.

.

.

September 6, 2008

သံဃာ့ဂုဏော အနန္တော အပိုင်း(၂)

ဗုဒ္ဓမြတ်စွာ သာသနာတော်ကို မှေးမှိန်အောင် ဖျက်ဆီးနေတဲ့ ငရဲကို သွားရဖို့ အရေး မကြောက်မရွံ့ဘဲ ပါဝါ အာဏာအတွက် ရဟန်းသံဃာတော်တွေကိုတောင် သတ်ဖြတ်နှိပ်စက် ဖမ်းဆီး ထောင်ချနေပုံ စစ်အစိုးရရဲ့  အတွင်းသရုပ် အမှန်အကြောင်း အရှင်ရေ၀တက အပိုင်း(၂) မှာ ဆက်လက် တင်ပြပေးထားပါတယ်။


စစ်ခေတ်နဲ့ သံဃာတော်များရဲ့  တုံ့ပြန်ချက်-အပိုင်း(၂)

ဆောင်းပါးရှင် - အရှင်ရေ၀တ (ကေတု)

ဗုဒ္ဓမြတ်စွာ သာသနာတော်ရဲ့  နှစ်ပေါင်း (၂၅၀၀) ခရီးအတောအတွင်းမှာ ဓမ္မဒူတ ကျင့်သုံးနေတဲ့ သံဃာတော် တွေဟာ လူဆိုး၊ အကျင့်ဆိုး၊ မင်းဆိုး၊ မင်းညစ်၊ အာဏာရှင်ဆိုး တွေနဲ့လည်း တခါတရံမှာ ကြုံတွေ့ခဲ့ရပါတယ်။ ပိဋိကတ်တော် တွေရဲ့  ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ဒကာ၊ ဒကာမတွေ လေ့လာဖူး၊ ဖတ်ဖူးမယ်ဆိုရင် ဒါမှမဟုတ် ဆရာတော်၊ သံဃာတော်တွေဆီက နားထောင်မှတ်သားဖူးမယ်ဆိုရင် သီဟိုဌ် (သီရိလကာင်္နိုင်ငံ) ဆိုတာကို သတိရ ကြလိမ့်မယ်။ မင်းဆိုး မင်းညစ်တွေရှိခဲ့တဲ့ အချိန်က ရဟန္တာမထေရ် မြတ်ကြီးတွေတောင် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ဖူးတယ်။ ယခုလည်း မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ အာဏာရှင် စနစ်ဆိုးကြောင့် သံဃာတော်တွေ ခံစားနေကြရတဲ့ အချိန်မှာ မထေရ်မြတ်ကြီးတို့ကို သတိရမိပြီး ရင်ထဲမှာ မျက်ရည်ဝဲမိတယ်။

ယခုအခါ လူအချင်းချင်း မမျှတမှုတွေ၊ အာဏာဆိုးနဲ့ ကျင့်သုံးနေတဲ့ အစိုးရအရာရှိတွေရဲ့  လုပ်ရပ်တွေကြောင့် ဆွမ်းဒကာ၊ ဒကာမ အပေါင်း ခံစားနေရတဲ့ အခြေအနေတွေကို မြန်မာနိုင်ငံက သံဃာတော်တွေ မျက်မြင် ကိုယ်တွေ့ ရင်ဆိုင်နေခဲ့ရတာဟာလည်း နှစ်ပေါင်းများစွာ ကြာညောင်းခဲ့ပါပြီ။ ဒကာ၊ ဒကာမတွေရဲ့ ဆီဦး ထောပတ် ဆွမ်းကို စားသုံးပြီး ဒကာ၊ ဒကာမတွေရဲ့ လောကီကောင်းကျိုး စီးပွားကို တိုးပွားစည်ပင် ၀ ပြောစေဖို့ လုပ်ဆောင်ပေးရတော့မဲ့ အချိန်ဟာ ကျရောက်လာခဲ့ပါတယ်။ နေ့စဉ်နေ့တိုင်း လုပ်အားခ မမျှတတွေထဲက ဆင်းရဲမွဲတေမှုတွေထဲက သံဃာတော်တွေရဲ့ နောင်ရေးကိုလည်းဘဲ တွေ့မြင်လာခဲ့မိတယ်။ မကောင်းမြစ်တား၊ ကောင်းရာ ညွှန်လတ် ဆိုတဲ့ သံဃာတွေ ကျင့်သုံးရမဲ့ ၀တ္ထရားကိုလည်းဘဲ လက်တွေ့ကျင့်သုံးရမဲ့ အချိန်ကာလ ဆိုတာ နားလည်ထားခဲ့မိကြတယ်။

မကောင်းတဲ့လူကို ကောင်းအောင် ဆုံးမပေးဖို့ ၀တ္တရားရှိတဲ့ သံဃာတော်တွေအနေနဲ့ လမ်းညွှန်ပြသပေးရန် အချိန် ကျရောက်လာပါတယ်။ မထေရ်မြတ်တို့ အများစုရှိရာ အထက်မြန်မာပြည် သံဃာတော်ထုက မတရားဖိနှိပ် ချုပ်ချယ် ဗိုလ်ကျစိုးမိုးခြင်း ခံနေရတဲ့ ပြည်သူပြည်သား ဆွမ်းဒကာ၊ ဒကာမတွေအတွက် (ပတ္တနိက္ကုဇ္ဇန) ကံ ဆောင်ပြီး မြို့ တွင်းမှာ လှည့်လည် မေတ္တာပို့ ဆုတောင်းကာ မကောင်းမှုတွေ ရပ်တန့်စေဖို့ ဆောင်ရွက်တော် မူခဲ့ကြတယ်။ ဒီလို သံဃာ့ဝတ္တရားနဲ့ အညီ ကျင့်သုံးခဲ့ကြတဲ့ သံဃာတော်တွေရဲ့  သပိတ်မှောက် ကံဆောင်မှု ကို အာဏာရှင် စစ်အစိုးရဟာ သံဃာတော်တို့ကို ရိုက်နှက်ပစ်ခတ် ဖမ်းဆီးထောင်ချပြီးဖြိုခွင်းခဲ့ကြတယ်။ သံဃာတော်တွေဟာ ဆက်လက်မေတ္တာရှေ့ ထားပြီး စစ်အစိုးရကို လမ်းမှန်ပေါ် ရောက်အောင် ညွှန်ပြပေးဖို့ ကြိုးစားခဲ့ကြတယ်။ ဗုဒ္ဓဘာသာဝင် စစ်အစိုးရ ပီပီ တရားမျှတစွာ၊ ညီညွှတ်စွာ နေထိုင်ဆောင်ရွက်အုပ်ချုပ်ဖို့ ဆန္ဒပြုခဲ့ကြတယ်။ ဒါပေမဲ့ အခြေအနေတွေက “မင်း မကောင်းရင် တိုင်းပြည်ပြောင်း” ဆိုတဲ့ လောကနီတိ အဆိုထဲကလို ဖြစ်လာ ခဲ့တယ်။

ဒီနေ့ ဒီခေတ် အချိန်မှာ တိုင်းပြည် တစ်ပြည်က တစ်ပြည်ကို ပြောင်းရွေ့ ဖို့ဆိုတာ မြန်မာနိုင်ငံက သံဃာတော် တွေအနေနဲ့ အလွန် အင်မတန် ခက်ခဲလှပါတယ်။ ခေတ်ကာလက သံဃာတော်တွေအတွက် အခွင့်အရေး မပေးတော့ အခွင့်အရေး ရအောင်သာ ကြိုးပမ်းအားထုတ်ဖို့ လိုအပ်လာပါတယ်။ ဒီတော့ “မင်း မကောင်း၊ ပြည် ပြောင်း” မဟုတ်တော့ဘဲ “မင်း မကောင်းရင်၊ မင်း ပြောင်း” ဆိုတဲ့ အခြေအနေကိုသာ မျှော်လင့်ရ ပါတော့တယ်။ သို့သော်လည်း ငြိမ်းချမ်းမျှတမှုကိုမလိုလားတဲ့ နအဖ စစ်အစိုးရဟာ ဗုဒ္ဓဘာသာဝင် ဆိုတာကိုတောင် မေ့လျော့ပြီး ဗုဒ္ဓတရားတော်အရ ကျင့်သုံးနေထိုင်ခဲ့တဲ့ သံဃာတော်တွေကို အစိတ်စိတ် အမွှာမွှာ၊ တကွဲတပြား ဖြစ်အောင် ကြံဆောင် လုပ်ကိုင် လာကြတယ်။ မကြံအပ်၊ မစည်အပ်၊ မလုပ်အပ်၊ မလုပ်ထိုက် တာတွေကို မကြောက်မရွံ့  လုပ်လာခဲ့ကြတယ်။ ယခုအချိန်ဆိုရင် မိဘ၊ ဆွေမျိုး၊ မောင်နှမ တွေဟာ သူတို့ရဲ့  သားချင်းတွေ အပေါ်မှာတောင် ထိခိုက်နစ်နာ ဆုံးရှုံးမှုတွေ ဖြစ်မှာ စိုးရိမ်ကြတဲ့အတွက် ရဟန်းခံပေးဖို့ ရှင်ပြုပေးဖို့ တွေကိုပါ ကြောက်ရွံ့ လာကြလို့ သာသနာတော်ဟာ ညှိးမှိန်နေရပါတယ်။ သံဃာတော်တွေကို ဒကာ၊ ဒကာမတွေက ဆွမ်းကပ်၊ ရေကပ် ကုသိုလ်ကောင်းမှု ပြုနေတာကိုတောင် အာဏာရှင် စစ်အစိုးရဟာ အရေးယူ ပိတ်ပင် တားမြစ်မှုတွေ ပြုလုပ်လာတာကြောင့် ဗုဒ္ဓဘာသာဆိုတဲ့ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ အေးချမ်းခြင်းကို ဆောင်တဲ့ ဘာသာ တရားတော်ကို ပိတ်ပင်စော်ကား လာခဲ့ကြပြီ။ ဒီလိုနဲ့ ကမ္ဘာ့လူထု၊ မြန်မာ့လူထု၊ သတ္တ၀ါ အပေါင်းတို့ကို ငြိမ်းချမ်းမျှတစွာ နေထိုင်ဖို့ သယ်ပိုးဆောင်ရွက်လာတဲ့ ဗုဒ္ဓဘာသာ သံဃာထုတွေကို နအဖဟာ ပျောက်ပျက် ဆုတ်ယုတ်သွားအောင် ကြိုးစားကြံဆောင် လာခဲ့ကြပြီ။

ဗုဒ္ဓဘာသာ တရားတော်ဆိုတာ ဘာလဲ။ “ကမ္ဘာ့ ငြိမ်းချမ်းရေးကို အဓွန့်ရှည်ကြာအောင် တည်ဆောက်ပေး နေတဲ့ ဘာသာတရား” ဆိုတာ အားလုံးသော ကမ္ဘာသူ ကမ္ဘာသားအပေါင်း နားလည်ကြလိမ့်မယ် ထင်ပါတယ်။ ဒီလို သတ္တ၀ါ အချင်းချင်း ငြိမ်းချမ်းမျှတစွာ၊ ညီညွတ်စွာ နေထိုင်နိုင်ဖို့ သယ်ပိုးဆောင်ရွက်နေတဲ့ ဗုဒ္ဓဘာသာဝင် သူတော်စင် ရဟန်းရှင်လူ ပြည်သူတွေကို သတ်ဖြတ်ညှင်းဆဲ ဖမ်းဆီးထောင်ချ နှိပ်စက်နေခြင်းတွေဟာ ကမ္ဘာကြီးရဲ့  ငြိမ်းချမ်းရေးကိုပါ ထိခိုက်စေနိုင်ပါတယ်ဆိုတဲ့ အဆိုတစ်ရပ်ကို နိုင်ငံတကာ တရားရုံးကနေတဆင့် နအဖ စစ်အစိုးရကို တရားစွဲဆိုခွင့် ရမယ်ဆိုရင် တရားခွင်ကို စစ်အစိုးရ ခေါင်းဆောင်တွေ ငရဲပြည်အထိ တက်လိုက်စေချင်ပါတယ်။

ဘုရားရှင်ရဲ့  ငြိမ်းချမ်းတဲ့ တရားတော်ကို ပျောက်ပျက်ဖို့ ကြိုးစားအားထုတ်နေတဲ့ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းညီညွတ် ခြင်းကို ဖြိုခွဲနေသော နအဖ စစ်အစိုးရကို ဘုရားရှင်ကိုယ်စား သံဃာထု အဖွဲ့အစည်းကြီးမှ ဗုဒ္ဓဘာသာဝင် အဖြစ်က ကြဉ်ထုတ်လိုက်ပြီ ဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။

“ဗုဒ္ဓဘာသာ သာသနာ ရောင်ဝါနေသို့ လင်းစေသောဝ်”

1 comment:

mg said...

ဒီဘလောဂ်မှာ ဘယ်သူမှ မှတ်ချက်မပေးတာ ဘာကြောင့်
ဆိုတာစဉ်း စားလို့မ၇ပါဘူး ခင်ဗျား။ ဘာကြောင့်ပါလဲ။