.

.

.

August 12, 2008

၁၉၈၈ ခုနှစ်က လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ မဟာဗျူဟာမြောက် အခွင့်အရေး - အပိုင်း(၁)

ဆောင်းပါးရှင် - ဗိုလ်ထက်မင်း (RFA ထုတ်လွှင့်ချက်မှ ကူးယူဖော်ပြပါသည်။)

မြန်မာနိုင်ငံရဲ့  ၁၉၈၈ ခုနှစ် လူထုအုံကြွမှုနဲ့ ဒီမိုကရေစီတောင်းဆိုမှုဟာ ကမ္ဘာ့သမိုင်းမှာ မကြုံစဖူး ထူးထူးကဲကဲ ကြီးမားခဲ့ပါတယ်။ အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရပေမဲ့ ပြည်သူလူထု လိုလားတောင့်တခဲ့တဲ့ ဒီမိုကရေစီ ဆိုတဲ့ ပန်းကောင်းကလေးကတော့ အညွန့်ချိုး ခံလိုက်ရပါတယ်။ ဒါကြောင့် ဒီပန်းကလေးကို အရှိန်အဟုန် မပျက် ရေလောင်းပေါင်းသင် ပေးကြဖို့နဲ့ ဒီမိုကရေစီ ရရှိရေးအတွက် သင်ခန်းစာယူ လေ့လာစရာတွေကို စာဖတ်သူများထံ ကျွန်တော် ကိုဖိုးတရုတ်မှ တင်ပြသွားပါမယ်။ ဒီဆောင်းပါးတွဲရဲ့  အနှစ်ချုပ်ကို တင်ပြရမယ် ဆိုရင် ရှစ်လေးလုံး လူထုအုံကြွမှု အရေးတော်ပုံကြီးမှာ ပြည်သူ့ရင်ခွင်ကို ခိုလှုံလာကြတဲ့ တပ်မတော်သားများ ရှိကြပေမဲ့ အဓိကအင်အားစုဖြစ်တဲ့ ကြည်းတပ် ပါဝင်ရန်လိုအပ်သလို ကြည်းတပ်အင်အားစု တော်တော်များများက မဆလအစိုးရ အပေါ် စိတ်ပျက်နေကြကာ လူထုအုံကြွမှုအပေါ် ကြည့်ပြီး တွေဝေနေမှုအား စည်းရုံးရုံဖြင့် ပြည်သူ့ဘက်သို့ အလျင်အမြန် ကူးပြောင်းနိုင်မည့် အခြေအနေ အခွင့်အလမ်း များကို ဖော်ထုတ်ထားပါတယ်။ ယနေ့အပိုင်း(၁) မှာတော့ ကြည်းတပ်အနေနဲ့ လူထုအရေးအခင်း လှုပ်ရှားမှုများကို သိနိုင်ဖို့ အခွင့်အလမ်း နည်းပါးပုံတို့အား အခြားတပ်များနဲ့ နှိုင်းယှဉ်ဖော်ပြထားပါတယ်။ ဒီဆောင်းပါးဟာ အပိုင်း(၃) ပိုင်းရှိပြီး RFA က ထုတ်လွှင့်ခဲ့တဲ့ ဗိုလ်ထက်မင်းရဲ့  ဆောင်းပါး ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ် မတိုင်ခင်မှာ ပြည်သူလူထုနဲ့ အတူ တပ်မတော်သားတွေ ဟာလည်း မဆလပါတီကို စိတ်ကုန်စ ပြုနေပြီ ဖြစ်ပါတယ်။ မဆလအစိုးရဟာ ငွေစက္ကူတွေကို တရားမ၀င် ရပ်စဲခဲ့ရာမှာ ရှေ့ တန်းကို ရောက်နေတဲ့ စစ်သည်တွေအနေနဲ့ လဲလှယ်ခွင့်၊ အချိန်မှီ ထိန်းသိမ်းခွင့် မရရှိကြဘဲ ချွေးနဲစာ စုဆောင်းငွေတွေဟာ နစ်နာဆုံးရှုံးခဲ့ကြရပါတယ်။ အောက်ခြေတပ်မတော်သားတွေဟာလည်း ပြည်သူလူထုနဲ့ အတူ မဆလပါတီရဲ့  ဆိုးကျိုးတွေကို အမျိုးမျိုး အဖုံဖုံခံစားခဲ့ကြရပါတယ်။

မဆလပါတီ ကောင်စီ လူကြီးတွေ ရှေ့ တန်းနယ်မြေကို ဆင်းလာရင် လုံခြုံရေး အပါအ၀င် အစစ အရာရာ လိုအပ်တာ မှန်သမျှ တပ်ရင်းတွေက သိမ်ငယ်စွာ လိုက်ပါဆောင်ရွက်ပေးကြရပါတယ်။ ဒါပေမဲ့ နယ်ဘက် ပြဿနာများ တိုင်ကြားစာများ ဖြစ်လာရင်တော့ ပါတီကောင်စီက လူကြီးတွေဟာ တပ်အပေါ်မှာ ညှာတာမှု မရှိဘဲ နှိပ်ကွပ်ခဲ့ပါတယ်။ ကရင်ပြည်နယ်မှာ တပ်ရင်းမှူးတစ်ဦးဟာ ပါတီကောင်စီက လူကြီးကြောင့် ထောင်မကျသင့်ဘဲ ထောင်ကျရတဲ့ ဖြစ်စဉ်မျိုး အများအပြား ရှိခဲ့ပါတယ်။ ဒါကြောင့် စစ်သည်များအပါအ၀င် အောက်ခြေတပ်မတော်သား အရာရှိ အများစုဟာ တစ်ပါတီ စနစ်ကို စိတ်နာနေခဲ့ပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်မှာ ဒေသပါတီ ကော်မတီဝင် အမျိုးသမီးကြီး တစ်ဦးက တပ်မတော်သားတွေကို နို့ဆီမပေးဖို့ ခြိုးခြံချွေတာဖို့တွေ တင်ပြလာပြန်ပါတယ်။ တပ်မှူးတွေက ဒီကိစ္စကို ပြင်းထန်စွာ ကန့်ကွက်ခဲ့လို့ ပဋိပက္ခ ဖြစ်ခဲ့ကြပါတယ်။ မြို့ ပေါ်မှာရှိတဲ့ ဆိုက်ကားသမား တစ်ဦးဟာ ပါတီ ကလပ်စည်းနဲ့ ကောင်စီတွေမှာ လူကြီးဖြစ်နေပြီး စီမံခန့်ခွဲမှုနဲ့ လုပ်ပိုင်ခွင့်ကို မတရား ရယူထားလို့ စစ်သည်တွေ အနေနဲ့ မဆလအပေါ် ယုံကြည်မှု ကင်းမဲ့နေခဲ့ကြပါတယ်။ ပဲခူးတိုင်းမှာလည်း တိုင်းမှူးနဲ့ ဒေသပါတီ ဥက္ကဋ္ဌဟာ သဟဇာတ မသင့်မတင့် ဖြစ်နေကြပြီး ထိပ်ပိုင်းမှာလည်း မကျေနပ်မှုတွေ ရှုပ်ထွေးနေကြပါတယ်။ ရခိုင်ပြည်နယ်မှာတော့ ထောက်လှမ်းရေ (၁၀) တပ်မှူးနဲ့ ကျောက်တော်မြို့ နယ် ပါတီယူနစ် ဥက္ကဋ္ဌတို့ဟာ ပဋိပက္ခ ဖြစ်ပွားနေကြပြီး ပါတီဥက္ကဋ္ဌက ဦးနေ၀င်းထံ တပ်နဲ့ အပြိုင် လက်ဦးမှု ရယူကာ တိုင်ကြားခဲ့ပါတယ်။

ဒါ့အပြင် မဆလထိပ်ပိုင်းမှာလည်း ယခင် ဒုတိယကာကွယ်ရေး ဦးစီးချုပ်ဖြစ်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး အေးကို အား အဆင့်များစွာ ကျော်ပြီး နိုင်ငံတော် ကော်စီအတွင်းရေးမှူး ရာထူးကို ဦးနေ၀င်းက တိုးပေးခဲ့လို့ မကျေနပ် မှုတွေ ဖြစ်နေကြပါတယ်။ ၀န်ကြီးချုပ် ဦးမောင်မောင်ခနဲ့ တွဲဖက်အတွင်းရေးမှူး ဦးစိန်လွင်တို့ရဲ့  အာဏာ ထိန်းညှိမှု ပြဿနာလည်း ရှိနေခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် မတိုင်ခင် ဒီလို ရှုပ်ထွေးနေချိန်မှာဘဲ မဆလအစိုးရ ပြုတ်ကျဖို့နဲ့ တိုင်းပြည်ကို တကယ်ချစ်တဲ့ ဒီမိုကရေစီလိုလားသူ တပ်မတော်မှ ခေါင်းဆောင် တစ်ချို့ လည်း ရှိနေခဲ့ပါတယ်။

လူထုအုံကြွမှုကြောင့် ဦးနေ၀င်း ပြုတ်ကျသွားပြီး ဦးစိန်လွင် တက်လာခဲ့ပါတယ်။ ဦးစိန်လွင် သမ္မတ ဖြစ်လာချိန်မှာ ရှစ်လေးလုံး အရေးတော်ပုံမှ ဆန္ဒပြသူများအား စစ်တပ်မှ ရက်စက်စွာ နှိမ်နင်းခဲ့ပါတယ်။ ဦးစိန်လွင်လည်း ရက်ပိုင်းသာ ခံပြီး ဒေါက်တာမောင်မောင် သမ္မတ ဖြစ်လာပြန်ပါတယ်။ ဒေါက်တာမောင်မောင် ဟာ တပ်မတော်သားတွေ စစ်တန်းလျား ပြန်ဖို့နဲ့ အရေးကြီးတဲ့ အစိုးရ ရုံးဋ္ဌာန အဆောက်အဦးများကိုသာ ထိန်းထားဖို့ ညွှန်ကြားခဲ့ပါတယ်။ လူထုအုံကြွမှု သပိတ်ကြီးဟာ အရှိန်အဟုန်မြင့်မားလာပြီး အစိုးရရုံးဋ္ဌာနက ၀န်ထမ်းအသီးသီးတွေ ပါဝင်ဆန္ဒပြလာကြလို့ အစိုးရ အုပ်ချုပ်ရေး ယန္တယားဟာ ရပ်တန့်လု နီးပါး ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် လူထု ဆန္ဒပြပွဲကို လေတပ်မှ စစ်သည်များနဲ့ ရေတပ်က စစ်သည်တွေ စတင် ပါဝင်လာခဲ့ပါတယ်။

ဒီနေရာမှာ ရေတပ်၊ လေတပ်နဲ့ ပညာသည် အုပ်စုတပ်တွေ ဖြစ်ကြတဲ့ (ကပစ) လို တပ်မျိုးတွေဟာ ကြည်းတပ်၊ တိုက်ခိုက်ရေး ခြေလျင်တပ်တွေနဲ့ ကွာခြားပုံကို အနည်းငယ် တင်ပြလိုပါတယ်။ ရေတပ်၊ လေတပ်နဲ့ ကပစ တပ်တွေဟာ မြို့ ကြီးပြကြီးမှာ လူထုနဲ့ ထိတွေ့မှု၊ နီးစပ်မှု ရှိကြပြီး ပြည်သူလူထုရဲ့  ခံစားရမှု ဒီမိုကရေစီ လိုလားမှုတွေကို နားလည် သဘောပေါက်ကြပါတယ်။ စာစောင်၊ ဂျာနယ်၊ တယ်လီဖုန်းကဲ့သို့ ဆက်သွယ်ရေး ကောင်းမွန်စွာရရှိမှုကြောင့် နားမျက်စီ ဖွင့်နိုင်ပြီး သူတို့ရဲ့  ဆန္ဒအလျောက် အထွေထွေ သပိတ်ကြီးမှာ ပထမဦးစွာ ပါဝင်ဆင်နွှဲနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ အာဏာကို မတရားရယူထားတဲ့ စစ်အုပ်စုဟာ မီဒီယာကို အကြောက်ဆုံးဖြစ်ပြီး ယနေ့ အခါမှာ မီဒီယာကို မီဒီယာနဲ့ ပြန်တိုက်ဖို့ အစီအစဉ်တွေ စနစ်တကျ ရေးဆွဲထားပြီး ပုဂ္ဂလိ ဂျာနယ်တွေကိုလည်း အမျိုးမျိုး ဖိအားပေးနေတာ မြင်ရကြားရမှာ ဖြစ်ပါတယ်။

ကြည်းတပ်တွေဟာ မြို့ နဲ့ အနည်းဆုံး (၁၀) မိုင်ဝေးတဲ့ နေရာမျိုးတွေမှာ အခြေပြုနေရပြီး စစ်တပ်အ၀န်းအ၀ိုင်း ထဲက အပြင်ကို ထွက်ခွင့်မရကြဘဲ ဒီမိုကရေစီ အုံကြွမှု ပြင်းထန်လာချိန်မှာလည်း အဖြစ်မှန်ကို မသိရှိကြတာမျိုး ဖြစ်ခဲ့ပါတယ်။ တပ်မတော်သားတွေကို ပြည်ပအသံလွှင့်ဌာနတွေက ထုတ်လွှင့်တဲ့ အစီအစဉ် တွေကို နားမထောင်ဖို့ ဆူပူကြိမ်းမောင်းအရေးယူမယ်လို့ ခြိမ်းခြောက်ထားတာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် စစ်သည်အများစုဟာ နားမျက်စီ ပိတ်နေခဲ့ကြပြီး ဒီမိုကရေစီ အရေး၊ လူ့အခွင့်အရေး ဆိုတာတွေကို မသိရှိကြသေးတာ ဖြစ်ပါတယ်။ ရှေ့ တန်းနယ်မြေတွေမှာ အချိန်ပေးနေရတဲ့ တပ်တွေဟာဆိုရင် ပြည်သူလူထု အုံကြွမှုကို စဉ်ဆက်မပြတ် မသိရှိကြဘဲ နားလည် သဘောပေါက်မှုလည်း မရှိခဲ့ကြတာမျိုး ဖြစ်နေပါတယ်။ ဒါကို အခွင့်ကောင်း ယူပြီး မဆလစစ်အာဏာရှင်တွေက ဒီမိုကရေစီ အုံကြွမှုကို မင်းမဲ့စရိုက် အဖျက်အမှောင့် လုပ်တာမျိုး၊ ဗကပ၊ ယူဂျီဝင်လာတာမျိုး အစားထိုး ပြောကြားပြီး တပ်မတော်သားတွေ အထင်အမြင် လွဲမှားအောင် လုပ်ကြံ ၀ါဒဖြန့် ရိုက်သွင်းခဲ့ပါတယ်။ သို့သော်လည်း တပ်မတော်ရဲ့  အရေးကြီးကဏ္ဍ တစ်ခု ဖြစ်တဲ့ ကျည်ဆန်တွေ ထုတ်လုပ်နေတဲ့ ကပစတပ်က စစ်သည်တွေဟာ လူထုသပိတ်မှာ ထပ်မံပါဝင် လာခဲ့ကြ လို့ မဆလအစိုးရလည်း တုန်လှုပ်ချောက်ချား နေခဲ့ရပြီဖြစ်ပါတယ်။

ထိုစဉ်မှာဘဲ တပ်မ(၂၂) ကြည်းတပ်က ဗိုလ်ကြီးစိုင်းဝင်းကျော်ဟာ ပြည်သူ့ ရင်ခွင်ထဲ ခိုလှုံခဲ့ပြန်ပါတယ်။ မြန်မာပြည်သူလူထု အများစု မျှော်လင့်တောင့်တနေကြတဲ့ ဒီမိုကရေစီဆိုတဲ့ ပန်းကလေးကို လက်ဝယ်ပိုင်ပိုင် ဆွတ်ခူးရရှိနိုင်ဖို့ သင်ခန်းစာ ယူစရာ တွေနဲ့ လက်တွေ့သုံးသပ်ချက်တွေကို အပိုင်း(၂) မှာ ဆက်လက် တင်ပြသွားပါမယ်။

No comments: