.

.

.

August 18, 2008

အတွင်းသတ်၊ အပြင်သတ် အပိုင်း(၂)

စာဖတ်သူများခင်ဗျား -

ဒီနေ့တော့ ဆောင်းပါးရှင် ပြည်တွင်းမှ တပ်မတော်အရာရှိဟောင်းတစ်ဦးရဲ့ စစ်ဆင်ရေးထွက်ခါနီး အတွေ့အကြုံ တွေ၊ တပ်မှာ အတွေ့အကြုံ ရင့်ကျက်နေတဲ့ ဆရာကြီးများနဲ့ စစ်ဗိုလ်ပေါက်စများ သဟဇာတ မဖြစ်ပုံတွေ တပ်ရင်းမှူးရဲ့ စာအုပ်ကြီးအတိုင်း မိန့်ခွန်းခြွေပုံတွေကို စစ်ဗိုလ်ပေါက်စတို့က အထင်ကြီး လေဟန်နဲ့ တပ်အချင်းချင်း အဆင့်အတန်း ကွာခြားနေပုံတွေကို တင်ပြသွားပါတယ်။

ကျွန်တော်နဲ့ ကျွန်တော်လေးစားခဲ့ဖူးသော မြန်မာ့တပ်မတော်အကြောင်း အပိုင်း(၂)

ဆောင်းပါးရှင် - စစ်မင်းနိုင် (ပြည်တွင်းမှ တပ်မတော်အရာရှိတစ်ဦး)

ဒီလိုနဲ့ ကျွန်တော်လည်း တပ်ခွဲမှူးအသစ်စက်စက်ကလေးတို့ ထုံးစံအတိုင်း တက်ကြွပြီး နေ့ဘက်မှာ မိမိတပ်ခွဲကို စီစဉ်ညွှန်ကြား ပြင်ဆင်စရာများကို အသားကုန် လုပ်ဆောင်လို့နေပါတော့တယ်။ ကျွန်တော့် တပ်ခွဲက အသက်အရွယ်ကြီးရင့်ပြီ ဖြစ်ကြတဲ့ ဆရာကြီး ၅ ယောက်ရှိပါတယ်။ သူတို့ကတော့ အသက်၄၆ နှစ်ကနေ ၅၃ နှစ်ကြားပေါ့ဗျာ။ တပ်ခွဲဒုအရာခံဗိုလ်ကျော်တင့်၊ တပ်ခွဲတပ်ကြပ်ကြီး အောင်မောင်း၊ တပ်ကြပ်ကြီး စံပွင့်၊ တပ်ကြပ်ပြီး လှသိန်းနဲ့ တပ်ကြပ် အောင်ဒင်တို့ပါပဲ။ ကျွန်တော့်လို ဒုဗိုလ်ပေါက်စ လေး ရဲ့ အထင်နဲ့ ရမ်းသမ်းစီစဉ်ညွှန်ကြားနေတာကို သူတို့လို အတွေ့အကြုံရင့်ကျက်နေသူ စစ်အိုကြီးတွေ ကတော့ ပြုံးစိစိနဲ့ပေါ့။ တကယ်ဆို သူတို့က ကျွန်တော့်အဖေလောက်တွေပါ။ ဖြစ်သင့်တာက သူတို့က ဗိုလ်ကြီး ဒီလိုမစီစဉ်သင့်ဘူး။ ဒီလိုစီစဉ်ရင် ပိုပြီး အဆင်ပြေမယ်။ ပိုပြီးကောင်းမွန်ထိရောက်မယ်လို့ ပြောသင့်ပါတယ်။ သူတို့မပြောရတဲ့အကြောင်းရင်းကလည်း သူတို့မှာ အဖြေအဆင်သင့်ရှိပြီးသားပါ။ ဘာကြောင့်လဲဆိုတော့ ရှေ့အစဉ်အဆက်က ဗိုလ်ပေါက်စတွေကို သူတို့စေတနာရှေ့ထားပြီး ပြောပြခဲ့ဘူး ကြောင်း နောင်မှ ကျွန်တော်သိခဲ့ရတာပါ။ အဲဒီတုန်းကဆို ထိုဗိုလ်ပေါက်စတွေက ဘာပြန်ပြောလဲဆို တော့ ခင်ဗျားက Commander ခေါင်းဆောင်လား ကျုပ်က Commander ခေါင်းဆောင်လား။ စစ်တပ်မှာ အသက်နဲ့ အုပ်ချုပ်တာလား အဆင့် ရာထူးနဲ့ အုပ်ချုပ်တာလားဆိုပြီး နင်ပဲငါဆ အပြောတွေခံခဲ့ရလို့ အသားတွေ ဆတ်ဆတ်တုန်ကာ မျက်ရည် ပိုးပိုးပေါက်ပေါက်ကျခဲ့ကြရတယ်လို့ဆိုပါတယ်။ ကျွန်တော်တို့ လက်ရှိ မြန်မာ့တပ်မတော်ကတော့ ဒီလိုပါပဲ။ အဆင့်ဆင့်သော အာဏာတစ်မတ်ဖိုးရှိသူကလည်း တစ်မတ်ဖိုးလောက်၊ တစ်ကျပ်ဖိုးရှိသူက လည်းတစ်ကျပ်ဖိုးလောက် ပုတ်သင်ညိုလည်ပင်းမှာ ငွေစ ဆွဲပေးသလို စိတ်ကြီးတွေ ၀င်ကာ ထင်ရာကြဲတတ်ကြတာလည်း အစဉ်အလာတစ်ခုလို ဥပဒေသတစ်ခုလို ဖြစ်နေခဲ့ပါပြီ။ တစ်နည်း ပြောရလျှင် အရိုးစွဲ နေပြီပေါ့ဗျာ။

ဒါနဲ့ ကျွန်တော်လည်း ကျွန်တော် တတ်သမျှ မှတ်သမျှ စစ်ပညာလေးတွေနဲ့ စီစဉ်ထားမှုတွေကို တပ်ရင်းမှူးပြုလုပ်တဲ့ ညဘက်အစည်းအဝေးမှာ တင်ပြတော့ တပ်ရင်းမှူးက ဟေ့ကောင် မင်းလုပ်သင့် တာ လုပ်ရမှာတွေကို ငါခြုံငုံပြီးလမ်းညွှ့န်ထားပြီးသား။ အပိုတွေမပြောနဲ့ ငါ့မှာအချိန်မရှိဘူး။ စစ်ခေါင်း ဆောင်ဆိုတာ အချိန်ကို ရွှေထက်တန်ဘိုးထားတတ်ရတယ်။ စစ်ဆင်ရေးတစ်ခုမှာ စစ်ရေးအမြင်၊ စည်းရုံး ရေးအမြင်၊ အုပ်ချုပ်ရေးအမြင်တွေနဲ့ သုံးသပ်ဆုံးဖြတ်လုပ်ဆောင်တတ်ရင် ငါတို့စစ်ဆင်ရေးမှာ မလွဲဧကန် မုချအောင်မြင်မှာပဲ။ ဒါကြောင့် ဒီအခြေခံသဘောတရားတွေကို မင်းတို့လိုအရာရှိငယ်တွေ တစ်သွေမ သိမ်း ဦးလည်မသုန်လိုက်နာကြဖို့ လိုအပ်ကြောင်းစသဖြင့်ညွှန်ကြားမှုတွေကို ရှည်လျားစွာ မိန့်မှာခဲ့ပါတယ်။ အချိန်ကို ရွှေထက်တန်းဘိုးထားတဲ့ ကျွန်တော့်တို့ရဲ့ တပ်ရင်းမှူးကြီးကို ထိုအချိန်ထိုအခါက ရင်မှာလေးစားလိုက် တာဖြင့် ဆို့တက်နေအောင်ပါပဲ။ အထင်လည်းကြီး ၊လေးစားမှုကလည်း အထွဋ်အထိပ် မှာဆိုတော့ ကျွန်တော့်ရင်ထဲမှာ ငါဖြင့် ဒီလို ခေါင်းဆောင်အောက်မှာ တာဝန်ထမ်းဆောင်ရတာ ကံကောင်းတယ်။ ငါတို့တိုင်းပြည်မှာ ဒီလိုခေါင်းဆောင်တွေချည်းပဲသာဆိုလျှင် ငါတို့တိုင်းပြည်ဟာ မကြာခင် တစ်ခြားနိုင်ငံများနည်းတူ စစ်အင်အားရော အခြားသောနိုင်ငံရေးအခြေအနေတွေပါ ထိပ်ပိုင်းနေရာကို ရောက်ရှိလာ တော့မှာ အသေအချာပဲလို့ ပီတိစိတ်အပြည့်နဲ့ တွေးတောထင်မြင်ခဲ့ရဘူးပါတယ်။ နောက်ပိုင်း မှာ တပ်ရင်းမှူး ကိုယ်တိုင်က လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့ တာဝန် ပျက်ကွက်တာတွေ ကိုတွေ့ရတော့ အဲဒီပီတိ စိတ်တွေသဲထဲ ရေသွန် ဖြစ်သွားခဲ့ရပါတယ်။

ဒီလိုနဲ့ ကျွန်တော်တို့တပ်မ (၃၃)ဟာ ကျောက်ကြီးဒေသသို့ စစ်ဆင်ရေးခရီးကြမ်း ချီတက်ခဲ့ကြပါတယ်။ ကျွန်တော် တို့နဲ့ တာဝန်လဲလှယ်ဖို့ စောင့်မျှော်နေတဲ့ တပ်မကတော့ အမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် ပါ။ စကားကြုံလို့ ပြောလိုက်ရဦးမယ်။ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်တွေမှာ ဆန့်ကျင်ဘက်အဖွဲ့အစည်း အင်အားကောင်းတာမို့ မြန်မာအစိုးရစစ်တပ်က ဒီလို သတ်မှတ်ထားတဲ့ နယ်မြေတွေမှာ တစ်နည်းအားဖြင့် စစ်ရေးအရ ကြမ်းတမ်းတဲ့ ဒေသတွေဆိုရင် တပ်မ တပ်တွေနဲ့ စကခတပ်တွေသာ စစ်ဆင်ရေးဝင်ရ လေ့ရှိပါတယ်။ တိုင်းတပ်တို့ ဒကစ တပ်တို့ကတော့ ဆက်ကြေးကောက် မြို့ရွာဒေသ အုပ်ချုပ်ရေးကိစ္စတွေမှာ လူတွင်ကျယ်လုပ် ခေါင်းပုံဖြတ်ကြရတာပေါ့ဗျာ။ တပ်မတို့ စကခတို့က စစ်ဗိုလ် စစ်သားတွေကတော့ဖြင့် မိုးထဲရေထဲမှာ ငါးပိ နပ်မမှန် ဆား နပ်မမှန်နဲ့ ဆီဆိုတာ ပျစ်ချွဲချွဲအရည်လားလို့ မေးရလောက်အောင် နားမလည်ခဲ့တဲ့ သူတွေပါ။ တစ်နည်းဆိုရသော် လူ့ ပြည်က ပြိတ္တာအကြီးစားတွေ လို့တောင် ဆိုနိုင်ပါရဲ့ဗျာ။ တပ်ချင်း တူတာတောင် နေထိုင်စားသောက်မှု အဆင့်အတန်း ကွာခြားမှုကို စတင်သိမြင် လာပါတယ်။ ဒီလိုနဲ့ တပ်ချင်းလဲကြတော့ ပြန်မယ့်သူတွေကလည်း ပျော်တစ်ပြုံးပြုံး ဖြစ်သလို ကျန်ခဲ့ရမယ့် ကျွန်တော်တို့ တပ် အသစ်တွေကလည်း ဘယ်နေရာက မိုင်းကွင်း ဘယ်နေရာကတော့ ခြုံခိုတိုက်ခိုက်လေ့ရှိတဲ့နေရာ ရန်သူရဲ့ ဓလေ့စရိုက် စသည်ဖြင့် ကိုယ်သိလိုရာ စမ်းတ၀ါးဝါး မေးမြန်းကြရင်းနဲ့ ကျွန်တော့်ရဲ့ အရာရှိဘ၀ စစ်ဆင်ရေး နိဒါန်းကို ကန့်လန့်ကာဖွင့်ခဲ့ပါတယ်။ ကျွန်တော့် တပ်ခွဲ (၄) က ပထမဆုံး ဘောဆဲခို အလွန် အရိုးတောင်မှာ စခန်းချရပါတယ်။

No comments: