ကျွန်တော်နဲ့ ကျွန်တော်လေးစားခဲ့ဖူးသော မြန်မာ့တပ်မတော်အကြောင်း အပိုင်း(၃)
ဆောင်းပါးရှင် - စစ်မင်းနိုင် (ပြည်တွင်းမှ တပ်မတော်အရာရှိတစ်ဦး)
အရိုးတောင်ဆိုတာ ကရင်တိုင်းရင်းသားများရဲ့ သင်းချိုင်းမြေကို အစွဲပြုပြီးခေါ်တာဖြစ်မယ်လို့ ကျွန်တော် ထင်ခဲ့ပါတယ်။ အဲဒီအချိန်က မိုးတွင်းကြီးဗျ။ မိုးရေထဲမှာ ခပ်စောစောထပြီး လမ်းရှင်းကြရပါတယ်။ အဲဒီလို လမ်းရှင်းရတာလည်း တပ်မမှူးတို့ ဗျူဟာမှူးတို့ ခရီးမထွက်ခင် တစ်လလောက်ကြိုပြီး ကိုယ်တာ ၀န်ယူရတဲ့ လမ်းအပိုင်းကို မိုင်းရှင်းရေးအတွက် ရဲဘော်တွေနဲ့ တံမျက်စည်းလှည်းကြရတာဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် တော့ လူနဲ့ လမ်းရှင်းခိုင်းတာပေါ့ဗျာ။ ခေတ်မှီ တပ်မတော် ဆိုပြီး ပြောနေပေမဲ့ မိုင်းရှာဖွေတဲ့ စက်တောင် အောက်ခြေအထိ မချပေးနိုင်လို့ စစ်သည်တွေရဲ့  အသက်နဲ့ ခန္ဓာကိုယ်ကို ရင်းပြီး လမ်းရှင်းခိုင်းတာဖြစ်ပါတယ်။
ဒီဟာကို ကျွန်တော်ပထမတော့ သေသေချာချာ သဘောမပေါက်ခဲ့ဘူး။ နောက်မှ ၀ါရင့်ဆရာကြီး တွေပြောပြလို့ သိခဲ့ရတာပါ။ ကျွန်တော်တို့ လမ်းစရှင်းတဲ့ နောက်နေ့မှာပဲ ကျွန်တော့် တပ်ခွဲက ရဲဘော် တစ်ယောက်ကို မိုင်းထိတယ်။ ကျွန်တော်လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိခဲ့ပါဘူး။ ကိုယ့်ရှေ့မှာ လူတစ်ယောက် ခြေထောက်ပြတ်တာကို ပထမဦးဆုံးစမြင်ဘူးတော့ ခြေလက်တွေ တုန်ပြီး ခြေလှမ်းတစ်လှမ်း ရွေ့ဖို့တောင် အင်အားချိနဲ့ ကြောက်လန့်နေခဲ့မိပါတယ်။ ဒီလိုနဲ့ ကျွန်တော် တို့ လမ်းရှင်းလိုက်ကြတာ ၁၅ ရက်အတွင်းမှာ ကျွန်တော့်တပ်ခွဲက ဆရာကြီး တစ်ယောက်နဲ့ ရဲဘော် လေးယောက် မိုင်းထိလို့သွားပါ တော့တယ်။ အားလုံး ခြေထောက်တွေ ပြတ်ကြတာပေါ့။ ထူးထူးခြားခြား တိုက်တိုက်ဆိုင်ဆိုင်ပါပဲ အဲဒီ မိုင်းထိတဲ့ နေ့တွေမှာ မိုးတွေရွာနေခဲ့တာပါ။
ဒါကြောင့် ဒီမိုးရွာတဲ့ရက်တွေကို ကျွန်တော် ဘယ်လိုမှ မေ့မရခဲ့သလို ရင်ထဲမှာ နာကျည်းမှုတွေဟာလည်း ပြည့်လျှံနေခဲ့တာပါ။ (၂၀) ရက်မြောက်နေ့မှာ ဗျူဟာမှူးဟာ ကျွန်တော်တို့ တာဝန်ယူရတဲ့ လမ်းအပိုင်း ကနေ ဖြတ်အသွား ကျွန်တော့် တပ်ခွဲက လူအင်အား မလုံမလောက်နဲ့ ရှေ့ပိတ်နောက်ပိတ် အသေခံ ပို့ဆောင်ပေးခဲ့ရပြန်ပါတယ်။ ဗျူဟာမှူး ကျွန်တော့် စခန်းရောက်တော့ ဘာပြောလဲဆိုတော့ မင်းတော်တော် ညံ့ဖျင်းတဲ့ကောင် ၁၅ ရက်အတွင်းမှာ လူ ၅ ယောက် မိုင်းထိတာ မင်းစစ်ရေးမသုံးသပ်တတ်လို့ စောက် သုံးမကျလို့ ဒီလို ဖြစ်ရတာလို့ ကျွန်တော့်ကို ဆူပါတယ်။ နောက်ထပ် ဒီလိုဖြစ်စဉ်မျိုးဖြစ်ရင် မင်းကို အရေးယူမယ်လို့လည်း ပြောပါသေးတယ်။ သူပြောတဲ့ စစ်ရေးသုံးသပ်ချက်ကို ကျွန်တော်ကောင်းကောင်း နားလည်ပါတယ်။ မိုင်းဆိုတာ မြွေလိုဘဲ ဆရာ မရှိတာမို့ ကံ ညံ့တာနဲ့ ခံရတာ ဆိုတာ ပထမပြောချင်ပါတယ်။ အရေးကြီးဆုံးက မိုင်းရှာဖွေရေးစက်တွေကို တပ်ရင်းတွေထံ အလုံအလောက် ချပေးဖို့ ပျက်ကွက်တာတွေ မိုင်းရှာဖွေရေး သင်တန်း အသိပညာပေးမှု အားနည်းတာတွေ စစ်မြေပြင် အင်ဂျင်နီယာတပ်တို့မှ မိုင်းရှာ ကျွမ်းကျင်စစ်သည်များ တပ်ရင်းများသို့ ယခင်ကလို တွဲဖက်ပေးဖို့ ပျက်ကွက်တာတွေစတဲ့ လိုအပ်တဲ့ အစီအမံများကို ဗျူဟာမှူးနဲ့ အထက် စစ်အာဏာရှင်များက သိလျက်နှင့် လစ်ဟင်း မသိကျိုးကျွံ ပြုနေတာကတော့ အတွင်းသတ် ခေါ်တဲ့ ကိုယ့် လူအချင်းချင်း သတ်တဲ့ သဘောပါဘဲ။ လိုရင်းပြောရရင် ကျွန်တော် စစ်ရေး သုံးသပ်တာ ညံ့တာထက် သူတို့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာ အဓိက တရားခံ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ ပြန်တင်ပြရန် အခွင့်အရေးမရှိသလို ပြန်တင်ပြရင်လည်း ချက်ချင်း လက်ငင်း အရေးယူမယ်ဆိုတာကိုလည်း ကျွန်တော်သိနေခဲ့လို့ပါပဲ။
ကျွန်တော့် တပ်ခွဲက လူအင်အား (၂၂)ယောက်ပါ ၊(၅)ယောက်မိုင်းထိတော့ (၁၇)ယောက်သာရှိတော့တဲ့ ကျွန်တော့်တပ်ခွဲက ဘယ်လိုများ စစ်ရေးအင်အားထက်မြက်နိုင်မှာလဲ။ ဒါ့အပြင် စိတ်ဓာတ်က သုံည အောက်ရောက်နေတဲ့ အသက်အရွယ် ကြီးရင့်နေတဲ့ ဆရာကြီးတွေရယ်၊ ဥာဏ်ရည်မမှီတဲ့ ရဲဘော်လေး တွေရယ် (လမ်းပေါ်ကနေအတင်းအဓမ္မ တစ်မျိုး ၊ ရရာတမျိုး စုဆောင်းထားသူများ) နဲ့ အမိန့်ညွှန်ကြားချက်ကို ထိရောက်စွာမလုပ်မကိုင်နိုင်လို့ လူအင်အား အနည်းငယ်သာရှိတဲ့ ကေအင်န်ယူ KNU ပြောက်ကျား စစ်ဆင်ရေးကို အရှုံးပေးနေရတာဖြစ်ပါတယ်။ ဒီအဖြေကိုသာ ကျွန်တော် ပေးလိုက်ရင် အဲဒီစစ်ခေါင်းဆောင် ဗျူဟာမှူးကြီး ချက်ချင်း ဒေါသူပုန်ထပြီး အနာပေါ် ဒုတ်ကျကာ ကျွန်တော်တို့ကို အရေးယူမှာ မလွဲပါ။ ကျွန်တော် မျက်ရည် ထပ်ကျခဲ့တဲ့ နေ့ကတော့ ဗျူဟာမှူးသွားပြီး နောက်နေ့ ကျွန်တော်တို့ လုံခြုံရေးလုပ်ဖို့ စက်ကနေ လှမ်း အကြောင်းပြန်တဲ့ နေ့ဖြစ်ပါတယ်။ ဗျူဟာမှူး အရေးပေါ် ပြန်လာမှာ ဖြစ်တဲ့အတွက် လမ်းရှင်းပါတဲ့ အထက်က တန်းဖြုတ်ဆိုမှ ဖြုတ်ပါတဲ့။ အဲဒီနေ့မှာလည်း တိုက်တိုက်ဆိုင်ဆိုင် မိုးတွေက သည်းကြီးမဲကြီး ရွာနေခဲ့ပါတယ်။
ထူးခြားတာက ကျွန်တော့်တပ်ခွဲဟာ မိုင်းအရမ်းထိလို့ မိုင်းကို မိုင်းနဲ့ကာဆိုပြီး တန်ပြန်မိုင်းထောင် ခိုင်းပါတယ်။ ဒါနဲ့ ကျွန်တော် ဦးဆောင်ပြီး ရန်သူလာနိုင်မဲ့ လမ်းကြောင်းများမှာ မိုင်းတွေအသီးသီး ထောင်ကြ ပါတယ်။ မိုင်းထောင်ကြတဲ့ နေရာမှာ ကျွမ်းကျင်ပါသည်ဆိုတဲ့ ၀ါရင့် တပ်ကြပ်များကို ကျွန်တော် ရွေးချယ် အသုံးပြုခဲ့ပါတယ်။ ဖြစ်ချင်တော့ ကျွန်တော်တို့ ကာကွယ်ရေးပစ္စည်း စက်ရုံတွေက ထုတ်တဲ့ မိုင်းတွေကပဲ မကောင်းတာလား ကျွန်တော့်ရဲ့  ကျွမ်းကျင်ပါသည်ဆိုသောဆရာတွေကပဲ နမော်နမဲ့နိုင်တာလား ကျွန်တော် ကပဲ ကြီးကြပ် ကွပ်ကဲမှု အားနည်းတာလား မပြောနိုင်ပါ။ ကျွန်တော့်တပ်ခွဲက ဆရာတင်ငွေဟာ ရန်သူအတွက် မိုင်းထောင်ရင်း သူ့မိုင်း ကသူ့ကိုပြန်ထိပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ရပါတယ်။
ဒီမိုးရွာတဲ့ နေ့တွေကတော့ဖြင့် ကျွန်တော့်ရင်ကို ထိခိုက်စေခဲ့သလို စူးစူးနင့်နင့်နဲ့ ဖြစ်စေတဲ့ လက်ရှိ တပ်မတော်ရဲ့ အတွင်းသတ် အပြင်သတ် ရက်စက်မှု နည်းဗျူဟာများကို သိရှိနားလည်စေခဲ့တာပါဘဲ အခုလည်း ဆူးလေလမ်းပေါ် လမ်းလျှောက်ရင်း တပ်တွင်းမှာတင်မက ပြည်သူတစ်ရပ်လုံးအပေါ် ရက်စက် ယုတ်မာတဲ့ တပ်မတော်အစိုးရရဲ့ ရက်စက်မှုတွေကို ခံစားရင်း မိုးရေထဲက ကျွန်တော့်ခံစားချက်လိုမျိုး ပြည်သူတွေ ခါးစည်းခံစားနေရတဲ့ဘ၀က လွတ်မြောက်မဲ့ရက်ကို ကိုယ်တိုင်ဖန်တီးကြရမယ်လို့ ဆုံးဖြတ်ချက် ချကာ ဒီစာကို ရေးသားလိုက်ရပါတယ်၊ ဒါ့အပြင် ဒီခံစားချက်ကို တစ်ပြည်လုံးသိအောင် ဖြန့်ဝေရမယ်ဆိုတဲ့ အသိနဲ့ သန္ဓိဋ္ဌာန်ကို ခိုင်ခိုင်မာမာကြီး ချခဲ့မိပါတော့တယ်။
No comments:
Post a Comment