.

.

.

September 30, 2008

မြန်မာ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမောင်အေး ဘင်္ဂလာ ခရီးစဉ် အောက်တိုဘာလ ၇ ရက်နေ့တွင် စတင်မည်



မြန်မာ စစ်အစိုးရ ဒုတိယ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မောင်အေး၏ သုံးရက်ကြာ ဘင်္ဂလာဒေခ်ျ့ ခရီးစဉ်ကို အောက်တိုဘာလ ၇ ရက်နေ့တွင် စတင်မည် ဖြစ်ကြောင်း သိရှိရသည်။

ဗိုလ်ချုပ်ကြီးမောင်အေး ခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း အပါအ၀င် တခြား အစိုးရအဖွဲ့ဝင် အရာရှိ ၅၀ ကျော် ပါဝင်မည် ဖြစ်သည်။

သူ၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံ စီးပွားရေး အကျိုးတူ ကိစ္စရပ်များကို ဘင်္ဂလာဒေခ်ျ့ အစိုးရနှင့် ဆွေးနွေးမည် ဖြစ်ကြောင်း သိရှိရသည်။

ဆွေးနွေးပွဲတွင် ဘင်္ဂလာ-မြန်မာချစ်ကြည်ရေး လမ်းမဖေါက်လုပ်ရေး ကိစ္စ၊ အခွန် နှစ်ထပ်ကွမ်း ကောက်ခံမှု ပယ်ဖျက်ရေး ကိစ္စ၊ ယဉ်ကျေးမှု ဆိုင်ရာ ပူးပေါင်း ဖလှယ်ရေး ကိစ္စရပ်များကို လက်မှတ်ရေးထိုးနိုင်ဖွယ် ရှိကြောင်း သိရှိရသည်။

ထို့အပြင် ဆွေးနွေးပွဲတွင် ဘင်္ဂလာဘက်က မြန်မာ စစ်အစိုးရကို ဗီဇာ တင်းကျပ်ထားမှုကို လျှော့ချပေးရေး အပြင် ဘင်္ဂလားဒေခ်ျ့ စီးပွားရေး သမားများကို ငှားရမ်းထားသော လယ်မြေ ကိစ္စကို သဘောတူရေးကိုလည်း မြန်မာ စစ်အစိုးရကို တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရှိရသည်။


အမြင်မှန် ရသွားသော တပ်ကြပ်ကြီး တဦးကြောင့် အရာရှိများအပါအ၀င် စစ်သား ၁၂ ဦး စစ်ဆေးခံနေရ

မင်းအောင် (နိရဉ္စရာ)

ဘူးသီးတောင်မြို့နယ် အခြေစိုက် ခမရ ၃၅၃ မှ စစ်ပြေးမှုဖြင့် ဖမ်းဆီးထားသော တပ်ကြပ်ကြီး တဦး ထပ်မံ ထွက်ပြေး သွားသောကြောင့် တပ်တွင်း တာဝန်ရှိ အရာရှိ ၄ ဦး အပါအ၀င် တပ်သား ၈ ဦးတို့ကို အထက် အရာရှိများက လာရောက် စစ်ဆေးနေကြောင်း သတင်းရရှိသည်။ ထွက်ပြေးသွားသူမှာ တပ်ကြပ်ကြီး စန်းမင်းအောင်ဖြစ်ပြီး စက်တင်္ဘာလ ၁၉ ရက်နေ့က ထွက်ပြေးသွားခြင်း ဖြစ်သည်ဟု တပ်ရိက္ခာကိုယ်စားလှယ် အဖြစ် ဆောင်ရွက်နေသူ ဘူးသီးတောင်မှ ကုန်သည် တဦးက ပြောသည်။ တပ်ကြပ် စန်းမင်းအောင်မှာ သြဂုတ်လ ၂ ရက်နေ့က တပ်မှ ထွက်ပြေးသွားပြီး သြဂုတ်လ ၅ ရက်နေ့က ဘူးသီးတောင် မြို့နယ် တပ်မင်းချောင်း အခြေစိုက် ခမရ (၃၄၅) တပ်ရင်းမှ ဖမ်းဆီးခြင်းကို ခံရပြီး ၎င်း၏ တပ်ရင်းသို့ ပြန် လွဲပြောင်း ခံခဲ့ရသည်။ ခမရ ၃၅၃ မှာ ဘူသီးတောင် မြို့နယ် ငကျည်တောက် ကျေးရွာတွင် အခြေစိုက်သည်။ စန်းမင်းအောင်ကို စက်တင်္ဘာလ ၁၉ ရက်နေ့က အလုပ်ကြမ်းနှင့် ရေအိမ်တွင်းများ တူးဖေါ်ရန် အချုပ်ခန်းမှခေါ်ယူလာရာက ထွက်ပြေးလွတ်မြောက်သွားခြင်း ဖြစ်ပြီး ယနေ့ အချိန်ထိ ဖမ်းဆီး ရမိခြင်း မရှိသေးကြောင်း သိရှိရသည်။ စန်းမင်းအောင် ထွက်ပြေး လွတ်မြောက်သွားသဖြင့် စစ်ဆေးခံနေရသူများမှာ တပ်ရင်း ဗိုလ်ကြီး ဘန်ဇင်း၊ ဒုအရာခံဗိုလ် မိုးကျော်၊ ဒုအရာခံဗိုလ် (ရုံးအုပ်) စိုးဝင်းနိုင်၊ တပ်ကြပ်ကြီး မြင့်စိန် (အဆိုပါနေ့ တပ်တွင်းတာဝန်ကျ) တို့ပါဝင်သည်။ စန်းမင်းအောင်ကို ပြန်လည်ဖမ်းဆီး ရရှိနိုင်မှုမရှိပါက အဆိုပါ အရာရှိများကို တာဝန်ပေါ့လျော့မှုဖြင့် အရေးယူနိုင်သော အခြေအနေရှိသည်ဟုလည်း တပ်ရင်း သတင်းရပ်ကွက်ကို ကိုးကားပြီး အဆိုပါ ကုန်သည်က ပြောသည်။


မေယုမီးပြမှ ထွက်ပြေးသူ စစ်သား ၆ ဦး မောင်တောမြို့နယ်တွင် ဖမ်းဆီးခံရ


ပင်လယ်ပြင်လုံခြုံရေးအတွက် တာဝန်ကျနေသူ မေယုမီးပြမှ စစ်သား ၆ ဦး တပ်မှ ထွက်ပြေးပြီး သုံးရက် အကြာတွင် မောင်တောမြို့နယ်တွင် ဖမ်းဆီးခံရကြောင်း အမည်မဖေါ်လိုသူ နစက အရာရှိ တဦးက ပြောသည်။ မေယုမီးပြမှ ထွက်ပြေးသူ စစ်သား ၆ ဦးမှာ တပ်ကြပ်ကြီး ဖြူစောသိန်း၊ တပ်ကြပ်ကြီး ကျော်သိန်းလှ၊ တပ်ကြပ် သစ္စာ၊ တပ်ကြပ် မြအေးဝင်း၊ တပ်သား မျိုးမြင့်ထွန်းနှင့် တပ်သား မောင်အေးတို့ ဖြစ်သည်။ သူတို့ ၆ ဦးသည် မေယုမီးပြမှ စစ်တွေသို့ ရိက္ခာဝယ်ယူရန် အကြောင်းပြကာ ဂျီးသရီး ၂ လက်၊ ပစ္စတို ၂လက်နှင့် ခဲယမ်းမီးကျောက် တချို့ကို ယူဆောင်ပြီး စက်လှေ တစီးဖြင့် စက်တင်္ဘာလ ၂၄ ရက်နေ့က ထွက်ခွာခဲ့သည်။ သို့သော်လည် သူတို့သည် စစ်တွေသို့ မသွားဘဲ ဘင်္ဂလာနယ်စပ်နှင့် ဆက်စပ်နေသည့် မေယူတောင်သို့ စက်လှေကို မောင်းယူလာခဲ့ပြီး အဆိုပါ တောင်တန်းတွင် ခိုအောင်းနေ ခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် လမ်းမကျွမ်းကျင်မှုနှင့် ရိက္ခာပြတ်လပ်မှုတို့ကြောင့် ခရီးမဆက်နိုင်ဘဲ ၀ိုင်းဝန်းပိတ်ဆို့ထားသည့် နစကတပ်ဖွဲ့ တခုထံတွင် လက်နက်ချခဲ့ကြောင်း သိရှိရသည်။အဆိုပါ နစက အရာရှိက “သူတို့ စက်တင်္ဘာလ ၂၇ ရက်နေ့ က မောင်တောမြို့နယ် တောင်ပိုင်းမှာ တည်ရှိတဲ့ ချိန်ခါလီ နစကစခန်းမှာ လက်နက်ချခဲ့ပါတယ်။ အခုသူတို့ကို အမှတ် ၁၉ ကိုးတန်ကောက် နစကစခန်းမှာ ချုပ်နှောင်ထားပါတယ်။ မကြာခင်တော့ စစ်တွေကို ပြန်လည် ပို့ဆောင်သွားမှာ ဖြစ်ပါတယ်။ ” ဟု ပြောသည်။ ယခုထွက်ပြေးလာသော စစ်သားများမှာ စစ်တွေ အခြေစိုက် အမှတ် ၃၇၃ အမြှောက်တပ်ရင်းနှင့် ခလရ ၂၇၀ တို့မှ ဖြစ်ကြောင်း သိရှိရသည်။ သူတို့ထွက်ပြေးရခြင်းနှင့် ပတ်သက်ပြီး နစက အရာရှိမှ တစုံတရာကောက်ချက်ချ ပြောကြားခြင်း မရှိသော်လည်း အဆိုပါ တပ်သားများမှာ လစာမလုံလောက်မှု၊ စားဝတ်နေရေး အဆင်မပြေမှုတို့ကြောင့် ထွက်ပြေးခြင်း ဖြစ်နိုင်သည်ဟု နယ်စပ် အခြေအနေကို လေ့လာ အကဲခတ် နေသူများက ပြောဆိုသည်။ စစ်သားများမှာ ထွက်ပြေးလာသည့် မေယုမီးပြမှာ စစ်တွေမြို့ အနောက်တောင်ဘက် မိုင် ၂၀ ခန့်အကွာ ပင်လယ်ပြင်တွင် တည်ရှိသည်။

အထက်ပါ သတင်းများအား နိရဉ္စရာ မှ ရယူပါသည်။


တပ်မတော် စစ်ဆေးရုံကို တရုတ်သို့ရောင်း

လွတ်လပ်သောမွန်သတင်းအေဂျင်စီ

မြန်မာစစ်အစိုးရမှ တပ်မတော် စစ်ဆေးရုံသုံးရုံကို တရုတ်လက်သို့ ရောင်းလိုက်သည့်အတွက် တပ်မတော် ဆေးရုံဝန်ထမ်းများ ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့နယ်သို့ ပြောင်းရွှေ့ရန် ရှိသည်ဟု ဆေးရုံနှင့် နီးစပ်သောသတင်းရပ်ကွက်က ပြောသည်။

အရောင်းခံရသောဆေးရုံများတွင် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးကုဆေးရုံ ကုတင်-၅၀၀ နှင့် တပ်မတော် ဆေးရုံကြီး (ကုတင်-၁၀၀၀)၊ အခြားဆေးရုံ (ကုတင်-၅၀၀) တို့ဟု ၎င်းသတင်းရပ်ကွက်က ပြောသည်။

"တော်တော်လေး ကောင်းတဲ့ အဆောက်အအုံပဲ" ဟု စစ်တပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ တပ်မတော် ဆေးရုံကြီး (ကုတင်- ၁၀၀၀) သည် သုံးထပ်အဆောင်ဖြစ်ပြီး အခြား ဆေးရုံနှစ်ရုံမှာ ထိုကုတင်- ၁၀၀၀ ထက် ငယ်ပြီး သာမန်အဆောက်အအုံမျှသာ ဖြစ်သည်။

ထိုဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများမှာ နေပြည်တော်နှင့် ၈၆ မိုင် ကျော်ကျော် ကွာဝေးသော ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့နယ်သို့ သွားရောက် အမှုမထမ်းလိုကြပေ။ ထိုသို့ ဝေးလံသောဒေသသို့ ဝန်ထမ်းအားလုံး ပြောင်းရွှေ့တာဝန်ထမ်း ဆောင်ရမည်ဆိုသောကြောင့် ၎င်းတို့သည် တာဝန်မှ ရပ်ဆိုင်းလိုကြသည်။

စစ်တပ်နှင့်နီးစပ်သောသတင်းရပ်ကွက်အရ ရန်ကုန်တိုင်းအတွင်းရှိ ကျွမ်းကျင်သော စစ်ဘက်ဆိုင်ရာ ဆရာဝန်ကြီးများကို မြန်မာစစ်အစိုးရထိပ်ပိုင်းခေါင်းဆောင်တို့မှ ကြပ်ပြေး နေပြည်တော်သို့ ပြောင်းရွှေ့ ချိန်တွင် ၎င်းတို့ကို တပါတည်း ခေါ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။

တပ်မတော်ဆေးရုံများသာမက စစ်ဘက်ဆိုင်ရာအရာရှိများနေထိုင်သည့် ဒဂုံမြို့နယ်ရှိ ပြည်ထောင်စုလမ်းရှိ ပြည်ထောင်စုရိပ်သာကိုလည်း တရုတ်သို့ ရောင်းလိုက်ကြောင့် ၎င်းသတင်းရပ်ကွက်က ပြောပါသည်။

ထိုပြည်ထောင်စုရိပ်သာရှိအရာရှိများမှာ မြောက်ဥက္ကလာပမြို့နယ်ရှိ ပါရမီတိုက်ခန်းသို့ ယခုလ ဒုတိယပတ်မှ ပြောင်းရွှေ့နေထိုင်နေရသည်။ ပြည်ထောင်စုရိပ်သာ၌ နေထိုင်စဉ်တွင် လုံးချင်းတိုက်ဖြင့်နေထိုင်ကြရပြီး ယခုအခါ ထိုကဲ့သို့ တိုက်ခန်းဖြင့် နေထိုင်ရသည့်အတွက် ၎င်းတို့အတွက် အဆင်မပြေဖြစ်ရသည်။

ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု အန်ဒီဒီမှ ဦးဌေးအောင်၏အဆိုအရ မြန်မာစစ် အစိုးရမှ နိုင်ငံပိုင် ဌာနများကို တင်ဒါစနစ်ဖြင့် လေလံတင် ရောင်းချရန်ရှိကြောင်းနှင့် ၎င်းတို့အထဲတွင် စစ်ထောက်လှမ်းရေး ရုံးချုပ်၊ ဝန်ကြီးချုပ်ရုံးနှင့် ရန်ကုန်အတွင်းရှိ အချို့သင်္ဘောဆိပ်တို့လည်း ပါဝင်သည်ဟု ဆိုသည်။

No comments: