.

.

.

August 28, 2008

ညောင်နှစ်ပင်တန်းစီ... မရ လုံးဝ - အပိုင်း (၂)

စာဖတ်ပရိသတ်များခင်ဗျား -

ဒီကနေ့တော့ တိုင်းရင်းသားတွေရဲ့  အရေးကိစ္စတွေကို ဆရာဂါမဏိက အတွင်းကျကျ ရေးသားတင်ပြထားတာ ကျွန်တော် ကိုဖိုးတရုတ်အနေနဲ့ ဗဟုသုတ ရရှိစေဖို့ ဆက်လက်တင်ဆက်ပေးလိုက်ပါတယ်။

ထူးခြားတာက နားရိုင်းအထူးဒေသခေါင်းဆောင် လီချန် နဲ့သူ့တပ်ဖွဲ့တွေဟာ ခွန်ဆာလက်အောက်ခံ MTA ကမဟုတ်ဘဲ “တာကလယ်” လက်အောက်ခံ ရလလဖ အဖွဲ့ကဖြစ်နေတာပါပဲ။ ရလလဖအဖွဲ့ အပစ်အခတ် ရပ်စဲရေးလုပ်တာ (၃) နှစ်အကြာ မှာမှ မူးယစ်ဆေးလုပ်ငန်း အဝေမတည့်ရာက ခွဲထွက်ပြီး နအဖ ဆီမှာ လက်နက်ချ လိုက်တာဖြစ်တယ်။ ဒါပေမဲ့ နအဖက သူတို့ကို MTA အကြွင်းအကျန်တွေလို့ သတ်မှတ်ပေးပြီး “အထူးဒေသ” တခုဖန်တီးပေးလိုက် တယ်။

ညောင်နှစ်ပင်ညီလာခံမှာ အပစ်အခတ်ရပ်စဲရေးအဖွဲ့တွေက တိုင်းရင်းသား တန်းတူအခွင့်အရေးအတွက် အဆိုပြုချက်တွေတင်ခဲ့ကြတယ်။ SSA, KDA, PSLO, NDA-K, KIO, KNG, ကလလတ၊ ရလလဖ၊ ကယန်းပြည်သစ်ပါတီ၊ ကယောငြိမ်းချမ်းရေးအဖွဲ့၊ မွန်ပြည်သစ်ပါတီ၊ မွန်ခွဲထွက်အဖွဲ့ (ချောင်ချိဒေသ) နဲ့ SSNA အဖွဲ့ (၁၃) ဖွဲ့က တိုင်းရင်းသားပြည်နယ်တွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ တွေအတွက် သီးခြား ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြဋ္ဌာန်းခွင့်ပေးဖို့၊ ထပ်တူ ဥပဒေပြုခွင့်၊ ကြွင်းကျန်ဥပဒေပြုခွင့်တွေပေးဖို့၊ ပြည်နယ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွေအတွက် သီးသန့်လုံခြုံရေးတပ် ဒါမှမဟုတ် အထူးရဲတပ်ဖွဲ့ ထားခွင့်ပေးဖို့၊ အခြေခံဥပဒေထဲမှာ တိုင်းရင်းသားကဏ္ဍဆိုပြီး ကဏ္ဍတခု သီးသန့်ထားဖို့၊ လူမျိုးစု ရေးရာတွေနဲ့ ပတ်သက်လာရင် ပြည်နယ် (သို့) ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသကသာ လုံးဝအပြည့်အဝအာဏာပိုင်ဖို့၊ တိုင်းရင်းသားဘာသာစကားကို သက်ဆိုင်ရာ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ် ရေးဒေသရဲ့ ရုံးသုံး ဘာသာစကားအဖြစ် ပြဋ္ဌာန်းဖို့၊ တိုင်းရင်းသားဓလေ့ထုံးတမ်းဥပဒေတွေကို ပြည်နယ်-ဒေသဥပဒေအဖြစ် ပြဋ္ဌာန်းဖို့တွေကို အဓိကတောင်း ဆိုကြတယ်။

ဝ၊ ကိုးကန့် နဲ့ ရှမ်း-အခါအထူးဒေသ (၄) သုံးဖွဲ့ကတော့ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသရဲ့ လုံခြုံရေးတပ်ထားခွင့်ရဖို့၊ တိုင်းရင်းသား ဘာသာ စကားနဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းဥပဒေကို ပြဋ္ဌာန်း ခွင့်ရဖို့၊ ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသကို နီးစပ်ရာပြည်နယ်အောက်မှာမထားဘဲ ပြည်ထောင်စု ဗဟိုရဲ့ လက်အောက်မှာထားဖို့၊ ရှမ်းပြည်နယ်ရဲ့ သံလွင်အရှေ့ခြမ်းတခုလုံးကို သီးခြားကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ အဖြစ်သတ်မှတ်ဖို့၊ ကျွန်းသစ်ကို ပုဂ္ဂလိက ပိုင်ပြဋ္ဌာန်းပေးဖို့တွေ တောင်းဆိုခဲ့တယ်။ (၁၃ ဖွဲ့ကတော့ ကျွန်းက လွဲလို့ ကျန်သစ်မာအားလုံးကို ပုဂ္ဂလိကပိုင် အဖြစ်ပြဋ္ဌာန်းပေးဖို့ တောင်းဆိုခဲ့တယ်။)

ဒါ့အပြင် တခြားစီးပွားရေး တောင်းဆိုချက်တွေလည်း တောင်းဆိုခဲ့ကြတယ်။ အလတ်စားစက်မှုလုပ်ငန်းတွေနဲ့ အလတ်စားရေအားလျှပ်စစ်လုပ်ငန်း လုပ်ကိုင်ခွင့်၊ ပြည်နယ်-ဒေသတွင်း ကုန်း-ရေ ယဉ်လိုင်းပြေးဆွဲခွင့်၊ နယ်စပ်ကုန်သွယ်ရေးနဲ့ နယ်စပ်စီမံခန့်ခွဲရေးကို အပြည့်အဝချုပ်ကိုင်ခွင့်၊ ကျောက်မျက် ရတနာလုပ်ငန်း၊ သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ပြည်နယ်-ဒေသတွင်း ရာထူးခန့်ခွင့်၊ အခွန်အကောက်နဲ့ ဘဏ်လုပ်ငန်းလုပ်ခွင့်၊ ပြန်ကြားရေးနဲ့ ဆက်သွယ်ရေး လုပ်ငန်းလုပ်ခွင့် အစရှိတာမျိုးတွေဖြစ်တယ်။ ဒါတွေကို ဗဟိုအစိုးရဝန်ကြီးဌာန ခွင့်ပြုချက်နဲ့ လုပ်ခွင့်ပေးတာမျိုး မဟုတ်ဘဲ လူမျိုးစုပြည်နယ်-ဒေသရဲ့ တရားဝင် ရပိုင်ခွင့်အဖြစ် အခြေခံဥပဒေ မှာထည့် ပြဋ္ဌာန်းပေးဖို့တောင်းဆိုတာဖြစ်တယ်။

PNO, DKBA နဲ့ လုံးဝလက်နက်ချခွဲထွက်အဖွဲ့လေးတွေ ပေါင်း (၁၂) ဖွဲ့ကတော့ နအဖရဲ့ အခြေခံမူ (၁ဝ၄) ချက်ဆိုတာကို လုံးဝသဘောတူ ထောက် ခံထားပြီး ဘာအမျိုးသားအခွင့်အရေးတခုကိုမှ မတောင်းဆို ခဲ့ကြပါဘူး။ ဒီနေရာမှာ MTA သုံးဖွဲ့ကတော့ တခြားလက်နက်ချတွေထက်သာသွားတာက လူမျိုးစု ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းဥပဒေတွေကို ဥပဒေပြဋ္ဌာန်းပေးဖို့ တင်ပြတာဖြစ်ပါတယ်။ နောက် ထူးခြားမှုတခုကတော့ ငြိမ်းအဖွဲ့တွေ အားလုံးအပြင် တခြားသူတွေ၊ တခြားအစုတွေကပါ “နျူကလီးယားရေးရာ” တွေကို ကာကွယ်ရေးနဲ့လုံခြုံရေး ခေါင်းစဉ်အောက်မှာမထားဘဲ စွမ်းအင်၊ လျှပ်စစ်၊ သို့မဟုတ် သတ္တုကဏ္ဍအောက်မှာ ထားဖို့ ပြောခြင်းဖြစ်ပါတယ်။

ငြိမ်းအဖွဲ့တွေဟာ အမျိုးသားနိုင်ငံရေးမှာ စစ်တပ်ကဦးဆောင်ရေး၊ အဆင့်ဆင့် လွှတ်တော်တွေမှာ စစ်တပ် အစိတ်သားပါခွင့်၊ သမတဟာ စစ်အတွေ့အကြုံရှိသူ ဖြစ်ရေး၊ ကာကွယ်ရေးဦးစီးချုပ်က အချိန်မရွေး အရေးပေါ်အခြေအနေ ကြေညာ မာရှယ်လောထုတ်ခွင့်အပြင် ပြည်နယ် (၇) ပြည်နယ်နဲ့ တိုင်း (၇) တိုင်း အဆင့်အတန်းတူတဲ့ကိစ္စတွေကိုတော့ မတို့မထိဘဲ အထက်မှာပြောခဲ့တဲ့ အခွင့်အရေး တွေကိုသာ တောင်းဆိုတာဖြစ်ပါတယ်။

နအဖကခေါင်းခေါက်ရွေးထားတဲ့ လယ်သမားကိုယ်စားလှယ်၊ အလုပ်သမား ကိုယ်စားလှယ်၊ တိုင်းရင်းသား ကိုယ်စားလှယ်စတာတွေကတောင် အဓမ္မ လုပ်အားပေးကိစ္စတွေ၊ အဓမ္မငွေကောက်တဲ့ကိစ္စတွေကို ပိတ်ပင်တဲ့အခြေခံမူချဖို့ တင်ကြသေးတယ်။

ဒါပေမဲ့ နအဖကတော့ မရ..... လုံးဝပါပဲ။ သူချထားတဲ့ (၁ဝ၄) ချက်ကို နည်းနည်းလေးတောင် အပြင်မခံပါဘူး။ အမျိုးသားညီလာခံဆိုပြီး သူရေးထား တဲ့ (၁ဝ၄) ချက်ကိုသာ ခေါင်းညိတ်လက်မှတ် ထိုးခိုင်းတဲ့ပွဲ ဖြစ်နေပါတယ်။ အင်မတန် သေးဖွဲတဲ့ စီးပွားရေးအခွင့်အရေးလေးတောင် အခြေခံဥပဒေမှာ ပြဋ္ဌာန်းပေးဖို့ သဘောထားမရှိဘူးဆိုမှဖြင့် ဒီကနေ့ ဗမာပြည်နိုင်ငံရေးမှာ ခေါင်းမာနေတာ ဘယ်သူလဲ ငြင်းချင်ကြပါ သေးလား။

No comments: