.

.

.

August 25, 2008

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂမ်ဘာရီအပေါ် သုံးသပ်ချက်

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂမ်ဘာရီ မတွေ့ဆုံခဲ့တဲ့ ဇာခန်းဆီးနောက်ကွယ်မှ ဇာတ်လမ်းများ

ဒေါ်အောင်ဆန်းစုကြည်ဟာ အကျယ်ချုပ်ခံနေရတဲ့သူ ဖြစ်တာမို့ သူမရဲ့ဂမ်ဘာရီကို လက်ခံ မတွေ့  ဆုံခဲ့ ခြင်း အပေါ်မှာ သံသယများ ဖြစ်ပေါ်ခဲ့တယ်လို့ သုံးသပ်သူများက ဆိုကြပါတယ်။ ဘာလို့လဲဆိုတော့ ရွှေဝါရောင်တော်လှန်ရေးမှာတောင် ရဟန်းသံဃာတွေကိုဒေါ်အောင်ဆန်းစုကြည် က သူမရဲ့ ခြံစည်းရိုး တံခါးအနီး ကဖူးမျှော်ခွင့်ရတဲ့အတွက် ဂမ်ဘာရီကိစ္စမှာ မတွေ့လိုက်ဘူးဆိုတာဟာတော့ တခုခုမှားယွင်း နေတယ်လို့ သုံးသပ်သူများက ထင်မြင်ယူဆကြတဲ့အပြင် ဇာခန်းဆီးနောက်ကွယ်မှာ ဇာတ်လမ်းများ ရှိနေကြောင်း ပြည်တွင်းက စစ်ဖက်နဲ့ နီးစပ်သူများက သတင်းပေးပို့လာလို့ ကျွန်တော် ကိုဖိုးတရုတ်မှ တင်ပြလိုက်ရပါတယ်။ ယခုလို ပေးပို့လာတဲ့ စစ်ဖက်နဲ့ နီးစပ် သူများကို အထူးကျေးဇူးတင်ရှိပါတယ်။ ဒီကိစ္စမှာတော့ ဖြစ်နိုင်ချေ အလားအလာ အောက်ပါအတိုင်း (၂) ခု ဖြစ်နိုင်ပါတယ် -

  1. ဒေါ်အောင်ဆန်းစုကြည် ကို နအဖက သိက္ခာကျစေလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ပိုင်ခွင့်အရ ချုပ်ကိုင်ပြီး သူတို့လက်ထဲမှာ သော့ ရှိတာမို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဆန္ဒမပါဘဲ မတွေ့ချင်ဘူး ဆိုတာဟာ လိမ်ညာဝါဒ ဖြန့်ကွက် တကွက်သာ ဖြစ်နိုင်ပါတယ်။
  2. ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နအဖနဲ့ ဂမ်ဘာရီတို့အပေါ် စိတ်ပျက်ပြီး အစာငတ်ခံ ဆန္ဒပြနေတာ မျိုး နအဖနဲ့ ပဋိပက္ခဖြစ်နေတာကို နိုင်ငံတကာ အကြားမှာရုပ်ပျက်သွားမှာ စိုးလို့ ကြားဖြတ်အစီအစဉ်နဲ့ လုပ်ဆောင် လိုက်ခြင်း ဖြစ်နိုင်ပါတယ်။
ကုလသမဂ္ဂ ကိုယ်စားလှယ် ဂမ်ဘာရီ၏ ကိုယ်စားလှယ်နှစ်ဦး ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝသို့ ရောက်ရှိလာစဉ်

အဆိုပါ ဖြစ်နိုင်ချေများ သုံးသပ်ရတဲ့ အကြောင်းရင်းမှာ ဒေါ်အောင်ဆန်းစုကြည် ကို UN မှ ဂမ်ဘာရီရဲ့ ကိုယ်စားလှယ် အရာရှိနှစ်ဦး လာတွေ့ချိန်မှာ နအဖက အမှန်တကယ် ရိုးသားမှု ရှိပါက ခြံတံခါးကိုပင် ဖွင့်ပေးရမည်ဖြစ်ပြီး လူချင်း ပေးတွေ့ရ မှာ ဖြစ်ပါတယ်။ အနည်းဆုံး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကပင် လက်ရေးမူဖြင့် လက်ခံ တွေ့ဆုံဖို့ ဆန္ဒမရှိပါကြောင်းကို ဒေါ်အောင်ဆန်းစုကြည်ရဲ့  စာအား ပေးရမည် ဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ Diplomacy သံတမန် ဆက်ဆံရေး နှံ့စပ်နားလည်သူဖြစ်တာကြောင့် ဒီလို အပြုအမူမျိုး ဘယ်နည်းနဲ့မှ မလုပ်နိုင်ပါ။

ဂမ်ဘာရီ၏ ကိုယ်စားလှယ် နှစ်ဦးက ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံနိုင်ရေး ခြံဝမှာ ခွင့်တောင်းနေပုံ

ရှေ့ နေ နှင့်တွေ့ဆုံခဲ့စဉ်က ဂမ်ဘာရီ လာမဲ့အကြောင်း သိရှိပြီး ဖြစ်ပါတယ်။ နအဖရဲ့  လုပ်ထုံးလုပ်နည်းအရ နိုင်ငံတကာ ဧည့်သည်များ မလာမှီ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် အား ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးစွာ တွေ့ဆုံစေပြီး ညှိနှိုင်းဆောင်ရွက်တဲ့ ထုံးစံရှိပါတယ်။ ဒီလို ထုံးစံအရ ဂမ်ဘာရီ မလာခင်မှာ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် ဟာဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ဆုံနိုင် ကတည်းက တင်းမာမှု ဖြစ်နေတယ်လို့ ယူဆရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် နှင့် နောက်ဆုံး တွေ့ဆုံခဲ့စဉ်က သူမပြောမည့် မလွဲမသွေ စကားကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ ဗိုလ်သန်းရွှေနှင့်သာ တိုက်ရိုက်ဆွေးနွေး ညှိနှိုင်းရေး တောင်းဆိုမှာ ဖြစ်ကြောင်း၊ ဘာလို့လဲဆိုတော့ အမျိုးသားညီလာခံ ပြန်လည်စတင် ကျင်းပခါစခဲ့စဉ်က NLD တက်ရောက်ရေး အပါအ၀င် ညှိနှိုင်းထားချက်တွေကို ဗိုလ်သန်းရွှေရဲ့  ကတိပျက်မှုကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းပြည်မျက်နှာ ကြည့်ပြီး ပြတ်ပြတ်သားသား မေးမြန်းရမဲ့ အခြေအနေ ဆိုက်ရောက်နေကြောင်း၊ ဒါကို ဗိုလ်သန်းရွှေက ဆင်ဝှေ့ရန်ရှောင် ဆက်ဆံရေးဝန်ကြီး ဗိုလ်အောင်ကြည်အား ထိုးကျွေးနေကြောင်း၊ ဒ့ါအပြင် ဗမာ့နိုင်ငံရေးအကြောင်း ဂဃဏန မသိတဲ့ ဘက်လိုက်နေတဲ့ဂမ်ဘာရီကို ကြားခံအသုံးချကာ ဗိုလ်သန်းရွှေ အချိန်ထပ်မံဆွဲနေပြန်ကြောင်း၊ ကနဦး ဂမ်ဘာရီနဲ့ တွေ့ဆုံခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုခဲ့တဲ့ အချက်အလက်များကို လက်တွေ့မှာ အကောင်အထည်ဖော် ဖြစ်မလာတဲ့အတွက် စောင့်ဆိုင်းခဲ့တဲ့ အချိန်ကာလ အတိုင်းအထက်အလွန် ကြာမြင့် လာပြီဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က တရားဝင်ထုတ်ပြန်ထားတဲ့ သဘောထား ကြေညာချက်တခုမှာ တွေ့ဆုံ ဆွေးနွေးရေးကို အချိန်ဇယားထား တိတိကျကျ သတ်မှတ်ပေးဖို့ တောင်းဆိုတာကို သတိပြုရမှာ ဖြစ်ကြောင်း၊ ဗိုလ်သန်းရွှေ ဒီလို အချိန်ဆွဲနေတာကို ဒေါ်အောင်ဆန်းစုကြည်က ရိပ်မိလို့ ဦးအောင်ကြည်နဲ့ တွေ့ခဲ့စဉ်က ဂမ်ဘာရီလို ကြားလူမလိုတော့ဘဲ ဆုံးဖြတ်ပေးနိုင်မဲ့လူ ဗိုလ်သန်းရွှေနှင့်သာ တွေ့ဆုံဖို့ မဖြစ်မနေ တောင်းဆိုခဲ့လို့ နအဖ အကြပ်ရိုက်နေတာ ဖြစ်နိုင်ကြောင်း၊ ဒီလို တင်းမာမှုတွေကို နအဖက ကြိတ်ပြီး ဖြေရှင်းနေပေမဲ့ တင်းမာမှု မပြေလည်သေးချိန်မှာ ဂမ်ဘာရီ ရောက်လာတုန်း နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြံစည်မှု ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အား အနည်းဆုံး ဂုဏ်သိက္ခာကျဆင်းလိုတဲ့ ဆန္ဒဖြင့် နအဖက ကြံစည်လုပ်ဆောင်မှု ဖြစ်နိုင်ကြောင်း နဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တခုခု တုံ့ပြန်နေတာကို နိုင်ငံတကာ မသိရှိစေရေးအတွက် လှည့်စားကွက် တကွက်သာ ဖြစ်ပါကြောင်း ဒီအတိုင်းသာ ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  လုံခြုံရေးနဲ့ ကျန်းမာရေး စိုးရိမ်စရာ ဖြစ်နေကြောင်း သုံးသပ်တင်ပြ ပေးလိုက်ရပါတယ်။

No comments: