.

.

.

August 24, 2008

ဂမ္ဘာရီက တွေ့ဆုံခွင့် တင်ပြခြင်း အပေါ် ဒေါ်အောင်ဆန်းစုကြည်က ငြင်းပယ်


ဂမ်ဘာရီနဲ့ ဒေါ်အောင်ဆန်းစုကြည် စိမ်းလဲ့ကန်သာတွင် တွေ့ဆုံမည်ပြုစဉ် ဒေါ်အောင်ဆန်းစုကြည် ရောက် မလာခဲ့ကြောင်း သိရှိရပါတယ်။ ဒါကြောင့် ဂမ်ဘာရီက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့် (၂) ကြိမ် ကြိုးစားခဲ့ကြောင်း သိရှိရပါတယ်။ ပထမအကြိမ် စာရေးပြီး တွေ့ခွင့်တောင်းခဲ့ပေမဲ့ တွေ့ဆုံဖို့ ငြင်းပယ်ခဲ့ပါတယ်။ တဖန် ဒုတိယအကြိမ် ဂမ်ဘာရီရဲ့  လက်ထောက် (၂) ဦးဖြစ်တဲ့ (တောင်ကိုးရီးယား/ တရုတ်) အမျိုးသမီး (၁) ဦးနဲ့ အမျိုးသား (၁) ဦးတို့ဟာ SB (ရဲသတင်းသတင်းအထူးတပ်ဖွဲ့) တပ်ဖွဲ့မှူး ရဲမှူးကြီး တစ်ဦးလိုက်ပါလျက် ဒေါ်အောင်ဆန်းစုကြည် ရဲ့  ခြံဝထိ တွေ့ခွင့်ရရန် သွားရောက် တောင်းဆိုခဲ့ပါတယ်။ အဲဒီ UN မှ ကိုယ်စားလှယ် (၂) ဦး ဖြစ်တဲ့ ဂမ်ဘာရီရဲ့  လက်ထောက်တွေနဲ့ ပါလာတဲ့ ဆက်ဆံရေး စကားပြန်တွေဟာ အသံချဲ့ စပီကာဖြင့် တွေ့ဆုံရန် အကြိမ်ကြိမ် တွေ့ခွင့်တောင်းပေမဲ့ တံခါးဖွင့်မပေးတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် က ငြင်းပယ်တယ်လို့ ယူဆကြောင်း သိရှိရပါတယ်။ ဂမ်ဘာရီ အနေနဲ့ စစ်အစိုးရရဲ့  လမ်းပြမြေပုံ (Road Map) ကို အသိအမှတ်ပြုတဲ့အတွက်လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုချက်များကို ဂမ်ဘာရီက အကောင်အထည် မဖော်နိုင်တဲ့အတွက် လည်းကောင်း မတွေ့ခြင်း ဖြစ်သည်ဟု သုံးသပ်သူများက ယူဆကြပါတယ်။


စက်တင်ဘာလကို ကြောက်ရွံ့  နေတဲ့ နအဖ (အထူးသတင်း)

စာဖတ်သူများခင်ဗျား

ရွှေဝါရောင်တော်လှန်ရေးကြောင့် စက်တင်ဘာလဟာနအဖအတွက် တုန်လှုပ်ချောက်ချား ရမဲ့လဖြစ်နေပါ တယ်။ ဒါကြောင့် ရန်ကုန်မြို့ မှာ လုံခြုံရေးကို အထူးတင်းကျပ်စွာနဲ့ စောင့်ကြပ်နေတဲ့ အကြောင်း သွေးရူးသွေးတမ်းနဲ့ ပြုမူ ဆောင်ရွက် ခဲ့ကြပုံတွေကို နမူနာ ဖြစ်စဉ်များနဲ့တကွ ကျွန်တော် ကိုဖိုးတရုတ်ရဲ့  စစ်တပ်နဲ့ နီးစပ်သူများက သတင်းပေးလာပါတယ်။

နအဖဟာ ရန်ကုန်မြို့  လုံခြုံရေးကို စိုးရိမ်ထိတ်လန့်စွာနဲ့ တပ်များစွာသွတ်သွင်းလာပါတယ်။ ရန်ကုန်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းများအင်အားနဲ့ မလုံလောက်တဲ့ အတွက် တပ်မ(၇၇)၊ တပ်မ(၁၁)၊ တပ်မ(၂၂)နှင့် စကခ (၉) များကို ခေါ်ယူတာဝန်ပေးခဲ့ပါတယ်။ ရန်ကုန်မြို့  ဘူတာကြီးနဲ့ အောင်ဆန်းကွင်း နေရာတွေဟာ စစ်တလင်း နယ်မြေကြီးလို ဖြစ်နေပြီး တပ်များ ကိုထူထဲစွာ စခန်းချထားရာ နေရာ ဖြစ်နေပါတယ်။ စခန်းသာ ဟိုတယ်ဘက်မှာလည်း စစ်ကားများ ရပ်ထားသလို ဘူတာကြီး ရှေ့ ဓာတ်ဆီဆိုင်မှာ ဒိုင်း၊ လက်နက် အပြည့်အစုံနဲ့ လုံထိန်း ယာဉ်တန်းကားကြီး (၃) စီး Stand By ရပ်ထားတယ်လို့ သိရပါတယ်။ ရွှေတိဂုံဘုရား သွေးဆေးကန် တ၀ိုက် အာဇာနည်ကုန်းအနီး မှာတော့ စစ်ကား (၁၆) စီး ထက်မနည်း တပ်မ ဌာနချုပ်တခုစာ တပ်စွဲထားတာမို့ မြို့ လည်ခေါင် လူထုလှုပ်ရှားမှု ဖြစ်ပါက အလွယ်တကူ ချေမှုန်းနိုင်ဖို့ စီစဉ်ထားခြင်းဖြစ်ပါတယ်။ မြို့ တော်ခန်းမရှေ့မှာ သံချပ်ကာ ယာဉ်များနဲ့ တကွ တပ်မဌာနချုပ် တခုကို ရုံးထိုင်စေကာ လုံထိန်း တံဆိပ်တပ် တရုတ်လုပ် ရဲကားများ ကိုလည်းမြို့တော်ခန်းမ ရှေ့တွင် စီတန်းထားပါတယ်။ ဒါ့အပြင် တာမွေ လမ်းဆုံကဲ့သို့ လူထုအုံကြွမှု ဖြစ်ပွားခဲ့တဲ့နေရာတွေနဲ့ နီးစပ်တဲ့ ကျိုက္ကဆံ ကွင်းမှာလည်း တပ်မ အဆင့် ဌာနချုပ် တခု ရုံးထိုင်ကာ တပ်အင်အားထူထပ်စွာ ချထားခဲ့ပါတယ်။ နေ့ခင်း မှာတော့ လက်နက်ကိုင် လုံထိန်းများကို ယာဉ်ပေါ်တင်ကာ ကင်းလှည့် လည်နေပြီး ညဘက် (၉) နာရီ ကျော်ပါက လမ်းမကြီးတွေပေါ်မှာ စစ်တပ်ကတော့ ရန်သူ ဧရိယာကို ရှင်းလင်းတဲ့ ပုံစံမျိုး Point ပွိုင့် ရှင်းတဲ့သေနတ် အံကပ်အသင့်အနေအထားနဲ့ ရင်ဘောင်တန်း ဖြန့်ချီတက်နေတာ တွေ့ရပါတယ်။ နေ့ခင်း ကြောင်တောင်မှာတောင် ကားမှတ်တိုင်တွေမှာ ကြံ့ဖွံ့ ဦးအောင်သောင်း စီမံမှုနဲ့ ကြံ့ဖွံ့တွေကို ဘုန်းကြီး ၀တ်ခိုင်းပြီး စောင့်ကြပ်နေတာ သိရပါတယ်။

မြို့ တော်ခန်းမရှေ့ မှာ တရုတ်လုပ် လုံထိန်းကားများ စီတန်းရပ်တန့်ထားစဉ် (ဤ ဓာတ်ပုံများအား ပို့ပေးသော Generation Wave မှ လူငယ်အား အထူးကျေးဇူးတင်ရှိပါတယ်)

နအဖရဲ့  စိုးရိမ်ထိတ်လန့် နေပုံ ဖြစ်ပွားတဲ့ ဖြစ်စဉ် တခု ကိုတင်ပြရရင် အောင်ဆန်းကွင်း ဗလီကြီး အနီး ကုလား လဘက်ရည်ဆိုင် တစ်ဆိုင် အား သြဂုတ်လဆန်း ည (၁၁)နာရီကျော်ချိန်ခန့် မှာစစ်ကားတစီး ထိုးဆိုက်လာပါတယ်။ လဘက်ရည် သောက်နေတဲ့ လူတွေကို ဖမ်းပြီး ကားပေါ်တင်တဲ့အပြင် ဆိုင်ပိုင်ရှင်နဲ့ စားပွဲထိုးများဖြစ်ပါတယ်လို့ ပြောတာ မရဘဲနဲ့ သူတို့ကိုပါသိမ်းကျုံး ဖမ်းဆီးသွားခဲ့ပါတယ်။ ဆိုင်ပိုင်ရှင် ကုလားကြီးရဲ့ မိန်းမက သူ့ရဲ့ မိတ်ဆွေ ဗိုလ်မှူး တဦးထံ အသနားခံ အကူအညီတောင်းပြီး ဖမ်းသွားတဲ့ကိစ္စ ကိုစုံစမ်းခဲ့ပါတယ်။ အသိဗိုလ်မှူးရဲ့ ကူညီမှုကြောင့် ကုလားကြီးဟာ မြို့တော်ခန်းမထဲရှိ အခန်းကျဉ်းထဲမှာ ပိတ်လှောင်ဖမ်းဆီးခံနေရတာကိုသိရပြီး ငွေ (၂) သိန်း လာဘ်ထိုးမှ လွှတ်ပေးကြောင်း သိရပါတယ်။ ဒါတောင် မြို့တော်ခန်းမ က စစ်တပ်အရာရှိတွေဟာ ဒီသတင်း ဘယ်ကရသလဲဆိုတာ ဒေါကန်နေလို့ ကုလားကြီးရဲ့  မိတ်ဆွေ ဗိုလ်မှူးက ဖိအားပေးတာမို့ သူတို့အချင်းချင်းဖြစ်လို့သာ အသာတကြည် လျော့ပေးခဲ့ခြင်း ဖြစ်ပါတယ်။ မင်းမဲ့စရိုက် ဆန်ဆန် လူထုကို တိရိစ္ဆာန်များသဖွယ် ဥပဒေပုဒ်မတပ် အရေးယူခြင်း မရှိဘဲ ယခုလို ချုပ်နှောင်ဖမ်းဆီးနေတာဟာ စစ်အာဏာရှင်တွေရဲ့  ဇာတိသရုပ်ပေါ်ထွက်လာတာ ဖြစ်ကြောင်း တင်ပြလိုက် ရပါတယ်။

မြို့တော်ခန်းမရှေ့  ဘားလမ်း အတွင်း တရုတ်လုပ် လုံထိန်းကားများ စီတန်း ရပ်တန့်ထားစဉ် (ဤ ဓာတ်ပုံများအား ပို့ပေးသော Generation Wave မှ လူငယ်အား အထူးကျေးဇူးတင်ရှိပါတယ်)

No comments: