.

.

.

September 18, 2008

စိတ်ဓာတ်မြှင့်တင်ရေး - အပိုင်း(၁)

ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆက်စပ်နေပုံ၊ စိတ်ဓာတ်က အရေးကြီးပုံနဲ့ အဲဒီ စိတ်ဓာတ်တွေကို ဘယ်လို မြှင့်တင်ရမလဲဆိုတာ စာဖတ်ပရိသတ်များ ဗဟုသုတရရှိစေရန် ကျွန်တော် ကိုဖိုးတရုတ်က ဒီကနေ့ တင်ဆက်ပေးလိုက်ပါတယ်။ စိတ်ဓာတ်စစ်ဆင်ရေးဟာဆိုရင် ဒီကနေ့ ကမ္ဘာမှာ အဓိကအရေးပါတဲ့ အခန်းကဏ္ဍတခုအဖြစ် ရပ်တည်နေတာကြောင့် အခုဖော်ပြလိုက်တဲ့ အကြောင်းအရာတွေကလည်း အကျိုးပြုမယ်ဆိုတာ ကျွန်တော် ကိုဖိုးတရုတ်က ယုံကြည်ပါတယ်။ စိတ်ဓာတ်မြင့်မှ လူမျိုးမြင့်မည် ဆိုတဲ့ စကားပုံဟာလည်း အထင်အရှား သာဓကအနေနဲ့ ရှိနေပြီ ဖြစ်ပါတယ်။

လူဟာ စိတ်နှင့် ရုပ် နှစ်ခု တွဲနေတဲ့ သတ္တ၀ါ တစ်ဦး ဖြစ်တော့ ရုပ်ကို ထိခိုက်လျှင် စိတ်ကို ထိခိုက်ပြီး စိတ်ကိုထိခိုက်လျှင်လည်း ထို့အတူ ရုပ်ကို ထိခိုက်တယ်။ ဒါပေမဲ့ စိတ်နှင့် ရုပ် ဘယ်ဟာက ပိုပြီး အရေးကြီးသလဲ၊ ဦးဆောင်သလဲ စီစစ်လိုက်တဲ့အခါ စိတ်ကသာ အရေးကြီးပြီး ဦးဆောင်နေတာကို တွေ့ရပေတယ်။ စိတ်ဓာတ်မြှင့်တင်ရေးမှာ ကိုယ်ကျင့်တရား ကိုလည်း အထူးပင် ကောင်းမွန်အောင် လုပ်ဖို့လိုပါတယ်။ မောဟဖိစီးနေတဲ့အခါ ဒေါသဖိစီး နေတဲ့အခါ လောဘဖိစီး နေတဲ့အခါ စိတ်ထားဟာ မမှန်နိုင်တော့ အဲဒီလိုအခါမျိုးမှာ စိတ်ဓာတ်ကြည်လင်ဖို့ မြင့်မြတ်ဖို့ မလွယ်ကူပါ။ စိတ်ဓာတ်မြင့်မြတ်အောင် လုပ်တဲ့အခါမှာ ကိုယ်ကျင့်တရားတွေဟာ အထူးဘဲ အရေးကြီးလာ ပါတယ်။ ပတ်ဝန်းကျင်ဟာလဲ အထိုက်အလျောက် အရေးကြီးလာပါတယ်။ ကိုယ့်ကျင့်တရားလို့ ပြောတဲ့အခါမှာ ဘယ်လို ကိုယ်ကျင့်တရား များ စောင့်ထိန်းရမလဲလို့ ရှာကြည့်လျှင် ဘယ်လို ကိုယ်ကျင့်တရား မဆို လူတို့နှင့် သက်ဆိုင်သမျှဆိုလျှင် ငါးပါးသီလထဲကို အကျွမ်းဝင်သွားတာ ချည်းဘဲ တွေ့ရပေလိမ့်မယ်။

ရှေးအခါက မှန်ကန်တဲ့တရားတွေ မပေါ်မီလူတွေဟာ ဘယ်လို ကိုယ်ကျင့်တရားတွေဟာ မှန်တယ်ဆိုတာ တွေ့ဖို့ အတော်ဘဲ ရှာဖွေကြရတယ်။ အချို့ က ကိုယ်ကြိုက်လျှင် မှန်တယ်၊ တချို့ က စဉ်းစားဆင်ခြင်ပြီး တွေးဆယူတာမှ မှန်တယ်အစရှိသည်ဖြင့် ယူဆတွေးခေါ်ခဲ့ကြတယ်။ သို့သော် သဗ္ဗညုတဥာဏ်ကို ရသူများ မဟုတ်တော့မှန် သင့်သလောက်သာ မှန်ပြီး တကယ့်အမှန်တရားကိုတော့ မတွေ့နိုင်ခဲ့ကြဘူး။ ဗုဒ္ဓမြတ်စွာဘုရား အထင်အရှား ပွင့်တော်မူခဲ့ပြီး တရားဒေသနာတော်တွေကို ဟောကြားတော်မူခဲ့တော့ လူ့ကျင့်ဝတ္တရား တွေ၊ မင်္ဂလာတရားတွေမှ စပြီး သုတ်ဝိနည်း၊ အဘိဓမ္မာ ဒေသနာတွေကို ဖြာပြီး ဟောခဲ့တော့ ကိုယ်ကျင့်တရား နှင့် စပ်ဆိုင်တဲ့ ငါးပါးသီလဟာ နယ်ကျဉ်းသလိုလိုဖြစ်နေတာတောင် တွေ့ရပေတော့တယ်။ သို့သော် လူ့လောကမှာ ငါးပါးသီလ နှင့် ဥပုသ်နေ့များတွင် ရှစ်ပါး၊ ကိုးပါး၊ ဆယ်ပါးသီလတို့ကို ထပ်မံဖြည့်စွက် ဆောက်တည်နိုင်ခဲ့ပါက မိမိကောင်းကျိုးသာမက အခြား လူများ၏ ကောင်းကျိုးပါ စွမ်းဆောင်နိုင်ပြီး စိတ်ဓာတ်လည်း အခြေခံအနေနှင့် အတော်ပင် မြင့်မြတ်လာပါလိမ့်မယ်။

ဝိနည်းတော်တွေကို တကယ်တမ်း စောင့်ထိန်းနိုင်တဲ့ သံဃာတော်မြတ်တွေဟာ စိတ်ထားလွန်စွာ ဖြူစင်နိုင်တဲ့ မြင့်မြတ်နိုင်တဲ့ အခွင့်အရေးကြီးကို လက်ကိုင်ထား ရှိနေပါတယ်။ ဗုဒ္ဓရဲ့ တရားတော်တို့ကို သီလသမာဓိ ပညာ ဟု အဆင့်ဆင့် ခွဲထားတော့ သမာဓိနဲ့ ပညာစခန်းကို မတက်လှမ်းမီ ကိုယ်ကျင့်တရား တည်းဟူသော သီလ စခန်းက အခြေခံမှ နောင်ရလာမဲ့ သမာဓိဟာလဲ ခိုင်မြဲပြီး ပညာဥာဏ်ဟာလဲ ကြီးကျယ်နိုင်ပေလိမ့်မယ်။ ဘယ်အရာမျိုးကို ဖြစ်ဖြစ် လွှမ်းမိုးနေတဲ့ လောဘ ဒေါသ မောဟမီးတွေကို မိမိမှာရှိတဲ့ ဥစ္စာကို အနည်းအများ သူတပါးအား ခွဲဝေပေးခြင်း၊ ကိုယ်ကျင့်တရား နှင့် စပ်ဆိုင်တဲ့သီလတို့ကို ဆောက်တည်ခြင်း၊ သတိတရားကို အထူး စိုက်ထားရတဲ့ သမထ၊ ၀ိပဿနာကျင့်စဉ်တို့ကို တတ်နိုင်သလောက် ကျင့်ပေးခြင်းဖြင့် ခုနက ပြောခဲ့တဲ့ မီးသုံးမီးကို အနည်းအများ လျော့နိုင်ပေလိမ့်မယ်။ ယခုလက်ရှိ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ စစ်အုပ်စုတွေဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပေမဲ့ လောဘ၊ ဒေါသ၊ မောဟ မီးတွေ တောက်လောင်နေပြီး ကိုယ်ကျင့်တရားတွေ ပျက်ပြား သာသနာတော်ကို ညှိးနွမ်းအောင် လုပ်ဆောင်နေကြတာဟာ စိတ်ဓာတ်ရေးရာ ယုတ်ညံ့ဆုံး ဖြစ်နေ ကြတာကို တွေ့နေရပါတယ်။

ဗုဒ္ဓရဲ့ တရားတော်တွေဟာ နက်နဲလွန်းတော့ လာမေးကြတဲ့ အနောက်နိုင်ငံက ပုဂ္ဂိုလ်များမှာ စိတ်ညှိဖန်တီးတဲ့ Hallucination နှင့် ၀ိပဿနာဥာဏ်စဉ်တွေကို အတူတူဘဲ ထားလို့ မေးကြတယ်။ ယောဂီ ကမ္မဌာန်းတွေ နှင့် သမထအတူတူဘဲလားလို့ မေးကြတယ်။ နောက်ရဟန္တာဆိုလျှင် ကောင်းကင်ပျံနိုင် ပါသလား အစရှိသဖြင့် မေးခွန်းအမျိုးမျိုးတွေ မေးကြလွန်းလို့ ကျွန်တော် တင်ပြလိုတာက စိတ်ပညာကို အခြေခံပြီး စိတ်ညှိပညာတွေ ယောဂီကမ္မဌာန်း ပညာတွေ သမထဈာန်ခန်းတွေနှင့် ၀ိပဿနာဥာဏ်ခန်းတွေကို ကျွန်တော် ဥာဏ်မှီသလောက် စိတ်ဓာတ်မြှင့်တင်ရေး လုပ်ငန်းတွင် တခုစီတခုစီ အဆင့်ဆင့် တင်ပြလိုပါတယ်။ အဲဒီတော့မှာလဲ အမျိုးမျိုး မေးလိုတဲ့ မေးခွန်းတွေဟာ ဖြေပြီးသား ဖြစ်သွားပါလိမ့်မယ်။ ဒီနေ့ စိတ်ဓာတ် မြှင့်တင်ရေး အပိုင်းမှာ အနောက်နိုင်ငံက လက်တွေ့စိတ်ပညာ ဆရာကြီးများရဲ့ အယူအဆကို မူထားပြီး တင်ပြပါတော့မယ်။ အနောက်နိုင်ငံ လက်တွေ့ဆရာကြီးများ အယူအဆ အတိုင်းဆိုလျှင် လူ့စိတ်ကို အထပ်နှစ်ထပ် အနေနှင့် ယူဆထားကြပါတယ်။ ဥပမာ တင်ပြရလျှင် ပင်လယ်ပြင်၌ ပေါ်နေသော ကျွန်းတခု သဖွယ်ဖြစ်တယ်လို့ ဆိုကြတယ်။ ရေပေါ်မှာ ပေါ်နေတဲ့ မြေအစိုင်အခဲကတထပ် ရေအောက်ပင်လယ် အောက်ခြေအထိ တည်ရှိနေတဲ့ မြေထုအပိုင်းက တထပ်လို့ ယူဆတယ်။ ဒါကြောင့် ရေပေါ်မှာ ပေါ်နေတဲ့ အပိုင်းကို အပြင်စိတ် ရေအောက်မှာ ရှိတဲ့အပိုင်းကို အတွင်းစိတ်ဆိုပြီးတော့ ခွဲထားကြပါတယ်။ အပြင်စိတ်ဟာ အပြင်ဘက်မှာ ရှိတဲ့ အာရုံငါးပါး တံခါးနှင့် ဆက်သွယ်ပြီး အတွင်းစိတ်မှာတော့ စိတ်အာရုံတပါးနှင့်ဆက်သွယ် နေပါတယ်။ အကယ်၍များ ဒီအတွင်းစိတ်မှာ ရှိတဲ့ တန်ခိုးတွေကို အပြင်စိတ်သို့ ထုတ်ဖော်ပေးနိုင်မယ်ဆိုရင် လူတယောက် ဟာ ဘာမဟုတ်တဲ့ဘ၀မှ နေပြီး ထူးချွန်တဲ့လူ ၊ထိပ်တန်း ရောက်လာတဲ့လူ ၊ကမ္ဘာကျော်တဲ့လူ ဖြစ်လာနိုင် ပါတယ်။

ခုနက ပြောခဲ့တဲ့ ပင်လယ်ရေပေါ်မှာ ပင်လယ်ရေအောက်ခြေအထိ ပေါ်ထွက်လာနိုင်လျှင် ခုနက တင်ပြခဲ့တဲ့ ကျွန်းဟာ အင်မတန်မြင့်မားတဲ့ တောင်ကြီးပမာဖြစ်လာနိုင်လိမ့်မယ်။ ဒီနေရာမှာ ဗုဒ္ဓစိတ်ပညာမှာတော့ စိတ်ဟာ အစဉ်သာရှိ၏။ ယခုကဲ့သို့ စိတ်တခု အပေါ်တခု အောက်တခု ရှိတယ်လို့ မတွေ့ရပါ။ နောက်ဆက်လက် တင်ပြသွားတဲ့အခါမှာ ပိုမိုပြီး ခက်ခဲနက်နဲတဲ့ အယူအဆတွေဟာ ရှင်းလင်းလာပါလိမ့်မယ်။ အနောက်နိုင်ငံပညာလေ့လာသူလူတွေဟာ ဘယ်ပညာကို မဆို စနစ်တကျ လေ့လာတတ်တဲ့ အလေ့ရှိတယ်။ ဒီတော့ သူတို့ ယူဆတဲ့ လက်တွေ့စိတ်ပညာကိုလဲ ဆက်လက်တင်ပြပါမယ်။

သူတို့ အဖို့ သူတို့နည်းနှင့် စိတ်ကို ခိုင်မာအောင် စိတ်ကို မြင့်မြတ်အောင် လုပ်ကြတယ်။ သူတို့ အယူအဆက လူတယောက်ဟာ မိမိလိုချင်တောင့်တခြင်းတွေကို အတွင်းစိတ်ကိုသာ ဆက်ပေးနိုင်မယ်ဆိုရင် အတွင်းစိတ် ကိုဆက်ပေးနိုင်သလောက်အားပေါ်မှာ မှီပြီး မိမိလိုချင်တာတွေဟာ ဖြစ်လာနိုင်မယ်လို့ ယူဆကြတယ်။ ဒါကြောင့် စိတ်ဓာတ်မြှင့်တင်ရေးမှာ ဘယ်အချိန်အခါမှာ ဘယ်လိုနည်းနှင့် အတွင်းစိတ်ကို မိမိလိုချင်တဲ့ ဆန္ဒနှင့် ဆက်သွယ်ရမယ်ဆိုတာကို နောက်ဆက်လက်ပြီး တင်ပြပါမယ်ခင်ဗျား။

No comments: