လူမျိုးအရ ဗမာနဲ့တန်းတူမယ့် ဖက်ဒရယ်စနစ်သက်သက် တည်ဆောက်ရုံနဲ့တော့ ကိစ္စတွေက မပြီးနိုင်ပါဘူး။ ဗိုလ်ချုပ်မြကိုယ်တိုင်ရေးအထုပ္ပတ္တိထဲပါတဲ့ ကိုယ့်လူမျိုးအချင်းချင်း မုဒိမ်းကျင့်တာ၊ ဓားပြတိုက်တာတွေကို ဖက်ဒရယ်တခု တည်းက မရှင်းနိုင်ပါဘူး။ ဗမာစစ်သား မုဒိမ်းကျင့်တဲ့နေရာမှာ ကိုယ့်လူမျိုးစုစစ်သားက အစားဝင် မုဒိမ်းကျင့်တာမျိုး ဘယ်သူမှမလိုလားပါဘူး။ ဒါ့အပြင် ၈ လေးလုံးကာလ ကရင်နဲ့မွန်စစ်ပွဲ၊ ဂျိန်းဖောနဲ့ ရှမ်းနီ-နာဂ-ရဝမ်၊ ရှမ်းနဲ့ ဝ-ပအို့ဝ်-ပလောင်-အခါ-လားဟူ လိုမျိုး ဗမာမဟုတ်တဲ့လူမျိုးချင်း ပဋိပက္ခတွေဟာလည်း လူမျိုးတခုစီအတွင်း ဒီမိုကရေစီအပြည့် အဝရှိမှသာ ဗမာအာဏာရှင်နေရာကို လူမျိုးစု အာဏာရှင် စစ်ဘုရင်တွေ ဝင်အစားမထိုးနိုင်ဘဲ ပြေလည်မှာဖြစ်ပါတယ်။
၁၉၄၈-၄၉ တုံး က မြန်မာနိုင်ငံမှာ ဒီမိုကရေစီရှိတယ်ဆိုပေမဲ့ မလွဲမသွေတွဲဖက်ပါရမယ့် ဖက်ဒရယ်စနစ် မရှိတဲ့အခါ ကရင်၊ မွန်၊ ရခိုင်၊ ကရင်နီလူမျိုးတို့ရဲ့ လက်နက်ကိုင်ပုန်ကန်ထကြွမှုတွေ ပေါ်ခဲ့ရပါတယ်။ ဦးနုရဲ့ ဖက်ဒရယ်မဲ့ဒီမိုကရေစီ သို့မဟုတ် ဒီမိုကရေစီအတုအကြောင်း ကချင်ပြည်နယ်ဝန်ကြီးဟောင်း ဦးဇန်ထားဆင် က “ဒီမိုကရေစီပြောင်းပြန်” စာအုပ်ထဲ ရင်နာစရာကောင်းလောက်အောင် ရေးခဲ့သလို ဒီမိုကရေစီမဲ့ဖက်ဒရယ် သို့မဟုတ် ဖက်ဒရယ်အတုအကြောင်း ကိုလည်း ပအိုဝ်းတိုင်းရင်းသား ဆီဆိုင်စော်ဘွားကြီး စဝ်ခွန်ကြည် (ဂျပန်တော်လှန်ရေး ဗိုလ်ကြီးဟောင်း) က “ရှမ်းပြည် အမှားတော်ပုံ” စာအုပ်ထဲ ပွင့်ပွင့်လင်းလင်း ဖွင့်ချခဲ့ပါတယ်။ ထိုစဉ်တုံးက ရှမ်းပြည်ဟာ တခြားပြည်နယ် တခြားလူမျိုးတွေနဲ့ စာရင် ဖက်ဒရယ်နီးပါး အခွင့်အရေးတွေရခဲ့လို့ ရှမ်းသူပုန်မပေါ်ခဲ့ဘဲ ပထမအင်းဝခေတ်တုံးကလို ရှမ်းသမတ၊ ရှမ်းပါလီမန် ဥက္ကဋ္ဌ၊ ရှမ်းနိုင်ငံခြားရေးဝန်ကြီးတွေ ပေါ်တဲ့အထိ ခေတ်ကောင်းခဲ့ပါတယ်။ ဒါပေမဲ့ ရှမ်းပြည်အတွင်းမှာတော့ ဒီမိုကရေစီစနစ် မကျင့်သုံးဘဲ ပဒေသရာဇ်အာဏာရှင်စနစ်သာရှိလို့ ရှမ်းပြည်တောင်ပိုင်းက အင်းသား၊ ဓနု၊ တောင်ရိုး၊ ပလောင်၊ ယင်းနက်၊ ကယန်းလူမျိုးတွေ ထောက်ခံပါဝင်ကြတဲ့ ပအိုဝ်းလူမျိုး လက်နက်ကိုင် သူပုန်ထမှု ၁၉၄၉ နှစ်ကုန်မှာ ပေါ်လာခဲ့တယ်။ ဒါ့ကြောင့် နောင်အနာဂတ်မှာ ကရင် ၈ လေးလုံး၊ ကချင် ၈ လေးလုံး၊ ရှမ်း-ရခိုင်-မွန် ၈ လေးလုံးတွေ မပေါ်ရလေအောင် ဖက်ဒရယ်နဲ့ဒီမိုကရေစီ တွဲဘက်ပြီး အခိုင်အခန့် အုတ်မြစ်ချနိုင်ဖို့ လိုပါတယ်။
အားလုံးသိကြတဲ့အတိုင်း နအဖ ကတော့ ဒီမိုကရေစီလည်း လုံးဝလက်မခံ၊ ဖက်ဒရယ်လည်း လုံးဝခေါင်းခါထား ပါတယ်။ အမျိုးသားညီလာခံမှာ အပစ်အခတ်ရပ်စဲရေး ၁၆ ဖွဲ့ကတင်တဲ့ အဆိုပြုချက် ၉ ချက်ဟာ ဒီမိုကရေစီရေး ကိုရှောင်ပြီး ဖက်ဒရယ်ရေးကိုတင်တာ ဖြစ်ပါတယ်။ လုံးဝလက်နက်ချ အပဲ့အရွဲ့ ၁ဝ ဖွဲ့ (ဒီထဲမှာ ခွန်ဆာ ၃ ဖွဲ့ပါတယ်) နဲ့ ဒီကေဘီအေ၊ ပီအင်အိုပအိုဝ်းဖြူအဖွဲ့တို့ပါတဲ့ ငြိမ်း ၁၂ ဖွဲ့ကတော့ ၆+၁ဝ၄ ချက်ကို သည်၏ မလွဲ ထောက်ခံထားပါတယ်။ ဘိန်းအဖွဲ့ ဒုစ±ိုက်အဖွဲ့တွေအဖြစ် နာမည်ပျက်နေတဲ့ ဗကပဟောင်း ၄ ဖွဲ့၊ လုံးဝလက်နက်ချ ၂ ဖွဲ့ အပါအဝင် အပစ်ရပ် နဲ့ငြိမ်း ၁၆ ဖွဲ့ဟာ ဒီမိုကရေစီစနစ်ကို ဆန့်ကျင်နေတဲ့၊ ကျပ်မပြည့်တဲ့ တမတ်သားပါလီမန်ကိစ္စ၊ ရောမခေတ်က ဆီဇာဘုရင် လို စစ်သမတကိစ္စတွေကို လုံးဝမတို့ မထိဘဲ၊ အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး တန်းတူဖို့၊ ဖက်ဒရယ် နာမည် မခံတဲ့ ဖက်ဒရယ်အဆိုပြုချက်တွေ တင်ခဲ့ကြပါတယ်။ နအဖရဲ့ အဆင့်တူ ၇ တိုင်း ၇ ပြည်နယ်ကိစ္စကိုလည်း လက်ရှောင် ထားလို့ အမှန်မှာတော့ ဖက်ဒရယ်မပီတဲ့ ဖက်ဒရယ်အဆိုတွေသာ ဖြစ်နေပါတယ်။ အဲသလောက်တောင်မှ နအဖက လက်မခံနိုင်ဘဲ စီးပွားရေးပိုင်းတချို့သာ လိုက်လျောပေးခဲ့ပြီး အဓိကဖြစ်တဲ့ အုပ်ချုပ်ရေး-နိုင်ငံရေး၊ လုံခြုံရေး၊ လူမှုရေးပိုင်း တွေကို ပယ်ချခဲ့တယ်။ စီးပွားရေးပိုင်းခွင့်ပြုတာတွေကလည်း အသက်ဖြစ်တဲ့ နိုင်ငံရေးပိုင်း အကန့်အသတ် ရှိနေရင် ဘာမှ အာမခံချက်မရှိတဲ့အကြောင်း လတ်တလောဝစ်သောက်ကားကိစ္စတွေက သက်သေပြ နေပါတယ်။ “ခိုင်မာတောင့်တင်းလှ တဲ့ စစ်အုပ်စုကို မနိုင် နိုင်လို့ ရသလောက်ဘဲ ယူရမယ်” ဆိုတဲ့ အတွေးအခေါ်တွေနဲ့ စစ်ဘောင်းဘီဂွကြားအောက် တိုးဝင်သွားကြသူတွေ ဘာရသလဲဆိုတာ အမျိုးသားညီလာခံ လို့ဆိုတဲ့ဟာကလေးက ပြနေပါတယ်။
ပယ်ချခံရတဲ့ ၉ ချက်မှာ ကျွန်းသစ် ပုဂ္ဂလိကပိုင်ရေးကိစ္စတချက်ဘဲ စီးပွားရေးကိစ္စဖြစ်ပြီး ကျန် ၈ ချက်ကတော့ နိုင်ငံရေး-အုပ်ချုပ်ရေး ၄ ချက်၊ လုံခြုံရေး တချက်၊ လူမှုရေး ၃ ချက်ဖြစ်ပါတယ်။ နိုင်ငံရေး ၄ ချက်ကတော့ ပြည်နယ်အလိုက် သီးခြားအခြေခံဥပဒေရေးဆွဲကျင့်သုံးခွင့်၊ ထပ်တူဥပဒေပြုခွင့်၊ ကြွင်းကျန်အာဏာ ဥပဒေပြုခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ရေးစီရင်စု တွေကို ပြည်နယ်/တိုင်းလက်အောက် မထားဘဲ ပြည်ထောင်စု နယ်မြေအဖြစ် သတ်မှတ်ရန် (ဒါဟာ နောင်မှာ ပြည်နယ် သစ်တွေ ဖော်ထုတ်နိုင်အောင် ကြိုတင်ပြင်ဆင် တဲ့အချက်ဖြစ်ပါတယ်) တို့ဖြစ်ပါတယ်။ အဆင့်ဆင့်လွှတ်တော်တိုင်းမှာ စစ်တပ်က အစိတ်သားပါနေပြီး အချိန်မရွေး တရားဝင်စစ်အာဏာသိမ်းခွင့်၊ မာရှယ်လောအုပ်ချုပ်ခွင့် ရထားလျက်နဲ့ တောင်မှ ဒီနိုင်ငံရေး ၄ ချက်ကို နအဖက မပေးရဲပါဘူး။ လုံခြုံရေးကိစ္စမှာလည်း ပြည်နယ်လုံခြုံရေးတပ် သို့မဟုတ် အထူးရဲကို ကာကွယ်ရေးဦးစီးချုပ်လက်အောက်ခံအဖြစ်နဲ့ ထားဖို့တောင် နအဖက လုံးဝခွင့်မပြုပါဘူး။ နအဖရဲ့ အန္တိမရည် မှန်းချက် ဘာလဲဆိုတာကို ဒါကဖော်ပြနေပါတယ်။ လူမှုရေး ၃ ချက်ပယ်ချတာကတော့ နအဖရဲ့ မဟာဗမာလူမျိုးကြီးဝါဒကို ပြောင်အတိအလင်းပြလိုက်တာဘဲဖြစ်ပါတယ်။ တိုင်းရင်းသားစာပေပြဋ္ဌာန်းခွင့်၊ တိုင်းရင်းသားဓလေ့ထုံးတမ်းဥပဒေ ပြဋ္ဌာန်းခွင့်၊ တိုင်းရင်းသားရေးရာကဏ္ဍ သီးခြားသတ်မှတ်ခွင့်တို့ကို လက်မခံတာဟာ အင်မတန်သေးသိမ်တဲ့၊ ရေမရောတဲ့ လူမျိုး ကြီးဝါဒပါဘဲ။ ဗမာပြည် အင်္ဂလိပ်ကိုလိုနီ ဘဝတုံးကတောင် မြန်မာဗုဒ္ဓြွဘာသာဓလေ့ထုံးတမ်းဥပဒေကို အင်္ဂလိပ်က ခွင့်ပြု ပြဋ္ဌာန်းပေးခဲ့ပြီး တောင်တန်း ဒေသတွေမှာလည်း တိုင်းရင်းသားထုံးတမ်းဥပဒေတွေ ပြဋ္ဌာန်းကျင့်သုံးခွင့်၊ တိုင်းရင်းသား ဘာသာစကားနဲ့ စာပေ တရားဝင်သင်ကြားခွင့်တွေ ရခဲ့ကြပါသေးတယ်။ အမှန်မှာတော့ နအဖက ဗမာလူမျိုးကိုပိုချစ်လို့ ဒီလိုပယ်ချတာတော့ မဟုတ်ပါဘူး။ ဗမာပြည်မှာ ယူဂိုဆလားဗီးယား-ဘော့စ်နီးယား၊ ရဝမ်ဒါတို့လို လူမျိုးရေး အာဃာတတွေ၊ အမုန်းတရားတွေ မကြီးကြီးအောင် လုပ်နေတာသာဖြစ်ပါတယ်။ ဦးနုလို ဗုဒ္ဓဘာသာ အင်မတန် ကိုင်းရှိုင်းယုံကြည် တာလည်း မဟုတ်ဘဲနဲ့ လူမျိုးရေး-ဘာသာရေးပဋိပက္ခတွေ မဖြစ်ဖြစ်အောင်လို့ မွတ်ဆလင်တွေကို နှိပ်ကွပ်တာ၊ ချင်းပြည်နယ်မှာဆို ခရစ်ယန်တွေကို ဖိနှိပ်တာတွေ လုပ်ပြနေတာ ဖြစ်ပါတယ်။ တချိန်တည်းမှာ သူ့တပ်ကို ထိန်းနိုင် ကိုင်နိုင် ဖို့ မက္ခီယာဗယ်လီနည်းနာတွေအရ ကျင့်ကြံနေတာ လည်းဖြစ်ပါတယ်။
ဦးနုကိုယ်တိုင်လည်း အရူးမီးဝိုင်းဖြစ်နေတဲ့ ၄၈-၄၉ ကာလမှာ ကရင်-ဗမာ လူမျိုးရေးပဋိပက္ခ လှုံ့ဆော်ခဲ့တာ သမိုင်း မှာ ဖျောက်ဖျက်မရတော့ပါဘူး။ အဲဒီတုံးက ရိုးရိုးသာမန် ကရင်နဲ့ဗမာအမျိုးသားတွေသာမက သိက္ခာရှိနိုင်ငံရေးအဖွဲ့အ စည်းတွေဖြစ်တဲ့ ကေအင်ယူ၊ ဗကပ၊ ပြည်သူ့ရဲဘော်တို့ပါ ဦးနုအကွက်ထဲ ဝင်သွားခဲ့ပါတယ်။ ဒါကိုသိလို့ ဆန့်ကျင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့လက်ရုံး ဗိုလ်လက်ျာကို ဦးနု၊ ဦးကျော်ငြိမ်း တို့က တပ်ထဲကထွက်စေခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးအစဉ် အလာကြီးတဲ့ ပြည်သူတွေဟာ သိတ်မကြာခင် လူမျိုးရေးလှည့်ကွက်ထဲက ရုန်းထွက်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီကနေ့ ရဝမ်ဒါ၊ ဘော့စ်နီးယားတို့လိုအဆင့်ထိ ဟိုတုံးက ဗမာပြည်မှာ ဖြစ်မသွားခဲ့ပါဘူး။ ဒါပေမဲ့ တဖက်မှာ ဦးနုရဲ့ “ရန်ကုန်အစိုးရ”ဟာ ရည်မှန်းတဲ့အတိုင်း အကျဉ်းအကြပ်က ထွက်ပေါက်တော့ရသွားခဲ့ပါတယ်။ ကပ္ပတိန်မန်းတုံးနုံး ဆိုတဲ့ ချင်းတိုင်းရင်းသား တယောက်ကလည်း ဦးနုအစိုးရကို အကြီးအကျယ် အလုပ်အကျွေးပြု ကယ်တင်ပေးသွားခဲ့တယ်။ (ကပ္ပတိန် မန်းတုံးနုံးဟာ ၁၉၆၁ ခု တောင်ကြီးညီလာခံမှာတော့ တိုင်းရင်းသားလူမျိုးစုတွေဘက် ပြန်မျက်နှာမူခဲ့ပါတယ်။)
အလားတူဘဲ တိုင်းရင်းသားလူမျိုးစုတွေထဲက တချို့ဟာ ဖက်ဒရယ်ဆန့်ကျင်ရေးသမားတွေနဲ့ လည်ပင်း ဖက်ခဲ့တာ ခေတ်သစ်မြန်မာ့သမိုင်းမှာ ရိုက်သတ်လို့မကုန်နိုင်ပါဘူး။ ရှောင်လွှဲမရတဲ့ လက်ငင်းအကြောင်း တချို့ကြောင့် အင်အားကြီး သြဇာရှိလူမျိုးစုအစိတ်အပိုင်းတွေက ဖက်ဒရယ်ဆန့်ကျင်ရေးအာဏာရအစိုးရနဲ့ ပေါင်းသွားတာ စဝ်ရွှေသိုက်၊ မန်းတုံးနုံးတို့ ခေတ်ကစလို့ လင်းထင်၊ ဟန်တာသာမွှေးအလယ် အခုခေတ် ဝ ကိုးကန့် ဒီကေဘီအေခေတ်အဆုံးရှိနေတာကို လုံးလုံးကြီး မျက်နှာလွှဲခဲပစ်လုပ်လိုက်ရင်တော့ လူမျိုးစုအင်အား တဝက်မကတာတွေကို အသိအမှတ်မပြုတာဘဲ ဖြစ်သွားပါလိမ့်မယ်။ အင်အားအရကြည့်ရင် ကချင်၊ မွန်၊ ပအိုဝ်း၊ ကယန်း၊ ဝ၊ ကိုးကန့်၊ အခါ၊ ပလောင် လက်နက်ကိုင်အင်အားအားလုံး၊ ရှမ်း၊ ကရင်နီလက်နက်ကိုင် အင်အားအများပိုင်း၊ ကရင်လက်နက်ကိုင်အတော်များများဟာ ဖက်ဒရယ်ဆန့်ကျင်ရေးအစိုးရကို ပြင်းပြင်း ထန်ထန် ပြတ်ပြတ်သားသား မဆန့်ကျင်တော့ပါဘူး။ ဒါ့ကြောင့် လက်တွေ့ကျကျစဉ်းစားဖို့ လိုပါလိမ့် မယ်။
အခြေအနေကောင်းတာကိုပြတဲ့ နိမိတ်လက္ခဏာကတော့ ၁၉၉ဝ ရွေးကောက်ပွဲမှာ တပြည်လုံးကို ကိုယ်စားပြုတဲ့ ဒေါ်အောင်ဆန်းစုကြည် အင်အယ်လ်ဒီနဲ့ ညီနောင်ဖြစ်တဲ့ မျိုးချစ်ရဲဘော်ဟောင်းတွေဟာ ပြည်နယ် ၇ ခုက အမတ်နေရာ ၁၅၆ နေရာအနက် ၈ဝ (၅၁ ရာခိုင်နှုန်း) ရခဲ့တာဖြစ်တယ်။ ပြည်နယ်-လူမျိုးစုအခြေခံပါတီတွေက နေရာ ၇ဝ (၄၅ ရာခိုင်နှုန်း) သာရပြီး တပြည်လုံးအခြေခံတဲ့ တခြားပါတီ (တစညနဲ့အောင်ကြီးပါတီ) တွေက ၆ နေရာ (၄ ရာခိုင်နှုန်း) ရခဲ့တယ်။ ပြည်မကစစ်ကိုင်းတိုင်းမှာတော့ လူမျိုးစုပါတီတွေက ၃ နေရာရခဲ့တယ်။ နောက်ဆုံးအကျယ်ချုပ်မခံရမီ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် တွေကလည်း တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ ဆန္ဒသဘောထားမှန်ကို ရှင်းရှင်းလင်းလင်းပြသခဲ့ပါတယ်။ ဒါတွေ ရဲ့အဓိပ္ပာယ်ကတော့ အစဉ်အလာကြီးပြီး ရင့်ကျက်လှတဲ့ လူမျိုးစုံပြည်သူတွေဟာ နအဖစစ်အုပ်စုရဲ့ မဟာဗမာ လူမျိုးကြီး ဝါဒမှိုင်းတိုက်မှုနဲ့ လူမျိုးရေး-ဘာသာရေးပဋိပက္ခလှုံ့ဆော်မှုထောင်ချောက်ထဲ မကျနိုင်ဘူး ဆိုတာရယ်၊ ကျဉ်းမြောင်းတဲ့ လူမျိုးရေးသမားတွေနဲ့ နိုင်ငံခြားက “စေတနာရှင်”တချို့ရဲ့ ခွဲထွက်ရေး၊ ရဝမ်ဒါ-ဘော့စ်နီးယားလိုဖြစ်ရေး လှုံ့ဆော်မှု လှည့်ကွက်ထဲ မဝင်နိုင်ဘူးဆိုတာရယ်ကို ပြနေပါတယ်။ ဒါတင်မက “ရသလောက်ယူဖို့” ကိုလည်း လုံးဝ လုံးဝစိတ်မဝင်စား ဘူးဆိုတာ ပြနေပါတယ်။ ပြည်သူလူထု အားလုံးကတော့ လမ်း ပေါ်မှာ အသင့်ရောက်နေပါပြီ။ ကျနော်တို့ နိုင်ငံရေးသမားများကရော ဘယ်လိုလဲ။

No comments:
Post a Comment