.

.

.

August 13, 2008

၁၉၈၈ ခုနှစ်က လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ မဟာဗျူဟာမြောက် အခွင့်အရေး - အပိုင်း(၂)

၁၉၈၈ ပြည်သူလူထုရဲ့ အုံကြွမှုကြီးဟာ ဒီလောက်ထိပြင်းထန်အောင်ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှကြိုတင် တွေး မထင်ခဲ့ပါဘူး။ဒါကြောင့် ဒီလိုအုံကြွမှုမျိုး ထပ်မဖြစ်နိုင်ဘူးလို့ လဲဘယ်သူကမှမပြောနိုင်ပါဘူး။၁၉၈၈ ဒီမိုကရေစီ တိုက်ပွဲမှာ ရေတပ်၊ လေတပ်နဲ့ ကပစတပ်မှ စစ်သည်များပါဝင်လာရာမှာ ကြည်းတပ်သာ ပါဝင်လာပါက ပွဲသိမ်းသွားမှာကို ကြိုတင်သိရှိတဲ့ ထိပ်ပိုင်းစစ်အုပ်စုဟာ ရှေ့ တန်းမှာ စစ်ဆင်ရေးပြီးလို့ အနားယူရန် အလှည့်ကျတဲ့ တပ်မများ ဖြစ်တဲ့ တပ်မ(၄၄)၊ (၃၃) နဲ့ (၇၇)တွေကို အနားယူခွင့်မပေးဘဲ ရန်ကုန်မြို့ လူထုအုံကြွမှုကို နှိမ်နင်းဖို့ အရေးပေါ် လုံခြုံရေးယူခိုင်းပါတော့တယ်။

ရှေ့ တန်းပြန်စစ်သည်များအနေနဲ့ မိသားစုများနဲ့ ပြန်တွေ့ရမဲ့အရေး ပျက်သွားလို့ စိတ်ပိုင်းဆိုင်ရာ မကျေမနပ် ဖြစ်နေကြပါတယ်။ ပြည်သူလူထုရဲ့ ဒီမိုကရေစီအုံကြွမှုကိုလည်း ဂဃဏန သိရှိနားလည်ခြင်း မရှိခင်မှာဘဲ ရန်ကုန်မြို့ တွင်း လုံခြုံရေးကို နေ့ည စဉ်ဆက်မပြတ် တာဝန်ယူရလို့ ပင်ပန်းမှု ဒါဏ်ကို ခံစားနေကြရပါတယ်။

ဒီအချိန်မှာ စိတ်ဖိစီးမှု ဒဏ်နဲ့ ကြုံတွေ့နေရတဲ့ ရှေ့ တန်းပြန်တပ်တွေဟာ ဒီမိုကရေစီအရေးတောင်းဆိုနေတဲ့ လူထုနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပါတယ်။ ပြည်သူလူထုရဲ့ ဒီမိုကရေစီ အုံကြွမှုဟာလည်း ဒီရေအလား အထွတ်အထိပ် ကို ရောက်ရှိနေပါပြီ။ ယခင်က မဆလအာဏာရှင် ဦးနေ၀င်းရဲ့  “စစ်တပ်ဟာ ပစ်ရင် မှန်အောင် ပစ်တယ်” ဆိုတဲ့ စကားနဲ့ တပ်မတော်သားတွေကို သွေးထိုးမြှောက်ကော် အမိန့်ပေးခဲ့တာကြောင့် လက်တွေ့နယ်ပယ်မှာ ပြည်သူလူထုဟာ ၁၉၈၈ အရေးအခင်းမှာ သွေးမြေကျခဲ့ရပါတယ်။ လုံခြုံရေး ယူနေတဲ့ စစ်သည်တွေကို အချို့ စိတ်မထိန်းနိုင်တဲ့ လူငယ်တွေနဲ့ အမျိုးသမီးတွေဟာ လှောင်ပြောင်ရန်စခြင်း မုန်းတီးရွှံ့ ရှာခြင်း ပြုကြကြရာမှာ ရှေ့တန်း က ပြန်လာကြတဲ့ စစ်သည်တွေဟာ မဆလ အာဏာရှင်များရဲ့ မှိုင်းတိုက်ထားမှုကြောင့် လူထုကြီးကို အထင်မှား အမြင်မှားဖြစ်ပြီး ပြဿနာပေါက်ကွဲမှု စတင်ခဲ့ပါတယ်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၇) ရက်နေ့မှာ ရန်ကုန်မြို့ ကုန်သွယ်ရေးဝန်ကြီးဋ္ဌာနကို လုံခြုံရေး တာဝန်ယူနေတဲ့ တပ်မ(၄၄) လက်အောက်ခံ အမှတ်(၆)ခြေမြန်တပ်ရင်း တပ်ခွဲတစ်ခွဲက စစ်သည်တစ်ဦးဟာ လက်လုပ်လက်စား တစ်ဦးရဲ့  လောင်ပြောင်မှုကို စိတ်မထိန်းနိုင်ဘဲ သေနတ်နဲ့ စတင် ပစ်ခတ်လိုက်ပါတယ်။ အဲဒီလို ပစ်ခတ်လိုက်တဲ့အခါ အုတ်နံရံကို ထိပြီး ကလေးတစ်ယောက်ကို ပိတ်မှန်ပါတော့တယ်။ အဲဒီအခါ လူထုအတွင်းမှာ တပ်က စတင်ပစ်ခတ်ပြီ ဆိုတဲ့သတင်း တောမီးပမာ ပြန့်နှံ့သွားပြီး ကုန်သွယ်ရေးဝန်ကြီးရုံးကို လူထုကြီးက ၀ိုင်းဝန်းပိတ်ဆို့လိုက်ကြပါတော့တယ်။

လူထုကြီးရဲ့ ဒေါသအရှိန်မြင့်တဲ့မှုဟာ ကြီးမားလာပြီး ကုန်သွယ်ရေးရုံးမှာ စတင်ပစ်ခတ်လိုက်တဲ့ စစ်သည်ကို ထုတ်ပေးဖို့ တောင်းဆိုကြပါတယ်။ အခြေအနေတင်းမာနေချိန်မှာ လူထုခေါင်းဆောင်အချို့နဲ့ ဗိုလ်ချုပ်ကြီးဟောင်းဦးတင်ဦး တို့ လာရောက်ပြီးဖြန်ဖြေဖို့ ကြိုးစားကြပေမယ့် လူထုကြီးက လက်မခံဘဲ ကုန်သွယ်ရေးဝန်ကြီးရုံးအတွင်း အတင်း ဝင်ရောက်ဖို့ ကြိုးစားနေကြပါတယ်။ ကုန်သွယ်ရေးရုံးမှာ တာဝန်ကျနေတဲ့ တပ်ခွဲမှူးဟာ စစ်ရုံးချုပ်က ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ဆင်ရေးဋ္ဌာနကို တယ်လီဖုန်းနဲ့ စဉ်ဆက်မပြတ် အခြေအနေကို ဆက်သွယ်သတင်းပို့နေပါတယ်။ စစ်ရုံးချုပ်မှာတော့ တယ်လီဖုန်းအနီးမှာ တပ်ချုပ်ဗိုလ်ချုပ်စောမောင် ကိုယ်တိုင်ရှိနေကြောင်း စစ်ဦးစီးဗိုလ်မှူးကြီးက တပ်ခွဲမှူးကို သတိပေး ပြောကြားနေပါတယ်။ ဗိုလ်ချုပ်စောင်မောင်က အမိန့်မရရှိဘဲ လူထုကို လုံးဝမပစ်ဖို့ ထပ်မံမှာကြားနေသံကို တပ်ခွဲမှူးကြားပြီးတာနဲ့ တပြိုင်နက် ဖုန်းဆက်သွယ်မှုဟာ ပြတ်တောက်သွားခဲ့ပါတယ်။ ပြည်သူလူထုက အောက်ဆုံးမြေညီထပ် တံခါးကို ရိုက်ချိုးပြီးတော့ ကုန်သွယ်ရေးရုံးအတွင်း အလုံးအရင်းနဲ့ ၀င်ရောက်လာနေကြပြီ ဖြစ်ပါတယ်။

တပ်ခွဲမှူးဟာ မိမိစစ်သည်များကို အပေါ်ဆုံးထပ်မှာ နေရာယူစေပြီး ကျဉ်းတည်းကြပ်တည်းမှာ ရင်ဆိုင် ကြုံတွေ့နေရပါတယ်။ သူ့နေရာမှာ သာမန်တပ်ခွဲမှူး တစ်ဦးဆိုရင် အစိုးရရုံး ၊ မိမိလက်နက်ခဲယမ်းမီးကျောက်၊ စစ်သည်များ၏အသက် ဆုံးရှုံးရမည့် ကိစ္စကြောင့် အထက်အမိန့်ကို ဆန့်ကျင်ပြီး ပစ်မိန့်ကို အလွယ်တကူပေးကာ သူတို့ရဲ့  အသက်ကို ကာကွယ်မှာသာ ဖြစ်ပါတယ်။ ဒါပေမဲ့ တပ်ခွဲမှူးဟာ ပြည်သူလူထု ကို လုံးဝနားလည်ပြီး စစ်သည်တွေ အနေနဲ့ ကျည်ဆံတစ်တောင့်မှ မသုံးစေဘဲ မပစ်ဖို့ဘဲ အထပ်ထပ် အမိန့်ပေးနေခဲ့ပါတယ်။ အဲဒီအချိန်မှာ လူထု ကြီးကြားထဲကို ရဟန်းပျိုအဖွဲ့ ရောက်ရှိလာပြီး လမ်းဖယ် ပေးရန်အသံကြားသဖြင့် ဦးဂန္ဓာသာရအပါအဝင် ရဟန်းပျိုများကို ကုန်သွယ်ရေးရုံးထဲသို့ဝင်ရန် လူထုကြီးက လမ်းရှင်းပေးလိုက် ကြပါတယ်။ ရဟန်းပျိုများထဲမှ ရဟန်းသံဃာတစ်ပါးဟာ ရုံးပေါ်ကိုတက်ရောက်ပြီး ခမရ (၆) တပ်ခွဲမှူးနဲ့ တွေ့ဆုံဆွေးနွေးနေပါတယ်။ ရဟန်းပျိုများဟာ လူထုကြီးရဲ့ ဒေါသနဲ့ ရုံးအတွင်းကို လုံးထွေးဝင်ရောက်နေမှုကို ထိန်းဖို့ မနိုင်မနင်းဖြစ်နေချိန်မှာ ကယ်တင်ရှင် ကျောင်းသားများ ထပ်မံအားဖြည့် ရောက်ရှိလာမှ အဆင်ပြေကာ နည်းလမ်းရှာကြံကြပါတယ်။ လူထုကြီးဟာ ရုံးကိုပတ်ပြီး မီးရှို့ဖို့နဲ့ စစ်သားများကို သတ်ဖြတ်ဖို့တောင်းဆိုနေကြရာ အကယ်၍မီးရှို့လိုက်ပါက ခမရ (၆) တပ်ခွဲရဲ့ လက်နက်ခဲယမ်းမီးကျောက်များ ပေါက်ကွဲမှုအရှိန်အဟုန်ကြောင့် အလောင်းတွေ အပုံလိုက် သေဆုံးကုန်တော့မယ့်အရေး သမိုင်းအမဲစက်ကြီး ဖြစ်ပေါ်ရန် အဆိုးဝါး အပြင်းထန်ဆုံးအချိန်ကို ရောက်ရှိနေပါတယ်။ စစ်သားတွေက လူထုကြီးကို ပစ်ခတ်ပြီးဖေါက်ထွက်ပြန်ရင်လည်းဒေါသထွက်နေတဲ့ လူထုကြီးကြောင့် မတွေးရဲစရာ အားလုံးအထိနာ ကြမှာဖြစ်ပါတယ်၊၊

ရဟန်းပျိုဦးဂန္ဓာသာရနဲ့ အဖွဲ့ဟာ ကျောင်းသားအဖွဲ့ကို သဘောထားမေးမြန်း ဆွေးနွေးရာမှာ ကျောင်းသားများ က တပည့်တော်တို့ လူသတ်ရန် စိတ်မကူးကြောင်း၊ မဆလ စနစ်နဲ့ လက်အောက်ခံအမိန့်အရ လုပ်ရတဲ့ စစ်သားကို ခွဲခြားနားလည်ကြောင်း၊ တတ်နိုင်သမျှ ကယ်တင်ရန် ဆန္ဒရှိပါကြောင်း ပြောကြားခဲ့ ပါတယ်၊၊ဒီနေရာမှာ ကျောင်းသားတွေရဲ့ သဘောထားကြီးမြင့်မှုနဲ့ ရဲစွမ်းသတ္တိ၊ မြင့်မြတ်တဲ့ စိတ်ထားဟာ သမိုင်းမော်ကွန်းတင်လောက်ပြီး လူကို တိုက်နေတာမဟုတ်ဘဲ “မူကိုသာ တိုက်နေကြောင်း” ပြသလိုက် ပါတယ်။ အဲဒီအခါမှာ ဦးဆောင်သံဃာက ခမရ(၆)တပ်ခွဲမှူးကို လက်နက်ခဲယမ်းများအား ယုံကြည်စွာ အပ်နှံဖို့နဲ့ အရပ်ဝတ် အမြန်လဲလှယ်ကြဖို့ ဆွေးနွေး ပြောဆိုပါတယ်။ တပ်ခွဲမှူးကလည်း ရဟန်းသံဃာများ နဲ့ ကျောင်းသားတွေကို ယုံကြည်စွာ အားကိုး အားထားပြကြောင်း၊ ပြည်သူလူထုကို မပစ်ဖို့ အမိန့်ပေး ထားကြောင်း ပြန်လည်ဆွေးနွေး သဘောတူညီချက် ရရှိခဲ့ပါတယ်။ ဒီနေရာမှာ လူထုကြီးအနေနဲ့ ကုန်သွယ်ရေးရုံးမှာ ရှိနေတဲ့ တိုက်ခိုက်ရေး တပ်ခွဲရဲ့  ပစ်ခတ်မှုစွမ်းအား Fire Power အင်အားကို ဆက်လက် အသုံးချတတ်မယ်ဆိုရင် ဒီမိုကရေစီ ပန်းတိုင်ကို ၀င်ရောက်သွားနိုင်ပါတယ်။ တနည်းအားဖြင့် ပြောရရင် စစ်ရေးအမြင်ရှိတဲ့ ခေါင်းဆောင်မှုတစ်ရပ် အမှန်တကယ် လိုအပ်ခဲ့ပါတယ်။ ဒီလိုဖြစ်စဉ်ကို သင်ခန်းစာ ယူပြီးတော့ လက်တွေ့နယ်ပယ်မှာ ဘယ်လို ဆက်လက်ဖြစ်သွားလဲ ဆိုတာကို အပိုင်း(၃) မှာ သုံးသပ်တင်ပြ သွားပါမယ်။

No comments: