.

.

.

August 22, 2008

စစ်တပ်နဲ့ နိုင်ငံရေး - အပိုင်း(၂)

ဒီနေ့မှာတော့ ရဲဘော် ဖိုးသံချောင်းရဲ့  ဒုတိယပိုင်း ဆောင်းပါးကို စာဖတ်ပရိသတ်များအတွက် ဆက်လက် တင်ဆက်ပေးလိုက်ပါတယ်။

အမြော်အမြင်ရှိတဲ့ တပ်မတော်သားများသို့ - အပိုင်း(၂)

ဆောင်းပါးရှင် - ရဲဘော် ဖိုးသံချောင်း

ဗိုလ်နေ၀င်း အရာကျသွားတော့ သူနဲ့အတူ သူ့ကျွန်ယုံတော်တွေကို ခေါ်ဆင်းသွားပါတယ်။ သူ့အမွေကို ဆက်ခံဖို့ (၂) ပိုင်းခွဲလိုက်ပါတယ်။ လူထုအုံကြွမှု ရှိနေတုန်း အမွေခွဲရလို့ (၂) ပိုင်း ခွဲတာပါ။

အဲဒီအမွေ (၂) ပိုင်းက အာဏာ အမွေနဲ့ နိုင်ငံရေးအမွေပါ။

စစ်တပ်ကို ကိုင်ထားသူကမှ အာဏာအမွေကို ထိန်းနိုင်မှာ ဖြစ်လို့ ဗိုလ်စောမောင်ကို န၀တ ဖွဲ့ပေးပြီး အာဏာ အမွေ ပေးပါတယ်။

စစ်တပ်က အငြိမ်းစားယူထားတဲ့ သူတွေကိုတော့ နိုင်ငံရေး အမွေ ပေးပါတယ်။ နိုင်ငံရေး အမွေ ရလိုက်သူတွေ ကလည်း ထင်တလုံးနဲ့ အမွေကို လိုလိုချင်ချင် လက်ခံပါတယ်။ တစည ဖွဲ့ပါတယ်။ ဗိုလ်စောမောင် လုပ်ပေးတဲ့ ရွေးကောက်ပွဲပြီးရင် သူတို့ဟာ အာဏာအမွေကိုပါ ရမှာပဲလို့ ထင်နေခဲ့ပါတယ်။

ဗိုလ်စောမောင်ကလည်း စကားတွေ အလွန်အကျွံ ပြောနေတာ ဒီလိုပဲ ဖြစ်မယ်ထင်လို့ပါ။ တစည နိုင်မယ်ထင်နေတာပါ။ နေ၀င်းကလည်း အဲဒီလိုပဲ ထင်နေလို့ ဗိုလ်စောမောင် စကားကျွံနေတာတွေကို လွှတ်ပေးထားပါတယ်။

ဒါပေမဲ့ ဖြစ်ချင်တော့ ထင်သလို ဖြစ်မလာပါဘူး။ နှမ်းထွက် မကိုက် ဖြစ်လာတော့ ဖွဲ့စည်းအုပ်ချုပ်ပုံဆိုတာကို ကိုင်လာရတယ်။ ဗိုလ်စောမောင်ကို အရူးဆိုပြီး အပုပ်ချ စတေးပစ်ရတယ်။ တစညသာ နိုင်ကြည့်ပါလား။ ဘာဖြစ်မလဲ။ လွှတ်တော် အမြန်ခေါ်ပေးမယ်။ ဆိုင်းနေမှာ မဟုတ်ဘူး။ လွှတ်တော်က ၁၉၇၄ အခြေခံဥပဒေ ကို နည်းနည်းပါးပါး ပြင်မယ်။ ဗိုလ်စောမောင်ကလည်း စစ်တန်းလျားပြန်မယ်။

ထင်သလို ဖြစ်မလာတော့ န၀တ စစ်အုပ်စုက အကြံထုတ်တယ်။ NLD ကတော့ အောင်မြင်မှုနဲ့ ယစ်မူးနေတယ်။ ရှေ့ က လူကြီးတွေ (၀ါရင့်တွေ) မလုပ်ခဲ့တဲ့ လမ်း၊ “ငြိမ်းချမ်းစွာ ဖြစ်ပေါ်ရေးလမ်း” ငါတို့ လုပ်ပြလိုက်ပြီဆိုပြီး အောင်မြင်မှုနဲ့ ယစ်မူးတယ်။ ပြည်ပကလည်း အစွမ်းကုန် ချီးမြှင့်တယ်။ မြှောက်စားတယ်။ အဲဒီလိုနဲ့ ၁၅ နှစ် ရှိလာသည်အထိ အာဏာက တဖ၀ါးမှ မခွာဘူးဆိုတဲ့ ပြတ်သားတဲ့လူက အသာစီးရသွားတာပဲ။ ကျွန်တော်တို့ က ဒီပွဲဟာ NLD ရဲ့  ပွဲဆိုပြီး နေလာခဲ့တာပါ။ ပြောချင်တာရှိလည်း ပွဲဖျက်တယ် ထင်မှာ စိုးလို့ မပြောဘဲ နေပါတယ်။ အခု ပြောဖို့ ဖြစ်လာတာကလည်း NLD ကို တင်းခံမနေနဲ့၊ လျှော့ပေးလိုက်လို့ ဘေးက လှည်းမောင်းသမားတွေက ပြောလာတာတွေ များလာလို့ပဲ။ စပြောတာက နိုင်ငံခြားသား ဆရာကြီးတွေပါ။ တချို့ က ဗမာပြည်ရေးရာ ပါရဂူလို့ အမည်ခံထားပါတယ်။ သူတို့က “လွန်ခဲ့တဲ့ ၁၈ နှစ်က ရွေးကောက်ပွဲ ကိစ္စမျိုးကို ကမ္ဘာမှာ ဘယ်သူမှ ပြောလေ့မရှိဘူး” ဆိုတဲ့ အဓိပ္ပါယ်မျိုး ပြောပါတယ်။

ဆရာကြီးတွေရဲ့ လေကို နင်းလိုက်သူ တချို့ ကတော့ “လက်တွေ့ကျရမယ်” လို့ပြောတယ်။ တချို့ က ကလေးတွေ အရုပ်လုတာလို့ သဘောထားပြီး တယောက်တလှည့်စီ ကစားကြတာပေါ့ ဆိုတာမျိုးနဲ့ နအဖကို အာဏာ (ရွေးကောက်ပွဲတပါတ်စာ) တော့ ပေးလိုက်ပါလို့ ပြောတယ်။ အဓိပ္ပါယ်က ၁၀၄ ချက်ကို ခြွင်းချက်နဲ့ အတည်ပြုပေးဖို့ပါပဲ။

ဗိုလ်နေ၀င်း ဆိုရှယ်လစ် စစ်အုပ်စုကို ၁၉၅၈ တုန်းက “အာဏာ” ခဏ ပေးကိုင်လိုက်တဲ့ အဖြစ်ကို သင်ခန်းစာ ယူနိုင်ကြသေးဟန် မတူပါဘူး။ နိုင်ငံရေး အာဏာဟာ အငိုတိတ်အောင် ခဏပေးကိုင်ရမဲ့ ကလေးကစားတဲ့ အရုပ်မဟုတ်ဘူး။ တိုင်းပြည်ရဲ့  သေရေးရှင်ရေးကို အပ်ထားရတာ ဖြစ်တယ်။ ကမ္ဘာကြီးက တည်ငြိမ်နေတာ မဟုတ်ဘူး။ အန္တရာယ်များပါတယ်။ စစ်အာဏာရှုးတွေကြောင့် စစ်ဖြစ်မှာ မကြောက်ဘူးလား။ စစ်ကြီးထဲ ညှပ်ပါသွားမှာ မကြောက်ဘူးလား။ ခဏပဲဖြစ်ဖြစ်၊ ရေရှည်ဘဲ ဖြစ်ဖြစ် မအပ်သင့်သူရဲ့  လက်ကိုတော့ အပ်လို့ မဖြစ်ပါဘူး။

ကိုယ်က မအပ်လည်း သူတို့ (စစ်အုပ်စု) က လုထားတာပဲဆိုတဲ့ စဉ်းစားချက်နဲ့ ပြောတာဆိုရင်တော့ အညွန့် တုံးတယ်လို့ပဲ ပြောပါရစေ။

ကိုယ့်အခက်ပဲ မြင်ပြီး သူ့အခက်ကို မမြင်ရင် အလျှော့ပေးရေး ဖြစ်တတ်ပါတယ်။ နိုင်ငံခြားဆရာကြီးတွေ လက်တွေ့ကျတာကို လိုက်ပြီး ကိုယ်က “လက်တွေ့ကျ” မိရင် ကိုယ်က သူတို့လိုမဟုတ်တော့ အရှုံးပေးရေး ၀ါဒီ ပဲ ဖြစ်သွားမှာပါ။ သူတို့က မှားလည်း သူများနိုင်ငံနဲ့ သူများ နိုင်ငံသားတွေ ခံရတာပဲ၊ ကိုယ်ခံရတာ မဟုတ်ဘူး လို့ သဘောထားတာပါ။ ကိုယ်ကတော့ ကိုယ့်နိုင်ငံနဲ့ ကိုယ့်မိဘ ပြည်သူတွေရဲ့ အရေး ဖြစ်နေပါတယ်။ မတတ်ပဲနဲ့ သူများ ရေဒီယို ပြင်သူ လို မှားလည်း သင်ခန်းစာ ရတာပေါ့လို့ သဘောထားလို့ မဖြစ်ပါ။

စစ်အာဏာ သိမ်း အစိုးရမှာ အထိန်းအကွပ် မရှိပါဘူး။ သူပဲ အစိုးရ အကြီးအကဲ၊ သူပဲ ကာကွယ်ရေးဝန်ကြီး၊ သူပဲ စစ်တပ်ဦးစီးချုပ် လုပ်နေတာပါ။ အဲဒီတော့ ကမောက်ကမတွေဖြစ်၊ ကြမ်းကြမ်းတမ်းတမ်း ကိုင် ဖြစ်ရတာပါပဲ။

ဗိုလ်သန်းရွှေကို ကြည့်ပါ။ နိုင်ငံတော်အကြီးအကဲ လုပ်တယ်။ စစ်ဦးစီးချုပ်လုပ်တယ်။ ကာကွယ်ရေး ၀န်ကြီးလုပ်တယ်။ အဲဒီတော့ ကမောက်ကမ ဖြစ်တာပါပဲ။ နအဖ အစိုးရ တန်းစီ ဇယားမှာ ကာကွယ်ရေး ၀န်ကြီးကို ရှေ့ ဆုံးမှာ ထားရတာဖြစ်လာပြီး ၀န်ကြီးချုပ်က နောက်က နေရတာ ဖြစ်ရရော မဟုတ်လား။ ကာကွယ်ရေး ၀န်ကြီးနေရာ သူများ ပေးလို့လည်း မဖြစ်ဖူးလေ။ ကာကွယ်ရေး ၀န်ကြီး လက်အောက်က စစ်ဦးစီးချုပ် နေရာကို ယူထားမှ စစ်တပ်တခုလုံးကို ကိုင်နိုင် အမိန့်ပေးနိုင်မှာ မဟုတ်လား။ အဲဒီ ကမောက်ကမ ဒီမှာတင် ရပ်နေတာ မဟုတ်ဘူး။ ရေးဆွဲနေတဲ့ အခြေခံဥပဒေမှာ ပါလာနေပြီး အလိုတော်ရိ ဥပဒေ ပညာရှင် တွေဟာ အခြေခံ ဥပဒေကို ပြေပြစ်အောင် ရေးဖို့ အတော် ခေါင်းခဲနေရပါတယ်။ သမ္မတဖြစ်သွားမဲ့ စစ်ဦးစီးချုပ် (အဟောင်း) နဲ့ နောက်တက်လာမဲ့ စစ်ဦးစီးချုပ် (အသစ်)ကို အာဏာခွဲဝေပေးရာမှာ ရှင်းရှင်းလင်းလင်း ဖြစ်အောင် ရေးရခက်နေတယ်လို့ ဆိုပါတယ်။

ညောင်နှစ်ပင်က ပေါ်ထွက်လာတဲ့ အခြေခံ ဥပေဒေဆိုတာ ကမောက်ကမ လူရယ်စရာကြီး ဖြစ်ပြီး ကမ္ဘာ့ဗိုလ်ပုံ အလယ်မှာ အရှက်ကွဲနေပါတယ်။ နှစ်တွေ ဆယ်စုနှစ် ချီပြီး ဖီးလိမ်း ပြင်ဆင်လိုက်တာ ထွက်လာတော့လည်း “ကြက်တောင် စီး” နဲ့ ဆိုသလို ဖြစ်နေပါတယ်။ စစ်တပ်က စစ်တပ် အလုပ်ကို မလုပ်ဘဲ နိုင်ငံရေး အလုပ် လုပ်နေလို့ ခက်နေတာပါ။ နိုင်ငံရေးသမား ကွဲလို့ က တိုင်းပြည် မနာပါဘူး။ သူတို့ အတွင်းရေး သိရလို့ ပျော်စရာ ကြီးတောင် ဖြစ်ရပါတယ်။ ဖဆပလ အကွဲ မှီလိုက်သူတွေ သိကြပါတယ်။ အာဏာရ နိုင်ငံရေးပါတီ ကွဲရင် လူထုက ပညာရတယ်။ အာဏာရ စစ်တပ်ကွဲရင်တော့ ပြည်တွင်း စစ်ဘဲ ရမှာပါ။ ဗိုလ်သန်းရွှေ စစ်အုပ်စု က နိုင်ငံရေးသမားတွေရဲ့  ဂိုဏ်းဂဏကြောင့် တိုင်းပြည် နစ်နာတယ်လို့ ပြောလေ့ရှိပါတယ်။ တကယ်က နိုင်ငံရေး သမားတွေ အနေနဲ့ ပြည်တွင်း စစ် ရပ်စဲပြီး ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ဖို့ လုပ်လိုက်တိုင်း စစ်တပ်က ကြားဝင်ဖျက်လိုက်တာ ချည်းပါဘဲ။ ဖဆပလ ကွဲတာဟာ SAMB ရဲ့  ဆန်ကိစ္စမှာ အခြေခံတာ ဖြစ်ပါတယ်။ အခုလည်း ထောက်လှမ်းရေး ပြိုကွဲအရေးယူခံရတဲ့ ကိစ္စက GSM တယ်လီဖုန်းကိစ္စလို့ ပြောနိုင်ပါတယ်။ ဒီလက်ကိုင်ဖုန်းလုပ်ငန်းဟာ ဗမာပြည်မှာ အာဏာရ စစ်ဗိုလ် အသိုင်းအ၀ိုင်းနဲ့ တိုက်ရိုက် ပတ်သက်နေပါတယ်။ စန္ဒာဝင်း လက်ထက်တုန်းက ရဲလှိုင်ဝင်းတို့ရဲ့  စားပေါက်ဖြစ်ပြီး ယခု ဗိုလ်သန်းရွှေ လက်ထက်မှာတော့ ထူးထရေးဒင်းက တေဇရဲ့  စားကွက်ဖြစ်သွားပါပြီ။ စားခွက် လုပွဲတွေနဲ့ အာဏာ လုပွဲ သဏ္ဍန် တွေ ဆက်ဖြစ်နေပြီး စစ်အုပ်စု အတွင်းက ပဋိပက္ခဟာ ပြည်တွင်းစစ် ဆီကို ရောက်သွားနိုင်ပါတယ်။ တိုင်းချစ်ပြည်ချစ် တပ်မတော်သားတွေ အနေနဲ့ ပြည်တွင်းစစ်မဖြစ်အောင်နဲ့ ပြည်သူ့လက်ထဲကို အာဏာ ပြန်ရောက်ဖို့ ဒီနေ့ အတွက် အရေးကြီးဆုံး ဆိုတာကို ပြောချင်ပါတယ်။

NLD ခေါင်းဆောင်မှု၊ ပြည်သူလူထု ပါဝင်မှုနဲ့ တပ်မတော် ထဲက အမျှော်အမြင် ရှိသူ တွေ ပေါင်းစည်းရပါမယ်။ စေ့စပ်ဆွေးနွေးပွဲ ဘယ်လိုမှ မဖြစ်တော့တာ သေချာရင် NLD မျိုးဆက်သစ် ခေါင်းဆောင် အစုကသာ ဒီမိုကရေစီအလံကို သယ်ဆောင်ဖို့ သင့်ပါတယ်။ အဘိုးကြီးတွေနဲ့ မဖြစ်ပါဘူး။ မသကာလို့ လက်နက်ကိုင် တိုက်ပွဲ ပြန်လုပ်ရလဲ ဒီမိုကရေစီ အရေးအတွက် တိုက်ဝံ့ပါတယ်။ တိုက်နိုင်ပါတယ်။ တိုက်တတ်ပါတယ်။ ငြိမ်းချမ်းစွာ ကူးပြောင်းရေးကို လိုချင်လွန်းလို့ စေ့စပ်ရေးတံခါး တွန်းဖွင့်ဖို့ တင်ပြနေကြတာပါ။ တွန်းဖွင့်နိုင်သူ တွေဟာ NLD၊ လူထုနဲ့ အမြော်အမြင်ရှိတဲ့ တပ်မတော်သားတွေသာ ဖြစ်ပါတယ် ဆိုတာ တင်ပြလိုက် ရပါတယ်။

No comments: