွင် အင်အား(၃၀၀) နီးပါးရှိ ကျွန်တော်တို့ ရဲဘော်ထုကြီးသည် အချုပ်ခန်းသို့ သွားဝိုင်းရန်နှင့် အိမ်ထောင်သည် လိုင်းသို့ ချီတက်ရန် ကြွေးကြော်သံများဖြင့် ထွက်လာကြပါပြီ။ (၅) မိနစ်ပင် မကြာလိုက် ထမင်းစားဆောင်ဘက် အရောက်တွင် ဓာတ်မီးရောင်လက်ကနဲ မြင်ရသဖြင့် “ဟေ့ ဘယ်ကောင်လဲ မီးထိုးတာ၊ အခုပိတ်” ဟု ပြောရင်း ရှေ့သို့ ပြေးတက်သွားကြရာ “ဟေ့ ဒုဗိုလ်မှူးကြီး ဇော်ဝင်းပါကွ၊ မင်းတို့ ဒေါသသိပ်မကြီးကြနဲ့၊ ပြေပြေလည်လည် ရှင်းကြတာပေါ့” ပြောသံကြားရာ “ဟေ့ကောင် ဇော်ဝင်း၊ မင်းအသံ မကြားချင်ဘူး၊ အခု တို့ရှေ့က ဖယ်စမ်း” ဟု ပြောရင်း ရှေ့တက်သွားစဉ် “နေပါအုံး ကိုယ်ပြောတာလည်း နားထောင်ပါအုံး၊” ဆိုသော အခြားအသံတခုကို ကြားလိုက်ရာ ဒုဗိုလ်မှူးကြီး ခင်မောင်မြင့် (စာကလေး)မှန်း ကျွန်တော်တို့ ချက်ချင်း သိလိုက်သည်။ ရဲဘော်များ ခေတ္တငြိမ်သွားခိုက် “မင်းတို့ ဘာဖြစ်ချင်သလဲ ပြေလည်အောင် လုပ်ပေးမယ်၊ အေးအေးဆေးဆေး ပြောကြတာပေါ့” ဟု ပြောသည်။ “ချုပ်ထားတဲ့ ရဲဘော်(၂) ယောက်ကို အခုလွှတ်ပေးပါ။ ကျွန်တော်တို့ အခု ချီတက်ဆန္ဒပြမယ်” ဟု ပြောရင်းဆိုရင်း ကြွေးကြော်သံများ အော်ဟစ်ပါတော့သည်။ စာကလေးက “ဟေ့ မင်းတို့ ပြောမရဘူးလား၊ ဒီမှာ ဒီမိုကရေစီဆိုတာ ဘာလဲဆိုတာကော သိကြရဲ့လား” ဟုပြောသောအခါ ရဲဘော်များ အလွန်ဒေါသထွက်သွားကြပြီး “ဟေ့ ဆယ်တန်းအောင်ပြီးလို့ ဒီတပ်ထဲဝင်လာတာကွ၊ မင်းထက် နားလည်တယ်၊ ဟေ့ ကြာတယ် ရဲဘော်တို့ ချီတက်ကြမယ်” ဟု ပြောပြောဆိုဆို ချီတက်မည်အလုပ် ကားမီးရောင်မြင်သဖြင့် “ဟေ့ ဘာလို့ မီးဖွင့်တာလဲ” ဟု ပြောရင်း ကားဆီသို့ ပြေးတက်သွားသည်။ ကားလည်း မီးမှိတ်သွားပြီ “ရဲဘော်တို့ ခဏလေး သည်းခံပြီး နားထောင်ကြပါ။” ဟု အသံကြားသဖြင့် စခန်းမှူး ဗိုလ်မှူးကြီး ချစ်သန်းမှန်း သိလိုက်ကြသည်။ “မင်းတို့ရဲ့ အသံကို အဝေးကြီးကကြားနေရတယ်။ ကဲ မင်းတို့ ဘာလုပ်ချင်ကြသလဲ”။

“စခန်းမှူး ဖမ်ထားတဲ့ ရဲဘော်(၂) ယောက်ကို အခုချက်ချင်းလွှတ်ပေးပါ၊ ကျွန်တော်တို့ တညလုံး စခန်းကို ပတ်ပြီး ဆန္ဒပြမယ်။ မနက်မြို့ထဲထွက်ပြီး ချီတက်ဆန္ဒပြမယ်။ ကျွန်တော်တို့ကို မနှောင့်ယှက်ပါနဲ့”၊ “အေး မင်းတို့ကို ငါနားလည်ပါတယ်၊ မင်းတို့ကိုလည်း လေးစားပါတယ်၊ င့ါစကားကို နားထောင်ကြပါ။ အခုလောလောဆယ် အဆောင်ပြန်ပြီး အေးအေးဆေးဆေး အနားယူကြပါ။ မင်းတို့ ဘာအန္တရာယ်မှ မဖြစ်ဖို့ ငါတာဝန်ယူတယ်၊ မင်းတို့ ဖြစ်ချင်တာတွေ ဖြစ်အောင် လုပ်ပေးမယ်လို့ ငါကတိပေးတယ်။” ဟုပြောရာ “စခန်းမှူး တကယ် တာဝန်ယူသလား၊ ကျွန်တော်တို့ကို အချိုသိပ်ဖို့တော့ မကြိုးစားပါနဲ့၊ အခုနေမှာ ကျွန်တော်တို့ ဘာကိုမှ မကြောက်ဘူး။ ဘာကိုမှလည်း ဂရုမစိုက်ဘူး။” တိုတို ပြောရလျှင် စခန်းမှူးနှင့် တော်တော်ကြာ ညှိနှိုင်း ပြောဆိုပြီးနောက် ကျွန်တော်တို့ အဆောင်သို့ ပြန်ရောက်လာကြသည်။ သို့သော်လည်း ကျွန်တော်တို့ အေးအေးဆေးဆေး အနားယူကြသည်တော့မဟုတ်၊ မာဃဆောင် အခန်း (၄)တွင် အားလုံးစုရုံးတိုင်ပင်ကြသည်။

“ဟေ့ ငါတို့တော့ စခန်းမှူးစကားကို မယုံဘူး၊ ဒီပြဿနာ မသေးဘူး၊ ဟိုကောင် ဇော်ဝင်းနဲ့ စာကလေး အန္တရာယ် ကလည်း မသေးဘူး၊ ငါတို့ကို ဒုက္ခပေးမှာ သေချာတယ်။ ဒီတော့ ငါတို့ ဘာဆက်လုပ်ကြမလဲ၊ ကျောင်းသားသမဂ္ဂ နဲ့လည်း ဆက်သွယ်ထားပြီဆိုတော့ ဖြစ်ချင်ရာ ဖြစ်ကွာ ရှေ့ဆက် ကြမ်းဖို့ဘဲ ရှိတော့တယ်” ဟု ဒုတပ်ကြပ် သန့်စင်က ပြောသည်။ ထိုအချိန်တွင် ဂျူတီပို့စ် အသီးသီးတွင် လုံခြုံရေးတာဝန်ယူနေကြသော ရဲဘော်များ ရောက်လာကြပြီး ” ဟေ့ မင်းတို့ အော်သံတွေ၊ အိမ်ထောင်သည် လိုင်းထိတောင် ကြားရတယ်၊ ဟိုမှာ အကုန်လှုပ်လှုပ်ရွရွ ဖြစ်ကုန်ပြီ၊ မင်းတို့နဲ့လာပေါင်းဖို့တောင် လုပ်နေတာ၊ ဟေ့ မင်းတို့ လုပ်ချင်တာ လုပ်သာလုပ်၊ နောက်ဆုတ်ဖို့ စိတ်မကူးကြနဲ့၊ ငါတို့ အကုန် တာဝန်ယူတယ်။ ဂျူတီပို့စ်တိုင်းမှာ သေနတ်မောင်းတင်ပြီး အဆင်သင့် ပြင်ထားကြပြီ၊ ၀င်လာတဲ့ ကောင်မှန်သမျှ အကုန်ရှင်းပစ်မယ်။” ဟု နေဒွန်းအောင်က ပြောသည်။ လက်နက်တိုက်တာဝန်ခံ တင်ဦးကလည်း “ဟေ့ လက်နက်တိုက် အဆင်သင့်ဖွင့်ထားပေးမယ်။ ကြိုက်တဲ့ လက်နက်သာ ယူထုတ်ပေတော့၊ အရေးကြုံရင် လက်မနှေးကြစေနဲ့” ဟု ပြောသည်။ အမှတ် (၁) ဗဟိုဂိတ်တွင် တာဝန်ကျသော တပ်ကြပ်မြင့်အောင်က “စခန်းမှူးကား ဂိတ်ဝ ၀င်လာတော့ ဂိတ်ဖွင့်မပေးဘဲ အားလုံးသေနတ်တွေနဲ့ ချိန်ထားပြီး စခန်းမှူး ရဲဘော်တွေကို ဒုက္ခမပေးဘူးလို့ ကတိပေးပါ၊ ရုတ်ရုတ် ရက်ရက် ဖြစ်ရင် ဒီမှာတွေ့လား၊ အတွဲလိုက် ဖြုတ်ပစ်လိုက်မယ်၊ ပြောတော့ စခန်းမှူးတော်တော်ဖြုံသွားတယ်။ သူ့ဆီက ကတိရမှ ဂိတ်ဖွင့်ပေးလိုက်တယ်။” (ဂျူတီပို့စ် အသီးသီးမှ ရဲဘော်များသည် အစောကြီးကတည်းက အခြေအနေ အရပ်ရပ်ကို သိထားကြပြီး လူတိုင်းဒေါသထွက်ကာ မကျေမနပ် ဖြစ်နေကြသည်။) တပ်ကြပ်တင်ကြိုင်က “စခန်းမှူးက ဘယ်လောက်တာဝန်ယူတယ်ပြောပြော ခင်ဗျားတို့လည်း တပ်ထဲကြာပြီဘဲ၊ စစ်တပ်အကြောင်း သိပါတယ်။ ဒီတော့ ကျွန်တော်တို့ မနက်ဖြန် စောစော မြို့ထဲထွက် ချီတက် ဆန္ဒပြကြမယ်။ ပြည်သူတွေနဲ့ ပူးပေါင်းမယ်။ ကျွန်တော်တို့ ပြည်သူတွေရဲ့ အမုန်းမခံနိုင်ဘူး၊ အားလုံးရဲ့ ဆန္ဒဘယ်လိုရှိသလဲ” ဟုပြောရာ အထွေအထူး စည်းရုံးရန်ပင်မလို၊ နဂိုကမှ အခွင့်အရေး စောင့်နေသူများမို့ မနက်စောစော ထွက်ရန် အတည်ပြုလိုက်ကြသည်။ တစ်ညလုံး ဘယ်သူမှ မအိပ်လိုက်ရပါ။ ပြင်ဆင်စရာရှိတာ ပြင်ဆင်ကြရင်း၊ သတိလည်း ထားကြရင်း၊ တင်းပြည့်ပါတီကဒ်များကိုလည်း မီးရှို့ဖျက်ဆီးကြရင်း၊ မနက် (၄) နာရီတွင် (စိတ်မ၀င်စားသူ၊ ရှောင်လိုသူ၊ စိုးရွံသူ၊ စာကလေး၊ ဇော်ဝင်းတို့ ရဲ့ အတွင်းလူများမှအပ) အားလုံး အဆင်သင့် ဖြစ်နေကြပြီ။ တပ်ကြပ်တင်ကြိုင်ဦးဆောင်သော ဆန္ဒပြစစ်ကြောင်းသည် လုံခြုံရေးစစ်သားများရှိရာ BCMP ဂိတ်ကို ကွင်းပြီး တပ်အနောက်ဘက်မှ ထွက်ကာ ခပ်တည်တည် ချီတက်ကြပါတော့သည်။ အားလုံး အင်အား (၂၀၀)၊ အချိန်က စက်တင်ဘာလ (၉) ရက်၊ သောကြာနေ့ နံနက် (၀၄း၃၀)နာရီ။



စစ်စောင်ကြား အစိမ်းပေါ်တွင် (ပြုပြင်ထိန်းသိမ်းရေး လေတပ်စခန်း မင်္ဂလာဒုံ) ဟူသော ဆိုင်းဘုတ်ကိုင်၍ တိတ်ဆိတ်စွာ ချီတက်လာသော စစ်ကြောင်းသည် စော်ဘွားကြီးကုန်းထိပ်ရောက်သည်နှင့် “ဒီမိုကရေစီ ရရှိရေး ဒို့အရေး၊ ဒို့အရေး”၊ “တပါတီစနစ် ဖျက်သိမ်းပစ် ဖျက်သိမ်းပစ်”၊ “ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး”၊ “ဒို့ရဲ့ သွေးတွေ နီရဲ့လားဟေ့၊ နီတယ်ဟေ့ နီတယ်ဟေ့” ဆိုသော ကြွေးကြော်သံများကို အော်ဟစ်လိုက်ရာ ပထမတော့ လူတွေ ကြောင်ကြည့်နေကြသည်။ (မိုးလင်းစဖြစ်၍ လူတွေ သိပ်အပြင်မထွက်ကြသေး၊ အချို့ဆိုင်ဖွင့်စ၊ အချို့အိမ်တံခါးများဖွင့်စ၊ အချို့ မျက်နှာသစ်စ ရှိသေးသည်။) ကျွန်တော်တို့ လမ်းထဲသို့ ၁၀ ကိုက် ၁၅ ကိုက်ခန့်ဝင်မိမှ သက်ဝင်လှုပ်ရှားလာကြသည်။ အိမ်အပြင် တံခါးဝတွင် ရပ်နေသော အသက်(၅၀) ကျော်ရှိ အဘကစတင်၍ “ဟာ ဟေ့ ဒါမှ ဒို့ တပ်မတော်ကွ ဒို့တပ်မတော်” ဟု ကျယ်လောင်စွာ အော်ရင်း အိမ်ပေါ်မှ ပြေးချလာကာ ရှေ့မှ ရဲဘော်တဦးကို ပြေးဖက်သည်။ မကြာပါ၊ အိမ်တိုင်း အိမ်တိုင်းမှ ၀မ်းသာအားရ အော်ဟစ်ပြေးထွက်လာရင်း လက်ခုပ်သြဘာပေးကြသည်။ အဖွားအရွယ် တယောက်ကလည်း “ ၀မ်းသာလိုက်တာ ၀မ်းသာလိုက်တာ ဒါမှ ငါ့သားတွေ” ဟု ပြောရင်း မျက်ရည်များ စီးကျလာသည်ကို မျက်ဝါးထင်ထင် တွေ့လိုက်ရသည်။ ကျွန်တော်တို့လည်း ပြည်သူတို့၏ လှိုက်လှဲစွာ ကြိုဆိုမှုကို မဖော်ပြနိုင်လောက်အောင် ကြည်နူးဝမ်းသာမိကြသည်။ ဒီလို ချီတက်လာရင်း အင်းစိန်ရန်ကုန်လမ်းမကြီးပေါ်သို့ ခြေချမိကြပြီ။ (လမ်းကျယ် ဖြစ်သောကြောင့်) ပထမတော့ လူတွေ ခပ်ဝေးဝေးမှသာ လက်ခုပ်သြဘာ ပေးကြသည်။ နောက်ဘယ်လိုက ဘယ်လို အနားရောက်လာကြသည်မသိ၊ လမ်းတဖက် တချက်တွင်လူတွေ ပြည့်လာသည်။ အချို့ ကိုယ်ပိုင်ကားစီးသူများက ကားကိုရပ်ပြီး ကျွန်တော်တို့ နီးလာတော့မှ ကားထဲမှထွက်ပြီး လှိုက်လှဲဝမ်းသာစွာ နီးစပ်ရာ တယောက်ချင်းကို လက်ဆွဲနှုတ်ဆက်ကြိုဆိုသည်ကို ထူးကဲစွာကြုံတွေ့ရသည်။ သပိတ်နားသည့် နေ့လား၊ စောသေးလို့လားမသိ၊ လမ်းအပေါ်တွင် ချီတက်လာသည်မှာ ကျွန်တော်တို့ လေတပ်တစ်ဖွဲ့တည်းသာ ထူးထူးခြားခြား ဖြစ်နေသည်။ ကျွန်တော်တို့ကို ၀မ်းသာအားရခုန်ပေါက် ကြိုဆိုနေသော လူထုကြီးသည် လမ်းဘေးဝဲယာ တဖက်တချက်တွင် ပြည့်ကြပ်ညှပ်နေသည်။ (ပိုပြောသည် မထင်လိုက်ပါနှင့်၊)၊ သြော်....စစ်သားချင်း တူပေမဲ့ ပြည်သူကြည်ဖြူသည့်သူနှင့် မကြည်ဖြူသည့်သူ မည်သို့ ကွာခြားသွားသည်ကို မျက်ဝါးထင်ထင် တွေ့လိုက်ရပါကလား။ ကမာရွတ် မြို့နယ်ထဲ ၀င်လိုက်သည်နှင့် ကျွန်တော်တို့ကို ပန်းစည်းများနှင့် ကြိုဆိုနေသော တက္ကသိုလ်ကျောင်းသူ ကျောင်းသားအုပ်ကြီးကို လမ်းဘေးဝဲယာ တဖက်တချက်တွင် တွေ့လိုက်ရသည်။ ချက်ချင်းဆိုသလို ၀ဲယာ တဖက်တချက်မှ ကျောင်းသူ များက အတွင်းစည်း ကျောင်းသားများက အပြင်စည်းယူလျက် လက်ချင်းဆက်ကာကျွန်တော်တို့ ရဲဘော် တတွေကို အလယ်မှ လိုက်ပါစေပြီး မန္တလေးဆောင် ရောက်သည်အထိ စောင့်ရှောက်ခေါ်ဆောင်သွားကြသည်။ ကျွန်တော့် စစ်သက် တလျှောက် သည်လိုကြိုဆိုမှုမျိုး မကြုံဖူးခဲ့။ မိုးဟိန်း၊ မိုးသီးဇွန် နှင့် အခြား အမည်မသိ ကျောင်းသားခေါင်းဆောင်များက တစ်ဦးပြီးတစ်ဦး စင်မြင့်ပေါ်တက်ကာ ကျွန်တော်တို့ ပူးပေါင်းလာသည့်အတွက် မည်မျှအားတက်ဝမ်းသာသည်တို့ကို မငြီးငွေ့အောင် ပြောသွားနိုင်သည်။ ပြည်သူအားလုံး တပ်မတော် (လေ) နှင့်အတူ ချီတက်ဆန္ဒပြကြရန်လိုက်လံနှိုးဆော်နေပြီဖြစ်ကြောင်း ပြောသည်။

မကြာခင် သတင်းထောက်များနှင့်အတူ ဦးတင်ဦး (NLD)၊ ဦးအောင်ကြီးတို့ ရောက်လာကြပြီး ၀မ်းသာအားရ စကားပြောသည်။ ဒါရိုက်တာ မောင်တင်ဦးက မှတ်တမ်းတင်ဗွီဒီယို ရိုက်ကူးသည်။ (၁၀) နာရီခန့်တွင် ချီတက်ဆန္ဒပြရန် စတင်ပါတော့သည်။ မိန်းတံခါးဝရောက်သည်နှင့် ကျောင်းသူကျောင်းသားများနှင့် ကြိုတင်စောင့်ဆိုင်းနေကြသော လမ်းအပြည့် လူထုကြီးသည် အလွန်ကျယ်လောင်သော သြဘာလက်ခုပ်သံ နှင့်အတူ “ဒါမှ ဒို့တပ်မတော် (လေ) ကွ” ဟု အော်ဟစ်ကြသည်။ လှည်းတန်း၊ ကြည့်မြင်တိုင်၊ အလုံ၊ ဗိုလ်ချုပ်လမ်းအတိုင်း ချီတက်ရာ လမ်းတလျှောက်လုံးတွင် ကျွန်တော်တို့ကို ကြိုဆိုနေကြသော ပြည်သူလူထု ကြီးသည် ဘယ်နေရာ ရောက်ရောက် ပြည့်ကြပ်ညှပ်ကာ ၀မ်းပန်းတသာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေကြသည်မှာ မကြုံစဖူး ထူးကဲလှပေသည်။ ချီတက်လာသော ကျွန်တော်တို့ ရဲဘော်အားလုံးသည် သွေးပင်လယ်ဝေခဲ့သည့် ရှစ်လေးလုံး အရေးအခင်းကြောင့် စစ်သားဆို ရေပင် စစ်မသောက်ချင်လောက်အောင် အရွံကြီးရွံ အမုန်းကြီးမုန်း ဝေးဝေးက အရှောင်ကြီး ရှောင်ခဲ့သည့် ပြည်သူလူထုကြီးသည် ယခုကဲ့သို့ ချီတက်ရာ လမ်းတလျှောက် လုံး ပြည့်ကြပ်ညှပ်ကာ အောင်သပြေပန်းများနှင့် ၀မ်းပန်းတသာ လှိုက်လှိုက်လှဲလှဲကြီး ကြိုဆိုကြလိမ့်မည်ဟု လုံးဝ လုံးဝကို မထင်ရေးချမထင်ခဲ့ပါ။ ယခုတော့ အထင်နှင့်အမြင် တခြားစီပါလား၊ အခြားနားကြီး ခြားနားနေပါလား။ ကျွန်တော်သည် မြစိမ်းရောင်နှင့် ရွှေဝါမြေ စစ်ဆင်ရေး အကြိမ်ကြိမ်သွားဖူးပြီး လူထု၏ ကြိုဆိုမှုကို အကြိမ်ကြိမ် ခံရဖူးသည်။ သို့သော် လှိုက်လှဲမှုမရှိ၊ တော်လှန်ရေး ပရိတ်များကို နင်းဘူးသည်။ လှိုက်လှဲစွာ ကြိုဆိုမှုရှိသော်လည်း ဤကဲ့သို့ ကြီးကြီးကျယ်ကျယ် လှိုက်လှိုက်လှဲလှဲ၊ ၀မ်းပန်းတသာ ဖက်လှဲတကင်း မကြုံဘူးခဲ့၊ ဤကဲ့သို့လည်း ချမ်းမြေ့ကြည်နူးမှု အထွတ်အထိပ်မရောက်ဘူးခဲ့၊ တပ်မတော် (လေ) သည် စစ်အာဏာရှင်လက်အောက်က လက်ရုံးတပ် တစ်တပ်ပေမို့ ကျောင်းသားပြည်သူတရပ်လုံးက အမုန်းကြီး မုန်း အရွံကြီးရွံ အနာကြီးနာသင့်ပါလျက် တဖက်စောင်းနင်း တဖက်သတ်ခံထားရပါလျက် ယခုကဲ့သို့ နွေးထွေးပျူငှာစွာ ကြိုဆိုလာသော ပြည်သူလူထုကြီး၏ မေတ္တာတရားသည် တုနှိုင်းဘွယ်ရာ မရှိအောင် ကြီးမားလှပါသည်။



အမိရင်ခွင်အတွင်းခိုဝင်လာသော သားသမီးမှန်သမျှကို အယုတ်အလတ် အမြတ်မရွေး အကြင်နာတရား အစဉ် ဖုံးလွှမ်းထားသော မိခင်၏ မေတ္တာနှင့် ထပ်တူပါလား၊ (အမှန်အတိုင်း ပြောရလျှင်) ကျွန်တော်အလွန်ချစ်သော ကျွန်တော့် မေမေ သေဆုံးစဉ်ကပင် မငိုခဲ့သော ကျွန်တော်သည် ယခုတော့ ၀မ်းသာကြည်နူးမှုဖြင့် မျက်ရည်ရစ်ဝဲ ကျဆင်းခဲ့ရပြီ။ ညနေ (၃) နာရီခန့်တွင် မဟာဗန္ဓုလပန်းခြံအတွင်းသို့ ရောက်ရှိတထောက်နားကာ ပြည်သူတို့ကျွေးသော ဒန်ပေါက်ထမင်းနှင့် အအေးပုလင်းများကို အရသာရှိစွာ စားသောက်ကြပါသည်။ ထိုသို့ စားသောက်နေစဉ် စာရေးဆရာ မောင်သော်က (ဗိုလ်မှူးဘသော်) နှင့် အဖွဲ့ရောက်လာပြီး ကျွန်တော်တို့ကို ဂုဏ်ပြုစကားပြောသည်။ ထိုစဉ် မမျှော်လင့်ဘဲ တပ်ကြပ်ကြီး ဒေါ်နုနုအေးကို တွေ့လိုက်ရသဖြင့် “ ဟာ မာမီ ဘယ်လိုက ဘယ်လို ရောက်လာတာလဲ” ဟု အံ့သြစွာ မေးမိသည်။ “ငါလည်း ရပ်ကွက်ထဲမနေရဲလို့ (လပထ) အိမ်ထောင်သည်လိုင်းမှာနေတာ တစ်ပတ်လောက်ရှိပြီ၊ ညက နင်တို့ အော်နေတာ လိုင်းထဲမှာ အတိုင်းသား ကြားနေရတယ်။ လိုင်းတခုလုံး ဆူပွက်နေတာဘဲ၊ နင်တို့အတွက်လည်း စိတ်ပူနေကြတယ်။ မနက်ကျတော့ ရုံးသာတက်ခံရတယ်၊ လုံးဝစိတ်မပါဘူး၊ ကားပေါ်မှာ ကျော်ရီက နင်ဆန္ဒပြတဲ့အထဲ ပါသွားပြီဆိုတာ ပြောပြတယ်။ ရုံးရောက်တာနဲ့ ငါလည်း ယူနီဖောင်းလဲပြီး နင်တို့ဆီ တန်းလိုက်လာတာဘဲ၊ ဟိုဘက်မှာ ဒို့ဌာနက ထွန်းရွှင်တို့၊ ကိုကိုနိုင်တို့ အုပ်စုလည်းပါတယ်။” ကာကွယ်ရေးဝန်ကြီးဋ္ဌာနတခုလုံးတွင် ကျွန်တော်တို့ ကက (လေ) တစ်ဖွဲ့သာ ထူးခြားစွာ ထွက်ပေါ်လာခြင်းဖြစ်သည်။ ပို၍ ထူးခြားတာက တပ်ကြပ်ကြီး ထွန်းရွှင်အပါအ၀င် (၄) ယောက်သည် ကက (လေ) ဗဟိုဆက်သွယ်ရေးမှ ၀ါရင့်ဆက်သွယ်ရေးသမားများ ဖြစ်ကြသဖြင့် လေတပ်တခုလုံး၏ ထိန်းချုပ်ဆက်သွယ်ရေးလုပ်ငန်းများ ကသိကအောက် ဖြစ်ခဲ့ရသည်။ ခဏအကြာတွင် ကျောင်းသားသမဂ္ဂအဖွဲ့ နှင့် ရဟန်းပျိုသမဂ္ဂအဖွဲ့တို့မှ ကျွန်တော်တို့၏ လုံခြုံရေး၊ နေထိုင်ရေးအတွက် ဆွေးနွေးကြသည်။ နောက်ဆုံး သရက်တောကျောင်းတိုက်တွင် သပိတ်စခန်းဖွင့်ရန် အတည်ပြုလိုက်သည်။ ကျွန်တော်တို့ သရက်တော ကျောင်းတိုက်သို့ ရောက်ရှိချိန်တွင် နဲနဲနောနော မဟုတ်သော လူထုကြီးက စောင့်ကြိုနေသည်။ ကျွန်တော်တို့ တန်းစီဝင်လာသောအခါ အသက်(၅၀) ကျော် ရည်ရည်မွန်မွန် အန်တီတယောက်နှင့် သူ၏နောက်မှပါလာသော အမျိုးသမီးတစုက လှိုက်လှိုက်လှဲလှဲ ကြိုဆိုပြီး ကျွန်တော်တို့ အတွက်ဆိုကာ အင်္ကျီလုံချည်နှင့် လိုအပ်သော အသုံးအဆောင် ပစ္စည်းများကို တစ်ဦးချင်း လိုက်လံဝေငှသည်။ အခြားအဖွဲ့အစည်း အသီးသီးမှလည်း ထို့အတူပင်။ စားသောက်ရေးအတွက် ကျောင်းသားကျောင်းသူများ ဦးစီးပြီး ကျွန်တော်တို့အတွက် စီမံခန့်ခွဲပေးသည်။ ကျွန်တော်တို့သည် ဘုရင့်နောင်ထုံး နှလုံးမူ၍ တပ်နှင့်လုံးဝ အဆက်ဖြတ်လိုက်ပြီး အခိုင်အမာ သပိတ်စခန်းအဖြစ် အတည်ပြုလိုက်သည်။ ကျွန်တော်သည် (ကကလေ) မှ ဖြစ်သော်လည်း ကက (လေ) နှင့်အတူ မနေ၊ (လပထ) လူပျိုဆောင်တွင် အနေကြာခဲ့သော ကျွန်တော်သည် (လပထ) အဖွဲ့နှင့်ပင် သွားအတူ လာအတူ စားအတူ ဖြစ်နေသောကြောင့်စခန်းချသော အခါတွင်လည်း (လပထ)အဖွဲ့နှင့်ပင် အတူနေ အတူချီတက် ဆန္ဒပြခဲ့သည်။ (၁၀) ရက်နေ့ မနက်(၈) နာရီတွင် ကျွန်တော်တို့ အုပ်စု (လုံခြုံရေး တပ်စုတစ်စုချန်၍) ချီတက်ဆန္ဒပြရန် ပြင်ဆင်ကြသည်။ ထိုစဉ် တပ်ကြပ်တင်ကြိုင် ၀င်လာပြီး ဒေါ်အောင်ဆန်းစုကြည် ပို့လိုက်သော ဂုဏ်ပြုသ၀ဏ်လွှာကို ဖတ်ပြသည်။ ထိုသ၀ဏ်လွှာတွင် “ထိုသို့ ပြည်သူ့ရင်ခွင် ခိုဝင်လာပြီး ပြည်သူနှင့်အတူ ပူးပေါင်းလိုက်သည့်အတွက် အလွန်တရာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် ထိုသို့ ဆန္ဒပြရာတွင် လက်နက်ကိုင် လုံးဝမပါစေဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြရန်” တို့ ပါဝင်သည်။ (၁၁) ရက်နေ့ မနက်တွင် အိမ်ထောင်ရှင်မ အသင်းမှ စပါယ်ရှယ် မုန့်ဟင်းခါး ချက်ယူလာပြီး ရဲဘော်များကို ကိုယ်တိုင် ကျွေးကြသည်။ အဖွဲ့အစည်းအသီးသီးမှ လာပို့ကြသည့် အင်္ကျီလုံချည်၊ စီးကရက်၊ ဆေးပေါ့လိပ်၊ မုန့်မျိုးစုံတို့ကလည်း အလျံပယ်ပင်။ ပြည်သူတရပ်လုံး၏ ကျေးဇူးတရားသည် ကြီးမားလှဘိသည်။ မနက်(၉) နာရီခန့်တွင် ကျွန်တော်တို့ ချီတက်ကြပြီး အပြန်တွင် ရန်ကုန်ဆေးရုံကြီးရှိ သပိတ်စခန်းသို့ သွားရောက်ကာ ဟောပြောပွဲများကို နားထောင်သည်။ ဆေးရုံကြီး ကွင်းပြင်တခုလုံးနှင့် အပေါ်ထပ် အောက်ထပ် တခုလုံး လူများ ပြည့်ကျပ်ညှပ်နေသည်။ ရှေ့နေကြီးများအသင်းမှ ဥပဓိရုပ်ကောင်းကောင်း ရှေ့နေတယောက် ကလည်း အာဝဇ္ဇန်း ရွှင်ရွှင်ဖြင့် ပြောသွားသည်မှာ ပျင်းရိဘွယ်မရှိ ၊ လူတွေ တ၀ါးဝါး တဟားဟားပင်၊ နောက်တဖွဲ့ စင်ပေါ်သို့ တက်လာပြန်သည်။ မိုးဟိန်းနှင့် မိုးသီးဇွန်း တို့ပင်၊ မိုးသီးဇွန်က သူတို့၏ တောင်းဆိုမှု များကို ဖော်ပြသည်။

သူပြောတာတွေအနက် တခုကိုတော့ သေသေချာချာ မှတ်မိနေသည်။ “ထမင်းစားရမဲ့ အရွယ်ရောက်မှ နို့ချို တိုက်ကျွေးတာ ကျွန်တော်တို့ မလိုချင်” ဆိုတဲ့ စကားဘဲ ဖြစ်ပါသည်။ နေ့လည် (၁) နာရီခန့်တွင် တပ်မှ ရဲဘော်များ ကျွန်တော်တို့ထံ လာလည်ပြီး ၀မ်းသာအားရ စကားပြောကြပါသည်။ အိမ်ထောင်သည်လိုင်းမှ ကျွန်တော်တို့ အဆောင်တွင် ရှိစဉ်က ဟင်းလာလာ ရောင်းသော အဒေါ်တယောက်က “ နင်တို့ မရှိတာဟယ် ဘယ်လိုကြီးမှန်းကို မသိဘူး၊ အားလုံး ချောက်ကပ်နေတာဘဲ၊ အိမ်ထောင်သည် လိုင်းတစ်ခုလုံး ဘယ်သူမှ မပျော်ကြဘူး၊ နင်တို့ကိုဘဲ သတိရနေကြတယ်၊ ဇော်ဝင်းနဲ့ စာကလေး ကြောင့်ဆိုပြီး သူတို့ကို ပက်ပက်စက်စက် ကြိမ်ဆဲနေကြတာ ကြောက်ဖို့ တောင်ကောင်းတယ်၊ နင်တို့ မရှိတော့ ငါတို့လည်း ဟင်းမရောင်းရဘူး၊ နင်တို့ အကြွေးယူစားထားတဲ့ ဟင်းဖိုးတွေလည်း ဆုံးပြီ” ဟု ပြောပြသွားပါသည်။ မွန်းလွဲ (၂) နာရီခန့်တွင် အိမ်ထောင်ရှင်မ အသင်းမှ ကျွန်တော်တို့နှင့် လာရောက်တွေ့ဆုံပြီး ရင်းရင်းနှီးနှီး စကားပြောကြသည်။ ထိပ်တန်းအရာရှိကြီးတစ်ဦး၏ ဇနီးဖြစ်ပုံရပြီး ရည်မွန်လေးစားဖွယ်ကောင်းသော အန်တီကြီး တစ်ဦး၏ ပြောခဲ့သော စကားကို ယခုထိ သံမှိုစွဲသကဲ့သို့ မှတ်မိနေသေးသည်။ “(၉) ရက်နေ့ကသားတို့ မင်္ဂလာဒုံ လေတပ်က ထွက်လာတယ် ဆိုတာ ကြားတာနဲ့ အန်တီဖြင့် ၀မ်းသာလွန်းလို့ မျက်ရည်တောင် ကျမိတယ်ကွယ်။ အန်တီ့ သမီးတွေကို ဟဲ့ ဟဲ့ ရဲဘော်တွေကို ကျွေးဖို့ ဘာရှိလဲ ထုတ်စမ်းထုတ်စမ်းလို့ ပြောပြီး ရှာခိုင်းတာ ပေါင်မုန့်ခြောက် နှစ်ထုပ်ဘဲတွေ့လို့ အန်တီ ဖြင့်စိတ်မကောင်းဖြစ်ရသေးတယ်။ အန်တီလည်း အိမ်က အပြေးအလွှားထွက်လာမိပြီး လမ်းပေါ်ရောက်တော့ မင်းတို့ကို ပစ်ဖို့ ထွက်လာတဲ့ တပ်မ(၂၂) ကို တွေ့ရတော့တာပါဘဲကွယ်။ အန်တီ့ မျက်စိတွေ ပြာထွက်သွားတာဘဲ၊ ဘယ်လိုကနေ ဘယ်လို သူတို့ အရှေ့ ရောက်သွားသလဲ မသိဘူး။ လက်နှစ်ဘက်ကို မြှောက် ပြီး Please, Please ဆိုပြီး မပစ်ဖို့ တားတာပေါ့ကွယ်။ သူတို့လည်း ကြောင်သွားပြီး ရပ်နေကြတယ်။ နောက်မှ လှည့်ထွက်သွားကြတယ်။ အန်တီဖြင့် ရင်တွေ တုန်လိုက်တာ အရမ်းဘဲကွယ်။ သားတို့ တတွေဟာ စစ်ဥပဒေအရတော့ တပ်ပြေးတွေပေါ့ကွယ်။ ဒါပေမဲ့ အန်တီတို့ကတော့ ဒီလို မသတ်မှတ်ဘူး။ ပြည်သူတွေဘက်က ရဲရဲဝံ့ဝံ့ ရပ်တည်တဲ့ သူရဲကောင်းတွေ အဖြစ်သာ တန်ဖိုးထားတယ်။ ရှေ့လျှောက်လည်း ပြည်သူတွေ ဘက်က ရပ်တည်ပါ။ ကာကွယ်ပါ။ ပြည်သူတွေရဲ့ အကျိုးကို သည်ပိုးပါ။ အန်တီတို့တတွေ သားတို့ကို အများကြီး အားကိုးတယ်။ သားတို့ဘက်က ရပ်တည်ပေးဖို့လည်း အဆင်သင့်ဘဲ။ သားတို့ လိုအပ်တာတွေ အကုန်ဆောင်ရွက်ပေးမယ်။ မင်းတို့ တတွေ အားလုံး အန်တီ့သားတွေ ပါဘဲ။ အန်တီ့သားတွေထက်တောင် ပိုချစ်ရတယ်။ အဲဒီတော့ မင်းတို့လေးတွေကို အန်တီရဲ့ သားလို့ သတ်မှတ်လိုက်ပါပြီ။” အဲဒီလို တသွင်သွင် ပြောရင်း မျက်ရည်များ ရစ်ဝိုင်းနေသလို ကျွန်တော်တို့ အားလုံးရဲ့ ရင်ထဲမှာလည်း မဖော်ပြနိုင်လောက်အောင် ၀မ်းသာကြည်နူးမှုများ လှိုက်တက်လာကြကာ မျက်ရည်များပြည့်လျံ နေကြပါတော့သည်။

အဲဒီနောက် ရှစ်လေးလုံးလူထုတိုက်ပွဲမှာ တပ်မတော်သားတွေ ပါဝင်လာလို့ စစ်တပ်က အပူတပြင်း အာဏာသိမ်းခဲ့ပုံ၊ တပ်မတော်သားတွေ အသီးသီးရဲ့ ရွေးချယ်ခဲ့ရတဲ့ လမ်းတွေကို နောက်နေ့ အပိုင်း (၃) မှာ ကျွန်တော် ကိုဖိုးတရုတ်က သင်ခန်းစာယူစရာ ဆက်လက်တင်ပြသွားပါမယ်။

2 comments:

MyowinZaw said...

အလွန်အရသာရှိသောဟင်းကောင်းတစ်ခွက်စားရ သလိုဘဲဗျာ ဖတ်လို့အရမ်းကောင်းတယ် ကိုဖိုးတရုတ်က်ု ကျေးဇူးတင်ပါတယ် ပြည်သူ့မျက်နှာကြည့်သော စစ်ဗိုလ် စစ်သားများပေါ်ပေါက်လာပါစေ

Kisho said...

တကယ့်ကို သမိုင်းဝင် သူရဲကောင်း မြန်မာစစ်သည်တွေပါပဲ။