လူအများ သတိမထားလိုက်ကြပေမဲ့ ၂ဝဝ၃ ခု ဖေဖော်ဝါရီ ၁၆ ရက်နေ့ဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အရေးပါတဲ့ မှတ်တိုင်တခု ဖြစ်သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေ့မှာ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ KNPP က နှစ်ပေါင်း ၄ဝ ကျော်ရပ်တည်ခဲ့တဲ့ မြန်မာပြည်မှခွဲထွက်ပြီး သီးခြားနိုင်ငံထူထောင်ရေးဝါဒကို တရားဝင်စွန့်လွှတ်လိုက်တာ ကြောင့် ဖြစ်ပါတယ်။ ဒါတင်မက “အစွန်းရောက်အမျိုးသားရေးသမားများ၊ နိုင်ငံရေးသမားများနှင့် စစ်ဝါဒီများ အသုံးမချ နိုင်အောင် ခွဲထွက်ခွင့်ကို အခြေခံဥပဒေထဲ ထည့်သွင်းပြဋ္ဌာန်း မထားဘဲ ‘ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်’လို့သာ ပြည်ထောင်စု ဖွဲ့စည်း ပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားရှိဖို့” လည်း တရားဝင်သဘောထားပေးခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက် အရေးပါရတဲ့ အကြောင်းကတော့ “အနောက်ကရင်နီပြည်” (အတိအကျပြောရရင် လက်ရှိ ကယား ပြည်နယ်ရဲ့ အနောက်ခြမ်း သုံးပုံတပုံကျော်ကျော်) ဟာ ၁၈၇၅ ခု ကင်းဝန်မင်းကြီးနဲ့ အင်္ဂလိပ် ကိုယ်စားလှယ်တို့ နှစ်ဖက် သဘောတူစာချုပ်ချုပ်ပြီး လွတ်လပ်တဲ့နိုင်ငံအဖြစ် အသိအမှတ်ပြု ထားခဲ့တာတကြောင်း၊ ကရင်နီဟာ ၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက် ပင်လုံစာချုပ်ကို လုံးဝလက်မှတ်မထိုး အသိအမှတ်မပြုခဲ့တာတကြောင်း၊ အဲဒီအကျိုးဆက်အဖြစ် ဒီကနေ့ ဗမာ ပြည်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအတွင်း သီးခြားနိုင်ငံအယူအဆ ရပ်ခံနေတဲ့အထဲမှာ အကြီးဆုံး၊ အပြင်းထန်ဆုံး၊ အစွဲမြဲဆုံးနဲ့ ယုတ္တိအရှိဆုံးအဖွဲ့ ဖြစ်တာကလည်းတကြောင်း တို့ကြောင့်ဖြစ်ပါတယ်။ အင်အားအရေအတွက်အရကြည့်ရင် ငယ်ပေမဲ့ လူမျိုးနဲ့ပြည်နယ်အရ၊ နိုင်ငံရေးနဲ့စစ်ရေးအရ၊ သမိုင်းကြောင်းအရ အရေးပါတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။
သမိုင်းအရကြည့်ရင် မွန်နဲ့ရခိုင်တို့ဟာလည်း မကြာသေးတဲ့ ၁၈ ရာစုအထိ သီးခြားလွတ်လပ်တဲ့ ပဒေသရာဇ်နိုင်ငံ တွေအဖြစ် ရပ်တည်ခဲ့တာ ဘယ်သူမှငြင်းမရပါဘူး။ ရှမ်းကတော့ ၁၅ ရာစုကတည်းက သီးခြားဘုရင့်နိုင်ငံ ပျက်သုဉ်းသွားပြီး တရုတ်ပြည်နဲ့ ဗမာပြည်က ခွဲဝေသိမ်းသွင်းလိုက်တာ ခံခဲ့ရတယ်။ ဒါပေမဲ့ ဗမာပြည်ဘက်မှာတော့ တပြည်လုံးကို အုပ်ချုပ် တဲ့ဘုရင်တွေအဖြစ် တခါတရံ ပေါ် ပေါ်လာခဲ့ပါတယ်။ (အင်းဝဟာ ရှမ်း-ဗမာပြည်ထောင်စုဖြစ်ခဲ့ပြီး ဗမာတွေသာမက ရှမ်းတွေလည်း ဘုရင်အဖြစ် မကြာခဏ အုပ်စိုးခဲ့ပါတယ်။) တကမ္ဘာလုံးက အရင်းရှင်စနစ်အကြို လူ့အဖွဲ့အစည်းတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အတိုင်း အချုပ်အခြာအာဏာတို့၊ နယ်နိမိတ်တို့ မတည်မငြိမ်နဲ့ အာမခံချက်မရှိသေးဘဲ အမျိုးမျိုး မကြာခဏ ပြောင်းလဲနေလေ့ရှိချိန်နဲ့ အင်္ဂလိပ်-မြန်မာစစ်ပွဲဖြစ်ချိန်တွေ တိုက်ဆိုင်သွားတဲ့အတွက်၊ တည်ငြိမ်မှုနဲ့ ပိုနေမြဲ ကျားနေမြဲအနေအထားကို အလေးပေးတဲ့ ဒီကနေ့ ကမ္ဘာ့ဈေးကွက်စီးပွားရေးခေတ်ကာလ ရောက်တဲ့အခါ လက်တွေ့မှာ ပြန်ပြောင်းဖို့ မလွယ်တော့ပါဘူး။ ကမ္ဘာမှာ ပြောင်းသွားကြတာတွေဟာ ခြွင်းချက်သဘောမျိုး ဖြစ်နေပါတယ်။ ဆိုဗီယက် ပြည်ထောင်စု၊ ယူဂိုဆလားဗီးယား၊ ချက်ကိုစလိုဗေးကီးယား၊ အီသီယိုပီးယားတို့လို ကွန်မြူနစ်နိုင်ငံဟောင်းတွေကလွဲရင် ကျန်တဲ့အရင်းရှင်ကမ္ဘာမှာ သီးခြားနိုင်ငံသစ်တွေ ခွဲထွက်တည်ထောင် တာကို ကမ္ဘာက အားမပေးတာ တွေ့ရပါတယ်။ ကုလသမဂ္ဂကိုယ်၌က ထောက်ခံထားတဲ့ အနောက်နိုင်ငံ လက်ကျန်ကိုလိုနီတွေ လွတ်လပ်တဲ့ သီးခြားနိုင်ငံသစ်တွေအဖြစ် ထူထောင်ရေးကိုတောင် အရင်းရှင်ကမ္ဘာက အင်တင်တင်လုပ်ခဲ့တာ၊ လုပ်နေတာ အားလုံးအသိပါဘဲ။ မြောက်အိုင်ယာ လန်၊ ဖောက်ကလင်ကျွန်းစု၊ ပွာတိုရီကို၊ ဂူအမ်၊ ဒိုင်ဂိုဂါးဆီးယား၊ စပိန်ဆဟာရ၊ တဟီတီ၊ ဂိုင်ယာနာ၊ ကူရိုင်းကျွန်း လေးကျွန်းတို့ဟာ နမူနာတွေပါဘဲ။ အင်မတန့်ကို ထူးခြားတဲ့အခြေအနေရှိလို့ ဘင်္ဂလားဒေ့ရှ်၊ စင်္ကာပူနဲ့ အရှေ့တီမောတို့ နိုင်ငံသစ်တွေ ဖြစ်လာတာကလွဲရင် ခွဲထွက်ရေးတွေ အောင်မြင်တာ မတွေ့ရပါဘူး။ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်မှာဆို ပိုလို့တောင် အလားအလာနည်းပါတယ်။
ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ရဲ့ အဓိကတိမ်းညွတ်မှုက ဒီမိုကရေစီနဲ့ အခွင့်အလမ်းတန်းတူရေး ဖြစ်ပါတယ်။ အခွင့် အလမ်းဆိုတာ နိုင်ငံရေး၊ စီးပွားရေး၊ လူမျိုးရေးဆိုင်ရာ အခွင့်အရေးတွေကို ဆိုလိုပါတယ်။ ဒိထက် ပိုလည်းမပို လျော့လည်း မလျော့ပါဘူး။ ဆိုလိုတာက ခွာထုတ်မရ ခွာထုတ်မဖြစ်အောင် ပေါင်းစည်းထားတဲ့ ဂလိုဘယ်ကမ္ဘာထဲမှာ အခွင့်အလမ်းတူ မှ ဝင်ကစားလို့ရမှာ ဖြစ်ပါတယ်။ ဒီလိုမကစားနိုင်ရင် မြောင်းထဲ ရောက်မှာ အသေအချာပါဘဲ။ ဒါကို မြန်မာပြည်အတိုင်း အတာနဲ့ပြောရရင် ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဟာ ခေါင်းနဲ့ပန်းလို ဘယ်လိုမှခွဲမရနိုင်ဘူး ဆိုတဲ့ အဓိပ္ပာယ်ဘဲ ဖြစ်ပါတယ်။ ဖက်ဒရယ်မပါတဲ့ ဒီမိုကရေစီ၊ ဒီမိုကရေစီမပါတဲ့ ဖက်ဒရယ်တွေဟာ ရာစုတဝက်ကျော် ကြာနေပြီဖြစ်တဲ့ မီးတွေကို ဆက်လောင်စေဖို့ဘဲ ရှိပါတယ်။ ဗမာပြည်မှာ ဖက်ဒရယ်စနစ် လိုအပ် မလိုအပ်ဆိုတာ ငြင်းခုံဆွေးနွေးရမယ့်အဆင့် ကျော်သွား ပါပြီ။
အတိတ်တုံးကသာ (ဖက်ဒရယ်လို့ ခေါင်းစဉ်တပ်တပ် မတပ်တပ်) တကယ့်တန်းတူအခွင့်အရေးတွေ အာမခံချက်ရှိရှိ ကျင့်သုံးခဲ့ကြရင် အမျိုးသားပြဿနာတွေ ခုချိန်မှာ ဒါလောက်မရှုပ်နိုင်ပါဘူး။ တဖက်က ကြည့်ရင်လည်း ဗုဒ္ဓတရားတော်အရ ဘယ်အရာမှ တည်မြဲတာမရှိတဲ့အတွက် အရင်က ဖာသိဖာသာ နေခဲ့တဲ့ လူမျိုးတွေ ကိုယ်ပိုင်အမှတ်အသားလက္ခဏာ ရယူ လိုလာတာ၊ ပိုအဆင့်မြင့်တဲ့ အခွင့်အရေးတွေ လိုလား လာတာတွေ ရှောင်လွဲမရနိုင်ပါဘူး။ စီးပွားရေး လူမှုရေးတွေ ပြောင်းလဲထွန်းကားလာပြီး ကမ္ဘာကြီးနဲ့ ပိုတွယ်ဆက်မိလာတာနဲ့အမျှ လူတွေရဲ့အသိအမြင်တွေ ပြောင်းလဲလာတာ ထုံးစံ ပါဘဲ။
အခုအခါ ဖက်ဒရယ်ကို ခါးခါးသီးသီးဆန့်ကျင်တာဆိုလို့ မဆလ-နဝတ-နအဖ စစ်အုပ်စုအဆက်ဆက်ဘဲ ကျန်ပါ တော့တယ်။ နိုင်ငံရေးသမားဟောင်းတွေထဲကဆို ဖဆပလဦးကျော်ငြိမ်း၊ ဒေါက်တာဘမော်၊ သခင်ဗစိန်၊ ဦးဘဖေတို့ဟာ သေတဲ့အထိ ဖက်ဒရယ်ဆန့်ကျင်ရေးကို စွဲစွဲမြဲမြဲဖက်တွယ်သွားခဲ့ပါတယ်။ တချိန်က ဖက်ဒရယ်ကို လက်မခံခဲ့တဲ့ စစ်အုပ်စု ပြုတ်တွေ၊ ကွယ်လွန်သူဦးနု၊ ဦးဗဆွေနဲ့ ဗကပ အပါအဝင် ကျန်နိုင်ငံရေးအင်အားစု အဟောင်း-အသစ် အားလုံးကတော့ ဖက်ဒရယ်ကို အနည်းနဲ့အများဆိုသလို မူအားဖြင့် လက်ခံကြပြီဖြစ်ပါတယ်။ ယေဘုယျဖက်ဒရယ်မူအဆင့်ကနေ ဘယ်လို ဖက်ဒရယ်စနစ်မျိုး လုပ်မလဲဆိုတဲ့ လက်တွေ့ပိုင်းအသေးစိတ်တွေဘဲ ဆက်ညှိဖို့လိုပါတော့တယ်။ ကမ္ဘာမှာ ဖက်ဒရယ်အမျိုး မျိုးရှိတဲ့အထဲက ကျနော်တို့အနေနဲ့ ဗမာပြည်လက်တွေ့နဲ့ အကိုက်ညီဆုံးပုံစံကို အားလုံးဝိုင်း ဆွေးနွေး ဖော်ထုတ်ရမှာ ဖြစ်ပါတယ်။ ဒါကိုတော့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူအားလုံး လွတ်လွတ်လပ်လပ် သဘောထားပေးနိုင်မယ့် တနိုင်ငံ လုံး ဒီမိုကရေစီပွင့်လန်းတဲ့ အခြေအနေကျမှ လုပ်လို့ရနိုင်ပါတယ်။
မြန်မာနိုင်ငံလူမျိုးစုပြဿနာကို ဖက်ဒရယ်စနစ်နဲ့ ဖြေရှင်းဖို့ ပထမဆုံးစနစ်တကျအဆိုပြုခဲ့တာဟာ ၁၉၄၅ ခု ဇူလိုင် လ ဗမာပြည်ကွန်မြူနစ်ပါတီ ဒုတိယကွန်ဂရက်မှာဖြစ်ပါတယ်။ အဲဒီတုံးက သခင်သန်းထွန်း တင်သွင်း ခဲ့တဲ့အထဲမှာ -
• လူမျိုးရေးပြဿနာ အပြီးသတ်ဖြေရှင်းရေး
၃။ တပြည်လုံးဆိုင်ရာကိစ္စများကို ဗဟိုကိုယ်စားလှယ်အဖွဲ့ကစီမံပြီး ဒေသန္တရဆိုင်ရာကိစ္စများကို ဒေသန္တရ ကိုယ်စားလှယ်အဖွဲ့က စီမံရန်။ ဥပမာ၊ ကာကွယ်ရေး၊ ဘဏ္ဍာရေး - ဗဟိုကစီမံရန်။ ပညာရေး၊ ကျန်းမာရေး - ဒေသန္တရ (ကရင်၊ ရှမ်း၊ ဗမာ၊ ရခိုင်၊ မွန်၊ ကချင်) ကစီမံရန်
၎။ ဗဟိုမှာ လွှတ်တော်နှစ်ရပ်ထားရန်
၅။ လွှတ်တော်နှစ်ရပ်ကို လူမျိုးရေးလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ဟု သတ်မှတ်ရန်
၆။ လူမျိုးရေးလွှတ်တော်ကို လူမျိုးချင်းတန်းတူထား၍ လူမျိုးတမျိုး ၁ဝ ယောက်စီ ကိုယ်စားလှယ်မြေ‡ာက်ရန်။ ဥပမာ၊ ဗမာ ၁ဝ၊ ကရင် ၁ဝ၊ ရှမ်း ၁ဝ၊ ရခိုင် ၁ဝ၊ ချင်း ၁ဝ၊ ကချင် ၁ဝ စသည်
၇။ ပြည်သူ့လွှတ်တော်ကို ဒေသအလိုက် ရွေးကောက်ရန်၊ သို့သော် လူမျိုးချင်းရောနေသော ဒေသများ (ဥပမာ၊ မြစ်ဝကျွန်းပေါ်) မှာ လူမျိုးအလိုက်ရွေးကောက်ရန်
၈။ လွှတ်တော်နှစ်ရပ် အာဏာတူရန်
၉။ လွှတ်တော်နှစ်ရပ်ပေါင်းပြီး အစိုးရအဖွဲ့ ရွေးကောက်ရန်
၁ဝ။ လူမျိုးရေးဆိုင်ရာဝန်ကြီးတွေပါခန့်ရန်၊ လူမျိုးအောက်ခြေထုအားလုံး၏ ကိုယ်စားလှယ်တွေကို ရွေးကောက်ပွဲနဲ့တင်၍ အုပ်ချုပ်ရန်
- လို့ပါဝင်ပါတယ်။ ဒါဟာ လွတ်လပ်ရေးမရခင် သုံးနှစ်အလိုဖြစ်တဲ့၊ ဂျပန်တော်လှန်ရေး ပြီးပြီး ချင်းကတည်းက အမြော်အမြင်ကြီးကြီးနဲ့ တင်ခဲ့တာဖြစ်ပါတယ်။ အင်္ဂလိပ်ကိုလိုနီခေတ်မှာ ခုခေတ်လို ပြည်နယ်တို့ တိုင်းတို့ မကြားဖူးသေးလို့သာ ၇ ပြည်နယ် ၈ ပြည်နယ်တွေ မပြောနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီခေတ် အနေအထားအရ ကြည့်ရင် အင်မတန်ပြည့်စုံပြီး ခေတ်ရှေ့ပြေးနေတဲ့ အယူအဆတွေဖြစ်တာ တွေ့နိုင်ပါတယ်။ (ပြည်နယ်-တိုင်း ဆိုတာ ကမ္ဘာဦးအစကတည်းက ရှိခဲ့တာမဟုတ်ဘဲ ၄၈ လွတ်လပ်ရေးနောက်ပိုင်းမှ တည်ထွင်ဖန်တီးထားတာဖြစ်လို့ ကျနော်တို့ စဉ်းစားမှုတွေဟာ ဒီကန့်သတ်ချက်ဘောင်ကို ကျော်ဖို့လို ပါတယ်။)
၁၉၄၆ ဇန်နဝါရီလ ရွှေတိဂုံအလယ်ပစ္စယံမှာလုပ်တဲ့ ဖဆပလ ပထမညီလာခံမှာ ဒီးဒုတ်ဦးဘချိုတင်တဲ့ “တိုင်းရင်းသားလူနည်းစုအရေး” အဆိုထဲမှာလည်း -
၁။ ဘာသာတရား လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုရမည်။
၂။ ယဉ်ကျေးမှု လွတ်လပ်မှုရှိရမည်။
၃။ စီးပွားရေးအခွင့်အရေး တန်းတူရမည်။
၎။ ဗမာနိုင်ငံအသင်း တည်ထောင်ရာ၌ လူမျိုးတိုင်း သဘောတူလွတ်လပ်စွာ တည်ထောင်ရမည်။ ဤသို့တည်ထောင်ရာ၌ မိမိတို့ကံ ကြမ္မာ မိမိဖာသာ ဖန်တီးနိုင်ခွင့် အားပေးရမည်။ ခွဲလိုတဲ့အခါ ခွဲခွင့်ရှိကြောင်း ကတိပြုရမည်။
- လို့ပြောခဲ့တယ်။ ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ပါဝင် ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံမူကြမ်းဟာ ဗကပ ဒုတိယကွန်ဂရက်နဲ့ ဖဆပလပထမညီလာခံကမူတွေကို အခိုင်အမာ ထည့်သွင်း ချမှတ်ထားတဲ့ စံပြဖွဲ့စည်းပုံဥပဒေဖြစ်ပါတယ်။ ပင်လုံစာချုပ်မှာ ခွဲထွက်ခွင့် ထည့်မထားခဲ့ပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းက ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေထဲထည့် အာမခံချက်ပေးခဲ့တယ်။ ဒါပေမဲ့ အများသိကြ တဲ့အတိုင်း ဗိုလ်ချုပ် တို့လုပ်ကြံခံရပြီးနောက် တိုင်းပြုပြည်ပြု လွှတ်တော်ထဲမှာ ဒီဖွဲ့စည်းပုံမူကြမ်းကို လုံးဝ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ဖက် ဒရယ်ဆန့်ကျင်ရေးသမားတွေဖြစ်ကြတဲ့၊ ရွေးကောက်ခံ တိုင်းပြုပြည်ပြု လွှတ်တော်အမတ် လည်းမဟုတ်တဲ့ ဝတ်လုံဦးချန် ထွန်း၊ ဦးဘဦး (ဆရာစံကိုကြိုးပေးခဲ့တဲ့ တရားသူကြီး၊ နောင်မှာ ဗမာပြည်သမတတောင် ဖြစ်လိုက်သေး) နဲ့ ဒေါက်တာ ဘဟန် (ဒေါက်တာဘမော်ရဲ့အစ်ကို)၊ ရွေးကောက်ခံ တိုင်းပြုပြည်ပြု လွှတ်တော်အမတ် ဖဆပလဦးကျော်ငြိမ်းတို့က ဦးနုရဲ့ ထောက်ခံမှုနဲ့ ပြင်ပစ်နိုင် ခဲ့တယ်။ ဒါဟာ ဒီကနေ့နောက်ဆုံး နအဖရဲ့ ၁ဝ၄ ချက် ဖွဲ့စည်းပုံဆီ ဦးတည်သွားစေခဲ့တဲ့လမ်းစပါဘဲ။

No comments:
Post a Comment