ထောက်လှမ်းရေးတပ်ကြပ်ကြီးဟောင်း တစ်ဦးက ကပ္ပိယဦးတင့် ကလောင်နံမည်နဲ့ ကျွန်တော် ကိုဖိုးတရုတ်ထံ ဆောင်းပါး တစ်ပုဒ်ပေးပို့လာပါတယ်။ ထိပ်ပိုင်းစစ်အာဏာရှင်တွေရဲ့  ပန်းမြိုင်လည်က ကိုယ်တွေ့ အဖြစ်အပျက်မှန်တခုကို ရေးသားပေးပို့လာတဲ့ ကပ္ပိယဦးတင့်အား ကျွန်တော် ကိုဖိုးတရုတ်က အထူး ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါတယ်။
ဆောင်းပါးရှင် - ထောက်လှမ်းရေး တပ်ကြပ်ကြီးဟောင်း ကပ္ပိယဦးတင့်
(၅၆) နှစ်မြောက် တပ်မတော်နေ့တွင် ရယ်စရာ တစ်ခုဖြစ်ခဲ့ဖူးပါသည်။ ဘုရားရိုက်ခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ ၁၉၉၇ ခုနှစ် သံဃာကံဆောင်ပွဲ ဦးဆောင်ဆရာတော်များကို အတင်းဖမ်းဆီး ချုပ်နှောင် နှိပ်စက်မှုများ ကြောင့် ဒါဏ်သင့်ခြင်း (သို့မဟုတ်) သတိပေးခြင်းလည်း ဖြစ်နိုင်ပါသည်။
အဆိုပါ ၁၉၉၈ ခုနှစ် မတ်လ(၂၅) ရက်နေ့တွင် ကမ္ဘာအေး မဟာပါရာဏ လှိုင်ဂူတော်၌ ကြောင်သူတော် သန်းရွှေ နှင့် အပေါင်းအပါ တို့သည် နိုင်ငံတော်သံဃာ့မဟာနာယက ဆရာတော်များအား ဘွဲ့တံဆိပ်တော်များ ဆပ်ကပ် ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှုပွဲကို ခြိမ့်ခြိမ့်သဲ ဆင်နွှဲပြီး ငါဟဲ့..... ဘုရားဖြစ်မဲ့ အုတ်နီခဲ ဟု မော်ကြွားနေခဲ့ကြပါသည်။ ထို့ပြင်မက ပြည်သူများအမြင်မှားပြီး ၄င်းတို့အား ဘုရားထူးစေရန်အတွက် မတ်လ (၂၆) ရက်နေ့တွင် ဘွဲ့ခံဆရာတော်များအား ဗိုလ်ချုပ်ရှူးကြီးဦးစီး၍ နေ့ဆွမ်းဆပ်ကပ်ပွဲကျင်းပခဲ့ပါသည်။ ဆွမ်း ဆက်ကပ်ပွဲနေရာသည် ပုံမှန်အတိုင်း ရွှေတိဂုံတောင်ဖက်မုဒ်အနီး တပ်မတော် ဓမ္မာရုံတွင် ပြုလုပ်ခဲ့ပါသည်။ ဆွမ်းချက်ရေး ကိစ္စရပ်များအား နှစ်စဉ် တပ်မတော်ထောက်လှမ်းရေးမှ စီစဉ်ချက်ပြုတ်ခဲ့သော်လည်း အဆိုပါ နှစ်တွင် (လှမ်းကို မယုံ၍လားမသိ) တပ်မ (၁၁) အား ချက်ပြုတ်ခိုင်းခဲ့ပါသည်။ လှမ်းအဖွဲ့များသည် နေရာတကာ ဧည့်ခံရေး၊ ချက်ပြုတ်ရေး၊ Expert များဖြစ်ကြသော်လည်း ထိုနှစ်တွင် ချက်ပြုတ်ခွင့်မရရှိတော့ပါ။ သို့ရာတွင် ဧည့်ခံရာတွင် တပ်မ (၁၁) အနေဖြင့် ဗိုလ်ချုပ်မှူးကြီးကဲ့သို့ ပုဂ္ဂိုလ်အား ဧည့်ခံရန် တုန်လှုပ်ချောက်ခြားစွာဖြင့် တာဝန်ယူရပါသည်။ ထိပ်ပိုင်း (၁၀) ၀ိုင်းတွင် ပထမဦးဆုံး ဆရာတော်များ ၁၀ ၀ိုင်း ဘုန်းပေးပြီးပါက ဒုတိယအကြိမ် ထပ်မံပြင်ဆင်ကာ ဗိုလ်ချုပ်မှူးကြီးတို့အား ဧည့်ခံပေးရမည် ဖြစ်ပါသည်။ ထိုဧည့်ခံဖို့ တာဝန်များအား လှမ်းမှပင် တာဝန်ယူပေးရန် တပ်မ (၁၁) က တောင်းဆိုလာပါသည်။ ထိုကြောင့် ဗိုလ်မှူးကြီး မြင့်အောင်ကျော်မှ ဧည့်ခံရေးအဖွဲ့ ဖွဲ့စည်းတာဝန်ယူခဲ့ရပါသည်။ ကကလှမ်းသည် ထိုတာဝန်အား ပေါ့ပါးစွာပင် ထမ်းဆောင်ပေးခဲ့ပါသည်။ ထိုနှစ်တွင် ကကလှမ်း သက်သာခဲ့ရပါသည်။ မှားယွင်းမည်ကို စိုးရိမ်ကြီးစွာဖြင့် ထိုတာဝန်ကို ထမ်းဆောင်ခဲ့ရသည့် တပ်မ (၁၁) အတွက်သာလျှင် တိုက်ပွဲ (၁၀၀) နှင့် လဲချင်စိတ်ပေါက်စေသည့် တာဝန်ဖြစ်ခဲ့ ရပေသည်။ ထိုစဉ်က တပ်မမှူးသည် တပ်မှူးချုပ် မြင့်ဆွေ ဖြစ်သော်လည်း တပ်ချုပ်ကြီး ဘေးတွင်သာ နေနေရသဖြင့် ဒုတပ်မမှူး ဗိုလ်မှူးကြီးတစ်ဦးမှ ကွပ်ကဲခဲ့ရပါသည်။ တပ်မ (၁၁) သည် ဆန်၊ အသီးအရွက်၊ သားငါးပုဇွန်များ၊ ငပိ၊ ပဲပုတ်စသည့် အားလုံးကို ကျန်းမာရေးစစ်ဆေးခြင်း၊ အစာနမူနာများ ရယူခြင်း၊ ကြိုတင် စားသောက်ကြည့်ခြင်းများ လုပ်ဆောင်ခဲ့ပါသည်။ သို့ဖြင့် (၂၆) ရက်နေ့ နံနက် (၉း၃၀)နာရီ တွင် ဆရာတော်ဘုရားထံမှ တရားနာကြားပြီးနောက် သံဃာတော်များအား လှူဖွယ်ဆပ်ကပ်ခြင်း လုပ်ဆောင်ပါသည်။ ထို့နောက် ဆွမ်းဆပ်ကပ်ခြင်း ပြုလုပ်ပါသည်။ ဆရာတော်များသည် ဆွမ်းဆပ်ကပ်ပြီးနောက် ပြန်လည်ကြွချီ ခဲ့ကြသည်နှင့် ဗိုလ်ချုပ်မှူးကြီးနှင့် အပေါင်းအပါများသည် ၀ိုင်းသစ်များ တည်ခင်းကာ အားပါးတရ နေ့လည်စာ စားသောက်ကြပါသည်။ ၄င်းတို့ စားသောက်နေစဉ် ဒဂုံရိပ်သာ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်မှူးကြီးနောက်က ဖြတ်လျှောက်စဉ် သောက်ရေကရားနှင့် ရေနွေးဗန်းအား တိုက်ချလိုက်ရာ “ဂွမ်း” ဟူသော အသံကြီးကြောင့် ဗိုလ်ချုပ်မှူးကြီးမှ လန့်ဖျတ်လှည့်ကြည့်ပြီး “သြော်.... တင်မောင်... ကိုး” ဟု ရေရွတ်ရင်း မိမိကိုယ်ကို ပြန်နှစ်သိမ့်ခဲ့တာတွေ့ရပါသည်။
နောက်တစ်ဦးကလည်း ထိုကဲ့သို့ ဖြစ်ပွားလေရာ လှည့်ကြည့်လိုက်ကြတော့ စစ်ထောက်ချုပ် တင်အောင်မြင့်ဦး ဖြစ်နေလေသည်။ “ကိုတင်အောင်မြင့်ဦးကလည်း မျက်မှန်ကြီး တပ်ထားပြီးတော့ မြင်တောင် မမြင်ဘူး” ဟု အကြောက်ပြေ ရယ်သွေး သွမ်းလိုက်ရပြန် တာတွေ့ရပါသည်။ ထို့နောက် ၄င်းတို့ လူသိုက်သည် သူများ မကောင်းကြောင်း ကိုယ်ကောင်းကြောင်းများ ရယ်မောပြောဆိုကာ ထွက်ခွာသွားကြသဖြင့် တပ်မ (၁၁) နှင့် ဧည့်ခံရေးလှမ်းအဖွဲ့များ တတိယအကြိမ် ၀ိုင်းများဝိုင်းကာ စားသောက်ပြီး ပျော်ရွှင်စွာပြီးဆုံးခဲ့ကြပါသည်။ အဲ..ပြဿနာမှာ ညလည်မှ စကြပါသည်။
အားလုံး... သတိ.. ပန်းပြီးရင် လျှောဖို့ဘဲရှိ - အပိုင်း(၁)

No comments:
Post a Comment