.

.

.

September 21, 2008

သင်္ခါရ တရား နဲ့ စစ်အာဏာရှင်များ - အပိုင်း(၁)

ပြည်တွင်းမှ အထူးသတင်းများ

စာဖတ်သူများခင်ဗျား

ပြည်တွင်းက စစ်ဖက်နဲ့ နီးစပ်သူများက အကျယ်ချူပ်ကျခံနေရတဲ့ ဗိုလ်ချုပ်ကြီးခင်ညွှန့်ရဲ့  အခြေအနေ ကိုကျွန်တော် ကိုဖိုးတရုတ်ထံ ပေးပို့လာတဲ့အတွက် ကျေှးဇူးတင်ရှိကြောင်း ဦးစွာပြောကြား လိုပါတယ်။ ဒီနေ့ လျှမ်းလျှမ်း တောက်နေတဲ့ စစ်အာဏာရှင် ပေါက်စလေးတွေလည်း သင်္ခါရတရား ကို နမူနာယူကြဖို့ လိုကြောင်းနဲ့ နောက်နေ့တွေမှာ အထူးသတင်းတွေအဖြစ် ဆက်လက် တင်ပြသွားမှာ ဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။

ဗိုလ်ခင်ညွှန့် လျှမ်းလျှမ်းတောက် တန်ခိုးအာဏာထွားခဲ့စဉ်က ကကကြည်းကို ကိုင်ထားတဲ့ ဗိုလ်မောင်အေး အနေနဲ့ တိုင်းမှူးတွေကို “မင်းတို့ ထောက်လှမ်းရေးက ခိုင်းတိုင်း လိုက်မလုပ်နဲ့” လို့ မှာကြားထားတဲ့ကြားထဲက တိုင်းမှူးတွေဟာ ဗိုလ်ခင်ညွှန့်ကို ကြောက်ရွံ့ကြလို့ ကက(လှမ်း)နဲ့ ကက(ကြည်း) စစ်ဦးစီး (ဗိုလ်မှူးချုပ်) စစ်ဆင်ရေးတို့ တိတ်တဆိတ် ညှိနှိုင်းကာ အောက်ခြေမှာ နားလည်မှု ယူ ကာလုပ်ပေးကြ ရတယ်လို့ သိရှိရပါတယ်။ ရမခတိုင်း သို့ စစ်သံမှူးများနဲ့ နိုင်ငံတကာ က သံတမန်များ သွားရောက်လည်ပတ်တဲ့ ခရီးစဉ် တစ်ခုမှာ ကက(လှမ်း)က ကက(ကြည်း)ရဲ့  အရှိန်အ၀ါကို ဗိုလ်မောင်အေး မသိလိုက်ရဘဲ အသုံးပြုခဲ့ပါတယ်။ အခုအချိန်မှာတော့ ဗိုလ်ချုပ်ကြီး ခင်ညွှန့်ဟာ လှောင်အိမ်ထဲက ငှက်ငယ်လေးသဖွယ် အကျယ်ချူပ် စံမြန်းနေရတာဟာဖြင့် တရား ကျစရာ ကောင်းလှပါတယ်။


ဗိုလ်ချုပ်ကြီးခင်ညွှန့်ဟာ နအဖ အဖွဲ့အတွင်း တန်ခိုးအာဏာ အထက်ဆုံးလို့ ပြည်တွင်းက သတ်မှတ် ခဲ့ကြပါတယ်။ သူ့လက်သူ့ခြေနဲ့ ၁၉၈၈ မှ ၂၀၀၃ ခုနှစ်ထိ နေရာပေး ခံရသူ ဖြစ်ပါတယ်။ ဦးနေ၀င်းရဲ့  မြေး ဇွဲနေ၀င်းတို့ ကိစ္စနဲ့ စပ်လျဉ်းပြီး အာဏာရှင် ဗိုလ်သန်းရွှေက စတင်အညှိုးထားခဲ့ရာမှ ဗိုလ်ခင်ညွှန့် “နေ၀င်” မှု စတင်ခဲ့ပါတယ်။ ပုဂံရှိ ဘုရားတဆူကို ဗိုလ်ခင်ညွှန့် ဦးစီးလုပ်တဲ့ ဘုရားကြီး ထီးတင်ပွဲမှာ ဘုရားထီး တည့်တည့် အနောက်ဘက်က တိုက်ဆိုင်စွာဖြင့် “နေ၀င်” သွားသည့် နိမိတ်ဆိုးများ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒေသဖွံ့ဖြိုးရေး စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းခွင် တခွင်မှာ စစ်ဆေးနေခိုက် ဗိုလ်ခင်ညွှန့်ဟာ သူသွားရမဲ့ လျာထားတဲ့ လမ်းကြောင်းအတိုင်း မသွားဘဲ ဘုန်းကံနိမ့်စေမဲ့ တန်းအောက်တွေ ရှိတဲ့ လမ်းကြောင်းကို ဖြတ်သွားမိပါတယ်။ ယခုတော့ ဗိုလ်ခင်ညွှန့်ကို ရန်ကုန်မြို့  (၉) မိုင် ရွှေနှင်းဆီလမ်းရှိ ဗိုလ်သန်းရွှေရဲ့  တပ်မမှူးဘ၀က ရထားတဲ့ ခြံမှာ အကျယ်ချုပ် ထားတယ်လို့ သိရပါတယ်။ အဲဒီအိမ်ရဲ့  ရှေ့ လမ်းမှာ အရှိန်တား ဘုတုံး (၂) တုံး ခင်းထားပြီး ခြံစည်းရိုးအတွင်း မထွက်ပြေး စေဖို့ မီးဆလိုက် တစ်ခုကို ညဘက်မှာ ထွန်းညှိုထားပါတယ်။ ဗိုလ်ခင်ညွှန့် က ဘုန်းကြီး (၉) ပါး ဆွမ်းကပ်ချင်လို့ ခွင့်တောင်းချိန်မှာ ဗိုလ်သန်းရွှေက ယတြာချေမှာ စိုးရိမ်လို့ (၉)ပါး အစား (၃) ပါးသာ ခွင့်ပြုခဲ့ပါတယ်။ သွားရောက်ခဲ့တဲ့ ဆရာတော်ကြီး တစ်ပါးက ဆွမ်းကပ်ခံရချိန်မှာ အချိုပွဲ ချိုတဲ့စွာ ကပ်နေရတဲ့ ဗိုလ်ခင်ညွှန့်ကို မြင်ရလို့ သင်္ခါရ တရားကျလှကြောင်း၊ မင်းမှုထမ်း ကမ်းနားသစ်ပင် ဖြစ်ကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။ ဗိုလ်ခင်ညွှန့် ဆံပင်တွေဟာ ယခင်က အရောင်ဆိုးထားပြီး ယခုအခါ မဆိုးနိုင်ဘဲ တခေါင်းလုံး ဖြူဖွေးနေတဲ့အပြင် နေ့စဉ် တရားထိုင်နေရတဲ့ သူ့ဘ၀၊ ရဲတပ်ရင်းမှ စောင့်ကြပ်မှုနဲ့ အချုပ်ခံနေရတဲ့ ဘ၀ထဲမှာ မမြင်ရက်နိုင်စရာ၊ မကြည့်ရက်နိုင်စရာ သိမ်ငယ် နွမ်းပါးနေလို့ စုတ်တသတ်သတ်နဲ့ တရားကျလှစရာ ကောင်းကြောင်း ပြည်တွင်းက ပေးပို့သူရဲ့  ဆန္ဒအတိုင်း တင်ပြပေးလိုက်ရပါတယ်။

5 comments:

Unknown said...

ကျနော်က တောသားတစ်ယောက်မို့လို့ ကွန်မဲ့ မရေးတတ်ပါဘူး။ ဒီဆိုက်ပေါ်မှာ ရေးထားတဲ့ဆောင်းပါးတွေဟာ မသိစိတ်က အမှန်တရားတွေဖြစ်ကြောင်း ပြောနေပါတယ်။ အလွန်ကောင်းပါတယ်။ ဒီလို အဖြစ်မှန်တွေကို သံဝေဂလေးရအောင် အမြဲမပြတ် တင်ပြပေးနိုင်ပါစေလို့။

Jackel said...

ဒီပို့စ် ခေါင်းစဉ်ကိုမြင်ပီး ကျွန်တော်မျှော်လင့်ထားမိတာက ဗိုလ်ခင်ညွန့် ဘာလို့ ကျရှုံးရတယ်။ ဘာဗျူဟာ မှားသွားတယ်။ အရာရာ သိနေခဲ့တဲ့ သူ့ထောက်လှမ်းရေး ယန္တရားဟာ သူ့မှာ အန္တရယ်ရှိနေခဲ့တာကို အသိမပေးနိုင်ခဲ့ဘူးလား။ သူ့မှာလဲ တစ်စုံတစ်ရာ တုံ့ပြန်နိုင်တဲ့ အစွမ်းရှိလျက်နဲ့ ဘာကြောင့် ခုလို ကြက်လေးငှက်လေးလို အဖမ်းခံထိ ဖြုတ်ချခံရတာလဲ။ အဖမ်းခံထိပီးနောက်မှာ သူနဲ့ အစိုးရကြားဘယ်လိုညှိနှိုင်းမှုတွေရှိသလဲ. စသည်တွေကို လက်တွေ့ကျတဲ့ အမြင်တွေနဲ့ ခိုင်မာတဲ့သတင်းပေါ်အခြေခံတဲ့ အကြောင်းအရာတွေကို သိချင်တာပါ။ ခုလို ဘုန်းကံလျော့နိမ့်တာတွေ ထီးတင်တုံးနေ၀င်တာတွေ စတာတွေလို အခြေအမြစ်မရှိတဲ့ အယူသည်းမှုတွေအပေါ်ကို အခြေခံပီး အပေါ်ယံလေးသုံးသပ်ပြထားတာကိုမဟုတ်ပါဘူး။

ကိုအောင် said...

အရမ်းဖတ်သင့်တဲ့ စာပေတွေကို အခုလိုအပင်ပမ်းခံပြီး
ရေးသားပေးတဲ့ ကိုဖိုးတရုတ်ကို ကျေးဇူးတင်ပါတယ်။

ကိုဖိုးတရုတ် said...

အရင်ဆုံး ပြောချင်တာက ကိုအောင်ဆန်းအနေနဲ့ အခုလို ဆွေးနွေးပေးတာကို ကျေးဇူးတင်ပါတယ်ခင်ဗျား။ ဗိုလ်ခင်ညွှန့်ဟာ ဦးနှောက်ရှိလွန်းတာမို့ အသာတကြည် အဖမ်းခံခဲ့ရတာပါ။ ကိုအောင်ဆန်းသိလိုတဲ့ မေးခွန်းတွေ အားလုံးကို ကျွန်တော့် ဘာလော့ဂ်မှာ အရင်တုန်းက ရေးသားဖော်ပြ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ကိုအောင်ဆန်းအနေနဲ့ အခုမှ ကျွန်တော့်ဘာလော့ဂ်ကို ကြည့်ရှုလို့ ဒါမှမဟုတ် အရင်ကဖော်ပြခဲ့တာတွေကို သေသေချာချာ မလေ့လာမိလို့ မေးတယ်လို့ဘဲ ထင်ပါတယ်။ ဒါမှမဟုတ် ကိုအောင်ဆန်းက အပေါ်ယံ ရှပ်ပြီး ရမ်းသမ်း လေ့လာလို့ မသိတာ ဖြစ်ပါတယ်။

သူ့ကို မန္တလေးမှာ ဖမ်းတော့မယ်ဆိုတာကို သူ့တပည့် ထောက်လှမ်းရေးတပ်မှူးက ကြိုတင် သတင်းပို့ရက်သားနဲ့ ဗိုလ်ခင်ညွှန့် လက်မခံခဲ့တာကိုကြည့်ရင် ကိုအောင်ဆန်း အနေနဲ့ စဉ်းစားတွက်ဆနိုင်ပါတယ်။ ထပ်မံ ရှင်းပြလိုတာက ထောက်လှမ်းရေး ကို မုန်းနေတဲ့ လက်နက်အင်အား တောင့်တင်းတဲ့ ကြည်းတပ်အင်အားကို မယှဉ်သာလို့ ဗိုလ်ခင်ညွှန့်ဟာ စစ်ဗျူဟာကို အဆုံးထိ တွက်ဆထားပုံရကြောင်းနဲ့ ထောက်လှမ်းရေးက တပ်ကြပ်ကြီး တစ်ယောက်ကို ကြည်းတပ်က တပ်ရင်းမှူးက တွေ့ခွင့်တောင်းနေရတယ်ဆိုတာလည်း အရင်ဆောင်းပါးတွေမှာ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ကိုအောင်ဆန်းက စစ်နည်းဗျူဟာ မကျွမ်းကျင်တော့ နားမလည်တာကို ခွင့်လွှတ်ပါတယ်။ ဘာသာရေး အယူသည်းတာ မဟုတ်ဘဲ ကိုအောင်ဆန်း အနေနဲ့ ဗုဒ္ဓဘာသာကို စောင့်ရှောက်တဲ့ ၀ိဇ္ဇာ ရဟန္တာ နတ်ကောင်းနတ်မြတ်တွေက ဗိုလ်ခင်ညွှန့်အား ဆုံးမပညာပေးခဲ့တာ သဘောပေါက်နိုင်ပါတယ်။

ပြည်တွင်းမှ ဒီအကြောင်း ပေးပို့ခဲ့တဲ့ စစ်ဖက်နဲ့ နီးစပ်တဲ့ ကျွန်တော့် မိတ်ဆွေအနေနဲ့ ဗိုလ်ခင်ညွှန့်ကို စံနမူနာ ပြပြီး အာဏာယစ်မူးနေတဲ့ အာဏာရှင်တွေကို လက်အောက်ခံ တပ်မှူးများက တော်လှန်ပြီး ပြည်သူ့ဘက် ရပ်တည်အောင်ရယ်၊ သူတို့ရဲ့  အတွင်းဇာတ်လမ်းတွေ ဖော်ပြပြီး ဒီမိုကရေစီ လိုလားသူများ သုံးသပ်နိုင်ဖို့ရယ် စတဲ့ ရည်ရွယ်ချက်တွေနဲ့ တင်ပြခြင်းသာ ဖြစ်ပါတယ်။ အခက်အခဲကြားထဲက ပေးပို့တဲ့ သူတွေရဲ့ စေတနာကို သိမြင်ဖို့တော့ လိုပါတယ်ခင်ဗျား။

Jackel said...

ကိုဖိုးတရုတ်ခင်ဗျား ယခုလို ရှင်းပြတာကို ကျေးဇူးတင်ပါတယ်။ ဗိုလ်ခင်ညွန့် အဖမ်းခံရပုံ၊ လေယဉ်ဖြင့် ခေါ်လာစဉ် နံဘေးမှ တိုက်လေယဉ်ဖြင့် လိုက်ပါလာပုံ၊ ရန်ကုန် လေဆိပ်တွင် ကက (ကြည်း)မှ အရာရှိများနောက် မျက်စိမျက်နှာပျက်စွာ ပါသွားပုံတို့ကိုတော့ သတင်းဌာနများမှ ရေးသားသလောက် ဖတ်ဖူးပါတယ်ခင်ဗျား။

ဒီနောက်ပိုင်း သူ့သတင်းတွေလဲ သိပ်မကြားရပါ။ အတည်မပြုနိင်သော သတင်းများအရ သူဟာ စစ်အစိုးရနဲ့ နားလည်မှု တစ်စုံတစ်ရာ များယူထားလေသလား ဆိုပီး ထင်မိစရာ အကြောင်းများ ရှိလာပါသဖြင့် ကျွန်တော့ အနေနှင့် ထိုအရာကို ပိုသိလိုခြင်းသက်သက်မျှသာ ဖြစ်ပါတယ်။ ကိုဖိုးတရုတ် တို့မှ အတွင်းမှ ကြားသိရသော ရှားရှားပါးပါး အကြောင်းအရာများကို တင်ပြပေးနေသောကြောင့် စိတ်ဝင်စားစရာ ခေါင်းစဉ်လေးများတင်ထားလေတိုင်း လာဖတ်ဖြစ်ပါတယ်။ ယခု ပို့စ်ရဲ့ ရည်ရွယ်ချက်ကိုလဲ သိရပါသဖြင့် နားလည်သဘောပေါက်ပါကြောင်း...။