.

.

.

September 8, 2008

တဖက်အဖွဲ့အစည်းများ လိုက်နာရန် - အပိုင်း(၁)

ခေတ်သစ် မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းနဲ့ အကြမ်းမဖက် ၀ါဒ ခေတ်စားလာပုံ၊ လက်နက်ကိုင်တိုင်းရင်းသား လူမျိုးစုအဖွဲ့များရဲ့ အခန်းကဏ္ဍတွေကို ဆရာဂါမဏိက ဆောင်းပါး ရေးသားပေးပို့ခဲ့ပါတယ်။ အဲဒီဆောင်းပါးကို ကျွန်တော် ကိုဖိုးတရုတ်မှ အပိုင်း(၃) ပိုင်းခွဲပြီး စာဖတ်ပရိသတ်များအား တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ယခုလို ပေးပို့လာတဲ့ ဆရာဂါမဏိကို ကျွန်တော် ကိုဖိုးတရုတ်မှ အထူး ကျေးဇူးတင်ရှိပါတယ်ခင်ဗျား။ နိုင်ငံတော်နှင့် ငြိမ်းချမ်းရေးအဖွဲ့များ ငြိမ်းချမ်းရေးရယူစဉ် သဘောထားတူညီချက်များနဲ့ တဖက်အဖွဲ့အစည်းများ လိုက်နာရန် စည်းကမ်းချက်များကို နောက်အပိုင်းတွေမှာ ဆက်လက်တင်ပြသွားပါမယ်။

လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်တယ်ဆိုတာ ဘာလဲ၊ ဘယ်လဲ - အပိုင်း(၁)

ဆောင်းပါးရှင် - ဆရာဂါမဏိ

၁၉၈၉ ခု ဧပြီ ၁၇ ရက်မှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လက်နက်ကိုင်အင်အားစုဖြစ်တဲ့ ‘ပြည်သူ့တပ်မတော်’ ထဲက ပင်မ မဏ္ဍိုင် ဝလူမျိုးစုတပ်သားတွေဟာ ပုန်ကန်ထကြွပြီး တရုတ်-ဗမာနယ်စပ်မှာရှိတဲ့ ဗကပ ဗဟို ဌာနချုပ် ပန်ဆန်းမှာ အာဏာသိမ်းပွဲတခုကို အောင်အောင်မြင်မြင်နဲ့ အလွယ်တကူ ဆင်နွှဲနိုင်ခဲ့ပါတယ်။ လအနည်းငယ်အတွင်း တိုက်ရည်ခိုက်ရည် ပြည့်ဝလှတဲ့ ဗကပတပ် အားလုံးနီးပါး ဗကပထဲက ခွဲထွက်ကုန် ကြပါတယ်။

ဗမာအစိုးရကို ပုန်ကန်တိုက်ခိုက်နေတဲ့ အမျိုးမျိုးအဖုံဖုံသော လက်နက်ကိုင်သူပုန်များထဲမှာ ကွန်မြူနစ် တွေဟာ စစ်အင်အားအရဘဲကြည့်ကြည့်၊ နိုင်ငံရေးအရှိန်အဝါ ဂုဏ်သိက္ခာအရဘဲပြောပြော အင်အားအကြီးဆုံး သြဇာအရှိဆုံး ဖြစ်လို့ ဗမာပြည် ပြည်တွင်းစစ်ရဲ့ ရုပ်ပုံလွှာဟာ ဘယ်လိုမှ မလွှဲမရှောင်သာဘဲ ထူးခြားကြီးမားစွာ ပြောင်းလဲသွားပါ တော့တယ်။ ဒီလိုနဲ့ ၁၉၈၉ ခု သင်္ကြန်ချိန်ခါ မြန်မာ့နှစ်ဆန်းက ဗမာပြည်ရဲ့ ရာစုနှစ်တဝက် ကြာပြည်တွင်းစစ် တစတစနဲ့ နိဂုံးချုပ်တဲ့ ခေတ်တခေတ်ကို မွေးဖွားပေးလိုက်ပြီး နှစ်ဟောင်းကနေ နှစ်သစ် အကူးမှာ ဘဝခရီးသစ်ကို စခဲ့ပါတယ်။ ဒါပေမဲ့ ပြည်တွင်းစစ်ပြီးဆုံးခြင်း ဆိုတဲ့ ရှည်လျားလှတဲ့ ဒီဖြစ်စဉ်ဟာ ဗကပထဲက ဝ တွေ ခွဲထွက်ပုန်ကန်မှု တခုထဲကြောင့် ပေါ်ပေါက်လာရတာတော့ မဟုတ်ပါ။

ဝ အာဏာသိမ်းမှုမဖြစ်မီ ရှစ်လအလိုမှာ၊ ကျောင်းသားတွေက ရှေးဦးပထမ ဆင်နွှဲခေါင်းဆောင်ခဲ့ပြီး နောက်ပိုင်း လှည်းနေလှေအောင်း မြင်းစောင်းမကျန် တတိုင်းတပြည်လုံး ပါဝင်ဆင်နွှဲကြတဲ့ ဒီမိုကရေစီ တောင်းဆို ဆန္ဒပြအုံကြွမှုတွေ အကြီးအကျယ်ပေါက်ကွဲ ပေါ်ထွက်ခဲ့တဲ့အခါ လပိုင်းအတွင်း သမ္မတ သုံးယောက် ပြုတ်ကျ သွားခဲ့ပါတယ်။ အဲဒီ ၈ လေးလုံး အုံကြွမှုကြီး ဖြစ်ပြီးနောက်မှာတော့ ဗမာပြည်ဟာ အရင်နဲ့ ဘယ်လိုမှ မတူတော့ပါ။ ပြည်သူလူထုတရပ်လုံးဟာ ဒီမိုကရေစီ တည်ထောင်ရေး၊ အများဆန္ဒနဲ့ ရွေးကောက်တဲ့အစိုးရ ပေါ်ထွန်းရေး လမ်းကြောင်းပေါ် နောက်ပြန်မလှည့်စတမ်း ခိုင်ခိုင်မာမာ တက်လှမ်းသွားကြပြီ ဖြစ်ပါတယ်။ ဒါကို ၁၉၉ဝ ရွေးကောက်ပွဲက ဥပဒေကြောင်းအရ တရားဝင်အောင်နဲ့ ဘယ်လိုမှငြင်းမရအောင် အတည်ပြု ပေးလိုက်ပါတယ်။

၈ လေးလုံးအုံကြွမှုနဲ့ ၁၉၈၉ ခု ဗကပတွင်းပုန်ကန်ခွဲထွက်မှု ဆိုတဲ့ အရေးအခင်းနှစ်ခုဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအတွင်းက လက်နက်ကိုင်တိုင်းရင်းသားလူမျိုးစုအဖွဲ့များရဲ့ အခန်းကဏ္ဍကို လက်တွေ့အားဖြင့် အရေးမပါ ဘေးရောက်သွားစေခဲ့ပါတယ်။ ဒါကြောင့် စစ်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ နှစ်ဘက်စလုံးအနေနဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တွေ ပြုလုပ်နိုင်ဖို့ အခြေအနေပေးလာ၊ ဒါမှမဟုတ် တွန်းပို့လာခဲ့ပါတယ်။ ဒါကို ထိုင်း-မြန်မာနယ်စပ်တလျှောက်က အတိုက်အခံတွေနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းတွေကြား ခေတ်ထလာ နေတဲ့ သဘောတရားသစ်တခုကပါ ဝင်ပြီးထောက်ကူ အားပေးခဲ့ပါတယ်။ ‘အကြမ်းမဖက်ရေး’ ဆိုတာဟာ လက်နက်ကိုင်သည်ဖြစ်စေ၊ မကိုင်သည်ဖြစ်စေ အတိုက်အခံတွေကြား ဖက်ရှင်ဝေါဟာရ ဖြစ်လာပါတော့တယ်။

၁၉၈၈ ကစပြီး တဟုန်ထိုးကြီးမားလာခဲ့တဲ့ ဗမာပြည် ပြည်သူလူထုရဲ့ စစ်အာဏာရှင်စံနစ် ထာဝရနိဂုံးချုပ်ရေး စိတ်ဆန္ဒအင်အားကို အာဏာရနအဖစစ်တပ်ဟာ ရင်ဆိုင်တွန်းလှန်ရတော့တယ်။ ဒီလုပ်ငန်းတာဝန်ကြီးဟာ အာဏာကို ဇွတ်အတင်းဆုပ်ကိုင်ထားတဲ့ ဗိုလ်ချုပ်ကြီးများအတွက် တခြားခြိမ်းခြောက်မှုတွေထက် ပိုအန္တရာယ်ကြီး ပိုအလေးထားရတဲ့ လုပ်ငန်းကြီးဖြစ်လာပါတယ်။ စစ်အာဏာရှင်တွေအတွက် အရင်တုံးက ဒါနဲ့ယှဉ်လို့ရလောက်ခဲ့တဲ့ တခုတည်းသော ကြီးကြီးမားမားခြိမ်းခြောက်မှုကတော့ ၆ဝ ခုနှစ်များနှောင်းပိုင်းနဲ့ ၇ဝ ခုနှစ်များအတွင်း ဗမာပြည်အရှေ့မြောက်ပိုင်းကို လက်နက်အင်အားတောင့်တင်းလှတဲ့ ကွန်မြူနစ်သူပုန်တွေ အကြီးအကျယ် ထိုးဝင်သိမ်းပိုက်လိုက်တုံးကဖြစ်ပါတယ်။ အဲဒီ တုံးက ဗမာစစ်အုပ်စုဟာ ဗမာပြည်အလယ်ပိုင်း လွင်ပြင်တွေကိုသာ ကွန်မြူနစ်တွေ ဝင်စီးနင်းခဲ့သည်ရှိသော် လို့ တွက်ချက် စဉ်းစားပြီး ဧရာဝတီမြစ် အနောက်ဖက်ကမ်းမှာ နောက်ဆုံးခံစစ်စည်း ပြင်ဆင်တည်ဆောက်ခဲ့တယ်။ စစ်တပ်ရဲ့ အသက် သွေးကြော ကပစ (ကာကွယ်ရေးပစ္စည်းစက်ရုံ) အများစုကို ဧရာဝတီ အနောက်ကမ်းသို့ ရွှေ့ပြောင်းရတဲ့အထိဖြစ်ခဲ့တယ်။ ဧရာဝတီမြစ် အနောက်ဘက်ကမ်းဖွံဖြိုးရေး ဆိုပြီး ကုလသမဂ္ဂဆီကတောင် ငွေထုတ်စားခဲ့သေးတယ်။ ဒါပေမဲ့ နေဝင်း အတွက် ကံကောင်းထောက်မစွာဘဲ ကွန်မြူနစ်ထိုးစစ်ဟာ သူ့အတွင်းပိုင်းပြဿနာတွေကြောင့် အရှိန်တန့် လျှောချသွားလို့ စစ်အစိုးရ သက်ဆိုးရှည်သွားခဲ့ပါတယ်။

ဒါပေမဲ့ အခုချိန်မှာတော့ စစ်အစိုးရရဲ့ ရပ်တည်ရေးကို အဓိကခြိမ်းခြောက်မှုဟာ တောတွေတောင်တွေထဲက မလာတော့ဘဲ မြို့ပြလမ်းမတွေပေါ်က ထွက်လာပါတယ်။ ပထမပိုင်းမှာ ကျောင်းသားများဟာ စစ်အစိုးရရဲ့ အရေးကြီး ဆုံးရန်သူအဖြစ် ကွန်မြူနစ်တွေနေရာကိုယူလိုက်တယ်။ နောက်ပိုင်းမှာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ကျောင်း သားတွေနေရာကို အစားထိုး၊ ဒါမှမဟုတ် ကျောင်းသားတွေနဲ့ ပူးတွဲပေါင်းစည်းပြီး စစ်တပ်ရဲ့ တရားဝင် ‘ဦးတည်ရန်သူ’ ဖြစ်လာတယ်။ ၁၉၈၉ ဗကပ ပြိုကွဲမှုဟာ တောထဲကခြိမ်းခြောက်မှုကို ဖယ်ရှားပေးလိုက်ပြီး၊ စစ်အစိုးရအနေနဲ့ အင်အား ကြီးသထက်ကြီးလာနေတဲ့ အတိုက်အခံဒီမိုကရေစီ အဖွဲ့ကြီးကိုသာ တည့်တည့်ရင်ဆိုင်ကိုင်တွယ်နိုင်ဖို့ လွတ်လပ်သွားစေခဲ့ ပါတော့တယ်။

တဖက်မှာလည်း စစ်ပန်းနေတဲ့ ယခင်ကွန်မြူနစ်တပ်တွေဟာ ဗကပ ဘဝကတည်းက လိုက်စားစွဲလမ်းခဲ့တဲ့ မူးယစ်ဆေးဝါးလုပ်ငန်းကို နိုင်ငံရေးတွေ၊ တော်လှန်ရေးတွေ ကင်းကင်းရှင်းရှင်းနဲ့ လွတ်လွတ်လပ်လပ် အားရပါးရလုပ်ချင် နေကြတဲ့အတွက် နှစ်ဖက်စလုံးဟာ မိမိတို့ကိုယ်ကျိုးစီးပွားတွေပေါ် အခြေခံတဲ့ အဆီ တဝင်းဝင်း သဘောတူညီချက် တခုလုပ်ဖို့ အခြေအနေ ရင့်မှည့်နေခဲ့ကြပါတယ်။ ဒီလိုနဲ့ တနှစ်မပြည့်ခင် ယခင် ‘ပြည်သူ့တပ်မတော်’ရဲ့ အခြေခံအင် အားစုလေးခုစလုံး တဖွဲ့ပြီးတဖွဲ့ အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်တွေ ယူသွားခဲ့ကြတယ်။ သူတို့အပြင် အရေးပါတဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ (မူလလက်ဟောင်း) အက်စ်အက်စ်အေ ပါ ပါသွားလိုက်သေးတယ်။ စစ်အေးတိုက်ပွဲအားပျော့လာချိန်မှာ တရုတ်ပြည်က အမျိုးသားဈေးကွက်စီးပွားရေးကိုသာ ဇောင်းပေးလာတဲ့အတွက် နယ်စပ်က အဖွဲ့အစည်းတွေ ပေါ် ထောက်ပို့လမ်းကြောင်းတွေ လုံးဝဖြတ်တောက်ပစ်လိုက်ခြင်းကလည်း အပစ်အခတ် ရပ်စဲရေးဖြစ်စဉ်ကို ချောဆီထည့်ပေးလိုက်တယ်။

ဒီ ပထမဆုံးအပစ်အခတ်ရပ်စဲရေးတွေကို လူသိရှင်ကြားမလုပ်ဘဲ တိုးတိုးတိတ်တိတ်သာ လုပ်ခဲ့ပါတယ်။ အစိုးရ တရားဝင်မီဒီယာမှာ သဘောတူညီချက်အကြောင်း ဘာသတင်းမှ မထည့်ခဲ့ပါ။ နောက်ပိုင်း အပစ်အခတ်ရပ်စဲရေးတွေမှာလို ‘တရားဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ခြင်း’ အခမ်းအနား အများသိ ကျင်းပတာလည်း မရှိခဲ့ပါ။ စစ်အစိုးရဟာ သူလှမ်းလိုက်တဲ့ခြေလှမ်းနဲ့ ပတ်သက်ပြီး စိတ်မချသေးတဲ့ပုံပါဘဲ။ ရန်သူဟောင်းတွေကို လုံးလုံးလျားလျားမယုံနိုင်သေးဘဲ ဘယ်အချိန် သေနတ်သံပြန်ပေါက်မလဲဆိုတာ စိတ်တထင့်ထင့် ဖြစ်နေသေးပုံလည်းရှိတယ်။ (တပ်မ ၇၇၊ ၈၈၊ ၉၉ တို့ကို နောက်ထပ် နှစ်နှစ်လောက် အဲဒီဘက်ဆက်ထားခဲ့သေးတယ်။) ဒါ့အပြင် အပစ်အခတ်ရပ်စဲရေးကြောင့် ဗိုလ်ချုပ်ကြီးများ အတွက် ဘယ်လောက်အထိ အကျိုးကျေးဇူးတွေ ရှိလာနိုင်တယ်ဆိုတာကိုလည်း ကောင်းကောင်းမမြင်ရသေးလို့ ဖြစ်နိုင်ပါတယ်။ တချို့စစ်အုပ်စုဝင်တွေက ဒီလိုလုပ်တာကို သဘောမကျဘဲ အတိအလင်း စစ်တိုက် နှိမ်နင်းရေးကိုသာ ပိုအားသန် နေတဲ့အတွက်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီအတောအတွင်းမှာတော့ အခုလိုအခြေအနေအရပ်ရပ်ကို ဘာမှ မရိပ်မိရှာတဲ့ စေတနာရှင်တွေဟာ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် အတိုက်အခံတွေ၊ အဝေးရောက်တွေကြား ‘အကြမ်းမဲ့ နိုင်ငံရေးအံတုမှု’ အတွေးအခေါ်ကို ဆက်လက် ဖြန့်ဖြူးနေခဲ့ကြတယ်။ ဒီနယ်စပ်အခြေစိုက် အင်အားစုထဲမှာ ဗမာပြည်ရဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေ ကလည်း အများစုဖြစ်ပါတယ်။

၁၉၉၁ ခု နှစ်ဦးပိုင်းမှာ ကေအိုင်အေ (ကချင်) တပ်မဟာ ၄ နဲ့ ပီအင်အို (ပအို့အဖြူ) အဖွဲ့တို့ အပစ်အခတ် ရပ်စဲရေးတွေ လုပ်ကြတဲ့အခါကျမှသာ စစ်အစိုးရဟာ အပစ်အခတ်ရပ်စဲရေးတွေရဲ့ ‘ကောင်းကျိုး’ တွေကို ကောင်းကောင်း သဘောပေါက်သိမြင်လာပြီး အစိုးရဝါဒဖြန့်ချီရေးထဲ စထည့်သွင်း ကြော်ငြာလာပါတော့တယ်။ ဒီနှစ်ဖွဲ့ဟာ ရှေ့ပိုင်းက အပစ်အခတ်ရပ်စဲရေးအဖွဲ့တွေနဲ့မတူဘဲ ‘တောင်ပိုင်း’ (ဝါ) ထိုင်း-မြန်မာနယ်စပ် အခြေစိုက် အဆက်အသွယ်တွေ ရှိတာဟာ ဗိုလ်ချုပ်ကြီးများကို ပိုစိတ်အားတက်စေပြီး ကျန်တဲ့ ‘တောင်ပိုင်း’ တိုင်းရင်းသားအဖွဲ့တွေကိုပါ အပစ်အခတ် ရပ်စဲရေးကုန်စည် အစွံထုတ်ရောင်းချဖို့ အားပေးခဲ့တယ်။ ဒီသဘောတူညီချက်နှစ်ခုကစလို့ “လက်နက်ကိုင်လမ်းစဉ် စွန့်လွတ်၍ ဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်း” အခမ်းအနားတွေ ကျယ်ကျယ်လောင်လောင်နဲ့ ပွဲခင်းတာ မလုပ်မနေရ စလုပ်လာပြီး မီဒီယာဝါဒဖြန့်စစ်ဆင်ရေး တောက်လျှောက်လုပ်ပါတော့တယ်။ တချိန်ကကွန်မြူနစ်ခြေကုတ်ဒေသတွေမှာ ‘ငြိမ်းချမ်းရေးရောင်ခြည် စတွေ့ရ’တဲ့နေ့လို့ အခုအခါ လေလုံးထွားနေတဲ့ ရက်စွဲတွေဟာ အဲဒီရက်ပိုင်းတွေတုံးက မီဒီယာထဲမှာရော၊ ဂဒီးဂဒီးလုပ်နေတဲ့ သတင်းစာရှင်းလင်းပွဲတွေမှာပါ ဘာတခွန်းမှထည့်မပြောခဲ့တဲ့၊ ဘာမှထူးထူးခြားခြား မလုပ်ခဲ့တဲ့ ရက်စွဲတွေဖြစ်ပါတယ်။

အခုနောက်ပိုင်း ဝါဒဖြန့်လှုပ်ရှားမှုတွေမှာတော့ နဂိုကသုံးနေတဲ့ “လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်း” ဆိုတဲ့စကားအသုံးအနှုံးကို “လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ခြင်း” ဆိုတဲ့ စကားရပ်အသစ်နဲ့ အစားထိုးလာပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေနဲ့ ခြွင်းချက်မရှိ လက်နက်ချမှုတွေကို လုံးထွေးပစ်လိုက်တယ်။