.

.

.

September 26, 2008

စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ကိုယ်တွေ့ဖြစ်စဉ် - အပိုင်း (၂)

ရွှေဝါရောင်တော်လှန်ရေး အထူးအစီအစဉ်

လှေခွက်ချည်းကျန် အလံမလှဲ - အပိုင်း(၂)

ဆောင်းပါးရှင် - အရှင် ဦးသြဘာသ

“ရထားပေါ်က သံဃာတော်များ ရထားနဲ့ ရန်ကုန်မြို့ ကို သွားလို့မရပါဘူး။ ရထားပေါ်ကနေ ဆင်းပါ” လို့ ဂိတ်စောင့် စစ်သား၊ ရဲ နဲ့ ကြံ့ဖွံ့ စွမ်းအားရှင်တွေက ပြောဆိုကာ ဆင်းခိုင်းပါတယ်။ အဲဒီတော့ ဦးဇင်းတို့က ရထားပေါ်က ဆင်းပြီး (၂) ယောက်တတွဲ၊ (၃) ယောက်တတွဲနဲ့ ကားလမ်းဘက်ကို ထွက်သွားကြပြီး ကားတွေနဲ့ ရွှေတိဂုံဘက်ကို ထွက်ခဲ့ကြပြန်ပါတယ်။ ရွှေတိဂုံကို မနက်(၇) နာရီမှာ ရောက်ပြီး ရုပ်ရှင်မင်းသား ကျော်သူ၊ ဇာဂနာတို့ ကပ်လှူတဲ့ ဒံပေါက်ကို ဦးဇင်းတို့ ဘုန်းပေးခဲ့တယ်။ ဒီနောက် သံဃာ့တပ်ပေါင်းစုကို ရောက်ကြောင်း သတင်းပို့ခဲ့ပြီး လုံခြုံရေးအရလည်းကောင်း၊ ခရီးပင်ပန်းနေတာကြောင့် လည်းကောင်း အဲဒီနေ့မှာ ဦးဇင်းတို့ လူစုခွဲပြီး မနက်ဖြန် တာမွေမှာ စုဖို့ ချိန်းဆိုခဲ့ကြတယ်။

(၂၇) ရက်နေ့ ဦးဇင်းတို့ တာမွေမှာ လူစုဖို့ ထွက်သွားကြတယ်။ တာမွေ အထက (၃) ကျောင်းရှေ့ ကို ဦးဇင်းတို့ ရောက်သွားတယ်။ ရောက်သွားတဲ့အချိန်က ကျောင်းဆင်းချိန်ဖြစ်နေပြီး ကျောင်းသားလူငယ်တွေ ကျောင်းကနေ ဆင်းလာကြတယ်။ ကျောင်းဆင်းပြီး လမ်းဖြတ်ကူးနေတဲ့ ကျောင်းသားကျောင်းသူတွေကို နအဖ စစ်ခွေးတွေရဲ့  ကားတွေက အတင်း ၀င်ရောက်တိုက်ပစ်လိုက်ရာ ကလေးတွေဟာ အဝေးဘက်ကို လွှင့်စင်သွားတယ်။ ဦးဇင်းတို့က အဲဒီလို လွင့်စင်ပြီး ဒဏ်ရာရနေတဲ့ ကလေးတွေကို သွားရောက် ကယ်ဆယ်တယ်။ အဲဒီလို ကယ်နေတဲ့အချိန်မှာ ကားပေါ်ကနေ စစ်ခွေးတွေဟာ ဆင်းလာပြီး ကူညီကယ်ဆယ် နေတဲ့ ဦးဇင်းတို့ကို ကူညီရကောင်းပါ့မလားဆိုပြီး အတင်းဝင်ရောက် ရိုက်နှက်တယ်။ ပြီးတော့ ဒဏ်ရာရ ကလေးတွေကိုလည်း လုယူတယ်။

အဲဒီမြင်ကွင်းကို တွေ့မြင်နေရတဲ့ ကျောင်းသားကျောင်းသူ မိဘတွေနဲ့ ပြည်သူလူထုဟာ ဒေါသထွက်ပြီး သူတို့ ကိုယ်တိုင် ပါဝင် ကူညီ ကယ်လိုက်တာ တဖြည်းဖြည်းနဲ့ လူအင်အား သိန်းချီ ရှိသွားပြီး နအဖ လက်ကိုင်တုတ် စစ်ခွေးတွေနဲ့ ရုန်းရင်းဆန်ခတ်ကြီး ဖြစ်ပွားတော့တယ်။ အခြေအနေ မကောင်းမှန်း သိနေတဲ့ နအဖ စစ်ခွေးတွေဟာ နောက်ထပ် ကားတွေနဲ့ (၇) စီး ထပ်ရောက်လာတယ်။ အစပထမတော့ (၅) စီးဘဲ ရှိတယ်။ နောက်ထပ် (၇) စီး ထပ်ရောက်လာတယ်။ လမ်းဖြတ်ကူးနေတဲ့ ကျောင်းဆရာမလေး တစ်ယောက်ကို ကားနဲ့ ၀င်တိုက်ပြန်တယ်။ နောက်ပြီး ကားပေါ်ကနေ သေနတ်တွေနဲ့ ပစ်တယ်။ ကားပေါ်ကနေ ဆင်းပြီးတော့လည်း ပစ်တယ်။ ယောင်္ကျားလေး တစ်ယောက်ရဲ့  ဦးခေါင်း နောက်ဆံကို သေနတ်ထိမှန်ပြီး နေရာမှာဘဲ ပွဲချင်းပြီး သေဆုံးခဲ့ရတယ်။ သံဃာ (၃) ပါး သေနတ်ထိမှန်တယ်။ ဦးဇင်း မြင်ကွင်းလေး တခုမှာဘဲ မြောင်းထဲမှာ မိန်းကလေး (၂) ယောက် သေနေတာ တွေ့ရတယ်။ ဒဏ်ရာရ လူတွေနဲ့ ကျောင်းသူကျောင်းသားတွေကို ခွေးတွေလို ၀က်တွေလို ကားပေါ် ပစ်တင်နေတာ ဦးဇင်းတွေ့ခဲ့ရတယ်။ ဦးဇင်းဝင်ကယ်နေတဲ့ အချိန် နောက်ကနေ ဦးဇင်းရဲ့ ခေါင်းကို တုတ်နဲ့ ရိုက်ထည့်လိုက်တာ သတိမေ့သွားခဲ့ရတဲ့အထိ ဖြစ်ခဲ့တယ်။ သတိမေ့ သွားတော့ ဦးဇင်း ဘာမှ မသိတော့တဲ့အပြင် ဦးဇင်းတို့ အဖွဲ့နဲ့လည်း အုပ်စု ကွဲသွားခဲ့ရတယ်။ သတိပြန်ရလာ တော့ ရပ်ကွက်တခုမှာရှိတဲ့ ဒကာ တယောက်ရဲ့ အိမ်မှာ ရောက်နေတယ်။ အလောင်းတွေကို စစ်တပ်က လာသိမ်းသွားတယ်၊ ကားတိုက်ခံရတဲ့ ကျောင်းဆရာမလေးရဲ့ မိသားစုကိုလည်း စစ်တပ်က ကျပ်ငွေ (၂) သောင်း ပေးခဲ့တယ်လို့ ကြားရတယ်။ အဲဒီ အထက (၃) ကျောင်းရှေ့ မှာ လူတွေ ရာနဲ့ ချီ အဖမ်းခံရပြီး နိုင်ငံခြား သား တယောက်ရဲ့ ခြေထောက်လည်း ထိမှန်ခဲ့ရတယ်လို့ ကြားရတယ်။ ဦးဇင်း သတိပြန်ရလာတော့ သတိမေ့ နေတဲ့အခါ ရှိနေခဲ့တဲ့ ဒကာ အိမ်ကနေ ထွက်လာခဲ့တယ်။ ဦးဇင်းရဲ့ ဦးခေါင်းမှာ ဒဏ်ရာရနေပြီး အဲဒီ ဒဏ်ရာကို သင်္ကန်းခြုံကာ မြို့ ထဲဘက်ကို အားမလျော့ဘဲ ဆက်ပြီး ချီတက်ခဲ့တယ်။ (၂၈) ရက်နေ့မှာ ဆူးလေဘုရားဘက်ကို ရောက်ခဲ့တယ်။ သံဃာအုပ်စုကို သိပ်မတွေ့ရဘဲ လူထုအုပ်က ပိုများနေတာကို တွေ့ရတယ်။

No comments: