.

.

.

September 27, 2008

စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး အတွေ့အကြုံများ - အပိုင်း(၃)

ရွှေဝါရောင်တော်လှန်ရေး အထူးအစီအစဉ်

လှေခွက်ချည်းကျန် အလံမလှဲ - အပိုင်း(၃)

ဆောင်းပါးရှင် - အရှင် ဦးသြဘာသ

အဲဒီနောက် ဦးဇင်းလည်း ပန်းဆိုးတန်းဘက်ကို ဆက်ပြီး သွားခဲ့တယ်။ ပန်းဆိုးတန်းရောက်တော့ ပန်းဆိုးတန်းရဲ့  တခြား တဖက်ကနေ စစ်တပ်က နေရာယူ ပိတ်ဆို့လိုက်တယ်။ ပြီးတော့ ဆန္ဒပြ လူအုပ်ကြီးထဲကို သေနတ်နဲ့ ပိတ်ပြီး ပစ်တယ်။ ပထမ အရှေ့ က အလံကိုင်ထားတဲ့ ကျောင်းသားတယောက်ကို ပစ်တယ်။ အဲဒီကျောင်းသား အလံကိုင်ရင်းနဲ့ပဲ နေရာမှာ ပွဲချင်းပြီး သေသွားခဲ့ရတယ်။ ဦးဇင်း တော်တော်လေး စိတ်ထိခိုက်ပြီး ကယ်ချင်ပေမဲ့ စစ်ခွေးတွေက သေနတ်တွေနဲ့ အဆက်မပြတ် ပစ်နေတယ်။ ပြည်သူတွေဟာ အရမ်းနာကြည်းသောက ဒေါသအိုးများ ပေါက်ထွက်ပေမဲ့ ကူညီမဲ့သူမရှိ ပြန်လည်ခုခံဖို့ လက်နက်ကိရိယာ မရှိတာကြောင့် အလုအယက် ထွက်ပြေး အုပ်စုကွဲသွားခဲ့ရတယ်။ သို့သော်လည်း အဲဒီ (၂၈) ရက်နေ့ညအထိ လူတွေဟာ ဟိုနားတစ်စု ဒီနား တစ်စု ရှိနေခဲ့ကြပါတယ်။ အဲဒီ ပန်းဆိုးတန်းကိစ္စ အရေးအခင်းမှာ သံဃာအနေနဲ့ ဦးဇင်း အပါအ၀င် (၁၀) ပါး လောက်ဘဲ ရှိနေခဲ့တယ်။ အဲဒီနောက် ဦးဇင်းတို့ လျှို့ ဝှက် အဆောက်အဦးကို ရောက်ခဲ့ကြတယ်။ နောက်နေ့ မှာတော့ ရဟန်းသံဃာတော်တွေကို စစ်ဘီလူးတွေနဲ့ စစ်ခွေးတွေက လိုက်ဖမ်းဆီးနေတဲ့ သတင်းကြားရတယ်။ ဦးဇင်းတို့ ရင်ထဲအသည်းနှလုံးထဲမှာ ဒီတော်လှန်ရေးကြီးဟာ မပြီးပြတ်သေးတဲ့ တာဝန်ဆိုတာ သန္ဓိဌာန်ချ ခံယူ ထားပါတယ်။ “လှေခွက်ချည်း ကျန် အလံမလှဲ” ဆိုတဲ့ စိတ်ဓာတ်အားမာန်နဲ့အတူ ဦးဇင်းတို့ရဲ့ စိတ်ဟာလည်း အမြဲတမ်း စစ်အာဏာရှင်တွေကို တော်လှန်ဦးမှာ ဖြစ်ပါတယ်။ အခြေအနေထပ်ပေးရင် နောက်ထပ် ပတ္တနိက္ကုဇ္ဇန ကံထပ်ဆောင်ဖို့ စိတ်ဆန္ဒပြင်းပြနေတဲ့ ရဟန်းသံဃာတော်တွေဟာ မြန်မာပြည်မှာ ယနေ့ထက် တိုင် ရှိနေဆဲပါ။ ၁၉၈၈ မှာ ကျောင်းသားတွေ ဆန္ဒပြခဲ့လို့ ၈၈ ကျောင်းသားများ အဖွဲ့ဆိုပြီး ပေါ်ပေါက် လာခဲ့သလို စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတွေ ဆန္ဒပြခဲ့လို့ ရွှေဝါရောင် သောသုဇနဘိက္ခူ အဖွဲ့နဲ့ သံဃာတပ်ပေါင်းစု အဖွဲ့ဆိုပြီး ပေါ်ပေါက်လာခဲ့ပါတယ်။



ဦးဇင်း တခုပြောချင်တာက ဦးဇင်းကျောင်းထိုင်ဆရာတော် လုပ်ခဲ့တဲ့ကျောင်းရဲ့ အနီးအနားက တပ်တွေ မှာတပ်မှူးတွေတောင် အီးမေးလ်ဆိုတာကိုမသိဘူး။ ဆက်သွယ်ရေးတပ်ဆိုပြီးတော့ အရာရှိတွေတောင် အင်တာနက် ကို ကျွမ်းကျွမ်းကျင်ကျင် မသုံးတတ်ဘူး။ဘယ်လောက် ခေတ်နောက်ကျနေသလဲ အသိပညာ တွေ ဗဟုသုတတွေ ဘယ်လောက်ခေါင်းပါးနေသလဲ ဆိုတာကြည့်ပါတော့။ လူ့စွမ်းအားအရင်းအမြစ်တွေ မြန်မာပြည်မှာ ရိုက်ချိုးခံထားရလို့ ဘာမှမရှိတော့ဘူး။ ကိုယ်ပိုင်တွေးခေါ်နိုင်မှုတွေကို လည်းဖျက်ဆီးခံထားရတယ်။ ပေးတာယူ ကျွေးတာစား၊ ပြန်မပြောနဲ့  သိရင် တော်ရင်တတ်ရင် ဖြုတ်ပလိုက်မယ်ဆိုတဲ့ စစ်အာဏာရှင်စနစ်အောက်မှာ စစ်ကျွန်ဘ၀နဲ့ မနေကြပါနဲ့ တော့လို့ စစ်သားတွေကို မေတ္တာရပ်ခံလိုပါတယ်။ တချို့တပ်ရင်းတွေမှာ စစ်သည်တွေ မပြောနဲ့ အရာရှိငယ် တွေတောင်ထင်းခုတ်ပြီး ထင်းစည်းလေးတွေလုပ်ကာ ရောင်းချစားသောက် နေရတဲ့အထိ တွေ့ခဲ့ရတယ်။ မြစ်ကမ်းနဲ့ နီးတဲ့ တပ်ကအရာရှိငယ်တွေခမျာ ကျောက်စရစ်တွေ၊ သဲတွေ ဖော်ပြီး ရောင်းစားနေကြရတာကိုလည်း မယုံမရှိနဲ့ ဦးဇင်း မျက်မြင်ကိုယ်တွေ့ပါ။ အခု ထိုင်းနိုင်ငံမှာ သူတောင်းစား ကလေးတွေဟာ ဟမ်းဖုန်းနဲ့ သူတို့အချင်းချင်း စကားပြောနေကြတယ်။ ဒီနေ့ ငွေဘယ်လောက်ရပြီဆိုတာ ဖုန်းနဲ့ အချင်းချင်း ပြောကြတယ်။ သူများနိုင်ငံမှာ သူတောင်းစားတောင် ဟမ်းဖုန်း ကိုင်နိုင်ပြီး အဆင့်မြင့်နေလိုက်တာများ၊ ဦးဇင်းတို့ နိုင်ငံမှာတော့ ဟမ်းဖုန်းကို စားပေါက်လုပ်ပြီး ထိပ်ပိုင်းစစ်ဗိုလ်ချုပ်တွေ ချုပ်ကိုင်ထားကြလို့ ဈေးကြီးတာကြောင့် တော်ရုံလူဆိုရင် မကိုင်နိုင်ကြဘူး။ ပြည်သူတွေကို အမျိုးမျိုး နှိုက်စားနေတဲ့ စစ်အာဏာရှင် ထိပ်သီး သူတောင်းစားအကြီးတွေနဲ့ အသိုင်းအ၀ိုင်းတွေကသာ ဟမ်းဖုန်း ကိုင်နိုင်ကြပါတယ်။ တိုင်းပြည်ကို တိုးတက်အောင် စစ်ဗိုလ်ချုပ်တွေ မလုပ်နိုင်တာကတော့ သာဓကတခု အနေနဲ့ စစ်ဗိုလ်ချုပ်တွေကြောင့် စက်မှု (၁) က စက်ရုံပေါင်း (၂၀၀) ကျော် အရှုံးပေါ် ဒေ၀ါလီခံ လက်လွှဲ ရောင်းချဖို့ ကြံရတဲ့အထိ စက်မှု တိုးတက်နေတဲ့ ကမ္ဘာကြီးမှာ မြန်မာနိုင်ငံရဲ့  အဖြစ်က အင်မတန်ကို ၀မ်းနည်းစရာ ဖြစ်နေရပါတယ်။

ဒါကြောင့်ယနေ့တပ်မတော်မှာ တိုင်းချစ်ပြည်ချစ် တပ်မတော်သားများ အမှန်တကယ်ရှိနေကြ ပါတယ်။ အဲဒီ တိုင်းချစ်ပြည်ချစ် တပ်မတော်သားများနဲ့ မျိုးဆက်သစ် တပ်မှူးများကို အထူး ပြောကြားလိုတာကတော့ သားသုံးသားမှာ သားနှစ်သားဖြစ်တဲ့ ဦးဇင်းတို့ ဘုရားသားရဟန်းသံဃာတော်များနဲ့ ကျောင်းသားများဟာ တာဝန်ကျေပွန်ခဲ့ပြီးပါပြီ။ တာဝန်မကျေသေးတဲ့ နောက်ဆုံးသား တစ်သားဖြစ်တဲ့ စစ်သားဘဲ ကျန်ပါတော့တယ်။ တိုင်းသူပြည်သား တွေရဲ့  ဆင်းရဲကြပ်တည်း ဒုက္ခရောက်မှုတွေကို ဂရုဏာသက်ဝင်ပြီး စာနာ နားလည် သနားကြပါ။ ဒါကြောင့် စစ်သားတွေအနေနဲ့ ဘုရားသား၊ ကျောင်းသားများဆီကို အမြန်ဆုံး ပူးပေါင်းပြီး ပြည်သူလူထုနဲ့ လက်တွဲကာ စစ်အာဏာရှင်တွေကို အမြန်တော်လှန်ကြပါလို့ အလေးအနက် တိုက်တွန်းလိုပါတယ်။ အဲဒီလို ပြည်သူလူထု ဘက် ရပ်တည်လာတဲ့ တပ်မတော်သားများကိုလည်း ပြည်သူလူထုနဲ့ ဒီမိုကရေစီ ဘက်တော်သားများက အမြန်ဆုံး ၀ိုင်းဝန်းကူညီ ကာကွယ်စောင့်ရှောက်ပြီး စစ်အာဏာရှင်ကို အတူတကွ တော်လှန်ကြပါလို့ ပြောကြားရင်း နိဂုံးချုပ် လိုက်ပါတယ်။