.

.

.

August 9, 2008

ဒီမိုကရေစီရရှိရေး အမေရိကန်နိုင်ငံက မြန်မာနိုင်ငံကို စစ်ရေးအရတိုက်ဖို့ သင့်၊ မသင့် နဲ့အလားအလာ ရှိ၊ မရှိ ဆွေးနွေးခန်း အမေးအဖြေ အမှတ်စဉ်(၅)

စာဖတ်သူများခင်ဗျား

ကျွန်တော်တို့ ရဲ့ ဒီမိုကရေစီရရှိရေး အမေရိကန်နိုင်ငံက မြန်မာနိုင်ငံကို စစ်ရေးအရတိုက်ဖို့ သင့်၊ မသင့် နဲ့အလားအလာ ရှိ၊ မရှိ ဆွေးနွေးခန်း နောက်ဆုံးပိုင်းကို ယနေ့ တင်ဆက်ပေးလိုက်ပါတယ်။ ရှစ်လေးလုံး နှစ်ပတ်လည်နေ့ နှင့် တိုက်ဆိုင်သွားတာကြောင့် ကိုထွန်းလှမောင်အေးရဲ့ အီးမေးလ်ကို အခုမှ ဖော်ပြပေးရခြင်းဖြစ်ပါတယ်။ ကိုထွန်းလှမောင်အေးရဲ့ အီးမေးလ် ဆွေးနွေးထားတာကို ဆရာဂါမဏိက ပြန်လည်သုံးသပ်ဆွေးနွေး တင်ပြထားပါတယ်။ ယခုလို သုံးသပ်ဆွေးနွေး တင်ပြပေးတဲ့ ဆရာဂါမဏိကို ကျွန်တော် ကိုဖိုးတရုတ်က အထူးပင်ကျေးဇူးတင်ရှိပါတယ်။ ၀င်ရောက်အားပေးဆွေးနွေးကြတဲ့ စာဖတ်သူ မိတ်ဆွေများကိုလည်း ကျွန်တော် ကိုဖိုးတရုတ်က အတိုင်းမသိ ၀မ်းသာပီတိ ဖြစ်ကာ ကျေနပ်အားရ နှစ်ခြိုက်မိပါတယ်။



ကိုထွန်းလှမောင်အေးရဲ့ အီးမေးလ်

အမေရိကန်နိုင်ငံက မြန်မာနိုင်ငံကို စစ်ရေးအရဝင်တိုက်ဖို့ လုံးဝသင့်တော်ပါတယ်။ ဒါပေမယ့် အလားအလာ မရှိပါလို့ ယူဆပါတယ်။

ဘာကြောင့်လဲဆိုတော့USက နိုင်ငံတစ်နိုင်ငံကိုဝင်တိုက်ပြီဆို၇င် အဲဒီကနေရရှိမယ့် အကျိုးအမြတ် (စစ်ရေး၊စီးပွားရေး၊နိုင်ငံရေး) နဲ့ အဲဒီလိုဝင်တိုက်တဲ့အတွက်သူတို့ နိုင်ငံကိုပေးနိုင်မယ့် အန္တရာယ်ကို ဘယ်လောက် ကြိုတင်ကာကွယ် ပြီးဖြစ်တယ်ဆိုတယ်ဆိုတဲ့ အချက်တွေကို အခြေခံပါတယ်။

အခုအချိန်မှာ စစ်အေးတိုက်ပွဲ ပြီးသွားပြီဖြစ်တဲ့ အတွက်မြန်မာနိုင်ငံ ကွန်မြူနစ်ဖြစ်သွားမှာ ကိုလည်း US ကစိုးရိမ် စရာမရှိပါဘူး။မြန်မာစစ် အစိုးရက US ကို Nuclear လက်နက်နဲ့ ခြိမ်းခြောက်နိုင်တဲ့ အင်အားမရှိသလို၊ မြန်မာနိုင်ငံမှာလည်း အစ္စလမ်ဘာသာဝင် အများစုမရှိလို့ အကြမ်းဖက်သမားတွေကို နှိမ်နင်းရန်ဆိုတဲ့ ခေါင်းစဉ်နဲ့လည်းဝင်တိုက်မှာ မဟုတ်ပါဘူး။စစ်အစိုးရဝါဒ ဖြန့်သလိုတရုတ်ကိုထိန်းချူပ်ဖို့အတွက် မြန်မာပြည်မှာ စစ်စခန်း ထားစရာလည်း အသည်းအသန်မလိုပါဘူး။

US ရဲ့ အမြဲတမ်းအခြေစိုက် စစ်စခန်း တွေနဲ့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ စစ်စခန်း အသုံးပြု ခွင့်တွေဟာ တရုတ်နိုင်ငံ ရဲ့ အရှေ့မြောက်နဲ့အရှေ့ဘက်မှာဆိုရင် South Korea, Japan နဲ့ Taiwan၊ တောင်ဘက်မှာ Thailand နဲ့ အနောက်ဘက်မှာ Afghanistan, Pakistan နဲ့ Tajikistan နိုင်ငံတွေမှာရှိ ပြီးဖြစ်ပါတယ်။

မြန်မာနိုင်ငံရေး လေ့လာသူတစ်ယောက်ကတော့ အကြောင်းအမျိုးမျိုး နဲ့ အနောက်နိုင်ငံတပ်တွေ မြန်မာနိုင်ငံထဲ ၀င်ရောက် တိုက်ခိုက်ခဲ့လျှင် မြန်မာစစ် အစိုးရ ဘက်ကနေတရုတ်တပ်တွေ ဝင်တိုက်မှာ ဖြစ်လို့ မြန်မာနိုင်ငံ စစ်တလင်း ဖြစ်ပြီး ပြည်သူတွေအထိနာမယ်လို့ ပြောဘူးပါတယ်။ US ကလည်း ကိုရီးယားစစ်ပွဲတုန်းကလို တရုတ်တပ်တွေက မထင်မှတ်ပဲ စစ်ပွဲထဲဝင်လာ မှာကို စိုးရိမ်နိုင်စရာရှိပါတယ်။US တပ်တွေဝင်မတိုက်တော့ဘူး ဆို၇င် တခြားဘယ်နိုင်ငံတွေကကော မြန်မာပြည်သူတွေ ဘက်ကနေစစ်ရေးနည်းနဲ့ ကူညီနိုင်ကြမှာလဲ။ ကျနော်ကတော့ UN မှာ Veto Power ရထားတဲ့ပြင်သစ်ဆိုရင်ဖြစ်နိုင်မလားလို့ စဉ်းစား ကြည့်ပါတယ်။

ပြင်သစ်စစ်တပ်ရဲ့လက်အောက်မှာ ပြင်သစ်နိုင်ငံသားမဟုတ်တဲ့ကြေးစားစစ်သားတွေနဲ့ ဖွဲ. စည်းထားတဲ့ French Foreign Legion ဆိုတာရှိတယ်။ အဲဒါကြောင့်FFL တွေကို စစ်ပွဲမှာသုံး တဲ့ အခါ ပြင်သစ်အစိုးရ အနေနဲ့ US အစိုးရလို မျိုး ဗီယက်နမ်စစ်ပွဲ တုန်းက နိုင်ငံသားတွေကျဆုံး တာများ လို့ ပြည်သူ နဲ့ ပြသနာ တက်မှာကို ထည့် တွက်စရာမရှိဘူး။နောက်တခုက မြန်မာနိုင်ငံ ပတ်သက်ပြီး တရုတ်က ပြင်သစ်နဲ့ထိပ်တိုက် တွေ့ဖို့ အလားအလာ နည်းနိုင်ပါတယ်။ ပြင်သစ် President Sarkozy ဆိုရင်လည်း အဝေးရောက် ညွန့်ပေါင်းအစိုးရဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း နဲ့ တွေ.ဆုံခဲ့ဘူးတဲ့ တစ်ခုတည်းသော veto power ပိုင် နိုင်ငံရဲ့ အကြီးအကဲဖြစ်လို့ ထင်ပါတယ်။ဒါပေမယ့်ပြင်သစ်လည်း အကျိုးအမြတ်မရှိဘဲ ဝင်တိုက်ပေးမှာမဟုတ်ပါဘူး။ အဲဒီအတွက် စစ်ပွဲရဲ့ အကျိုးအမြတ် အနေနဲ့gas တူးဖေါ်ခွင့်လိုမျိုး ပေးပြီး ဆွဲဆောင် စည်းရုံး သင့်ပါတယ်။

ကျနော်ကတော့ US ထက်စာရင် ပြင်သစ်တပ်တွေမြန်မာနိုင်ငံကိုဝင်တိုက် ပေးဖို့တောင်းဆို တာက လက်တွေ. ဖြစ်နိုင်ဖို့ ပိုနီးစပ်မယ် ထင်ပါတယ်။US ကလည်း ဝင်မတိုက်၊ ပြင်သစ်ကလည်း ဝင်မတိုက်ဘူး ဆိုရင်ကော ကျနော်တို့ ဘာလုပ်ကြမလဲ။ကျနော်စဉ်းစားလို့ရတဲ့ လုပ်နိုင်စရာတစ်နည်းရှိပါတယ်။ private military လို့ခေါ်တဲ့ mercenary forces တွေနဲ့ဝင်တိုက် ခြင်း ဖြစ်ပါတယ်။ Africa ကပြည်တွင်းစစ်ဖြစ်တဲ့ နိုင်ငံတွေမှာဆိုရင် mercenary တွေဝင်တိုက်ပေးတဲ့ အစိုးရ(သို့) သူပုန် ဘက်ကအနိုင်ရခဲ့ သာဓကများ ရှိပါတယ်။ ဒါဆိုရင်mercenary တွေကိုငှားဖို့ အခုလောလောဆယ် ပြည်သူတွေက ဘယ်လိုပေးမှာလဲလို့ မေးစရာရှိပါတယ်။ အချို့  Mercenary တွေကငွေမာနဲ့ လက်ငင်း ပေးစရာမလိုဘဲညိုနိုင်း လို့ရပါတယ်။ စစ်ပွဲနိုင်ပြီးမှ စီးပွားရေး လုပ်ပိုင်ခွင့်တွေနဲ့ အလဲအထပ်လုပ်ခြင်းဖြစ်ပါတယ်။ Sierra Leone နိုင်ငံမှာဆိုရင် mercenary တွေဟာ သူတို့ကိုငှားရမ်းခ အဖြစ် စိန်တွင်းတူးခွင့်တွေကို ရရှိကြပါတယ်။

ကျနော်မေးချင်တာ ကတော့ စစ်ရေးနည်းနဲ့ ဝင်တိုက်ဖို့အတွက် ဘယ်သူ၊ ဘယ်အဖွဲ့အစည်း(သို့) တပ်ပေါင်းစု က တာဝန်ခံပြီး ဦးဆောင်စည်းရုံး လှုပ်ရှား မှာလဲ။ဘယ်နိုင်ငံ၊ ဘယ်အဖွဲ. အစည်း ဖြစ်ဖြစ် ဝင်တိုက်လို့ မြန်မာနိုင်ငံ ရဲ့ နယ်မြေတချို. စစ်အစိုးရလက်ထဲကလွတ်မြောက်သွားပြီဆိုရင် ဘယ်သူတွေက အစိုးရဖွဲ့မှာလဲ။

အဲဒီအစိုးရဖွဲ့တဲ့လူတွေကို ပြည်သူတွေ ကလက်ခံမှာလား။

အဲဒီပြည်သူတွေလက်ခံတဲ့ ပုဂ္ဂိုလ်တွေကကော စစ်အစိုးရသေဒဏ်ကို မကြောက်ဘဲ စင်ပြိုင်အစိုးရဖွဲ့စည်း ရဲမှာလား။

ပြည်သူတွေ အများစုကကော စစ်ဖြစ်မှာကို လက်ခံမှာလား၊ လက်ခံပြီဆိုရင်စစ်အတွက် ဘယ်လောက် ပြင်ဆင်ပြီးလဲ။



ဆရာဂါမဏိ၏ ပြန်လည်ဆွေးနွေးချက်

အမေရိကန်က စစ်ရေးအရဝင်ရေးဆိုတာ အလွယ်သုံးစကား၊ အများနားလည်တဲ့စကားနဲ့ ပြောတာဖြစ်ပါ တယ်။ အတိအကျပြောရရင်တော့ အမေရိကန် (သို့) နေတိုး (သို့) ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းတပ် (သို့) ဒေသ ဆိုင်ရာ ငြိမ်းချမ်းရေးတပ် လို့ပြောရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဘာခေါင်းစဉ်ဘဲတပ်ထားတပ်ထား အမေရိကန်ရဲ့ ကမ ကထပြုမှု၊ ဒါမှမဟုတ် မီးစိမ်းပြမှုနဲ့ဘဲ ဝင်ရတာဖြစ်ပါတယ်။ အဲဒီအောက်ကလွတ်ကင်းတာ ရှားပါတယ်။ ဟိုတုံးက ကမ္ဘောဒီးယားကို ဗီယက်နမ်ဝင်တိုက်တာ၊ အရှေ့ပါကစ္စတန် (ဘင်္ဂလားဒေ့ရှ်) ကို အိန္ဒိယဝင်တိုက်တာ တွေက စစ်အေး ခေတ်ကာလ ဆိုဗီယက်ရုရှ မီးစိမ်းပြမှုနဲ့ ဝင်ခဲ့ကြတာဖြစ်ပါတယ်။ စစ်အေးခေတ်ဒီဘက်ပိုင်း မှာတော့ အားလုံးဟာ အမေရိကန်အပေါ်တည်နေပါတယ်။

အကြမ်းဖက်ဝါဒဆန့်ကျင်ရေးဆိုတာ ဒါလောက်ကြီးအရေးမပါပါဘူး။ အကျိုးစီးပွား (တိုက်ရိုက် နဲ့ သွယ်ဝိုက်) ဘဲ အဓိကဖြစ်ပါတယ်။ အမေရိကန်တော်လှန်ရေးတုံးကလည်း ဂျော့ဝါရှင်တန်တို့၊ ဂျက်ဖာဆန်တို့ကို အင်္ဂလိပ်က အကြမ်းဖက်သမားလို့ သတ်မှတ်ခဲ့သလို ဂန္ဓီကိုလည်း ဗြိတိသျှဝန်ကြီးချုပ်ချာချီက ဆူပူရေးသမားလို့ သတ်မှတ်ခဲ့ပါ တယ်။

အမေရိကန် (သို့) ကုလ ဝင်တဲ့အခြေအနေတွေက ဘာလဲ။ အဓိကကတော့ အကျိုးစီးပွားဖြစ်ပါတယ်။ အရှင်းဆုံးဥပမာကတော့ အီရတ်ကရေနံ၊ ပနားမားက တူးမြောင်းကြီးတို့ဘဲဖြစ်ပါတယ်။ ဒါတွေက တိုက်ရိုက် ဒြဗ်ရှိ အကျိုးစီးပွားတွေဖြစ်ပါတယ်။ ဒီတော့ သွယ်ဝိုက်ဒြဗ်မဲ့အကျိုးစီးပွားကြောင့် ဝင်တာလည်းရှိတယ်လို့ အဓိပ္ပာယ်ကောက် လို့ရပါတယ်။ တိုင်းပြည်တပြည်မှာ အကြီးအကျယ် အပြန်အလှန်သတ်ဖြတ်နေကြ ဆူပွက် လောင်ကျွမ်းနေကြရင် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကမ္ဘာကြီးတခုလုံးမဟုတ်ရင်တောင် ဒေသကြီးတခုရဲ့ တည်ငြိမ်မှုကို ထိခိုက်လာပါတယ်။ တည်ငြိမ်မှုထိခိုက်တယ်ဆိုတော့ ဂလိုဘယ်လိုက်ဇေးရှင်း အရင်းရှင်စီးပွားရေး စနစ်ကို ထိခိုက်လာပါတယ်။ (ဂလိုဘယ် အရင်းရှင်စနစ်ထဲမှာ တရုတ်လဲပါပါတယ်။) ဒါကြောင့် ဒီလို သွယ်ဝိုက်ဒြဗ်မဲ့ အကျိုးစီးပွား ထိခိုက်တာတွေကိုလည်း အမေရိကန် (သို့) အမေရိကန်က ခေါင်းခံခိုင်းတဲ့ အင်အားစုတွေက စစ်ရေးအရ ဝင်ရောက်စွက်ဖက်တာ မလုပ်မဖြစ် လုပ်ရပါတယ်။ တရုတ်လည်း (သွယ်ဝိုက်ဒြဗ်မဲ့အကျိုးစီးပွားပါနေတာကြောင့်) ဒါကို ဆန့်ကျင်လို့မဖြစ်ပါ။

အီရန်၊ မြောက်ကိုးရီးယားတို့ နျူကလီးယားတွေနဲ့ ကမြင်းကြောထနေကြပေမဲ့ သူတို့ပြည်တွင်းမှာ ဆူပူတိုက်ခိုက် အပြန်အလှန်သတ်နေတာ မရှိတော့ အမေရိကန်လည်း ဝင်မစွက်ပါဘူး။ လေနဲ့ဘဲ အမြောက် ဖောက်နေပါတယ်။ ဒီနျူကလီးယားတွေဟာ တကယ်ဘဲ ဂလိုဘယ်အရင်းရှင်စနစ်အကျိုးစီးပွားကို ခြိမ်းခြောက်တဲ့ အခါကျမှ ဝင်စွက်မှာဖြစ်တယ်။ အီရတ်မှာ နျူကလီးယားလုပ်လို့ ဝင်တိုက်တယ်လို့ အမေရိကန်က အကြောင်းပြပေမဲ့ ကာ့ဒ်သူပုန်တွေ၊ ရှီအာသူပုန်တွေရဲ့ ဆဒ္ဒမ်ဟူစိန်ဆန့်ကျင်ရေးအခံရှိနေတာဟာ ရေနံလိုဘဲ အရေးပါတဲ့ အကြောင်း တချက်ဖြစ်ပါတယ်။ အီရန်မှာ ၁၉၇၉ ခု ဘာသာရေးအာဏာရှင်စနစ် စတင်ထူထောင်ကတည်းက အခုအချိန်ထိ နှစ် ၃၀ နီးပါးကာလတလျှောက်လုံး အဲဒီအာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ လက်နက်ကိုင် တိုက်ပွဲမရှိခဲ့ပါဘူး။

ဒါကြောင့် ပြင်ပကနေ စစ်ရေးအရဝင်စွက်ဖို့ဆိုတာ အထဲကအင်အားစုတွေ စစ်ရေးအရ ဆူပွက်သဲသန် မနေဘဲ မဖြစ်နိုင်ပါဘူး။ ဒါကို ၂၀ ရာစုအကုန်နဲ့ ၂၁ ရာစုအဆန်း နိုင်ငံခြားတပ်ဝင်ရောက်စွက်ဖက်မှုရှိခဲ့တဲ့ နိုင်ငံ အားလုံးက သက်သေပြနေပါတယ်။ ဒါဆိုရင် ဗမာပြည်ကို အမေရိကန်တပ်တွေ ဝင်သင့်မသင့်၊ ဝင်ဖို့ အလားအလာ ရှိမရှိ၊ ဝင်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို ဆက်စဉ်းစားလို့ ရမယ်ထင်ပါတယ်။

ဒီတော့ ပြည်တွင်းမှာ စစ်ရေးအရ ဆူပွက်သဲသန်ဖို့ ဘာလုပ်ကြမလဲ။ ရှိနေတဲ့ တော်လှန်ရေးတပ်တွေဟာ နှစ် ၂၀၊ နှစ် ၅၀ တိုက်ခဲ့ကြပေမဲ့ ဘာမှဖြစ်မလာခဲ့ပါဘူး။ အမျိုးမျိုးသော အကန့်အသတ်တွေကို မကျော်နိုင်တဲ့အတွက် ဖြစ်ပါတယ်။ ဒါကြောင့် အင်အားသစ်တွေက စစ်ရေးလမ်းသစ်ကိုထွင်ရမှာဖြစ်ပါတယ်။ နိပေါနိုင်ငံမှာ မော်ဝါဒီတွေက ရေဆန်လေဆန် လမ်းကြောင်းသစ်ဖောက်ခဲ့လို့ အောင်ပွဲခံသွားပါတယ်။ (တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံစလုံးက ဗမာပြည်က နအဖကိုထောက်ခံသလိုမျိုး နီပေါဘုရင်ကို လက်နက်ထောက်ပံ့ပေးခဲ့တဲ့ကြားက အောင်ပွဲခံသွားတာ ဖြစ်ပါတယ်) ကိုဆိုဗိုမှာလည်း ကေအယ်လ်အေ သူပုန်တွေက မြို့တွင်းပြောက်ကျား လမ်းသစ်ဖောက်ခဲ့လို့ တိုင်းပြည်ရသွားတယ်။ (အမေရိကန်ဟာ ရုရှသြဇာခံ ဆားဘီးယားသမတ မီလိုဆီဗစ်လက်ထက်မှာ ၁၉၉၆ ခုကနေ ၁၉၉၉ အထိ ကိုဆိုဗိုသူပုန်ကို အားပေးခဲ့ပေမဲ့ ၂၀၀၀ ခုနှစ်မှာ မီလိုဆီဗစ်ပြုတ်ပြီး အမေရိကန်လိုလားတဲ့အစိုးရ တက်လာတဲ့အခါမှာတော့ ကိုဆိုဗိုကိစ္စ အားပေးမခံရ တော့ပါဘူး။ ဒီကြားထဲက ၂၀၀၈ မှာ လွတ်လပ်ရေးကြေညာ နိုင်ခဲ့တာ ဖြစ်ပါတယ်။)

ရူမေးနီးယားနိုင်ငံမှာ တပ်မတော်က လမ်းသစ်ဖောက်လိုက်လို့ အာဏာရှင် ချောင်ချက်စကူး ကြိုးစင်ရောက် သွားတယ်။ ဖိလိပိုင်မှာတော့ ဗိုလ်ချုပ်ကြီးရားမို့စ်က လမ်းသစ်မဖောက်ရင် အကွီနိုတို့အတိုက်အခံတွေ မြေကြီးထဲ ရောက်သွားမှာဖြစ်ပါတယ်။ (ဗမာပြည်မှာတော့ ဗိုလ်ကြီးအုန်းကျော်မြင့်တို့ လမ်းသစ်ဖောက်ခဲ့ပေမဲ့ အားနည်းချက်တွေ ရှိလို့ မအောင်မမြင်ဖြစ်ခဲ့တယ်)

ဂန္ဓီရဲ့ အကြမ်းမဖက်လမ်းစဉ်ကြောင့် အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရခဲ့တယ်လို့ အများနားလည်လက်ခံထားပေ မဲ့ ဗြိတိသျှအစိုးရရဲ့ နှစ်ပေါင်း (၅၀)ကျော်လျှို့ဝှက်ထားတဲ့ စာရွက်စာတမ်းတွေကနေ သိရတာက ဒုတိယကမ္ဘာ စစ်အစမှာ ဗြိတိသျှအင်ပါယာစစ်တပ်ကြီးထဲ ပါဝင်တိုက်ခိုက်ပေးတဲ့ ကိုလိုနီအိန္ဒိယတပ်အင်အား တသောင်းလောက် ဂျာမန် သုံ့ပန်းဖြစ်နေချိန် အိန္ဒိယလက်နက်ကိုင်တော်လှန်ရေးခေါင်းဆောင် ဆူဘတ် ချန်ဒရာဘို့စ် က သုံ့ပန်းစခန်းတွေ လာစည်းရုံးတဲ့အခါ အိန္ဒိယစစ်သားတွေ ထောင်နဲ့ချီပြီး အိုင်အဲန်အေ (အိန္ဒိယအမျိုးသားတပ်မတော်)ထဲဝင်ဖို့ စာရင်းသွင်းခဲ့တာကို ဒုတိယကမ္ဘာစစ်ပြီးခါနီးမှာ ဗြိတိသျှအစိုးရ သိသွားလို့ စစ်ပွဲပြီးချိန်မှာ အိန္ဒိယကို ဆက်ထိန်းဖို့ မလွယ်တော့ဘူးဆိုတာ သဘောပေါက်ပြီး လွတ်လပ်ရေး ပေးရတာဖြစ်ပါတယ်။

လမ်းကြောင်းကို အသေထားလို့ အကျိုးမရှိပါဘူး။ ဗမာပြည်မှာ အရင်ကလမ်းကြောင်းတွေ အသေကိုင် ခဲ့ကြတယ်။ ၈၈ မတိုင်ခင်က လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်း၊ ၈၈ နောက်ပိုင်းမှာ လူထုတိုက်ပွဲ လမ်းကြောင်း၊ အကြမ်းမဖက်တိုက်ပွဲလမ်းကြောင်းစသဖြင့် အသေကိုင်ခဲ့ကြတယ်။ ဘယ်သူမှ အလုပ်မဖြစ်ခဲ့ပါ။ ဒါကြောင့် နီပေါနိုင်ငံက မော်ဝါဒီတွေ၊ သီရိလင်္ကာက တမီးကျားတွေ၊ ကိုဆိုဗိုက ကေအယ်လ်အေတွေရဲ့ လမ်းကြောင်း ကို လေ့လာအတုယူဖို့လိုသလို ရူမေးနီးယား (၁၉၈၉)၊ ဖိလိပိုင် (၁၉၈၆)၊ ဘော့စ်နီးယား (၁၉၉၂-၉၅)၊ ပေါ်တူဂီ (၁၉၇၄) တို့က တပ်မတော်တွေရဲ့ လမ်းကြောင်းတွေကိုလည်း အတုယူလျှောက်လှမ်း နိုင်အောင် ကြိုးစားရမှာဖြစ်ပါတယ်။

No comments: