.

.

.

August 15, 2008

တပ်ရှုပ်ကြီး နဲ့ ငယ်ကျွန်များ

ယခင် တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ထောက်လှမ်းရေး တပ်ကြပ်ကြီးတစ်ဦးက ကပ္ပိယ ဦးတင့်ကလောင်နံမည်နဲ့ ကျွန်တော် ကိုဖိုးတရုတ်ထံသို့ ဆောင်းပါးပေးပို့ လာပါတယ်။ အဲဒီဆောင်းပါးကို အပိုင်း (၂) ပိုင်းခွဲပြီး တင်ဆက်မှာ ဖြစ်ပါတယ်။ ယခုလို ပေးပို့လာတဲ့ ထောက်လှမ်းရေး တပ်ကြပ်ကြီးအား ကျွန်တော် ကိုဖိုးတရုတ်မှ အထူးကျေးဇူးတင်ရှိပါတယ်။


သူ့ကိုသာ ထောင်သွင်းအကျဉ်းချလိုက်ပါ - အပိုင်း(၁)

ဆောင်းပါးရှင် - ကပ္ပိယဦးတင့်

ကြားရကြားရ နားဝ မချမ်းသာစရာတွေ ချည်းပါပဲလား ပရိသတ်ကြီးခင်ဗျား။ တောမီးလောင် သထက်ဆိုးတဲ့ နာဂစ်မုန်တိုင်းကြီးရဲ့  သတင်းကို လေကွယ်ရာ အရပ်ကနေပြီး ကြားရတယ်ဆိုရင်ပဲ အရာရာ မမြဲတဲ့ သြကာသလောကကြီးရဲ့  အနိစ္စတရားပေပဲလို့ ကပ္ပိယရဲ့  နှလုံးဘ၀င်ကို နှိမ့်ချဆင်ခြင်ရင်း မုန်တိုင်းဒဏ်ခံ ပြည်သူတွေအတွက် အန္တရာယ်ကင်း ပရိတ်တော်တွေနဲ့ အတူ မေတ္တာပို့ဆုတောင်းတွေ နေ့စဉ်ပို့သ အမျှဝေခဲ့တာ အတော်ပင် ကြာညောင်းခဲ့ပြီ မဟုတ်ပေလား။ အဲ…. တောမီးလောင် သထက်ဆိုးတဲ့ နာဂစ်မုန်တိုင်းအတွက် တောကြောင်တွေက ကင်းမြီးကောက်ပါ ထောင်နေကြပါလေရော့လား။ သြော်… ပြည်သူတွေ… ပြည်သူတွေ….. မင်းဆိုးမင်းညစ် စိုးစံရာ ဒို့ပြည်မှာ ရပ်တည်နေကြရတာ ရန်သူမျိုးငါးပါးရဲ့  ဒဏ်ကိုခံရ၊ ဘဒ္ဒကမ္ဘာစောင့်နတ်၊ တိုင်းပြည်စောင့်နတ်များရဲ့  မင်းဆိုးကို ဒဏ်ခတ်မှုကြားမှာ စတေးခံကြရနဲ့  ဘယ်လိုဘဲ ကျကျ ဖက်ဆိုတဲ့ ဘ၀လို ညှိးနွမ်းအားငယ်နေကြရှာရပေါ့လား။

အဲ….. ဆိုးသထက်ဆိုးတဲ့ သတင်းတွေကတော့ အထက်မှာ ဆိုခဲ့တဲ့ တောကြောက်တွေရဲ့  ဒဏ်ပါဘဲ။ မသတီစရာ အနှီတောကြောင်ကြီးတွေဟာ စားနေကြ ကြောင်ပါးကြီးတွေဘ၀နဲ့ မုန်တိုင်းဆိုးကို လက်ပိုက်ကြည့်နေခဲ့ကြပြီး၊ မုန်တိုင်း ဒဏ်ခံပြည်သူတွေအတွက် ကမ္ဘာအရပ်ရပ်က အလှုငွေနဲ့ ရိက္ခာ၊ ပစ္စည်းတွေကိုတော့ ဗရမ်းဗတာ စီမံချယ်လှယ်နေကြပါရဲ့။ ယာယီ ပလပ်စတစ် တဲများနဲ့ ဆေးဝါးတွေဟာ စစ်တပ်ထဲကိုရောက်၊ စားနပ်ရိက္ခာတွေနဲ့ အိုးခွက်ပစ္စည်းတွေဟာ မြို့ ရွာအုပ်ချုပ်ရေး အဖွဲ့၊ ရဲ၊ ကြံ့ဖွံ့နဲ့ စွမ်းအားရှင်တို့ လက်ထဲကိုရောက်နဲ့ ရေသောက်ဖို့တောင် အခက်ကြုံရတဲ့ ဒို့ပြည်သူ ဘ၀တွေ မဟုတ်ပေလား။ အဲ…. ဒို့ ဒုက္ခသည် ပြည်သူတွေအတွက် တစ်အိမ်ထောင် အာလူး နှစ်လုံး တော့ ရလောက်ကောင်းပါရဲ့  ပရိတ်သတ်တို့ရေ။

ပြောရရင်တော့ လက်ရှိကာလမှာ နအဖအစိုးရဟာ အရူးမီးဝိုင်း အစိုးရအဆင့်ပါ။ သူတို့ရဲ့ ပြည်သူအပေါ်မှာထားတဲ့ မစ္ဆရိယ စိတ်ကိုက သူတို့ကို ပြန်ပတ်စေတာပါပဲ။ ပိုဆိုးစေတာကလဲ သူခိုးကို ဘဏ္ဍာထိန်းအပ်ထားတဲ့ အစိုးရလဲ ဖြစ်နေတော့တာကိုး။ အဲဒီတော့…. တပ်ချုပ်ကြီးဆိုလား တပ်ရှုပ်ကြီးဆိုလား အမည်တပ်အခေါ်ခံသူခမျာ အရူးမီးဝိုင်း ဖြစ်ရပေတာပေါ့ဗျာ။ ဒါ အဆန်းလား။ လေဘေး ကယ်ဆယ်ရေး အသုံးအဆောင်တွေနဲ့ အစားအစာတွေကို ဈေးအလယ်မှာ တွေ့လိုတွေ့၊ အာဏာသားတွေ အချင်းချင်း ပဏ္ဍာတော် ဆက်လိုဆက်ကြနဲ့ ထင်တိုင်းကြဲနေခဲ့ကြတာ အမြင်မတော်သူ ပြည်သူတွေ ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွ တိုင်တန်းကြမှ ကမ္ဘာကသိလေတော့ တပ်ရှုပ်ကြီးဆိုသူခမျာ ပြာယာခတ်ပြီး တာဝန်အရ ဖင်ပိတ်ဘူးကွယ်ပေးခဲ့ရတာ ကပ္ပိယကြီးတို့မှာတော့ မပြုံးပဲ ၀ါးလုံးကွဲအောင် ရီလိုက်ချင်ပါတော့တယ်။

သိနေတယ်နော်…. သိနေတယ်လို့ အဲဒီတပ်ရှုပ်ကြီးဆိုသူကို ကပ္ပိယကြီးဖွင့်ပြောချင်တာကတော့ ခင်ဗျားတို့ရဲ့ ပေလွှာစာထက်မတင်၊ တရားမ၀င်တဲ့ ငယ်ကျွန်ကြီးများ ကိုယ်တွယ်နေတဲ့ အုပ်ချုပ်ရေး မူဝါဒပေါ်လစီပါပဲ။ ပရိတ်သတ်ကြီးလဲ သိလောက်ကြပေမဲ့ သတိမမူ ဂူမမြင် မဖြစ်ရလေအောင် ကပ္ပိယကြီး ဆက်လက် တင်ပြပါရစေ။

ဒီလိုဗျ ဆိုပြီး တင်ပြရရင်ဖြင့် အဲဒီ လူ့ဗာလတပ်ရှုပ်ကြီးဟာ အထက်မှာ ဆိုခဲ့တဲ့ ငယ်ကျွန်တော် ခိုးသား ငါးရာထဲမှာ အပါအ၀င်ဖြစ်တဲ့ ထိပ်ပိုင်းနဲ့ အလယ်ပိုင်း အဆင့်အာဏာသားများကို လာဘ်စားခြင်းနဲ့ ပတ်သက်ပြီး မျက်စိတစ်ဖက်မှိတ် ခွင့်ပြုထားခဲ့တယ်လေ။ ထိပ်ပိုင်းဆိုတာတွေကတော့ နအဖအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးများ၊ တိုင်းမှူး၊ တပ်မမှူးများ၊ ၀န်ကြီး၊ ဒုဝန်ကြီးများအထိ ပါဝင်ကြပြီး အလယ်ပိုင်းအဆင့်တွေ ကတော့ စစ်ဖက်မှာတော့ ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီးများ၊ အရပ်ဖက် ဋ္ဌာနဆိုင်ရာတွေမှာတော့ ညွှန်မှူး၊ ညွှန်ချုပ်တွေနဲ့ ခယက၊ မယက တွေပဲ ဖြစ်လေရဲ့။ အဲ.. အဝေမတဲ့မဖြစ်ကြဖို့နဲ့ အသံမထွက်ကြဖို့ ကတော့ ကိုယ်စီတာဝန်တွေပေါ့။ အဲဒီတော့ သူတို့ကြီးတွေနဲ့ ဆက်စပ်ရသူ လက်အောက်ခံတွေမလဲ မလွှဲမရှောင်သာ ဆိုသလိုပေါ့ဗျာ။ သို့ကလို နဲ့ အကျင့်ပျက်ချစားမှု အစိုင်အခဲကြီးထွားလာခဲ့ရတာ ဆန်းသေးလားဗျာ။

သို့သော်လည်းပေါ့လေ…. အဲဒီအကျင့်ပျက် လာဘ်စားမှုဟာ တပ်ရှုပ်ကြီးအတွက် အကွက်တခု ဖြစ်ခဲ့ရပါတယ်။ မည်သူကိုမဆို မည်သည့်အတန်းအစားကို မဆို သူရဲ့  အမိန့်အာဏာ တည်စေခဲ့ပါတယ်။ ဟုတ်တယ်လေ…. ဒီပဲယင်းမှာ ကြမ်းလိုက်ကြစမ်းဆိုရင် အောင်သောင်းတို့လို စိုးဝင်းတို့လို သူခိုးကြီးတွေဟာ ကြမ်းလိုက်ကြရတာပဲ မဟုတ်လား၊ ရွှေဝါရောင်သူရဲကောင်းများကိုလည်း ငဲ့ကြည့်လိုက်ပါအုံး၊ မြင်ရက်စရာ မရှိအောင် အနိုင်ကျင့် နှိပ်စက်ဖြိုခွင်းလိုက်ရဲ့ မဟုတ်လား။ သူတို့ကို တာဝန်ပေးလိုက်ပြီဆိုရင် လုပ်ရင်လုပ်လေ၊ မလုပ်ရင်ပြုတ်သွားမယ်ဆိုတဲ့ အသိက အနှီ သူခိုးကြီးတွေရဲ့ ခေါင်းထဲမှာ ရှိနှင့်ပြီးသား။ ငါလို တပ်ရှုပ်ကြီးအနေနဲ့ မင်းတို့လို သူခိုးကြီးတွေကို ဖြုတ်ရုံတင်မက ထောင်ပါချလို့ရတဲ့ အကျင့်ပျက်လာဘ်စားမှုဆိုတဲ့ ပစ်မလွဲ စွဲချက်တွေဟာ ဥပဒေ ဘုတ်အုပ်ကြီးထဲမှာ ရှိနေနှင့်ပြီးသား။ အဲ…. မစ္စတာ ခင်ညွှန့်ရဲ့ ကျဆုံးခန်းကိုလဲ ကြည့်လိုက်ပါအုံး။ သူ့ရဲ့  အဓိက ပြစ်ချက်ကို အကျဉ်းချုံးပြောရရင်ဖြင့် “တစ်သွေး၊ တစ်သံ၊ တစ်မိန့်” ဆိုတဲ့ တပ်ရှုပ်ကြီးရဲ့ စစ်ဖက်မူဝါဒကို “နှစ်သွေး နှစ်သံ နှစ်မိန့်” ဖြစ်စေမှုပါပဲ။ တကယ့်စွဲချက်မှာတော့ လာဘ်စားမှုဆိုတာဟာ ထိပ်တန်းက စွဲချက်မဟုတ်ပေလား။ ဟုတ်တယ်လေ….. ဒီစွဲချက်လေးတွဲ ထည့်ပေးလိုက်ရုံနဲ့ ပြည်သူ့ လေးစားမှုတွေပါ နိတ္ထိတန်သွားမှာ မဟုတ်လား။ အဆုံးသတ်တော့… သွားလေရော့… တစ်ယောက်ပေါ့။ ဒီလိုနဲ့ လာဘ်စားသူ သူခိုးကြီးများနဲ့ စုဖွဲ့နေတဲ့ အစိုးရကြီးဟာ တပ်ရှုပ်ကြီးရဲ့ သစ္စာရှိ ကျွန်တော်တွေ ဖြစ်နေကြလေတာပေါ့ဗျာ။

သို့သော်လည်းပေါ့လေ…. ဋ္ဌာနဆိုင်ရာက ၀န်ထမ်းငယ်တွေ၊ အရပ်ဖက် အုပ်ချုပ်ရေးက ၀န်ထမ်းငယ်တွေ၊ စစ်သား၊ ရဲသားလေးတွေနဲ့ အခြားအသင်းအဖွဲ့သားငယ်များ အနေနဲ့တော့ ကပ္ပိယကြီး အပြစ်မမြင်ရက်ပါဘူး။ သူ့ဆန်စားမှတော့ ရဲရလေမပေါ့။ တပ်ရှုပ်ကြီး အနေနဲ့ ဒီလို အငယ်တန်း ၀န်ထမ်းများကို သာမန်ပြည်သူတွေနဲ့ တန်းတူ ဆင်းရဲတွင်းက မထွက်နိုင်အောင် ဖိနှိပ်ရက်စက်ထားတာပဲ။ သူတို့ကတော့ “င့ါဝမ်းပူစာ မနေသာ” ဆိုရုံလောက်ပါ။ ဒါ့ကြောင့် အငယ်တန်းတွေကြားက လာဘ်စားမှုဆိုတာကတော့ သူတို့ဋ္ဌာနတွေမှာ ပြောနေကျ “အထုပ်မပါ အလုပ်ကြာ၊ အထုပ်သေး အလုပ်နှေး၊ အထုပ်ကြီး အလုပ်ပြီး” ဆိုတဲ့ စကားပါပဲ။ တပ်ရှုပ်ကြီးပေးထားတဲ့ လစာဝင်ငွေ မလုံလောက်မှု အပေါ်မှာ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေက ဖိစီးနေ လေတော့…..အဲ… ရှိစေတော့ပေါ့လေ။ သွေးချင်းနောင်မယ်တွေပဲ မဟုတ်လား။ ထူးခြားတာက သူတို့ အငယ်တန်းတွေဟာ မိုးခါးရေသောက် နေရပေမဲ့ တပ်ရှုပ်ကြီးနဲ့ ခိုးသားများကို မုန်းတီးရွံရှာမှုက ရင်ထဲမှာ အပြည့်။

နောက်နေ့မှာတော့ ထိထိမိမိ ကလိထားတဲ့ ကပ္ပိယဦးတင့်ရဲ့ ဆောင်းပါး အပိုင်း(၂)ကို ဆက်လက်တင်ဆက် သွားပါမယ်ခင်ဗျား။

No comments: