.

.

.

August 21, 2008

စစ်တပ်နဲ့ နိုင်ငံရေး

ရဲဘော် ဖိုးသံချောင်းရဲ့  စစ်တပ်နဲ့ နိုင်ငံရေးဆိုတဲ့ စာအုပ်ထဲက ဆောင်းပါး တပုဒ်ကို စာဖတ်သူတွေ အတွက် ကျွန်တော် ကိုဖိုးတရုတ်မှ တင်ဆက်ပေးလိုက်ပါတယ်။ ဒီဆောင်းပါးကို DVB မှာ အသံလွှင့်ခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ “ငါးကြင်းဆီနဲ့ ငါးကြင်းကြော်” ရမယ် ဆိုတာကို ရဲဘော် ဖိုးသံချောင်းက ထောက်ပြသွားပါတယ်။


အမြော်အမြင်ရှိတဲ့ တပ်မတော်သားများသို့ - အပိုင်း(၁)

ဆောင်းပါးရှင် - ရဲဘော် ဖိုးသံချောင်း

လက်ရှိ အခြေအနေမှာ တိုင်းပြည်ရဲ့  ကံကြမ္မာဟာ တပ်မတော်သားများရဲ့  လက်ထဲမှာ ရှိနေသလို ဖြစ်နေပါပြီ။ ဒါကြောင့် စဉ်းစားကြဖို့ အချက် (၂) ချက်ကို ကျွန်တော်တို့ တင်ပြချင်ပါတယ်။

ပထမအချက်က နိုင်ငံရေးအလုပ်ကို နိုင်ငံရေးသမားတွေရဲ့  လက်ထဲထားလို့ မဖြစ်ဘူး။ စစ်တပ်က ၀င်လုပ်မှ ဖြစ်မယ်။ မလုပ်ရင် တိုင်းပြည် ပြိုကွဲမယ်ဆိုပြီး စစ်တပ်က နိုင်ငံရေးဝင်လုပ်ခဲ့တာ ကြာပါပြီ။ နှစ်ပေါင်း (၄၀) တောင် ကျော်ခဲ့ပါပြီ။ အဲဒီလိုလုပ်တော့ တိုင်းပြည် ဘာဖြစ်သွားသလဲ။ ပိုကောင်းသွားသလား၊ ပိုဆိုးသွား သလား။

ဒုတိယအချက်က ဒီလို စစ်တပ်က နိုင်ငံရေးလုပ်ခဲ့လို့ တပ်မတော် စည်းလုံးညီညွတ်ရေး ပိုကောင်းလာသလား။ ပျက်သွားသလား။ ကမ္ဘာမှာ ဗမာပြည်လို စစ်တပ်အတွင်း အုပ်စုလိုက် ဖယ်ရှားရ၊ အရေးယူ ရတာမျိုး မရှိဘူးမဟုတ်၊ ရှိပါတယ်။ အဲဒါဟာ တချိန်က အာဂျင်တီးနားလို စစ်တပ်က အာဏာသိမ်းထားတဲ့ နိုင်ငံမျိုးတွေ မှာပါ။ အင်ဒိုနီးရှားမှာ ဆူဟာတို အာဏာသိမ်းတော့လည်း မျိုးချစ်ပြည်ချစ် တပ်မှူးတွေကို အုံလိုက်ကျင်းလိုက် ဖမ်းခဲ့ ဖြုတ်ခဲ့ပါတယ်။

ဒါကြောင့် ဒီနှစ်ချက်ကို လေးလေးနက်နက် စဉ်းစားကြစေချင်ပါတယ်။ ကျွန်တော်တို့ အမြင်ကို ပြောပါမယ်။

နိုင်ငံရေးအလုပ် နိုင်ငံရေးသမားတွေ လက်ထဲ မထားချင်တဲ့ အတွေးအခေါ်ဟာ ၁၉၆၂ ခုနှစ်ကမှ စခဲ့တာ မဟုတ်ပါဘူး။ အစောကြီးကတည်းက စစ်ခေါင်းဆောင်တွေထဲရှိတဲ့ အတွေးအခေါ်ပါ။ အဲဒီအတွေးအခေါ်နဲ့ပဲ အာဏာရ နိုင်ငံရေးပါတီ (ဖဆပလ) ကို စစ်ဗိုလ်တွေက ဘေးကနေ ကြိုးကိုင်ခဲ့ပါတယ်။ ဘာလုပ်ပါ၊ ဘာမလုပ်ပါနဲ့လို့ ဘေးကနေ အမိန့်ပေးနေခဲ့တာပါ။ အဲဒီလို နိုင်ငံရေးထဲ ၀င်ရှုပ်လို့ အာဏာရပါတီ ဖြစ်တဲ့ ဖဆပလ ကွဲသွားတာပါ။ နိုင်ငံရေးပါတီကွဲတော့ “အိမ်စောင့်ပေးမယ်၊ တို့ အစိုးရ၀င်လုပ်မယ်” ဖြစ်လာပါတယ်။ အဲဒီ အိမ်စောင့်ပေးခဲ့တဲ့ ဗိုလ်မှူးချုပ်တွေ၊ ဗိုလ်မှူးကြီးတွေ အခု ဘယ်ရောက်နေပြီလဲ။ အတိုက်အခံ နိုင်ငံရေး သမား ဖြစ်နေပါပြီ။

၁၉၆၀ ရွေးကောက်ပွဲနိုင် အာဏာရပါတီ (ပထစ) ကိုကျတော့ ၁၉၆၂ ခုနှစ်မှာ “မင်းဖယ်ပေး၊ ငါလုပ်မယ်” ဆိုပြီး အစိုးရ တက်လုပ်ပါတယ်။ အိမ်စောင့်တာ မဟုတ်တော့ပါဘူး။ အိမ်ကို သိမ်းလိုက်တာပါ။ အဲဒီ ဗိုလ်မှူးကြီးတွေကော အခုဘယ်ရောက်နေပြီလဲ။ အတိုက်အခံ နိုင်ငံရေးသမားတွေ ဖြစ်နေပါပြီ။

န၀တဆိုပြီး အာဏာလွှဲယူခဲ့ကြတဲ့ ဒု - ဗိုလ်မှူးကြီးတွေကော အခု ဘယ်ရောက်ကုန်ပြီလဲ။ သူတို့ဟာ အတိုက်အခံ နိုင်ငံရေးကို ဗြောင်လုပ်ခွင့်မရလို့ တိုးတိုးတိတ်တိတ် အတိုက်အခံ နိုင်ငံရေး လုပ်နေကြပါပြီ။ ဗိုလ်သန်းရွှေ အကြောင်း ကျွန်တော်တို့ တစွန်းတစ သိရတာတွေက သူတို့ဆီက ရတာပါ။

အခု ဗိုလ်ခင်ညွှန့်အစုကို ထောင်ထဲ ထည့်လိုက်ပြီ။ သူတို့ဆီက ဗိုလ်သန်းရွှေနဲ့ သူ့မီးဖိုချောင် ကက်ဘိနက် အကြောင်း ကျွန်တော်တို့ ပိုပြီး သိလာရဦးမှာပါ။

ဦးနေ၀င်းလက်ထက်တုန်းက တိုင်းခန်းလှည့်တဲ့အခါ ဒေါ်ခင်မေသန်း ပါလေ့မရှိပါဘူး။ သတင်းစာထဲမှာ ဦးနေ၀င်းနဲ့ တွဲလျက် ဓာတ်ပုံပါဖို့တော့ ဝေးရော။ ဒေါ်ခင်မေသန်းက မီးဖိုချောင် ကက်ဘိနက် အလုပ်ကို အိမ်တွင်းမှာပဲ ပိပိရိရိ လုပ်ပါတယ်။ အခု ဗိုလ်သန်းရွှေကတော့ တအိမ်ထောင်လုံး တိုင်းခန်းလှည့်ရာ ပါတယ်။ သတင်းစာက မျက်နှာဖုံးမှာ ဖော်ပြတယ်။ သူတို့ မရှက်ကြဘူးလား။ သတင်းစာဖတ် ပရိသတ်က ဘယ်လို သဘောထားကြမလဲဆိုတာ သူတို့ မစဉ်းစားမိဘူးလားမသိဘူး။

ဗိုလ်သန်းရွှေ ဘာကြောင့် အဲဒီလို အောက်ခြေ လွတ်သွားတာလဲ။ ဗိုလ်သန်းရွှေ ရဲ့  အရင်သမိုင်းမှာ ဒီလို မကြားရဖူးပါဘူး။ ရှင်းရှင်းပြောရရင် အခု သူ့ကို အာဏာက ဖျက်ဆီးလိုက်တာပါဘဲ။

ဒီနေ့ အတိုက်အခံ နိုင်ငံရေးသမားတွေ စာရင်းချကြည့်ပါ။ ဘယ်သူတွေလဲ။ အဓိက အတိုက်အခံ နိုင်ငံရေးပါတီ NLD မှာ စစ်ဗိုလ်ကြီးတွေ ချည်းလောက်ပဲ။ “တစည” ပါတီထဲမှာ လည်း စစ်ဗိုလ်ကြီးတွေ ချည်းပါဘဲ။ နောင်လည်း အတိုက်အခံ စစ်ဗိုလ်တွေ တိုးလာဦးမှာပါ။ ဒီတခါ တိုးမှာက သက်ကြီး ရယ်အိုတွေ မဟုတ်ဘူး။ အရွယ်ကောင်း အားကောင်းမောင်းသန် ဗိုလ်မှူးအောင်လင်းထွဋ် (ငြိမ်း) လို စစ်ဗိုလ်တွေ ဖြစ်လာလိမ့်မယ်။ ကျွန်တော်တို့ သဘောထားက “မိမိကိုယ်ကို လူထုထံ ပုံအပ်ရင် သန်းရွှေ စစ်အုပ်စု အကြောင်း သိသမျှ ဖွင့်ပြောရင်” ဘယ်သူ့ကိုမဆို ကြိုဆိုမှာပဲ။ တိုင်းချစ်ပြည်ချစ် စာရင်းဝင်မှာပဲ။ မျက်မှောက် အခြေအနေအရ တိုင်းပြည်အတွက် အရေးကြီးနေလို့ ဂိုဏ်းဂဏမထားဘဲ စည်းလုံးကြရမှာပါ။ ဒီနေ့ ကာလဟာ ပြည်သူလူထုအပေါ် ပြစ်ဒဏ်ကျူးလွန်ဖူးသူတွေ ခ၀ါချဖို့ အချိန်ကောင်းတခု ဖြစ်ပါတယ်။

စစ်ဗိုလ်တွေ အာဏာကိုင်ထားရင် အတိုက်အခံထဲမှာ စစ်ဗိုလ်ဟောင်းတွေ များလာမှာပဲ ဆိုတာကလည်း ဓမ္မတာ တရားတခုပါ။ ဒီတရား နှစ်ခုကို ဗိုလ်သန်းရွှေ စစ်အုပ်စု မလွန်ဆန်နိုင်ပါဘူး။

နိုင်ငံရေးလုပ်ငန်းမှာ နိုင်ငံရေးသမားတွေ လုပ်ခွင့်ရတာ လွန်ရော ကျွံရော ၁၀ နှစ်သာသာပါ။ အဲဒီ ၁၀ နှစ်မှာ အာဏာရပါတီကို အတိုက်အခံ ပါတီက ပွင့်ပွင့်လင်းလင်း ဝေဖန်ပါတယ်။ ထိုးနှက်ပါတယ်။ အာဏာရှိနေတာ ပဲ ဆိုပြီး ထင်ရာစိုင်းလို့ မရပါဘူး။ ရွေးကောက်ပွဲဝင်ပြီး လူထု အဆုံးအဖြတ်ခံရပါတယ်။ ဖဆပလ ကွဲတာဟာ မကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။ ရွေးကောက်ပွဲမှာ မဲရှုံးလို့ ဖဆပလတွင်း ဝေဖန်ရေးလုပ်ရင်းက ကိုယ့်ကိုယ်ကို စစ်ဆေးရင်းက ကွဲတာပါ။ စစ်အုပ်စုက ၀င်မရှုပ်ရင် ဗမာပြည်ရဲ့ နိုင်ငံရေးက ဒီမိုကရေစီစနစ်နဲ့ အသားကျ သွားမှာပါ။

ဖဆပလ အာဏာရပါတီက အာဏာမဲ့ အတိုက်အခံကို ဖိနှိပ်တာ ရှိပါတယ်။ ဒါပေမဲ့ စစ်အာဏာသိမ်း အစိုးရက ဖိနှိပ်တာလောက် မပြင်းထန်ပါဘူး။ စစ်အာဏာသိမ်းအစိုးရကတော့ ကြာလေကြမ်းလေပါ။ မဆလ ခေတ်နဲ့ န၀တ ခေတ်တောင် မတူပါဘူး။ န၀တခေတ်နဲ့ နအဖ ခေတ်လည်း မတူပါဘူး။ ကြာလေ ကြမ်းလေပါ။

နိုင်ငံရေးပါတီမှာ ပါတီတွင်း ဒီမိုကရေစီ ရှိပါတယ်။ အထိန်းအချုပ် ရှိပါတယ်။ စစ်တပ်မှာ ဒီမိုကရေစီ မရှိပါဘူး။ ဗျူရိုကရေစီပဲ ရှိပါတယ်။ စစ်တပ်တိုင်း ဒီအတိုင်း ဖြစ်ရမှာ ဓမ္မတာပါ။ ဒါပေမဲ့ သူ့ရဲ့  အထက်မှာ အာဏာရ ပါတီ အစိုးရ တခု ရှိနေပြီး ထိန်းကွပ်ပေးနေတာ ရှိရပါတယ်လို့ တင်ပြလိုက်ရပါတယ်။

နောက်ရက်မှာတော့ အပိုင်း (၂) ကို ဆက်လက်တင်ပြသွားပါမယ်။

No comments: