.

.

.

September 4, 2008

မြက်စားတဲ့ တောဘုရင်

ယနေ့ ဒီမိုကရေစီ တော်လှန်ရေး အောင်မြင်ရန်အတွက် ဆောင်ရန်၊ ရှောင်ရန်တို့ကို ထိထိမိမိ အတွင်းကျကျ ရေးသားတင်ပြထားတဲ့ ဒီလထုတ် ခေတ်ပြိုင်ဂျာနယ်က ဆောင်းပါးတပုဒ်ကို စာဖတ်ပရိသတ်များအား မျှဝေခံစားစေလို ပါတယ်။ ကမောက်ကမ တော်လှန်ရေး မဖြစ်ဖို့နဲ့ နအဖရဲ့  ပရိယာယ်လှည့်ကွက်များထဲက ရုန်းထွက်နိုင် စေလိုတဲ့ ရည်ရွယ်ချက်နဲ့ တင်ပြလာတဲ့ ဒီဆောင်းပါးကို ကျွန်တော် ကိုဖိုးတရုတ်က ဖြတ်တောက်တင်ပြ ပေးလိုက်ပါတယ်။


တော်လှန်ရေးသမား ခေါင်းဆောင်များနှင့် ရွှေကျည်ဆံ၊ ငွေကျည်ဆံ

ဆောင်းပါးရှင် - ရာဇာဓိရာဇ်

ကမ္ဘာ့နိုင်ငံ တစ်ချို့တွင် လက်ရှိနိုင်ငံရေးစနစ်နှင့် အုပ်ချုပ်သူလူတန်းစားများအား ယင်းနိုင်ငံနေ လူအများစုက လက်မခံလိုတော့သဖြင့် အုပ်ချုပ်သောအစိုးရကို ဆန့်ကျင်တော်လှန်တိုက်ပွဲဝင်နေကြသည်။ မြန်မာနိုင်ငံ တွင်လည်း ကိုလိုနီစနစ်နှင့် ဖက်ဆစ်စနစ် တော်လှန်ရေးများ ပြီးသည့်နောက်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးတို့ အတွက်တော်လှန်ရေးတစ်ရပ်ကို ဆက်လက်ဆင်နွှဲ နေကြသည်။

မြန်မာနိုင်ငံသည် ၁၈၈၆ ခုနှစ်မှစ၍ အင်္ဂလိပ်ကိုလိုနီနိုင်ငံ ဖြစ်လာခဲ့သည်။ အင်္ဂလိပ်ကိုလိုနီကိုတော်လှန်ရန် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော တော်လှန်ရေးအဖွဲ့တို့က ဂျပန်ကို မြန်မာပြည်သို့ ခေါ်ဆောင်လာခဲ့သည်။ ဒုတိယကမ္ဘာစစ်တွင် ဂျာမနီအာဏာရှင် ဟစ်တလာသည် ဥရောပကို သိမ်းယူသကဲ့သို့ ဂျပန်တို့လည်း အရှေ့တောင်အာရှနိုင်ငံများကိုသိမ်းယူလိုနေသည်။ ဂျပန်တို့၏ ဖက်ဆစ်စနစ်ကို မခံရပ်နိုင်၍ ၁၉၄၅ ခုနှစ် မတ်လ(၂၇) ရက်နေ့တွင် ဖက်ဆစ်ဂျပန်ကို မြန်မာနိုင်ငံမှ တိုက်ထုတ်ခဲ့ပြီးနောက် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် အင်္ဂလိပ်ထံမှ လွတ်လပ်ရေးရရှိခဲ့သည်။ ကိုလိုနီစနစ်နှင့် ဖက်ဆစ်စနစ်ကို ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုအောက်တွင် တိုင်းရင်းသား ညီအစ်ကိုများ စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်ခဲ့သောကြောင့် အောင်ပွဲ ရခဲ့သည်ကို သမိုင်းက သက်သေခံပါသည်။

ဖဆပလ အစိုးရထံမှ ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့တွင် အာဏာသိမ်းခဲ့သော ဗိုလ်ချုပ်နေဝင်း ၏စစ်အစိုးရကို ရှစ်လေးလုံး လူထုတိုက်ပွဲဖြင့် ဖြုတ်ချခဲ့ပြီး နဝတ အစိုးရတက်လာပြန်သည်။ ၄င်းတို့က ၂၇၊ ၅၊ ၁၉၉ဝ တွင် ရွေးကောက်ပွဲ ကျင်းပပေးသည်။ ရွေးကောက်ပွဲတွင် ၄င်းတို့လိုလားသော တစညပါတီ အရေးနိမ့်သဖြင့် ၁/၉ဝ ကြေညာချက်ကိုထုတ်ပြန်ခဲ့သည်။ ယင်းကြေညာချက်ကို လက်ခံသော နိုင်ငံရေးပါတီ များက ၁၉၉၃ ခုနှစ်တွင် စစ်အစိုးရကျင်းပသော အမျိုးသားညီလာခံသို့ တက်ရောက်ကြပြီး၊ ၁/၉ဝကို လက်မခံသော နိုင်ငံရေးပါတီများမှာမူ ဖျက်သိမ်းခံရသည်။ ၁၉၉၅ ခုနှစ်တွင် အမျိုးသားညီလာခံမှ NLD ပါတီနှုတ်ထွက်ခဲ့ပြီးနောက် နိုင်ငံရေးပါတီများ စုစည်းညီညွှတ်မှုအတွက် ၁၆၊ ၉၊ ၁၉၉၈ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP တပ်ပေါင်းစုကိုဖွဲ့စည်းနိုင်ခဲ့သည်။ ထိုအချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်း (၁၇)ဖွဲ့ တိတိ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ယူခဲ့ပြီးဖြစ်သည်။ ယင်းအဖွဲ့ (၁၇)ဖွဲ့အား နိုင်ငံရေးပါတီများနှင့် ကင်းကင်းနေရန်လည်း စစ်အစိုးရကသတိပေးတားမြစ်ထား၍ ယနေ့အထိ နိုင်ငံရေးပါတီများနှင့် မပူးပေါင်းနိုင်ဘဲ ရှိနေကြသည်။

အပစ်အခတ်ရပ်စဲရေးသည် နိုင်ငံရေးဖြေရှင်းရန်ဖြစ်၍ သေနတ်သံ ခဏတိတ်သွားခြင်းဖြစ်သည်။ အတိုင်းအတာတခုအထိ နိုင်ငံရေးပြေလည်မှုမရှိလျှင် အချိန်မရွေး သေနတ်သံထွက်ပေါ်လာနိုင်ပေသည်။ ယနေ့ မြန်မာနိုင်ငံတွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးယူခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးနီးပါးသည် နိုင်ငံရေးထက် ကုမ္ပဏီထူထောင်ရေး၊ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး၊ မူးယစ်ဆေးဝါး ရောင်းဝယ်ရေးကိုသာ ဦးစားပေးနေကြသည်။ ထို့ကြောင့် လက်အောက်ငယ်သားများ တပ်မှစွန့်ခွာခြင်း၊ အနားယူခြင်းရှိခဲ့သည်။ အပစ်အခတ်ရပ်စဲရေးယူခဲ့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များသည်မိမိတို့ အမျိုးသားများ၏ လယ်ယာခြံမြေသိမ်းခံရခြင်း၊ မုဒိမ်းကျင့်ခံရခြင်းတို့ကို ယခင်က အတိုင်းအတာတခုအထိ ကာကွယ်နိုင်သော်လည်း ယနေ့တွင် ကာကွယ်နိုင်ခြင်းမရှိသည်မှာ အင်အားဆုတ်ယုတ်နေ၍ဖြစ်သည်။ ကျွန်ုပ်လေ့လာမိသော အဖွဲ့တစ်ဖွဲ့တွင် အပစ်အခတ်ရပ်စဲရေးမယူမီ ရဲဘော်အင်အား ငါးထောင် (၅ဝဝဝ) ရှိရာမှ ယနေ့ ရဲဘော်အင်အားမှာ ငါးရာ(၅ဝဝ)ပင် မပြည့်တော့ပေ။ ထိုသို့ဖြစ်ရခြင်းမှာ နိုင်ငံရေးလမ်းကြောင်း မှားယွင်းမှုကြောင့်ဟု နိုင်ငံရေး ကျွမ်းကျင်သူတို့ကဆိုသည်။

အပစ်အခတ်ရပ်စဲရေးမယူမီက လက်နက်ကိုင်တော်လှန်ရေးခေါင်းဆောင်များအား တောဘုရင်ခြင်္သေ့မင်းများ ဟု ပြည်သူတို့က တင်စားခေါ်ကြသည်။ ချစ်ခင်လေးစားခြင်း၊ အားကိုးခြင်းရှိခဲ့ကြသည်။ အပစ်အခတ် ရပ်စဲရေးယူရခြင်းသည် ရန်သူအား အနီးကပ် တိုက်ပွဲဝင်မည်ဟု ၄င်းတို့ကဆိုသည်။ ထိုသို့ပြောသည်ကို “ခင်ဗျားတို့ ထောင်ချောက်ထဲရောက်နေကြပြီ၊ မကြာမီ ဆပ်ကပ်ဆရာစစ်အစိုးရက တောဘုရင်ခြင်္သေ့မင်း များကို မြက်ကျွေးပြီး ရုံတင်ပြသမည်” ဟု လူထုက ပြက်ရယ်ပြုသည်။ မြန်မာနိုင်ငံနယ်စပ်ရှိ ဆူပူ သောင်းကျန်းသူတို့က အမြင်မှန်ရ၍လက်နက်စွန့်ပြီး နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေးယူနေကြသည်ဟု မြန်မာ့ရုပ်မြင်သံကြားတွင် ထုတ်ပြခြင်းဖြင့် ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ ကြားတွင် စစ်အစိုးရက နိုင်ငံရေး အမြတ်ထုတ် နိုင်ခဲ့သည်။ အပစ်အခတ်ရပ်စဲရေး ခေါင်းဆောင်များသည် စီးပွားရေးနှင့် မြူဆွယ်ခံရ၍ နိုင်ငံရေး ဖောက်ပြန်နေသူ အများအပြားရှိနေသည်။

ကျွန်ုပ်နှင့်ဆက်စပ်မှုရှိသော အပစ်အခတ်ရပ်စဲရေးအဖွဲ့တစ်ခု၏ စီးပွားရေးတာဝန်ခံ၊ တော်လှန်ရေး ခေါင်းဆောင်ဆိုသူနှစ်ဦး အား “ခင်ဗျားတို့ ခဲကျည်ဆံကိုတော့ ခံနိုင်ရည်ရှိမယ်၊ နအဖရဲ့  ရွှေကျည်ဆံ၊ ငွေကျည်ဆံကိုတော့ ခံနိုင်ပါ့မလား”ဟု တွေ့ဆုံဆွေးနွေးပွဲတစ်ခုတွင် ကျွန်ုပ်နောက်ပြောင် ပြောခဲ့ဘူး သေးသည်။ ယခုတော့ ယင်းပုဂ္ဂိုလ်နှစ်ဦးလုံး ငွေကြေးချမ်းသာပြီးဖြစ်၍ တော်လှန်ရေးမှ အနားယူ ခဲ့ကြပြီ ဖြစ်သည်။ အဖွဲ့တစ်ဖွဲ့၏ ခေါင်းဆောင်ကြီးတစ်ယောက်ကို စစ်အစိုးရက တိုက်အိမ်တစ်အိမ်၊ ကားတစ်စီး ပေးကမ်းထားသဖြင့် စစ်အစိုးရ၏နိုင်ငံရေး အကျပ်အတည်းတွေ့သည့်အခါမျိုးတွင် မြန်မာ့ရုပ်မြင်သံကြား ရှေ့သို့ထွက်ပြီး စစ်အစိုးရအတွက် ရှေ့နေလိုက်ပေးရသည်။ ယင်းပုဂ္ဂိုလ်ကြီးလည်း နအဖ၏ ရွှေကျည်ဆံ၊ ငွေကျည်ဆံဒဏ်ကို မခံနိုင်၍ နိုင်ငံရေးဖောက်ပြန်နေသူအဖြစ် ကောက်ချက်ချရပေမည်။ (အဖွဲ့နှင့် ပုဂ္ဂိုလ်အမည် မဖော်ပြခြင်းကို စာဖတ်သူများ ခွင့်လွှတ်ပါ။)

စစ်အစိုးရ ပြုတ်ကျရေးအတွက် (၁၉၊၈၊၂ဝဝ၇)နေ့တွင် ၈၈မျိုးဆက်ကျောင်းသားများ၊ (၁၈၊၉၊၂ဝဝ၇)နေ့ တွင် ကုန်ဈေးနှုန်းကျဆင်းရေး အဖွဲ့၊ ထို့နောက် သံဃာ့တပ်ပေါင်းစုနှင့် လူထုတို့ အပြင်းအထန် ဆက်လက်တိုက်ပွဲ ဝင်နေသည်ကို အပစ်အခတ်ရပ်စဲရေးအဖွဲ့များက အသံမထွက်ဘဲ ငြိမ်သက်နေကြသည်။ DKBA လက်နက်ကိုင် အဖွဲ့သည် တိုးတက်သောကရင်ဗုဒ္ဓဘာသာအစည်းအရုံးဟု အမည်ခံသော်လည်း စစ်အစိုးရက စက်တင်ဘာ အရေးအခင်းတွင် ရဟန်း၊ သံဃာတော်များအား ရိုက်ပုတ် သတ်ဖြတ်၊ ဖမ်းဆီးထောင်ချ နေသည်ကို တားမြစ်ကန့်ကွက်ခြင်းမရှိခဲ့ပါ။ ဗုဒ္ဓသည် နူးညံ့သိမ်မွေ့၍ ငြိမ်းချမ်းခြင်းကိုသာ မြတ်နိုးသည်။ လူသတ်လက်နက်နှင့် မြူမှုံမျှ ပတ်သတ်ခြင်းမရှိပါ။ ထိုကြောင့် မည်သည့်လက်နက်ကိုင်အဖွဲ့မဆို ဗုဒ္ဓအမည်ကို မသုံးသင့်ပေ။ လက်နက်ကိုင်တိုင်းရင်းသား လူမျိုးစုအဖွဲ့အစည်း အသီးသီးတို့သည် တစ်ချိန်က ဦးနေဝင်း ဦးဆောင်သော အာဏာရှင်စစ်အစိုးရအား သူသေကိုယ်သေ တိုက်ပွဲဝင်ခဲ့သော အဖွဲ့များ ဖြစ်ကြသည်။

မွန်ပြည်သစ် အဖွဲ့အပစ်အခတ်ရပ်စဲရေးယူပြီးနောက်တွင် နိုင်ချမ်းဒုန်နှင့်အဖွဲ့က စစ်အစိုးရထံ လက်နက်ချခြင်း၊ နိုင်လိန်၊ နိုင်ရန်ချဲာ၊ နိုင်ပန်းညွန့် ဦးစီးသော အဖွဲ့က လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲခြင်းဖြင့် အဖွဲ့အသီးသီး ပေါ်ပေါက်လာသည်။ KNU အဖွဲ့တွင်လည်း စောသမူဟဲ၊ ဖဒိုအောင်ဆန်း၊ DKBA နှင့် ဗိုလ်ထိန်မောင်တို့ အဖွဲ့ အသီးသီး KNU မှ ခွဲထွက်ခဲ့ကြသည်။ မကြာခဲ့သော ကာလအတွင်း အပစ်အခတ်ရပ်စဲရေး လုပ်ထားသော ရလလဖမှ ဗိုလ်မှူးခွန်သူရိန်နှင့် နောက်လိုက် တစ်ရာခန့်ခွဲထွက်ပြီး KNPP နှင့် ပြန်လည် ပူးပေါင်းခဲ့သည်။ KIO အဖွဲ့တွင်လည်း ထိပ်ပိုင်းခေါင်းဆောင်များနှင့် တပ်ရင်း တပ်မှူးများ ခဏခဏ သဘောထားကွဲလွဲပြီး ပြဿနာဖြစ်နေကြသည်။ တိုင်းရင်းသားလက်နက်ကိုင်များ အပစ်အခတ် ရပ်စဲရေး ရယူခြင်းသည် အချင်းချင်း စည်းလုံးညီညွှတ်မှုကို ပြိုကွဲစေခြင်းနှင့် နအဖသက်ဆိုးရှည်ရေးအတွက် နိုင်ငံရေးအထောက်အကူ တစ်ခုသာ ဖြစ်ကြောင်း တွေ့ရသည်။

စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးမယူသော အဖွဲ့များလည်းရှိသည်။ KNU (ကရင်အဖွဲ့)၊ SSA (မြောက်ပိုင်း ရှမ်းပြည်အဖွဲ့)၊ KNPP (ကရင်နီအဖွဲ့) စသည်တို့ ဆက်လက်တိုက်ပွဲဝင်နေသည်။ KNU သည် မိမိနယ်မြေသို့ ရောက်ရှိနေသော ၈၈ လူထုလှုပ်ရှားမှုခေါင်းဆောင်များ၊ ပြည်သူ့ကိုယ်စားလှယ်များကို စုစည်း၍ NCUB အဖွဲ့ကို ဖွဲ့ခဲ့သည်။ NCUB သည် နိုင်ငံရေးအဖွဲ့များနှင့် လက်နက်ကိုင်အဖွဲ့များကို ပူးပေါင်းဖွဲ့စည်းထားသော တပ်ပေါင်းစုအဖွဲ့ဖြစ်သည်။ ထို့ကြောင့် NCUB အဖွဲ့ကို ဦးဆောင်သော ဗိုလ်ချုပ်မြသည် စစ်အစိုးရအတွက် အသေရရအရှင်ရရ အလိုအရှိဆုံး တော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်၍ စစ်ရေးနှင့်တစ်မျိုး၊ ငြိမ်းချမ်းရေး နှင့်တဖုံ သွေးဆောင်ခဲ့ကြသည်။ ကရင့်အရေး ကရင်ဖန်တီးခွင့်ရရေးသည် ဒီမိုကရေစီလမ်းကြောင်း ကလွဲပြီး အခြားမရှိဟုယုံကြည်သဖြင့် သူသေသည်အထိ ပြည်သူနှင့် လက်တွဲတိုက်ပွဲဝင်ခဲ့သည်။ အဖွဲ့၏ကောင်းစားရေး ကို ကြည့်ပြီး KNU သာ အပစ်အခတ်ရပ်စဲရေးယူခဲ့လျှင် နယ်စပ်ရှိ နိုင်ငံရေးအဖွဲ့အစည်းများ ရပ်တည်နိုင်မည် မဟုတ်ပါ၊ ဗိုလ်ချုပ်မြ၏ ရပ်တည်မှုမှန်ကန်သောကြောင့် ကရင်လူထုသာမက နိုင်ငံရေးသမားများစွာ နယ်စပ် တွင်ရပ်တည်နိုင်ခဲ့သည်။ ပြည်သူလူထုကြီး၏ လေးစားမှုကိုရသော တော်လှန်ရေးခေါင်းဆောင်ကြီး များအနက် ဗိုလ်ချုပ်မြလည်း တစ်ဦးပါဝင်သည်။

ရှမ်းကြာလျှင် ဗမာဖြစ်၊ အချိန်ကြာလာသမျှ ရှမ်းလူမျိုးတို့ ဗမာဖြစ်ကုန်သည်ကို ရှမ်းခေါင်းဆောင်တို့က ဆိုသည်။ မဟာလူမျိုးကြီးဝါဒစနစ်ရှိနေသရွေ့ တိုင်းရင်းသားလူမျိုးများတို့၏ဘဝသည် သမင်မွေးလိုက် ကျားစားလိုက်၊ မြေမြိုလို့ လူမျိုးမကုန် လူအ ချင်းချင်းမြိုမှ လူမျိုးပြုန်းပေမည်။ မြန်မာနိုင်ငံကို စစ်အစိုးရ ဆက်လက်အုပ်ချုပ်နေလျှင် ရေရှည်တွင် တိုင်းရင်းသားလူမျိုးများ မုချမျိုးပြုတ်မည်။ ဒီလိုနိုင်ငံရေး အခါအခွင့်မျိုးတွင် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့များအနေဖြင့် မဟာလူမျိုးကြီးဝါဒ စစ်အစိုးရအား တိုက်ပွဲ ဝင်ရန် အခွင့်ကောင်းဖြစ်၍ အစွမ်းကုန်တိုက်ပွဲဝင်သင့်သည်ဟုထင်မြင်မိပါသည်။ ကျွန်ုပ်တို့ပြည်သူများက စစ်အစိုးရပြုတ်ကျရန် အပြင်းအထန် တိုက်ပွဲဝင်ချိန်တွင် တိုင်းရင်းသား လက်နက်ကိုင်များအနေဖြင့် မြို့ထဲသို့ဝင်ပြီး စစ်အစိုးရနှင့် ပူးပေါင်းနေခဲ့သည်မှာ နိုင်ငံရေးအရ စစ်အစိုးရကို အသက်ရှုပေါက်ပေးသည် နှင့်တူနေ၍ အပစ်အခတ်ရပ်စဲရေးကို ပြန်လည်သုံးသပ်သင့်ပြီဟု အလေးအနက်တိုက်တွန်းလိုပါသည်။

မဟာလူမျိုးကြီးဝါဒသည် ပြည်ထောင်စုကို ဖျက်ဆီးနေ၏။ ငွေကြေးသည် တော်လှန်ရေးကို ဖျက်ဆီးနေ၏။ စစ်အာဏာရှင်စနစ်ကို တိုက်ပွဲဝင်ရမည်မှာ ကျွန်ုပ်တို့၏ အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်သည်။ ထိုသို့ တိုက်ပွဲဝင်ရာတွင် နအဖ၏ ရွှေကျည်ဆံ၊ ငွေကျည်ဆံကို အထူးသတိထားရန် လိုအပ်ကြောင်း တင်ပြလိုက် ရပါသည်။

1 comment:

လားရှိုးသူ said...

ဒီဆောင်းပါးလေးအတွက် အထူးကျေးဇူးတင်ပါတယ်။ ယခင်က တော်လှန်ရေးခေါင်းဆောင်(အဖွဲ့ အစည်းများ) အမှတ်ယနိုင်ပါစေလို့ဘဲ ဆုတောင်းရမှာဘဲ။ မိမိဒေသဖွံ့ဖြိုး တိုးတက်ဖို့ တော်လှန်ရေး တိုက်ပွဲဝင်ခဲ့တာကို သူပုန်တပ်ဖွဲ့လို့ စစ်အစိုးရက သတ်မှတ်ခဲ့ကြောင်း ပြန်ပြောင်းအောင်းမေ့ပြီး၊ သွေးမြေကျခဲ့သော တော်လှန်ရေးခေါင်းဆောင်၊ အဖွဲ့ဝင်များကို အမှန်ယလျှက်၊ တကိုယ်ရေကောင်းစားရေးကို ရှေးရှုနေသော ယခု ငြိမ်းချမ်းရေး လက်နက်ကိုင်အုပ်စု ခေါင်းဆောင်များ သတိလည်နိုင်ကြပါစေ။