.

.

.

August 11, 2008

ဒီမိုကရေစီရရှိရေး အမေရိကန်နိုင်ငံက မြန်မာနိုင်ငံကို စစ်ရေးအရတိုက်ဖို့ သင့်၊ မသင့် နဲ့အလားအလာ ရှိ၊ မရှိ ဆွေးနွေးခန်း အမေးအဖြေ အမှတ်စဉ်(၆)

စာဖတ်သူများခင်ဗျား

ဒီမိုကရေစီရရှိရေး အမေရိကန်နိုင်ငံက မြန်မာနိုင်ငံကို စစ်ရေးအရတိုက်ဖို့ သင့်၊ မသင့် နဲ့အလားအလာ ရှိ၊ မရှိ ဆွေးနွေးခန်း နဲ့ စပ်လျဉ်းပြီး ကိုထွန်းလှမောင်အေးရဲ့  အီးမေးလ်ပါ မေးခွန်းတွေကို နှစ်သက်လို့ ဗိုလ်ထက်မင်း က ထပ်မံဖြေကြားပေးပို့လာတဲ့အတွက် စာဖတ်သူများအား လေ့လာနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။ ကိုထွန်းလှမောင်အေးရဲ့  အီးမေးလ်အပြည့်အစုံကို ဆွေးနွေးခန်း အမှတ်စဉ် (၅) မှာ ဖော်ပြထားပါတယ်။

ဗိုလ်ထက်မင်းရဲ့  ဆွေးနွေးချက်

ကိုထွန်းလှမောင်အေးရဲ့  ဆွေးနွေးချက်ကို ဖြည့်စွက် အကြံပြုရမယ်ဆိုရင် မြန်မာနိုင်ငံ စစ်အစိုးရကို တိုက်ဖို့ အခြေခံ နယ်မြေ လိုအပ်ပါတယ်။ အခြေခံနယ်မြေကို အသုံးပြုခွင့်ပေးမဲ့ အိမ်နီးနားချင်း အနီးစပ်ဆုံး ထိုင်းနိုင်ငံအား ဒီမိုကရေစီရရှိပါက အကျိုးစီးပွား အခွင့်အလမ်းများ စစ်အစိုးရထက် မနည်းစေဘဲ ပေးမယ်ဆိုတဲ့ အကြောင်း ပြောဖို့လည်း အရေးတကြီး လိုအပ်ပါတယ်။ ယခုလို ပြောရတဲ့ အကြောင်းရင်းက နိုင်ငံတကာ အစည်းအဝေး တစ်ခုအပြီး ထိုင်းနိုင်ငံမှ တာဝန်ရှိသူ တစ်ဦးက အတိုက်အခံ အဖွဲ့အစည်းမှ ပုဂ္ဂိုလ် တစ်ဦးနဲ့ အလွတ်သဘော တွေ့ဆုံခိုက်မှာ ဒီလို အဓိပ္ပာယ်မျိုး ပါတဲ့ စကားမျိုး မေးခဲ့တယ်လို့ သိရပါတယ်။ ဒီတော့ကာ ကိုထွန်းလှမောင်အေး ဆွေးနွေးတဲ့ French Foreign Legion ဆိုတဲ့ အဖွဲ့မျိုး၊ Private Military လို့ ခေါ်တဲ့ Mercenary Forces လိုမျိုး၊ KNU နဲ့ နအဖ တိုက်ပွဲတွေမှာတောင် ပြင်သစ် ကြေးစားစစ်သားတွေ တွေ့ခဲ့တာမို့ သင့်တော်တဲ့ နည်းလမ်း တစ်ရပ်ဖြစ်ပါတယ်။ ဒါ့အပြင် CIA နဲ့ MI 6 အပါအ၀င် DEA လိုမျိုး လျှို့ဝှက် ထောက်လှမ်းရေး အဖွဲ့အစည်းများက ထောက်ပံ့လို့ ဖြစ်စေ၊ ICRC လိုမျိုး ကမ္ဘာ့ လူမှုရေးအဖွဲ့အစည်း အသင်းကြီးတစ်ခုခုမှ လူသားချင်း စာနာတဲ့ခေါင်းစဉ်နဲ့ သွယ်ဝှက်ထောက်ပံ့လို့ ဖြစ်စေ၊ ငွေကြေး လက်နက်ခဲယမ်း၊ တခြားအကူအညီအကာအကွယ် ရရှိနိုင်ပါတယ်။ ဒီတော့ကာ မေးခွန်းများကို တစ်ခုချင်း အောက်ပါအတိုင်း ဖြေပါမယ်။

ကိုထွန်းလှမောင်အေးရဲ့  မေးမြန်းချက်။ ။ စစ်ရေးနည်းနဲ့ ဝင်တိုက်ဖို့အတွက် ဘယ်သူ၊ဘယ်အဖွဲ့အစည်း (သို့) တပ်ပေါင်းစုက တာဝန်ခံပြီး ဦးဆောင်စည်းရုံး လှုပ်ရှားမှာလဲ။

စစ်ရေးနည်းလမ်းနဲ့ ၀င်တိုက်ဖို့အတွက် စစ်ရေးအတွေ့အကြုံရှိသူ မဟာဗျူဟာ၊ နည်းဗျူဟာ ကျွမ်းကျင်မှု ရှိတဲ့ သူက ဦးဆောင်ရပါမယ်။ ပြည်တွင်းသို့ ၀င်ပါကလည်း KNU, NMSP, KNPP ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို သုံးရမှာ ဖြစ်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက စစ်ဦးစီးချုပ်များ ပါဝင်သင့်ပါတယ်။ မည်သည့် လူမျိုးကို မဆို ဒီမိုကရေစီ ရရှိရေးအတွက် လက်နက်ကိုင် တော်လှန်ရေး လုပ်မှ ရမယ်ဆိုတဲ့ ခံယူချက်ရှိဖို့ ဦးစွာ စမ်းစစ်ရန် လိုသလို သစ္စာလည်း ဆိုရပါမယ်။ ခံယူချက်ပြတ်သားတဲ့ ABSDF နဲ့ ဗမာ့တပ်မတော်မှ နအဖရဲ့ ပျော့ကွက်ကို သိနေသူများ ပါဝင်သော တပ်ပေါင်းစု ဖြစ်ရေး ဦးဆောင် စည်းရုံး လှုပ်ရှားရမှာ ဖြစ်ပါတယ်။ တစ်ဦးကောင်း တစ်ယောက်ကောင်းနဲ့ မရဘဲ အားလုံးဝိုင်းဝန်းပံ့ပိုးမှရမဲ့ အနေအထား ဖြစ်ပါတယ်။

ကိုထွန်းလှမောင်အေးရဲ့  မေးမြန်းချက်။ ။ ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်း ဖြစ်ဖြစ် ဝင်တိုက်လို့ မြန်မာနိုင်ငံ ရဲ့ နယ်မြေတချို့ စစ်အစိုးရလက်ထဲကလွတ်မြောက်သွားပြီဆိုရင် ဘယ်သူတွေက အစိုးရဖွဲ့မှာလဲ။

ကျွန်တော် ဆွေးနွေးခန်း တစ်နေရာမှာ ဖော်ပြထားသလို ပူးတွဲ စစ်ဦးစီးချုပ်များ ပါဝင်သော တပ်ပေါင်းစု ဖွဲ့စည်း သလို နိုင်ငံရေး ဦးဆောင် ကော်မတီကိုလည်း ကြိုတင်ဖွဲ့စည်းထားဖို့ လိုအပ်ပါတယ်။ ထိုကော်မတီက တပ်ပေါင်းစုရဲ့  မဟာဗျူဟာ ဦးတည်ချက်ကို မစွက်ဖက်ဘဲ လွတ်မြောက်နယ်မြေ ရရှိပါက ကြားဖြတ် အစိုးရ ဖွဲ့နိုင်ရေး ကြိုးပမ်းရပါမယ်။ ထို ကော်မတီမှာ ၁၉၉၀ ရွေးကောက်ပွဲမှာ ရွေးချယ်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်တဲ့ CRPP နဲ့ ဥပဒေ ပညာရှင်များ ပါဝင်ရမှာ ဖြစ်သလို လိုအပ်က နိုင်ငံရေးနဲ့ စစ်ရေး ဆက်စပ် ဆောင်ရွက်နိုင်ရန် နိုင်ငံရေး ဦးဆောင်မှု ကော်မတီမှ ကိုယ်စားလှယ်များနှင့် တပ်ပေါင်းစုမှ ကိုယ်စားလှယ် စစ်ဦးစီးချုပ်တစ်ဦးပါသော တော်လှန်ရေးဦးဆောင် ဗဟိုကော်မတီကိုလည်း ဖွဲ့စည်းပေးထားသင့်ပါတယ်။ တော်လှန်ရေးဦးဆောင် ဗဟိုကော်မတီ အစည်းအဝေးကျင်းပရာမှာ တပ်ပေါင်းစုနဲ့ နိုင်ငံရေး ဦးဆောင်ကော်မတီတို့ အငြင်းအခုံ ဖြစ်တတ်တာမို့ စည်းလုံးညီညွတ်မှု မပျက်ပြားစေရေးအတွက် တိုက်ပွဲများ ပြင်းထန်ချိန်မှာ စစ်ရေးအရ ဆုံးဖြတ်ချက်များကို ဦးစားပေးရန် လိုအပ်ပြီး အာဏာရှင် များ ပြိုကွဲသွားပါက နိုင်ငံရေးအရ ဆုံးဖြတ်ချက်များကို ဦးစားပေးတဲ့ မူဝါဒ လမ်းညွှန်တွေကို ချထားပေးဖို့ လိုအပ်ပါတယ်။

ကိုထွန်းလှမောင်အေးရဲ့  မေးမြန်းချက်။ ။ အဲဒီအစိုးရဖွဲ့ တဲ့လူတွေကို ပြည်သူတွေ ကလက်ခံမှာလား။

လက်နက်ကိုင် တပ်ဖွဲ့လည်း ရှိပြီး ရွေးချယ်ခံ ကိုယ်စားလှယ်များလည်း ပါဝင်တာမို့ အခြေခံ နယ်မြေအပေါ် ရပ်တည်လာတဲ့ အစိုးရ အဖွဲ့ကို ပြည်သူတွေသာမက နိုင်ငံတကာပါ အသိအမှတ်ပြု လက်ခံကြမှာ ကြိမ်းသေပါတယ်။

ကိုထွန်းလှမောင်အေးရဲ့  မေးမြန်းချက်။ ။ အဲဒီပြည်သူတွေလက်ခံတဲ့ ပုဂ္ဂိုလ်တွေကကော စစ်အစိုးရသေဒဏ်ကို မကြောက်ဘဲ စင်ပြိုင်အစိုးရဖွဲ. စည်းရဲမှာလား။

ပြည်သူတွေ လက်ခံတဲ့ ပုဂ္ဂိုလ်တွေကတော့ အထက်က မေးခွန်းပါ အဖြေအတိုင်း စီစစ်ပြီး ဖြစ်တဲ့အပြင် လိုအပ်က သွေးသောက်ပြီး သစ္စာ ဆိုခိုင်းထားတဲ့ အတွက် စစ်အစိုးရ သေဒဏ်ကို မကြောက်ဘဲ စင်ပြိုင်အစိုးရ ထက် လူထု အစိုးရ ဖွဲ့စည်းဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။

ကိုထွန်းလှမောင်အေးရဲ့  မေးမြန်းချက်။ ။ ပြည်သူတွေ အများစုကကော စစ်ဖြစ်မှာကို လက်ခံမှာလား၊ လက်ခံပြီဆိုရင်စစ်အတွက် ဘယ်လောက် ပြင်ဆင်ပြီးလဲ။

ပြည်သူအများစုက အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ နည်းနဲ့ နှစ်ပေါင်း (၂၀) တိုင်တိုင် သွေးမြေကျကာ လုပ်ခဲ့ကြပြီးဖြစ်လို့ သေမထူး၊ နေမထူး ဘ၀တွေ အတွက် စစ်ဖြစ်မှာကို လက်ခံမှာပါ။ လက်ခံပြီ ဆိုရင် စစ်အတွက် ပြင်ဆင်ဖို့ လိုအပ်ချက်တွေ အများကြီး ရှိပါတယ်။ လောလောဆယ် စဉ်းစားရမိသလောက် ပြောရမယ်ဆိုရင် သတင်းနဲ့ မီဒီယာ အသုံးပြုပြီး စိတ်ဓာတ်စစ်ဆင်ရေး နည်းဗျူဟာ ကျင့်သုံးဆောင်ရွက်မှု၊ ပြည်သူလူထု အတွင်း ဆက်သွယ်စည်းရုံးနိုင်တဲ့ ကွန်ယက်ကြီး တည်ဆောက်ဖို့ ရိက္ခာ နှင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်း စီစဉ်မှု၊ပြည်သူ့စစ် မဟာဗျူဟာ အကောင်အထည် ဖော်မှု၊ နအဖနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို စည်းရုံးသိမ်းသွင်း တန်ပြန်နိုင်တဲ့ နည်းဗျူဟာ ချမှတ်နိုင်မှု၊ နအဖရဲ့  တပ်မတော်မှ မျိုးချစ်စိတ် ရှိတဲ့ တပ်မှူးများကို စည်းရုံးပြီး သေနတ်ပြောင်း ပြောင်းပြန် လှည့်နိုင်အောင် နည်းဗျူဟာ စီမံချက် များ ချမှတ်ဖို့ အပြင် နိုင်ငံတကာနှင့် အတိုက်အခံ အဖွဲ့အစည်းတို့က အင်တိုက်အားတိုက် အသိအမှတ်ပြု ထောက်ခံမှု ရရှိအောင် စည်းရုံးဆောင်ရွက်ရေး စတာတွေကို ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ ဘယ်လောက်ပြင်ဆင်ပြီးလဲ ဆိုတာကတော့ တော်လှန်ရေး ခေါင်းဆောင် တွေ အပေါ်မှာ မူတည်ပါတယ်လို့ ဖြေကြားပေးလိုက်ပါတယ်။