ကပ္ပိယကြီး ဒေါပွရတာကတော့ မတော်လောဘသား ထိပ်ပိုင်းနဲ့ အလယ်ပိုင်း အတန်းစားတွေပဲ။ သူတို့တွေဟာ အိမ်မြေတစ်ဒါဇင်ရှိတာကို နှစ်ဒါဇင် ရှိဖို့ ကြိုးစားနေကြသလို မိန်းမအတွက် စိန်ဘယ်နှစ်ဆင်စာ ရှိပြီရယ်လို့ ပါတီပွဲတွေမှာ ကြွားဝါနိုင်ဖို့အရေး မတော်လောဘအတွက် အကျင့်ပျက်နေကြတာ မဟုတ်လေလား။
အဲဒီတပ်ရှုပ်ကြီးနဲ့ ခိုးသား ငါးရာ ဇာတ်လမ်းအစကိုလဲ ကပ္ပိယကြီးပြန်ဖော်ပါရစေအုံး ပရိတ်သတ်တို့ရေ။ ဇာတ်လမ်းအစမှာ ထိပ်ပိုင်းနဲ့ အလတ်ပိုင်း သူခိုးကြီးများဟာ အထက်အဆင့်ဆင့်ကို မြန်မာ့ရိုးရာ ဂါရဝေါစ၊ ကြီးမြတ်သူကို ချဉ်းကပ်ခြင်းနဲ့ စခဲ့တယ်လို့ ဆိုရပေမှာပဲ။ ဒီလိုလေ နေ့ကြီး ရက်မြတ်တွေမှာ ပထမတော့ အထုပ်ကြီး အထုပ်ငယ်တွေနဲ့ဝင်ခဲ့ကြတာပါ။ နောက်ပိုင်းမှာတော့ အထုပ်တွေ သေးလာခဲ့ကြတယ်။ ချက်လက်မှတ်၊ ကားသော့၊ ရတနာသေတ္တာ ဗူးလေးတွေ ဆိုတော့လဲ…… အင်း…… သဘောပေါက် လောက်ပြီထင်ပါရဲ့ ။ ဒီ ပဏ္ဏာတော်လေးတွေ ရဲ့ ရှေ့ မှာ ကျုံ့ ကျုံ့ လေးတွေ ထိုင်ပြီး ကန်တော့ ကြရတယ် ခင်ဗျား။ ဟို…. ဘယ်လိုပြောရမလဲ… ယိုသူမရှက်၊ မြင်သူရှက်ပေါ့ဗျာ။ ကန်တော့ခံကိုယ်တော်များကတော့ ….. ဟဲဟဲ…ဟဲဟဲ နဲ့ “နွားပြာကြီး အောက်သွားမရှိ” ဆိုတဲ့ ပုံမျိုး။ ကန်တော့သူများကလဲ သူတို့ရဲ့ အခက်အခဲတွေ တင်ပြ၊ နေရာဋ္ဌာနကောင်းတွေ ပြောင်းပေးဖို့ တင်ပြနဲ့ အလွန်အဆင်ပြေခဲ့ကြလေရဲ့။ နောက်ပိုင်းကာလတွေ ကြတော့ ပဏ္ဏာတော်နဲ့ ဦးတင်ခြင်းဟာ မလုပ်မနေရ ထုံးစံကြီး ဖြစ်လာတော့ပါပဲ။ နောက်ပိုင်းမှာ ပိုဆိုးလာတာကတော့ ကိုယ်ရေးကိုယ်တာ အကြပ်အတည်းတွေကို ကြောင်သူတော်ကြီးထံ တိုက်ရိုက် မ၀င်ရဲတော့တဲ့အခါမျိုးမှာ ကျောင်းအမကြီး (အဲလေ) ကြောင်သူတော်မကြီးထံကို ၀င်ကြရ ပါလေရော။ အဲဒီလို ကိစ္စမျိုးကို အိမ်နောက်ဖေးပေါက်က၀င်တယ်လို့ ပြောစမှတ်တင်ခဲ့ကြပါတယ်။ ဗိုက်နာနေသူ ပုဂ္ဂိုလ်ကြီးများအနေနဲ့ နောက်ဖေးပေါက်က ၀င်တာ ပိုအဆင်ပြေကြတယ်ဆိုပဲ။ နောက်ပိုင်းမှာ စစ်တပ်ထိပ်ပိုင်းရော။ အစိုးရအဖွဲ့တွေမှာပါ ကြောင်သူတော်မကြီးကို ပိုမိုကိုးကွယ်ကြရ တဲ့အထိ ဖြစ်လာ ခဲ့တယ်လေ။ ဒီ့အပြင် ငွေကြေးကို အာဏာနဲ့ ပေါင်းစပ်အနားကပ်တဲ့ သမီးပေး သမက်ယူ မင်္ဂလာပွဲတွေကို နှစ်နေရာ၊ သုံးနေရာခွဲပြီး ခြိမ့်ခြိမ့်သဲ ကျင်းပနေတာတွေကလဲ ဘာတွေလဲလို့ မေးစမ်းပါရစေဗျာ။ ဆယ်ဘီးကား ဖင်ထောင်အောင် သယ်လို့တောင် မနိုင်တဲ့ မင်္ဂလာဆောင် ရတနာ လက်ဖွဲ့တွေ အတွက်ပဲ မဟုတ်ပေလား။ ဒါတွေလဲ… ဒါတွေပဲပေါ့ဗျာ။ အဲ.. သို့ကလို အစဉ်အလာ မပျက် ပူဇော်ပသခြင်း လုပ်ငန်းအတွက် ထိပ်ပိုင်းနဲ့ အလတ်ပိုင်းအာဏာသား တွေဟာ အောက်ပိုင်းက ၀န်ထမ်းတွေနဲ့ ပြည်သူတွေကို လည်ပင်းညှစ်ကြတော့တာ ပဲပေါ့ဗျာ။ အဲဒီတော့…. ဒီအော့နှလုံးနာစရာ လာဘ်စားမှု အရှုပ်တော်ပုံကြီးမှာ ဘယ်သူအပြစ်ရှိသလဲ၊ ဒါ့အပြင် သူခိုးအစစ် ဘယ်သူလဲလို့ ပရိတ်သတ်ကြီး ကို ကပ္ပိယကြီး ပဟေဋိ အဖြစ် အဖြေညှိလိုက်ချင်ရဲ့။
ကြောင်သူတော် တပ်ရှုပ်ကြီးရေ…. နင်သာလျှင် သူခိုးလို့ ကပ္ပိယကြီးက လက်ညှိုးထိုးပြန်ရင်လဲ “ရှုး…တိုးတိုး” ဆိုပြီး ကပ္ပိယကြီးကို တံခါးဒေါင့်ဆွဲခေါ်၊ သူ့ ရဲ့စီးတော်တံခါးခြောက်ပေါက် မာစီဒီးကား ကြီးကို လာဘ်ထိုးပူဇော်လိုက်မယ့် ဇာတ်ထုတ်မဟုတ်ပေလား။ ဒီတော့ သူတို့ရဲ့ မဟုတ်တရုတ် ဇာတ်ထုတ်ထဲမှာ ကပ္ပိယကြီးပါ ပါသွားအုံးမယ်။ အဲ….. မဖြစ်ပေလေဘူး ပရိတ်သတ်ရေ။
ကပ္ပိယကြီး ရတက်မအေးတာက တပ်ရှုပ်ကြီးဟာ ဒီလာဘ်စားမှု ဥပဒေကို အပြစ်မဲ့ အငယ်တန်း တွေကိုသာ စံနမူနာပြ တွင်တွင်သုံးနေတယ်။ အနည်းဆုံး (၇)နှစ်ဆိုတဲ့ ထောင်ဒဏ်ဟာ အငယ်တန်း တွေအတွက် ငရဲဘုံပါ။ သူတို့အချင်းချင်းကြတော့ အာဏာနဲ့ လာဘ်ငွေကို အပြန်အလှန်သုံးပြီး ဖုံးဖိဖေးမနေကြရဲ့။ ဥပမာ စ သုံးလုံးလို အဖွဲ့မျိုးကိုလဲ အပင်ပါ လှဲပစ်ခဲ့တယ်မဟုတ်လား။ ကပ္ပိယကြီးဆိုလိုတာကတော့ သစ်တစ်ပင်လုံးမှာ အပြစ်မရှိလောက်ပါဘူး၊ အပြစ်မဲ့တဲ့ အခက်အလက်တွေလဲ ရှိပေမှာပဲ မဟုတ်လား နောက်ထပ်မေးခွန်း ထုတ်ချင်တာကလဲ ဒါဟာ ဖြေရှင်းနည်းပဲလား၊ ဒီလို ဖြေရှင်းလိုက်လို့ လာဘ်စားမှုကြီးပြီး ငြိမ်းသွားပြီလား။ ဆိုတော့ကာ.. ပိုဆိုးလာတယ်လို့ပဲ ဖြေရမှာပါ။ ထောင်တန်းနဲ့ ညားခဲ့ရသူတွေသာ အဖတ်တင်တယ် ဟုတ်။ ပြဿနာ ကြီး ဧကန်မုချပြီးစီးမဲ့ ဖြေရှင်းနည်းမှ မဟုတ်ပဲ။ ဒီတော့ အခုလို လိပ်ဥအစရှာမရတဲ့ လာဘ်စားမှု ပြဿနာကြီးရဲ့ တရားခံကို ရှာကြစတမ်းဆိုရင် တပ်ရှုပ်ကြီးဆိုသူ အနှီကြောင်သူတော် ကိုသာ ထောင်သွင်း အကျဉ်းချပေတော့လို့ ကပ္ပိယကြီး မျက်စိစုံမှိတ် အဖြေပေးလိုက်ပါရစေ။ ဒီနောက်မှာတော့ အမိမြန်ပြည်ကြီး အေးချမ်းပြီသာမှတ်။
အဲ….. ဒီ့ပြင်တစ ကပ္ပိယတင်ပြရရင်ဖြင့် ၀န်ထမ်းဆိုတာ ဘာလဲ၊ ဒို့ ပြည်သူတွေပဲ မဟုတ်လား။ ပြည်သူ့ရင်က ပေါက်ဖွားလာတဲ့ ပြည်သူ့ဝန်ထမ်းများပါ။ သံသယတွေ မပွားကြပါနဲ့၊ တပ်ရှုပ်ကြီးနဲ့ ခိုးသားငါးရာ ဇာတ်တော်သားတွေရဲ့ မဟာဗျူဟာအရ ပြည်သူနဲ့ ၀န်ထမ်း၊ ၀န်ထမ်းနဲ့ ပြည်သူ၊ ရန်သူသမျှ မုန်းတီးနေကြအောင် ပူးပေါင်းညီညွတ်လို့ မရအောင်၊ နားလည်မှုတွေ လွဲမှားနေကြအောင် အောက်လမ်းနည်း တသွယ်နဲ့  ဖန်တီးချယ်လှယ်နေကြတာပ။ အဲဒီတော့ ဒီ မင်းဆိုးမင်းညစ်နဲ့ အပေါင်းအပါများကို တွန်းလှန် မောင်းထုတ်ဖို့၊ ဒို့ပြည် မြန်မာကြီး သာယာအေးချမ်း စည်ပင်စေဖို့ ဒို့အင်အားစုနှစ်ရပ် ပေါင်းစည်း ညီညွတ်ကြ ပါစို့လို့ တိုက်တွန်း နှိုးဆော်ရင်း နိဂုံးကမတ် အဆုံးသတ်ပါရစေတော့ခင်ဗျား။

No comments:
Post a Comment