.

.

.

August 30, 2008

အိမ်တွင်း လူသတ်မှုနဲ့ အလောင်းဖျောက်ဖျက်မှုကြီး-အပိုင်း(၁)

စာဖတ်သူများခင်ဗျား

သွေးသစ် တော်လှန်ရေးစာစောင်မှာ ပါရှိတဲ့ အာဏာပိုင် စစ်အရာရှိကြီးတစ်ဦးရဲ့ လူသတ်မှု ကျူးလွန်ခဲ့ပုံ ဆောင်းပါး တစ်ပုဒ်ကို စာဖတ်သူများအား ကျွန်တော် ကိုဖိုးတရုတ်မှ ဒီကနေ့ တင်ပြလိုက်ရပါတယ်။


ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်နဲ့ ညီအကိုချင်းတော်စပ်သူ ဗိုလ်မှူးကြီးတစ်ဦး၏ အိမ်တွင်း လူသတ်မှုနဲ့ အလောင်းဖျောက်ဖျက်မှုကြီး

ဆောင်းပါးရှင် - အောင်မင်း

စာဖတ်သူ ပရိသတ်များခင်ဗျား

ယနေ့ နိုင်ငံတကာမှာ ရှိတဲ့ အာဏာပိုင်အဖွဲ့အစည်းတွေက အရာရှိကြီးတွေဟာ လူ့အခွင့်အရေး ချိုးဖောက်နေ ကြောင်းနဲ့ ပြစ်မှုကျူးလွန်နေကြောင်း စွပ်စွဲခံရရင် မိမိရဲ့ ဂုဏ်သိက္ခာကို တန်ဖိုးထားပြီး နှုတ်ထွက်သွားတတ် ကြပါတယ်။ ယနေ့ မြန်မာနိုင်ငံမှာတော့ အရှက်မရှိတဲ့ အာဏာပိုင် စစ်အရာရှိကြီးများဟာ အာဏာပါဝါကို အလွဲသုံးစား လုပ်ပြီး ဥပဒေကို လက်တစ်လုံးခြား ပြည်သူလူထု အပေါ်မှာ နိုင်ထက်စီးနင်း လုပ်နေကြပါတယ်။ လူ့အသက် ကိုတောင် တန်ဖိုးမထားဘဲ ပြစ်မှုကျူးလွန်နေကြတဲ့ ဖြစ်ရပ်တွေ အများကြီးထဲက ဖြစ်ရပ်တခုကို တင်ပြလိုက်ရ ပါတယ်။

၂၀၀၅ ခုနှစ် နှစ်ဆန်းပိုင်းလောက်က အမှတ်(၁) စက်မှုဝန်ကြီးဌာန၊ မြန်မာ့ကြွေထည်မြေထည်လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး စိုးရီ ရဲ့  နေအိမ်မှာ အိမ်ဖော်ကလေးမလေး တစ်ယောက်ကို ဂေါက်တံ နဲ့ ခေါင်းကို ရိုက်သတ်ခဲ့ပြီး သူမရဲ့  အလောင်းကို ဖျောက်ဖျက်ခဲ့တဲ့ ပြစ်မှုကြီးတခု ပေါ်ပေါက်ခဲ့ပါတယ်။ ဗိုလ်မှူးကြီး စိုးရီ ဟာ ညောင်လေးပင်ဇာတိဖြစ်ပြီး ဗိုလ်လောင်း အမှတ်စဉ် (၄၇) မှ ဆင်းခဲ့သူ ဖြစ်ပါတယ်။ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ကျိုင်းတုံ) မှာ စစ်ဦးစီးမှူး (ပထမတန်း) တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက် အရှေ့ မြောက်တိုင်း စစ်ဌာနချုပ် ဗျူဟာမှူးမှ အမှတ်(၁) စက်မှုဝန်ကြီးဌာနသို့ ဦးဆောင် ညွှန်ကြားရေးမှူး ရာထူးဖြင့် ရောက်ရှိလာခြင်း ဖြစ်ပါတယ်။

အိမ်ဖော်မလေးအား အိမ်မှု ကိစ္စနဲ့ ပတ်သက်ပြီး မကျေနပ်လို့ ဦးခေါင်းကို ဂေါက်သီးရိုက်တံနဲ့ ညဦးပိုင်းမှာ ရက်စက်စွာ ရိုက်သတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။ ဖြစ်ပွားချိန်မှာ ဗိုလ်မှူးကြီး စိုးရီဟာ ရန်ကုန်မြို့ တာမွေက အစိုးရပိုင် အိမ်မှာ ရှိနေပြီး သူကိုယ်တိုင် ဒါမှမဟုတ် သူ့ရဲ့  ဇနီး တစ်ဦးဦးက ရိုက်သတ်ခဲ့တာ ပေါ်လွင်ထင်ရှား နေပါတယ်။ ရိုက်သတ်ခဲ့ပြီးတဲ့နောက် အင်းစိန်မြို့ နယ်ရှိ ဒညင်းကုန်းရွာသို့ သေဆုံးသူ ကလေးမရဲ့  အလောင်း အား သွားရောက် မြှပ်နှံပေးဖို့နဲ့ အလောင်းဖျောက်ဖျက်ပေးဖို့ ဒညင်းကုန်းမှာ ရှိတဲ့ မြန်မာ့ကြွေထည်မြေထည် လုပ်ငန်း မော်တော်ယာဉ် အခြေစိုက် စက်ရုံက ခွဲမှူးဖြစ်သူ ဦးပြုံးချို ကို အမိန့်ပေး ခိုင်းစေခဲ့ပါတယ်။ ဦးပြုံးချို ဟာ ဘာသာရေး လိုက်စားပြီး စိတ်ရင်းကောင်းမွန်တဲ့ လူပျိုကြီး ဖြစ်ကာ လူချစ်လူခင် ပေါများသူလည်း ဖြစ်ပါတယ်။ ဦးပြုံးချိုဟာ ဦးဆောင်ညွှန်ကြားရေးမှူး ဗိုလ်စိုးရီ ရဲ့  ခိုင်းစေချက်ကြောင့် ဌာနဆိုင်ရာ အိမ်သုံးကား ပေါ်မှာ ကလေးမရဲ့  အလောင်းကို တင်ဆောင်ကာ ဒညင်းကုန်းရွာ သင်္ချိုင်းကုန်း ရှိရာသို့ ညတွင်းချင်း သွားရောက် မြှပ်နှံဖို့ ကြိုးစားခဲ့ပါတယ်။

ကလေးမလေးရဲ့  သေလုဆဲဆဲ ကြိမ်းဝါးသံကို ခြံစောင့်ကြီးကလည်း ကြားသိလိုက်ပါတယ်။ “ငါသေသလို နင်တို့လည်း အသေဆိုးနဲ့ သေရမယ်” လို့ မသေခင် ဝေဒနာ ပြင်းထန်စွာ ခံစားနေချိန်မှာ ပြောဆိုသွား တာကြောင့် အလောင်းမြှပ်နှံတဲ့ကိစ္စဟာ မအောင်မြင်ဘဲ ထစ်ငေါ့နေပါတယ်။ ဦးပြုံးချိုဟာ နာနာဘာဝ သင်္ချိုင်း က တစ္ဆေသရဲများနဲ့ အစိမ်းသေ ကလေးမလေးကြောင့် ဂယောင်ချောက်ချား ချီတုံချတုံဖြစ်နေကာ သင်္ချိုင်း ကုန်း နဲ့ ရွာထဲကို ဓလေ့ထုံးစံအရ ၀င်ခွင့်တောင်းရမလို ဖြစ်နေပြီး သတင်းပေါက်ကြားသွားမှာကိုလည်း စိုးရိမ် ထိတ်လန့်နေရှာပါတယ်။ ဒါကြောင့် ဘယ်သူ့ကိုမှ အသိမပေးဘဲ ကားကို တနေရာမှာ ရပ်ထားခဲ့ပြီး မထင်မရှား တနေရာမှာ အလောင်းမြှပ်နှံဖို့ ကျင်းကို တူးခဲ့ပါတယ်။

ကျင်းတူးပြီးတော့ တနေရာမှာ ရပ်ထားတဲ့ ကားကို ပြန်လည်မောင်းလာစဉ်မှာ သူတူးခဲ့တဲ့ ကျင်းနေရာ ရုတ်တရက် ရှာမတွေ့ဘဲ ပျောက်သွားသလို ဖြစ်နေပြန်ပါတယ်။ ရွာ အနီးမှာ ကားကို အကြိမ်ကြိမ် ပတ်မောင်းပြီး ကျင်းနေရာကို အသည်းအသန် ပြန်လည်ရှာဖွေနေရပါတယ်။ အဲဒီအခါ ရွာမှာ ရှိတဲ့ လူငယ် တချို့ ဟာ မသင်္ကာဖွယ်ရာ ကားတစ်စီး ရွာပတ်လည်မှာ ဝေ့လည်လည် မောင်းနှင်နေကြောင်း တွေ့ရှိသွားကာ ကျေးရွာ ယရက မှ တဆင့် ရဲစခန်းသို့ အကြောင်းကြားခဲ့ကြပါတယ်။ ရဲစခန်းက မသင်္ကာဖွယ်ရာ ကားကို သွားရောက်ခေါ်ယူ စစ်ဆေးရာက အလောင်းဖျောက်ဖျက်မှုကြီးဟာလည်း “ဗူး” ပေါ်သလို ပေါ်ခဲ့ရပါတယ်။ ဦးပြုံးချို ကိုလည်း ဖမ်းဆီးအရေးယူ ချုပ်နှောင်ထားလိုက်ပါတယ်။

ဗိုလ်မှူးကြီး စိုးရီဟာ အခုအငြိမ်းစား အပေးခံလိုက်ရတဲ့ ကာကွယ်ရေးစစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်နဲ့ ညီအကိုအရင်း တော်စပ်တာကြောင့် ပြည်ထဲရေး ၀န်ကြီးဌာနကို သူတို့ရဲ့  အာဏာပါဝါ အစွမ်းကုန်သုံးပြီး လူအင်အား ငွေအင်အားနဲ့ အမှုမှန် မပေါ်ပေါက်အောင် မှေးမှိန်ဖျောက်ဖျက်ဖို့ ကြိုးစားကြပါတယ်။ သေဆုံးသူ အိမ်ဖော်မလေးရဲ့  မိဘဆွေမျိုးတွေကို ပစ္စည်းခိုးယူလေဟန် အပြစ်ပုံချကာ ရိုက်လိုက်မိရာမှ မတော်တဆ လှေကားမှ ချော်လဲကျပြီး လိမ့်ကျသေဆုံးသွားကြောင်း မဟုတ်မမှန် လိမ်ညာပြောဆိုပြီး ငွေအနည်းငယ်ပေးကာ နှုတ်ပိတ် လိုက်ကြပါတယ်။

သေဆုံးသူ မိန်းကလေးရဲ့  မိဘဆွေမျိုးတွေဟာ ရိုးသားဖြူစင်ကြပြီး လူ့အသက်တစ်ချောင်းကို ငွေနဲ့ မလဲနိုင်ကြပေမဲ့ စစ်အရာရှိကြီးတွေရဲ့  နိုင်ထက်စီးနင်း လုပ်ခြင်း ခံရကာ အားမတန်လို့ မာန်လျော့ခဲ့ရပါတယ်။ ဒီသတင်းဟာ အမှတ်(၁) စက်မှုဝန်ကြီးဌာန တစ်ခုလုံး တောမီးပမာ ပျံ့နှံ့သွားပြီး ၀န်ထမ်းအချို့ လည်း အလောင်းဖျောက်ဖျက်မှုမှာ ကြံရာပါ အဖြစ်နဲ့ ဖမ်းဆီးချုပ်နှောင်ခံထားရလို့ အမှန်တကယ် တာဝန်ရှိတဲ့ ဗိုလ်မှူးကြီးစိုးရီအနေနဲ့ အနည်းဆုံးတော့ အလုပ်က နှုတ်ထွက်ရလိမ့်မယ်လို့ ထင်မြင်ယူဆ မျှော်လင့်နေ ကြပါတယ်။ ရက်စက်တဲ့ ဗိုလ်မှူးကြီးစိုးရီ မိသားစုကို ၀န်ထမ်းတွေ ပါးစပ်မှ ပြစ်တင်ဝေဖန်ကြပြီး နိုင်ထက်စီးနင်း ခိုင်းစေခံရလို့ တရားခံအဖြစ်နဲ့ အချုပ်ခံနေရတဲ့ ဦးပြုံးချိုကိုလည်း သနားကရုဏာ ဖြစ်နေ ကြပါတယ်။

နောက်နေ့မှာတော့ စစ်အရာရှိကြီးတွေရဲ့  “တရားဥပဒေအထက်မှ ဘယ်သူမှ မရှိဘူး” ဆိုတဲ့ စကားဟာ လူတကာ ရယ်စရာ ဟာသ ပျက်လုံး ဖြစ်နေပုံနဲ့ မြန်မာနိုင်ငံက အမျိုးသမီးရေးရာ အဖွဲ့ချုပ်ဟာ အမျိုးသမီးများကိုလုံးဝ မကာကွယ်နိုင်ပုံတွေကို ဆက်လက်တင်ပြသွားပါမယ်။

No comments: