.

.

.

September 5, 2008

သံဃာ့ဂုဏော အနန္တော

စာဖတ်သူများခင်ဗျား -

မြန်မာနိုင်ငံရဲ့  သမိုင်းမှာ ကြည့်ကြည့်၊ ကမ္ဘာ့သမိုင်းမှာဘဲ ကြည့်ကြည့် အထွတ်အမြတ် ထားအပ်တဲ့ ဗုဒ္ဓဘာသာဝင် သူတော်စင် ရဟန်းသံဃာတွေကို ရက်ရက်စက်စက် ဖမ်းဆီးထောင်ချ၊ နှိပ်စက်သတ်ဖြတ်တာ မျိုး မရှိခဲ့ပေမဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာလမှာတော့ မြန်မာနိုင်ငံမှာ တကယ်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ကိုလိုနီခေတ်နဲ့ ဖက်ဆစ် ခေတ်မှာတောင် ဒီလိုသံဃာတွေကို တုတ်နဲ့ရိုက်၊ သေနတ်နဲ့ပစ် တာမျိုးမလုပ်ခဲ့ပါ။ အာဏာရူး တွေကြောင့် သွေးစွန်းခဲ့တဲ့ စက်တင်ဘာဟာ အခုဆိုရင် နှစ်ပတ်လည်ခဲ့ပြီ ဖြစ်ပါတယ်။ ယနေ့ စက်တင်ဘာလ (၅) ရက်နေ့မှာ အာဇာနည် သံဃာတွေရဲ့ ပြည်သူလူထု အများစုအတွက် ပေးဆပ် ကြိုးပမ်းခဲ့မှုကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျွန်တော် ကိုဖိုးတရုတ်မှ အရှင်ရေ၀တရဲ့  ဆောင်းပါးကို တင်ဆက် ပေးလိုက် ပါတယ်။ ဒီဆောင်းပါးကို Forum ဂျာနယ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်။

စစ်ခေတ်နဲ့ သံဃာတော်များရဲ့  တုံ့ပြန်ချက်-အပိုင်း(၁)

ဆောင်းပါးရှင် - အရှင်ရေ၀တ (ကေတု)

သံဃာ့ဂုဏောအနန္တော လို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရဲ့  ပါးစပ်ဖျားနဲ့ နှလုံးသားမှာ ထင်ဟပ်နေတဲ့ စကားလုံး ဟာ ဘာကိုရည်ညွှန်းသလဲ။

သံဃာဆိုတာ သာမာန်လူဝတ်ကြောင် တို့မှာ ဖြစ်ပေါ်တတ်တဲ့ လောဘ၊ မောဟ၊ ဒေါသ တရားတွေကို စွန့်လွှတ် ဖယ်ရှားဖို့ လူ့အဖွဲ့အစည်းထဲက ဘာသာရေးအဖွဲ့အစည်း တခုပါ။ သံဃာအဖွဲ့အစည်းထဲကို ရောက်ရှိ လာပြီဆိုရင် မကောင်းသောစိတ်၊ မကောင်းသော အကြံ၊ မကောင်းသော အလုပ်တွေကို အနှေးနဲ့အမြန် နှိမ်နင်း မောင်းထုတ်ပစ်ရမယ်ဆိုတာ နားလည်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် လောဘ၊ ဒေါသ၊ မောဟ ကြီးမားတဲ့ သာမာန် လူဝတ်ကြောင်တွေကို ဆုံးမပညာပေး ပြောကြားဖို့ မြတ်စွာဘုရားရှင်က သံဃာတော်တို့အား ၀တ္တရား တခုအဖြစ် လူ့အဖွဲ့အစည်း တရပ်လုံးအတွက် တာဝန်ပေးအပ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်းဘဲ ဒီလို မကောင်းသော စိတ်၊ မကောင်းသော အကြံ၊ မကောင်းသော လုပ်ရပ်တို့ကို တားမြစ်ပိတ်ပင် ချိုးဖျက်ဖို့ လုပ်ဆောင် ကျင့်သုံးရတဲ့ လူ့အဖွဲ့အစည်းတခုလုံးကို “သံဃာ” ရယ်လို့ ဗုဒ္ဓဘာသာဝင်တွေ အားလုံး လက်ခံခဲ့ ကြပါတယ်။ ဒီလို ရပ်တည်လာခဲ့ကြတဲ့ ဗုဒ္ဓဘာသာ သံဃာတော်တွေရဲ့  သိက္ခာ၊ သမာဓိ၊ ပညာတို့ကို လေးစား မြတ်နိုးသောအားဖြင့် သံဃာဂုဏ်ကျေးဇူးကို အဆုံးမရှိကြဖူးရယ်လို့ ရွတ်ဖတ်ပူဇော်နေကြခြင်း ဖြစ်ပါတယ်။

ဘာသာတရားဆိုတာ လူတွေရဲ့  ယုံကြည်မှု၊ ကိုးကွယ်ဆည်းကပ်မှုတွေကြောင့် ဖြစ်ပေါ်လာရသလို လူတွေရဲ့  လွတ်လပ်တဲ့ အတွေးအခေါ်အရ ပေါ်ပေါက်လာခဲ့တဲ့ နယ်ပယ်တခု ဖြစ်ပါတယ်။ အလွန်အမင်း အင်မတန် နူးညံ့သိမ်မွေ့တယ်ဆိုတာ ဘာသာတရားလေ့လာနေသူ အပေါင်းတို့ သိရှိနားလည်ထားပြီး ဖြစ်ပါတယ်။ ဒီလို နူးညံ့သိမ်မွေ့လှတဲ့ ဘာသာတရားနယ်ပယ်ထဲသို့ လူအပေါင်းတို့ဟာ လေ့လာဆုံးဖြတ်ပြီး မြင့်မြတ်တဲ့ လမ်းစဉ် အဖြစ်နဲ့ လက်ခံကျင့်သုံးကာ သယ်ပိုးဆောင်ရွက်လာခဲ့ကြတာ ဖြစ်ပါတယ်။ ဘာသာတရားပေါင်း များစွာဟာ လူ့အဖွဲ့အစည်းထဲမှာ နာမည်အမျိုးမျိုးနဲ့ ရှင်သန်နေကြတယ်။ မြတ်စွာဘုရားရှင်ကိုလည်း ဗုဒ္ဓဘာသာ ခေါင်းဆောင်များအဖြစ် အဓွန့်ရှည်ကြာတည်တံ့ခိုင်မြဲအောင် သယ်ပိုးဆောင်ရွက်လာခဲ့တဲ့ အတွက် ဗုဒ္ဓဘာသာဝင်တွေက နေရာ ပေးခဲ့ကြပါတယ်။

တဖက်မှာလည်း ဘာသာတရားအားလုံးကို ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင်တော့ မတရားတဲ့အမှုကို ပြုလုပ်ဖို့ ဘယ်ဘာသာတရားမှ ခွင့်ပြုခဲ့တာ မရှိသလို ၊လူအချင်းချင်း ငြိမ်းချမ်းမျှတစွာ နေထိုင်ဆက်ဆံကြဖို့ လမ်းညွှန် ပေးခဲ့ကြတာချည်းဘဲ ဖြစ်တယ်။ တဦးပေါ် တဦး နိုင်ထက်စီးနင်းလုပ်ခြင်း၊ ဗိုလ်ကျစိုးမိုးခြင်း၊ မတရား ဖိနှိပ်ချုပ်ချယ်ခြင်းတွေကို ဘယ်ဘာသာတရားကမှ လက်ခံခဲ့တာ မရှိသလို ဒီလို အမှုကိစ္စတွေကို ပျောက်ကွယ်စေရန် အလို့ငှာ ဘာသာတရားဆိုတာဟာ ပေါ်ထွန်းလာခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓ၀ါဒ ဆိုတာ ဟာလည်း ဒီလို မတရားတဲ့ အမှု၊ မတရားတဲ့ သူတွေကို တရားတဲ့ဘက်သို့ တိမ်းညွှတ်လာပြီး နောက်ထပ် တဆင့်မှာ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းတွေကို ထပ်မံကျင့်သုံးနိုင်ဖို့ ရည်ရွယ်ထားခဲ့တဲ့ ဘာသာတရားတခု ဖြစ်ပါတယ်။ ယနေ့ဆိုရင် ဗုဒ္ဓဘာသာရဲ့  ခေါင်းဆောင်များအဖြစ် သံဃာတော်တွေအနေနဲ့ ရပ်တည်လာခဲ့တာ နှစ်ပေါင်း (၂၅၀၀) လည်းဘဲ ကျော်ခဲ့ပြီဖြစ်ပါတယ်။

မြတ်စွာဘုရားရှင် လက်ထက်ကနေ ကျင့်သုံးလာခဲ့တဲ့ ဓမ္မတရားတော်တွေကို သံဃာတော်တွေဟာ လိုက်နာ စောင့်ရှောက်ထိမ်းသိမ်းလာခဲ့ကြတာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် သံဃာတပါး ဖြစ်လာပြီ ဆိုရင် ဘယ်သောအခါမှ သာမာန်လူဝတ်ကြောင်၊ မင်းအစိုးရ စတဲ့ သူတွေရဲ့ အာဏာအောက်မှာ လိုက်နာကျင့်သုံးခဲ့ရ တဲ့ ထုံးစံ မရှိခဲ့ပါ။ မကောင်းသောလူ၊ မင်းဆိုး၊ မင်းညစ်တွေကိုသာ လူတော်လူကောင်း၊ မင်းကောင်းမင်းမြတ် ဖြစ်လာစေဖို့ ခေတ်အဆက်ဆက်က ဆုံးမပဲ့ပြင်ခဲ့ကြတာချည်းဘဲ ဖြစ်ပါတယ်။ ဘယ်သံဃာတစ်ပါးကမှ မင်း စတဲ့ အာဏာရှင် တစ်ယောက်ယောက်၊ အဖွဲ့အစည်း တခုခုကို လုပ်ကြံသတ်ဖြတ်ပြီး အာဏာသိမ်းယူခဲ့ခြင်း မျိုးလည်း မရှိခဲ့ပါ။ ယနေ့အချိန်မှာ မြန်မာနိုင်ငံက သံဃာတော်တွေ ကျင့်သုံးနေကြတာလည်း ဗုဒ္ဓဘုရားရှင် ဟောကြားခဲ့တဲ့ တရားတော်နဲ့ အညီ လောကီ၊ လောကုတ္တရာ အကျိုးစီးပွားများကောင်းမွန်စွာ ဖြစ်ထွန်းလာစေ ဖို့သာ ရည်ရွယ်ပြီး ကျင့်သုံးခဲ့ကြတာ ဖြစ်ပါတယ်။ သံဃာတော်တွေရဲ့  ၀တ္တရားမြောက်မြားစွာကို ဖော်ပြနေမဲ့ အစား ဒီနေရာမှာ အကျဉ်းချုံးပြီး ဘယ်လို ဒကာ၊ ဒကာမ အပေါ်မှာ မဆို၊သံဃာတော်များ အနေနဲ့ ထားရှိရမဲ့ ကျင့်ဝတ်(၆)ပါး ကို အများပြည်သူ နားလည်သဘောပေါက်စေဖို့ ရေးသားတင်ပြပါမယ်။

မကောင်းမြစ်တား
ကောင်းရာညွှန်လတ်
အသစ်ဟောကြူး
နာဖူးထပ်မံ
နတ်ထံတင်ရာ
မေတ္တာလည်းပြု
ဤ (၆) ခု သံဃာ ကျင့်ဝတ်ပါ လို့ ဆိုထားပါတယ်။

ဆွမ်းဒကာ၊ ဒကာမအပေါင်း၊ ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်း၊ မှူးမတ်၊ စစ်ဗိုလ်၊ သေနာပတိ၊ ယခုခေတ် စစ်အစိုးရ ၊တိုင်းသူပြည်သား အားလုံးတို့အပေါ်မှာ ဒီကျင့်ဝတ်(၆)ခုနဲ့ သံဃာတွေဟာ တန်ပြန် ကျေးဇူးဆပ် ရမယ် လို့ ဆိုထားပါတယ်။ ဒကာ၊ ဒကာမတွေရဲ့  အကြားမှာ မတော်မတရား နိုင်ထက်စီးနင်း ဗိုလ်ကျစိုးမိုး နေတဲ့ ၀ါဒနဲ့ လုပ်ရပ်တွေကို ကြုံတွေ့လာရင် သံဃာတော်တွေအနေနဲ့ တားမြစ်ပေးရမယ်။ ကောင်းမွန်တဲ့ ညီညွတ်ပေါင်းသင်းရေး လမ်းစဉ်ကို ညွှန်ပြပေးရမယ်။ ဆင်းရဲဒုက္ခရောက်နေတာတွေကို ကယ်တင်ပြီး ကောင်းရာကိုပို့ ပေးရမယ်။ဒါဟာ မြန်မာနိုင်ငံက သံဃာတော်တွေရဲ့ လက်ရှိကျင့်သုံးနေတဲ့၊ လမ်းညွှန်ပေးရမဲ့ ၀တ္တရားဘဲ ဖြစ်ပါတယ်။ ကမ္ဘာအရပ်ရပ်မှာ ရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ သံဃာတော် အားလုံးတို့ဟာလည်း ဒီအတိုင်း ကျင့်သုံးနေကြပါတယ်။

ဒီအချိန်မှာ မေးစရာ ဖြစ်လာတာက သံဃာတော်တွေက ပြောဆိုဆုံးမတာတွေကို ဒကာ၊ ဒကာမတွေက မလိုက်နာဘူးဆိုရင် ဘယ်လိုတရားကို ဆက်လက်ကျင့်သုံးရမယ် ဆိုတာပါဘဲ။ ဒကာ၊ ဒကာမလို့ ဆိုလိုက်တာနဲ့ ပြည်သူပြည်သား၊ မင်း၊ အစိုးရ၊ ရဲဘော်၊ စစ်သား စတဲ့ လူမျိုးစုံ ဗုဒ္ဓဘာသာဝင် အကုန်လုံး ပါဝင် ပတ်သက်နေပါတယ်။

နောက်နေ့မှာတော့ သံဃာတော်တွေရဲ့  တုံ့ပြန်မှုနဲ့ အတူ ဘုရားရှင်ရဲ့  ငြိမ်းချမ်းသော တရားတော်ကို ပျောက်ပျက်အောင် ကြိုးစားအားထုတ်နေတဲ့၊ ကမ္ဘာကြီးရဲ့  ငြိမ်းချမ်းညီညွတ်ရေးကို ဖြိုခွင်းနေတဲ့ နအဖ အကြောင်းကို အရှင်ရေ၀တရဲ့ ဆောင်းပါးအပိုင်း(၂)မှာ ဆက်လက် တင်ပြသွားပါမယ်။

No comments: