မြန်မာ့သမိုင်း တစ်လျှောက်မှာ မကြုံဖူးလောက်အောင် ဖိနှိပ်မှုတွေ ကြားထဲက ဖြစ်ပွားခဲ့တဲ့ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကြီးဟာ ဒီကနေ့မှာတော့ နှစ်ပတ်လည် ရောက်ခဲ့ပါပြီ။ ဒီကနေ့ ဒီအချိန် လွန်ခဲ့တဲ့ (၁) နှစ်ကဆိုရင် ဘုရားသား ရဟန်းသံဃာတော်များဟာ ပြည်သူလူထုရဲ့  ဆင်းရဲကြပ်တည်း ဒုက္ခရောက်မှုတွေကို စာနာ နားလည်ဂရုဏာ သက်မိပြီး စစ်အာဏာရှင်တွေကို ရဲရဲဝံ့ဝံ့ ပြည်သူလူထု ရှေ့ကနေ ထွက်ပြီး သပိတ်မှောက် ကံဆောင် တောင်းဆိုမှုပြုခဲ့ကြပါတယ်။ အဲဒီလို ငြိမ်းချမ်းစွာ အကြမ်းမဖက် မေတ္တာပို့ ဆုတောင်းခဲ့ကြတဲ့ ဘုရားသား ရဟန်း သံဃာတော်များကို စစ်ဘီလူးတွေက ရက်ရက်စက်စက် ပစ်ခတ်ဖမ်းဆီး ထောင်ချခဲ့ကြပါတယ်။ ကျွန်တော်တို့ မျိုးဆက်သစ်လူငယ်များနဲ့ ပြည်သူလူထုကြီးကတော့ ဒီ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကြီးကို ဘယ်တော့မှ မေ့ဖျောက်လို့ မရနိုင်တဲ့အပြင် ရင်ထဲ အသည်းနှလုံးထဲမှာလည်း စစ်အာဏာရှင်တွေကို မဖြစ်မနေ တော်လှန်ရမယ်ဆိုတဲ့ အမျိုးသားရေး တာဝန်ဟာ ကျောက်စာ ကမ္ဗည်းပမာ ခိုင်ခိုင်မာမာ မှတ်ကျောက်တင်ခဲ့ပါတယ်။ နောင်လာ နောင်သားတွေနဲ့ ပြည်သူလူထုတို့ရဲ့  စိတ်ဓာတ်အမြဲ နိုးကြား တက်ကြွစေဖို့ အရှင် ဦးသြဘာသ ကစက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကြီးမှာ ကိုယ်တိုင် ကြုံတွေ့ ခဲ့ရတဲ့ ဖြစ်စဉ်တွေကို ကျွန်တော် ကိုဖိုးတရုတ်ရဲ့  အီးမေးလ်သို့ ပေးပို့လာလို့ တင်ပြပေးလိုက်ပါတယ်။ ယခုလို ပေးပို့လာတဲ့ ဆရာတော် အရှင် ဦးသြဘာသအား ကျွန်တော် ကိုဖိုးတရုတ်မှ အထူးကျေးဇူးတင်ရှိပါတယ်။
ဆောင်းပါးရှင် - အရှင် ဦးသြဘာသ
ဦးဇင်း နံမည်ကတော့ ဦးသြဘာသ ဖြစ်ပါတယ်။ ဦးဇင်းဟာ ပဲခူးတိုင်းကဘုရားကြီး ကျောင်းထိုင် ဆရာတော် ဖြစ်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ် စက်တင်ဘာ (၂၅) ရက်နေ့မှာ ပဲခူး၊ သံဃာ လှုပ်ရှားမှုကို လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး အဖွဲ့မှ ပုဂ္ဂိုလ်နဲ့အတူ ဦးဇင်းတို့ စတင်လှုပ်ရှားရာမှာ လုံထိန်း (၅၀၀) ခန့် မြို့အနှံ့မှာ လုံခြုံရေးတွေ အပြည့်ချထားခဲ့တာတွေ့ရပြီး ရွှေမော်ဓော ဘုရားကိုလည်း ၀ိုင်းရံ စောင့်ကြပ်နေကြပါတယ်။ သံဃာတော်များလည်း ဆွမ်းခံတောင် မထွက်ရဲကြတော့ပါဘူး။ (၂၄) ရက်နေ့မှာ ခေါင်းဆောင် တချို့ကို ဖမ်းဆီး ထိန်းသိမ်းထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီနေ့ (၂၅) ရက်နေ့မှာ စတုတ္ထအကြိမ်လုပ်မဲ့ သံဃာဆန္ဒပြပွဲကို ဖျက်လိုက်ရပါတယ်။ အဲဒီနောက် ရန်ကုန်မြို့ ကို တက်ပြီး ဆန္ဒပြဖို့ သံဃာတော်များကို စတင် စည်းရုံး လှုံဆော်ခဲ့ကြပါတယ်။ ခက်ခက်ခဲခဲ နဲ့ စည်းရုံးပြီးတဲ့နောက် သံဃာတွေကို (၃) ပါး တတွဲ၊ (၅) ပါး တတွဲဖြင့် အမြန်ယာဉ်တွေနဲ့ အတူ မြို့ ပြင်မှာ သွားရောက်စုရုံးခဲ့ကြပါတယ်။ ညနေ (၆) နာရီ ခွဲ (၇) နာရီ လောက်မှာ သံဃာ အင်အား (၇၀၀) ခန့် စုစည်းမိခဲ့ကြတယ်။ အဲဒီနောက် ဆက်လက်ပြီး ညအမှောင်ကို ယူကာ ဆယ်ဘီးကား ကုန်ကားကြီးနဲ့ ရန်ကုန်ဘက်ကို (၂၅) ရက်နေ့ညမှာ ထွက်ခဲ့ကြတယ်။ အဲဒီမှာ သတင်း ပေါက်ကြားသွားတယ် ထင်ပါတယ်။ လှည်းကူးမြို့  အ၀င်နားရောက်တော့ ဦးဇင်းတို့ စီးလာတဲ့ ကုန်ကားကြီးကို ပိတ်ဆို့ တားဆီးလိုက်ပါတယ်။ ဗိုလ်ကြီးအဆင့် အရာရှိ တဦးနဲ့ ရဲဘော် (၅) ဦးက ဦးဇင်းတို့ စီးလာတဲ့ ကုန်ကားကြီးကို တားဆီးလိုက်ပြီး အနီးအနားမှာလည်း ကား(၂) စီးနဲ့ ရဲဘော်များလည်း ရှိနေပါတယ်။ အဲဒီ အချိန်က ည (၉) နာရီနဲ့ (၁၁) နာရီ ကြား ရှိမယ်လို့ ထင်တယ်။ ပထမတော့ ဦးဇင်းတို့ ထင်တာက ဦးဇင်းတို့ကို ဖမ်းမယ်၊ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံမယ်လို့ ထင်ထားခဲ့ပါတယ်။
အမှန်တကယ် လက်တွေ့မှာ ကွာခြားနေတာ တွေ့ရတယ်။ ဗိုလ်ကြီးအဆင့်ရှိသူက ဦးဇင်းတို့ အပေါ်မှာ ရန်ပြု ခိုက်ရန် ဖြစ်ပွားစေတဲ့ အမူအရာ အပြောအဆိုတွေကို မလုပ်တဲ့အပြင် လိုလိုလားလားနဲ့ စကားပြောခဲ့ပါတယ်။ ဦးဇင်းတို့ ကားကို တားပြီးတော့ ဦးဇင်း အပါအ၀င် သံဃာ (၅) ပါး ကားပေါ်က ဆင်းလိုက်တဲ့အခါ “ဆရာတော် ဘုရား..... တပည်တော်တို့ နားလည်ပါတယ်ဘုရား။ တပည့်တော်တို့ တာဝန်ကိုလဲ နားလည်ပေးပါ။ တပည့်တော် တို့ မသွားပါနဲ့လို့တော့ မပြောပါဘူး... တပည့်တော်တို့ကို ရှောင်သွားပေးပါ ဘုရား” လို့ ပြောခဲ့တယ်။ အဲဒီနောက်အရာရှိက ဦးဇင်းတို့ကို ထိုင်ကန်တော့ခဲ့ပါတယ်။ ဦးဇင်းတို့က အရာရှိကို “ကောင်းပါပြီ ဒကာ။ ဦးဇင်းတို့ နားလည်ပါတယ်။ ဦးဇင်းတို့ ရှောင်သွားပေးပါမယ်” လို့ပြောပြီး အင်းတကော်ဘက်ကို ပြန်လှည့်ခဲ့ပါတယ်။ အင်းတကော်ရောက်တော့ ဦးဇင်းတို့ သံဃာအဖွဲ့ကို နှစ်ဖွဲ့ခွဲလိုက်တယ်။ ရန်ကုန်ကို ဆက်လက်ချီတက်မဲ့အဖွဲ့နဲ့ အင်းတကော်မှာဘဲ သင့်သလိုနေပြီး လှုပ်ရှားမဲ့အဖွဲ့ဆိုပြီး ခွဲလိုက်တယ်။ ရန်ကုန်ကို ဆက်လက်ချီတက်မဲ့ အဖွဲ့မှာ ဦးဇင်းအပါအ၀င် သံဃာ (၃၄) ပါး စုမိတယ်။
အဲဒီနောက် ဦးဇင်းတို့အဖွဲ့က ညတွင်းချင်းမှာဘဲ ထုံးကြီးရွာကို ဆက်ပြီး တက်လာခဲ့တယ်။ ထုံးကြီးရောက်တော့ ရထားလမ်းအတိုင်း ရန်ကုန်ဘက်ကို ဆက်လက်ကြွချီခဲ့ကြတယ်။ အဲဒီလို ရထားလမ်း အတိုင်း ခြေကျင်လျှောက်လာတဲ့အခါ ရထားလမ်းတလျှောက်မှာ ရှိနေကြတဲ့ ဂိတ်စောင့် စစ်သားတွေ၊ လုံခြုံရေးတွေနဲ့ ၀န်ထမ်းတွေဟာ အနှောင့်အယှက် တစုံတရာ ပေးတာ မရှိတဲ့အပြင် လက်ခုပ် သြဘာများ တီးပြီးတော့တောင် ဦးဇင်းတို့ကို အားပေးကြပါတယ်။ မနက် (၄) နာရီနဲ့ (၅) နာရီကြားမှာ ဒါးပိန်ကိုရောက်ခဲ့တယ်။ ဒါးပိန် ရောက်တော့ မြို့ ပတ်ရထားနဲ့ ရန်ကုန်ကို ဆက်ပြီး တက်ခဲ့ပါတယ်။ အဲဒီလို သွားနေရင်းနဲ့ တိုးကြောင်လေး ဘူတာ ရောက်တော့ တားဆီး ပိတ်ဆို့ခံရပြန်တယ်။
လှေခွက်ချည်းကျန် အလံမလှဲ - အပိုင်း(၁)

1 comment:
Hello bro,
Is this article ended here? or To be continue? I feel like you should post the whole article at one time. This is not commercial magazine. Therefore it is no need to attract the audience to come and visit your site again and again.
Zaw (SG)
Post a Comment