လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်တယ်ဆိုတာ ဘာလဲ၊ ဘယ်လဲ - အပိုင်း(၂)
ဆောင်းပါးရှင် - ဆရာဂါမဏိ
ဒီလိုနဲ့ ပီအင်အို (ပအို့ဖြူ)၊ ကေအင်ဂျီ (ကယန်းခွဲထွက်) ရခိုင်ဗကပ စတဲ့အဖွဲ့တွေအပြင်၊ သူ့ကိုယ်သူ ခွန်ဆာလို့ နာမယ်ပေးထားတဲ့ တရုတ်လူမျိုး ချန်ချီဖူး (ခေါ်) အိုက်ဆာ ခေါင်းဆောင်တဲ့ အမ်တီအေ ဘိန်းအဖွဲ့ကိုပါ နအဖ က တရားဝင်ထုတ်ပြန်တဲ့ ‘ငြိမ်းချမ်းရေးအဖွဲ့’ ၁၇ ဖွဲ့စာရင်းထဲ ခပ်တည်တည်ထည့်ထားလိုက်ပါ တယ်။ ဒီ ၁၇ ဖွဲ့ထဲမှာ တချို့အဖွဲ့တွေဟာ အနည်းဆုံးတော့ မူအားဖြင့် ကကကြည်းရဲ့ အမိန့်ပေးညွှန်ကြားမှုကို လုံးလုံး လျားလျားခံယူထားကြပြီး ဒုကာကွယ်ရေးဦးစီးချုပ် (ကြည်း) ရဲ့အမိန့်အတိုင်း လှုပ်ရှားရ၊ စစ်တိုက်ရပါတယ်။ အဲဒီ အဖွဲ့တွေကတော့ ကိုးကန့်အဖွဲ့၊ ကေအိုင်အေ တပ်မဟာ ၄ (မထုနော်) ဒီကေဘီအေ (ကရင်ခွဲထွက်)၊ ပီအင်အို (ပအို့ဖြူ) နဲ့ ကေအင်ဂျီ (ကယန်းခွဲထွက်) အစရှိတဲ့အဖွဲ့တွေဖြစ်ကြတယ်။
အပစ်အခတ်ရပ်စဲရေးရခါစ ကာလတွေတုံးက ကိုးကန့်အဖွဲ့ဟာ ကေအိုင်အေကိုတိုက်ခဲ့ပေမဲ့ နောက်ပိုင်း မှာတော့ အခြားတိုင်းရင်းသားအဖွဲ့တွေနဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေ ကို ရှောင်ခဲ့ပါတယ်။ ပီအင်အိုကတော့ ရလလဖ (ပအို့အနီ) အပစ်အခတ်ရပ်စဲရေးမလုပ်ခင်နဲ့ အမ်တီအေ လက်နက်မချခင် ကာလတွေတုံးက အဲဒီအဖွဲ့တွေကိုတိုက်ခဲ့ပြီး အခုထိလည်း ကကကြည်း ညွှန်ကြားချက်အတိုင်း နေရင်းနယ်မြေနဲ့ အဝေးကြီး ကိုသွားပြီး နောက်တိုး အက်စ်အက်စ်အေ (တောင်ပိုင်း) ကိုတိုက်နေရသေးတယ်။ ဒီကေဘီအေဟာ ကေအင်ယူ နဲ့တိုက်နေဆဲဖြစ်သလို ကလလတ ကလည်း ကေအင်ပီပီ ကိုစစ်ဆင်နေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တဖက်ကပြောရရင်တော့ ပီအင်အိုနဲ့ရလလဖ၊ ကလလတနဲ့ကေအင်ပီပီ၊ ကေအင်ဂျီနဲ့ ကေအင်အယ်လ်ပီ (ကယန်းပြည်သစ်)၊ ဒီကေဘီအေ နဲ့ ကေအင်ယူတို့ကြား ပဋိပက္ခတွေဟာ ဆယ်စုနှစ်နဲ့ ချီတာမဟုတ်တောင် မနည်းမနောနှစ်တွေနဲ့ချီတဲ့ နောက်ခံအကြောင်းတရားတွေလည်း ရှိနေကြပါတယ်။
အကြွင်းမဲ့လက်နက်ချနှစ်ဖွဲ့ကို စာရင်းထဲထည့်ထားပေမဲ့ အင်အားအတော်အတန်ရှိတဲ့ တခြား ‘ငြိမ်းချမ်းရေး’ အဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ ဒီကေဘီအေ နဲ့ အက်စ်အက်စ်အေ (အမ်တီအေ ခွဲထွက်) တို့ကိုတော့ တရားဝင် ၁၇ ဖွဲ့စာရင်းထဲ မထည့်တာ၊ ဒါမှမဟုတ် ၁၉ ဖွဲ့ အဖြစ်စာရင်းမပြတာ ထူးဆန်းနေသလိုပါဘဲ။ ဒီအဖွဲ့တွေဟာ မိခင်အဖွဲ့ကြီးတွေက ခွဲထွက်တဲ့ ဂိုဏ်းခွဲတွေဖြစ်လို့ မထည့်တာဖြစ်မယ်လို့ တချို့ လေ့လာသူတွေ တွက်ဆကြတယ်။ ဒါပေမဲ့ ကယန်းပြည်သစ် ကခွဲထွက်တဲ့ ကေအင်ဂျီ၊ ကေအိုင်အေ ကခွဲထွက်တဲ့ ကေဒီအေ တို့ကိုတော့ စာရင်းထဲထည့်ပြထားပြန်တယ်။ တရားဝင်စာရင်းထဲထည့်မပြပေမဲ့လည်း တခြားဝါဒဖြန့်လှုပ်ရှားမှု တွေမှာကျ ထည့်ပြနေပြန်တယ်။ အပစ်အခတ်ရပ်စဲရေးကို ခွဲထွက်ခါစ အခြေအနေရှုပ်ထွေးနေဆဲမှာ ကမန်းကတန်း လုပ်ရတာဖြစ်လို့ တရားဝင်အခမ်းအနားတွေ ဘာတွေ မလုပ်လိုက်ရတာလည်း တကြောင်း ဖြစ်မယ် ထင်ပါတယ်။ အခြေခံကတော့ တခြားလျှို့ဝှက်အကြောင်းတရား တခုခု ကြောင့်ထက် ထုံးစံအတိုင်း မြန်မာစစ်တပ်ရဲ့ လဘော်ကျမှုသာ ဖြစ်ဖို့များပါတယ်။
နိုင်ငံရေးအရ ပိုတက်ကြွတဲ့ အပစ်အခတ်ရပ်စဲရေး ‘ညီနောင် ၇ ဖော်’ (အဖွဲ့ ၈ ဖွဲ့)က ထုတ်ပြန်တဲ့ ၁၇ ဖွဲ့စာရင်းမှာတော့ အမ်တီအေနဲ့ ရခိုင်ဗကပကိုဖယ်ထားပြီး ဒီကေဘီအေ နဲ့အက်စ်အက်စ်အင်အေ ကိုထည့်ထား ပါတယ်။ ဒါ့အပြင် ဒီ ၁၇ ဖွဲ့ကို အတန်းအစားနှစ်ခု ခွဲထားပါတယ်။ ပထမအမျိုးအစားကို ‘အပစ်အခတ်ရပ်စဲရေး’ အဖွဲ့များလို့ သတ်မှတ်ပြီး ကေအိုင်အေ၊ ပီအက်စ်အယ်လ်အေ (ပလောင်)၊ မူလလက်ဟောင်း အက်စ်အက်စ်အေ၊ အက်စ်အက်စ် အင်အေ၊ ရလလဖ၊ ကယန်းပြည်သစ်၊ ကလလတ နဲ့ မွန်ပြည်သစ် တို့ပါဝင်ကြတယ်။ (ရှမ်းနှစ်ဖွဲ့ဟာ ရှမ်းပြည်ငြိမ်းချမ်းရေးကောင်စီ အက်စ်အက်စ်ပီစီ အဖြစ် ပူးပေါင်းဖွဲ့စည်းထား လို့ ‘ညီနောင် ၇ ဖော်’ အဖွဲ့ ၈ ဖွဲ့ဖြစ်နေ တာပါ။) သူတို့က ကျန်တဲ့အဖွဲ့အားလုံးကိုတော့ ‘ငြိမ်းချမ်းရေး’ အဖွဲ့တွေလို့ သတ်မှတ်ထားပါတယ်။ ပထမအမျိုးအစား အဖွဲ့တွေဟာ အပစ်ရပ်သဘောတူချက်တွေကို ပြီးပြည့်စုံတဲ့ နောက်ဆုံး အထွေထွေ အဖြေရှာမှုကြီးဆီသွားဖို့ ရှေ့ပြေးအနေ နဲ့သာ မြင်ကြတယ်။ ဒုတိယ အမျိုးအစားဝင် အဖွဲ့တွေကတော့ ပြီးပြည့်စုံတဲ့ နိုင်ငံရေးအရဖြေရှင်းမှုကို စိတ်မဝင်စားကြဘဲ ကိုယ့်စီးပွားရေး ကိုသာ လုံးဝ အဓိက ထားကြသူတွေဖြစ်တယ်။ ပထမ ၈ ဖွဲ့ထဲမှာလည်း တချို့ခေါင်းဆောင်များနဲ့ ကေဒါကြီး များဟာ ဒုတိယအမျိုးစားအနေအထားဘက် အတော့်ကိုတိမ်းညွတ်နေတာတွေလည်းရှိကြတယ်။ ဒုတိယ အမျိုးအစား ‘ငြိမ်းချမ်းရေး’အဖွဲ့တွေနဲ့ စစ်အစိုးရကြား သဘောတူညီချက်တွေကို နှစ်ဖက်စလုံးက နောက်ထပ် ဆွေးနွေးစရာ သိတ်မလို တော့တဲ့ အပြီးအပြတ်သဘောမျိုး ယူဆကြတယ်။ ဒီနှစ်မျိုးထဲ မဝင်တဲ့၊ ၁၇ ဖွဲ့စာရင်းပါ ခြွင်းချက်ကတော့ ၁၉၉၅ ခု အတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရပြီး သုံးလအကြာမှာ အစိုးရနဲ့ စစ်ပြန်ဖြစ်ခဲ့တဲ့ ကေအင်ပီပီ (ကရင်နီ) ဖြစ်ပြီး ၂ဝဝ၅ ခုနှစ်မှာတော့ အက်စ်အက်စ်အင်အေ ကလည်း အစိုးရနဲ့ စစ်ပြန်တိုက်ခဲ့ပါတယ်။ နောက်ခြွင်းချက်တမျိုး ကတော့ ၂ဝဝ၅ ခုနှစ်မှာဘဲ အကြွင်းမဲ့လက်နက်ချ၊ မိမိအဖွဲ့အစည်းလည်း လုံးဝဖျက်သိမ်းပစ်လိုက်တဲ့ ပလောင်အဖွဲ့ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်အစိုးရကတော့ ၁၇ ဖွဲ့စလုံးနဲ့ တကယ့်လက်တွေ့အားဖြင့် အပြီးသတ်ငြိမ်းချမ်းရေး သဘောတူညီ ချက် ရထားတဲ့ပုံဖမ်းနေပါတယ်။
ရှေ့ပိုင်းအပစ်အခတ်ရပ်စဲရေးအဖွဲ့တွေကို ‘အထူးရဲ ’လို့ သတ်မှတ်ပေးခဲ့ပြီး ရာထူးလစာတွေ၊ ရာရှင်ရိက္ခာတွေ အကန့်အသတ်နဲ့ ထုတ်ပေးခဲ့ပါတယ်။ အဖွဲ့အစည်းခေါင်းဆောင်တွေကိုလည်း ‘အထူးရဲမှူးကြီး’ တွေအဖြစ် နဝတ က သတ်မှတ်ခန့်အပ်ခဲ့တယ်။ သို့ပေမဲ့ ကေအိုင်အေကစပြီး နောက်ပိုင်း အပစ်ရပ်အဖွဲ့တွေကတော့ ဒီကမ်းလှမ်းချက်ကို လက်မခံကြဘဲ လွတ်လပ်တဲ့ နိုင်ငံရေးအနေအထားကိုသာ ရပ်ခံကြပါတယ်။ ဒီလို အနေအထားနဲ့ ရပ်တည်ရေးဟာလည်း အချိန်ကြာလာတာနဲ့အမျှ ထိန်းထားနိုင်ဖို့ ပို၍ပို၍ ခက်ခဲလာနေတယ်။ သူတို့ရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေကို စစ်အစိုးရက ရှေးရိုးဆုပေးဒါဏ်ပေးစနစ်သုံးပြီး အကြိမ်ကြိမ်အထပ်ထပ် နှိမ်နင်းပစ်ခဲ့ပါတယ်။ ဆု ဆိုတာကတော့ မြက်မြက်ကလေးစားရ တဲ့ လိုင်စင်တွေ ပါမစ်တွေ ဒုစရိုက် စီးပွားရေး လုပ်ခွင့်တွေဖြစ်ပြီး ဒါဏ်ကတော့ စစ်အင်အားနဲ့ ပြောင်ပြောင်တင်းတင်း ခြိမ်းချောက်တာ ဖြစ်ပါတယ်။
No comments:
Post a Comment