.

.

.

September 30, 2008

တပ်မတော် မဟုတ်တော့သော စစ်တပ်၊ စစ်တပ် မဟုတ်သော တပ်မတော် - အပိုင်း (၂)

ဆောင်းပါးရှင် - ဆရာဂါမဏိ

ဆရာဂါမဏိ၏ တပ်မတော် မဟုတ်တော့သော စစ်တပ်၊ စစ်တပ်မဟုတ်တော့သော တပ်မတော် ဆိုတဲ့ ဆောင်းပါး အခန်းဆက် ဒုတိယအပိုင်းကို စာဖတ်ပရိသတ်များ ဖတ်ရှုနိုင်ရန် ကျွန်တော် ကိုဖိုးတရုတ်မှ ဆက်လက် တင်ဆက်ပေးလိုက်ပါတယ်။ အခု ဆောင်းပါး ဒုတိယပိုင်းမှာတော့ စစ်တပ်ဟာ တပ်မတော်အဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲဖို့အတွက် ပြည်သူ့ဆန္ဒနဲ့ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရကို အကြွင်းမဲ့နာခံပြီး နိုင်ငံရေးကိစ္စတွေမှာဝင်မပါဘဲ နိုင်ငံတော်ကာကွယ်ရေးနဲ့ ပြည်သူ့ အကျိုးပြု လုပ်ငန်းရပ်တွေ သက်သက်ကိုသာ လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ ထိုသို့ မဟုတ်ဘဲ စစ်တပ်ဟာ လက်တဆုပ်စာ အာဏာရှင်တွေရဲ့ လက်ကိုင်ဒုတ် ဖြစ်မြဲဖြစ်နေပြီး ဗမာပြည်ရဲ့ အနာဂတ်ကတော့ မှုံမှိုင်းနေမှာဖြစ်ကြောင်း အစရှိတဲ့ အကြောင်းအရာ၊ အချက်အလက်များကို ဖော်ပြထားပါတယ်။ အခုလို ဆောင်းပါးပေးပို့လာတဲ့ ဆရာဂါမဏိအား ကျွန်တော် ကိုဖိုးတရုတ်မှ အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။

၁၉၅၈ ခုကနေ ၁၉၆ဝ ခု ကြားကာလကတော့ တပ်မတော်ဟာ စစ်တပ် (ဝါ) ကြေးစားတပ်အဖြစ်ကို ပြောင်းလဲဖို့ ဇာတ်တိုက် လေ့ကျင့်တဲ့ကာလဖြစ်ပြီး ၁၉၆၂ မတ်လကျမှ လုံးဝအပြီးအပိုင် ပြောင်းလိုက်တာ ဖြစ်တယ်။ ၁၉၆၂ ခုက စပေါ်လာတဲ့ ဒီမက်လုံးလေးက ကြေးစားတပ်ဟာ ၁၉၈၈ ခုနောက်ပိုင်းမှာ နောက်ပုံစံ တမျိုးပြောင်းလာပြန်တယ်။ ရာဇပလ္လင် ဖင်မြဲနိုင်သမျှမြဲအောင် အင်အားအကြီး အကျယ်တိုးချဲ့တဲ့အခါမှာ စစ်သားအတင်းဆွဲ၊ အတင်းကောက်တဲ့ အဓမ္မစစ်မှုထမ်းတပ် ဖြစ်လာတယ်။ ဒီလိုနဲ့ အရင်ကရှိခဲ့တဲ့ တပ်မတော်အက်ဥပဒေ၊ နည်းဥပဒေတွေကို ဆန့်ကျင်ဖောက်ဖျက်ပြီး အသက် ၁၆ နှစ်မပြည့်တဲ့ ကလေးတွေ၊ အရပ် ၅ ပေ ၂ လက်မ မမီ၊ ကိုယ်အလေးချိန် ပေါင် ၁ဝဝ မပြည့်၊ ရင်အုပ်အကျယ် ၃၄ လက်မထက်လျော့တဲ့၊ စိတ်ဆန္ဒလုံးဝမပါတဲ့ အရပ်သားတလှေကြီးကို စစ်ယူနီဖောင်းဝတ်၊ သေနတ်ထမ်းခိုင်းတာတွေ ဖြစ်လာတယ်။ တပ်မတော်မဟုတ်တော့လို့ တပ်မတော်အက်ဥပဒေ တွေ မလိုက်နာတာ မဆန်းပါဘူး။

တကယ်ကတော့ ဗမာပြည်မှာ တမျိုးသားလုံး စစ်မှုထမ်းဥပဒေကိုလည်း ပြဋ္ဌာန်းထားတာ မရှိသေးပါဘူး။ ၁၉၆၂ ခုမတိုင်မီ ဦးနု ပထစအစိုးရလက်ထက်မှာ ဒီလိုဥပဒေမျိုးပြဋ္ဌာန်းဖို့ ကြိုးပမ်းခဲ့တာကို စစ်အုပ်စု အလောင်းအလျာ တွေကဟန့်တားခဲ့လို့ ဥပဒေဖြစ်မလာခဲ့ပါဘူး။ နေဝင်းစစ်အစိုးရလက်ထက် ၁၉၆၉ ခု တပ်မှူးညီလာခံမှာလည်း အဲဒီ့တုန်းက စစ်အစိုးရက လုပ်စားနေတဲ့ “ဆိုရှယ်လစ်စနစ်၊ ဆိုရှယ်လစ်နိုင်ငံ” မျက်နှာဖုံးနဲ့အညီ တမျိုးသားလုံး စစ်မှုမထမ်းမနေရဥပဒေထုတ်ဖို့ စဉ်းစားကြသေးတယ်။ ဒါပေမဲ့ စစ်အုပ်စုရဲ့ အထူးအခွင့်အရေးတွေ ထိခိုက်ဆုံးရှုံးမှာကို စိုးရိမ်လို့ နောက်ဆုံးမှာတော့ ဒီကိစ္စကို ချောင်ထိုးထားလိုက်တော့တယ်။

ဒါ့ကြောင့် ဒီကနေ့ကမ္ဘာမှာ ခေတ်မီတဲ့နိုင်ငံတွေအားလုံးလိုလိုက ကျင့်သုံးနေတဲ့ အမျိုးသားစစ်မှုထမ်းဥပဒေမျိုး ဗမာပြည်မှာ မရှိသေးတဲ့အတွက် စစ်အင်အားတိုးချဲ့ချင်တဲ့အခါကျတော့ ခိုးကြောင်ခိုးဝှက်နဲ့ တွေ့ကရာလူကို အဓမ္မ စစ်သားကောက်တဲ့အလုပ်ကိုပဲ ဗမာစစ်တပ်က လုပ်ရပါတော့တယ်။ အခုဆိုရင် အဓမ္မစစ်သားတင်မက အဓမ္မ ပြည်သူ့စစ်၊ အဓမ္မစွမ်းအားရှင်တွေပါ ကောက်ပြီး အရှေ့တီမောဇာတ်ခင်းဖို့ ကြံနေပါတယ်။ တမျိုးသားလုံးစစ်မှုထမ်း ဥပဒေရှိတဲ့ ကမ္ဘာ့နိုင်ငံတချို့တလေမှာလည်း စစ်အာဏာရှင်စနစ်တွေ၊ စစ်အုပ်စု တွေရှိပေမဲ့ နအဖစစ်အုပ်စုကတော့ အဲသလောက်ခေါင်းရှုပ်မခံနိုင်ဘဲ အဓမ္မစစ်မှုထမ်းစနစ်နဲ့ စစ်အာဏာရှင် စနစ်ကို ကျားကန်ဖို့လောက်သာ လုပ်တတ်ပုံရ ပါတယ်။

တောင်အာဖရိကနိုင်ငံမှာ တချိန်ကကျင့်သုံးခဲ့တဲ့ “Apratheid ခေါ် အသားအရောင်ခွဲခြားရေးစနစ်”မှာ လူဖြူတွေဟာ အမြင့်ဆုံး အထူးအခွင့်အရေးတွေရပြီး လူမည်းတွေကတော့ အောက်ဆုံးတန်းက အခွင့်အရေးမဲ့ တွေ ဖြစ်တယ်။ ဒီနှစ်လွှာကြားမှာတော့ ကပြားတွေနဲ့ ကုလားတွေက လူမည်းတွေထက် အခွင့်အရေး နဲနဲပိုရခဲ့တယ်။ အခုဗမာပြည်မှာလည်း အဲဒီလိုမျိုး အဝတ်အရောင်ခွဲခြားရေးစနစ်ကို ကျင့်သုံးနေရာမှာ ယူနီဖောင်း အစိမ်းရောင် အဝတ်တွေက ထိပ်ဆုံးမှာ အထူးအခွင့်အရေးတွေ ခံစားရပြီး `ရိုးရိုးအရပ်ဝတ် သာမန်ပြည်သူတွေကတော့ အောက်ဆုံးတန်းက အခွင့်အရေးမဲ့တွေ ဖြစ်ပါတယ်။ ဒီနှစ်ခုကြားမှာက ရဲ၊ ထောင်ဝါဒါနဲ့ ကြံ့ဖွတ်ဆိုတဲ့ တခြားယူနီဖောင်းဝတ်တွေ၊ မီးသတ်၊ ကြက်ခြေနီဆိုတဲ့ ယူနီဖောင်းဝတ်မျိုးတွေက ရိုးရိုး အရပ်ဝတ်တွေ ထက် နဲနဲပိုပြီး အခွင့်အရေးရကြပေမဲ့ ယူနီဖောင်း အစိမ်းဝတ်တွေရတဲ့ အခွင့်အရေးနဲ့တော့ အလှမ်းကွာလှပါတယ်။

ဗမာပြည်စစ်အစိုးရ စစ်အုပ်စုအဆက်ဆက်ဟာ တမျိုးသားလုံးစစ်မှုထမ်းဥပဒေထုတ်လိုက်ရင် ခုနပြောတဲ့ “အဝတ် အရောင်ခွဲခြားရေးစနစ်” ထိခိုက်ပျက်စီးမှာ စိုးနေတယ်။

နအဖခေတ်မှာ အခုလို အဓမ္မစစ်မှုထမ်းတပ်ဖြစ်လာပေမဲ့ အရင်မဆလခေတ်ကလို မက်လုံးပေး၊ ကြေးစားတပ် လက္ခဏာတွေကလည်း ကြီးကြီးမားမား ရှိနေဆဲဖြစ်ပါတယ်။ အထူးသဖြင့် အရာရှိပိုင်းမှာ “ကြေးစားတပ်” လက္ခဏာတွေ အဓိကလွှမ်းမိုးပြီး အခြားအဆင့်များမှာတော့ “အဓမ္မစစ်မှုထမ်းတပ်” လက္ခဏာက အဓိက ဖြစ်တယ်။ ဒါပေမဲ့ အရာရှိပိုင်းမှာရော အခြားအဆင့်များမှာပါ လက္ခဏာနှစ်မျိုးလုံး ရောပေါင်းနေတာ တွေလည်းရှိပါတယ်။ စစ်တပ်ထဲမှာ ရာထူးတိုးဖို့၊ နေရာအပြောင်းအရွှေ့လုပ်ရဖို့၊ သို့မဟုတ် မလုပ်ရဖို့၊ သင်တန်းတွေတက်ခွင့်ရဖို့ သို့မဟုတ် ကင်းလွတ်ခွင့် ရဖို့၊ ရိုးရိုးခွင့်၊ ဆေးခွင့်ရဖို့၊ ရိုးရိုးပင်စင်/ဆေးပင်စင်ရဖို့၊ ကရုဏာကြေးရဖို့စတဲ့ ကိစ္စအားလုံးမှာ ငွေထိုးမှရတဲ့ အခြေ အနေဖြစ်တယ်၊ (DSA, OTS) တက်ရဖို့ရော၊ သင်တန်းကာလမှာ အောင်မှတ်ရဖို့ရော ငွေထိုးရတယ်။ စစ်ဦးစီး တက္ကသိုလ်မှာ အမှတ်ကောင်းရဖို့ မှတ်ချက်ကောင်းဖို့လည်း ငွေထိုးရတယ်။ အဆုံးစွန် ပြောရရင် ရာရှင်ပြည့်ပြည့် ဝဝရဖို့နဲ့ ထောက် (၂၅) ပစ္စည်းတွေထုတ်ရဖို့ပါ ငွေထိုးရတဲ့ အခြေအနေဖြစ်နေပါပြီ။

ဒီလိုကြေးစားတပ်စရိုက်နဲ့ အဓမ္မစစ်မှုထမ်းတပ်လက္ခဏာ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ဖက်ဆစ်တပိုင်း စစ်တပ် ဖြစ်လာပါတယ်။ အရင်တုန်းက ချန်ကေရှိတ်တပ်မျိုးပါပဲ။ ရာနှုန်းပြည့်ဖက်ဆစ်တပ် ဖြစ်မသွားတာ ကတော့ စစ်အုပ်စု ထိပ်သီးတွေဟာ စစ်တပ်ကို အပြည့်အဝ ဖက်ဆစ်အတွေးအခေါ်တွေ ရိုက်သွင်းပြီး တသွေး-တသံ-တမိန့် မလုပ်နိုင်လို့ ဖြစ်တယ်။ တနည်းအားဖြင့်ပြောရရင်တော့ ဟစ်တလာ၊ မူဆိုလိုနီတို့လောက် အရည်အချင်းမရှိဘူးလို့ ပြောရပါလိမ့်မယ်။ တဖက်ကလည်း ပြည်သူလူထုရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးသြဇာဂယက်ကို အပြည့်အဝ မလွန်ဆန်နိုင်တာ လည်း ပါတယ်။

ဒါ့ကြောင့်လည်း ဗမာပြည်အတွက် ကံကောင်းတာက မဆလ၊ နဝတ၊ နအဖစစ်တပ်ဟာ တပ်မတော် မဟုတ်တော့ပေမဲ့ တပ်ထဲမှာ အာဏာရှင်စနစ်တခုလုံးကိုရော အာဏာရှင်တွေရဲ့ လက်ကိုင်ဒုတ်ဖြစ်နေရတဲ့ စစ်တပ်အနေထားကိုရော၊ မကြိုက်ကြသူတွေ ဒုနဲ့ဒေးရှိနေတာဖြစ်တယ်၊ အဲဒီအတွက် ရှစ်လေးလုံး အရေးတော်ပုံတုန်းက တချို့က ပြည်သူ့ဘက် ပါလာတာတွေ၊ အုံနဲ့ကျင်းနဲ့ပါဖို့ ကြံစည်ကြတာတွေဖြစ်ခဲ့ပြီး ၉ဝ ခု ရွေးကောက်ပွဲမှာလည်း မင်္ဂလာဒုံ၊ မှော်ဘီ၊ မိတ္ထီလာ စတဲ့ ပင်မတပ်နယ်တွေမှာ အဲန်အယ်လ်ဒီ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း လက်ရှိစစ်တပ်ဟာ ဒီထက်တော့ ပိုလုပ်နိုင်တဲ့ အခြေအနေမရှိပါ။ ဖိလစ်ပိုင်၊ ရူမေးနီးယား၊ အင်ဒိုနီးရှား၊ ယူဂိုစလားဗီးယားတို့လို ဗမာပြည်မှာမဖြစ်ခဲ့ပါ။ ၁၉၉၁ ခုတုံးက ဆိုဗီယက်ပြည်ထောင်စုရဲ့ တပ်နီတော်လိုတောင် မဖြစ်ခဲ့ပါဘူး။ ရှစ်လေးလုံးအရေးတော်ပုံဟာ ဗမာပြည်သမိုင်းမှာ အပြင်းထန်ဆုံး လူထုအုံကြွမှုဖြစ်ခဲ့ပေမဲ့ ဗမာပြည် စစ်တပ်ထဲက “ဖီဒယ်လ်ရားမို့စ်” တယောက် မှ ပေါ်မလာခဲ့ပါဘူး။ ဒီမိုကရေစီလိုလားတဲ့ ပြည်သူ့ဘက်ပါချင်တဲ့ စစ်သည်တွေဟာ မစုစည်းနိုင်ကြဘူး။ စုစည်းပေးနိုင်မဲ့ တပ်မှူး လည်းမရှိ ဖြစ်နေတယ်။

၁၉၈၈ ခုနဲ့ ၁၉၉ဝ မှာ ဗမာ “ဖီဒယ်လ်ရားမို့စ်” မပေါ်လာခဲ့ပေမဲ့ တပ်မတော်ဟာ အာဏာရှင်လက်ပါးစေ တလက်ကိုင် စစ်တပ်ဘဝကို လျှောကျပျက်စီးသွားတာ နှစ် ၄ဝ ကျော်ကြာလာခဲ့ပြီဖြစ်လို့ မျှော်လင့်ချက် လုံးလုံး မရှိတော့ဘူးလို့ လည်း ကံသေကံမ မပြောနိုင်ပါဘူး။

ဖိလစ်ပိုင်မှာ ရားမို့စ်ပေါ်လာခဲ့တာဟာ ပြည်သူလူထုရဲ့စွမ်းအား၊ အကွီနိုရဲ့ စိတ်ဓာတ်နဲ့ လုပ်ရည်ကိုင်ရည်၊ မားကိုစ့်ရဲ့ အမှားကွက်တွေ အားလုံးပေါင်းဆုံသွားတဲ့အခါမှာ ပေါ်လာခဲ့တာဖြစ်ပါတယ်။ အဲသလိုဘဲ ဗမာပြည်မှာလည်း ပြည်သူလူထုရဲ့ စွမ်းအားအရှိန်အဟုန် ကြီးမားပြင်းထန်နေတဲ့ကာလမျိုးမှာ အတိုက်အခံ ခေါင်းဆောင်ပိုင်းရဲ့ ရဲဝံ့မှန်ကန်တဲ့ ခြေလှမ်းက စစ်အာဏာရှင်တွေရဲ့ပျော့ကွက်ကို နင်းမိလိုက်ချိန်ကျရင် စစ်အုပ်စုလက်ကိုင်ဒုတ်စစ်တပ်ဟာ ပြည်သူ့အကျိုးကို ရှေ့ရှုတဲ့တပ်မတော်အဖြစ် စတင်ပြောင်းလဲပေါ် ထွက်လာနိုင်ပါတယ်။

စစ်တပ်ဟာ တပ်မတော်အဖြစ်သို့ လုံးလုံးလျားလျားပြောင်းလဲဖို့အတွက်ကတော့ ပြည်သူ့ဆန္ဒနဲ့ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရကို အကြွင်းမဲ့နာခံပြီး နိုင်ငံရေးကိစ္စတွေမှာဝင်မပါဘဲ နိုင်ငံတော်ကာကွယ်ရေးနဲ့ ပြည်သူ့ အကျိုးပြု လုပ်ငန်းရပ်တွေ သက်သက်ကိုသာ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ အဲသလို မဖြစ်သရွေ့တော့ စစ်တပ်ဟာ လက်တဆုပ်စာ အာဏာရှင်တွေရဲ့ လက်ကိုင်ဒုတ် ဖြစ်မြဲဖြစ်နေပြီး ဗမာပြည်ရဲ့ အနာဂတ်ကတော့ မှုံမှိုင်းနေမှာပဲ ဖြစ်ပါတယ်။

1 comment:

minmaw said...

စာရေးဆရာ ဂါမဏိကိုရော၊ ပို့စ်တင်ပေးသူ ကို ဖိုးတရုတ်ကိုပါ ကျေးဇူးတင်ပါတယ်။ ဒီလို အမှန်တရားတွေကို နောက်ခေတ်လူငယ်တွေ မသိကြတော့ဘူးဆရာ။ ရှေ့ဆက်ပြီး ရေးသားနိုင်ပါစေ။ ကျွန်တော်တို့နယ်ဘက်မှာဆိုရင် အရင်က နေ့စဉ်နဲ့အမျှ ပေါ်တာဆွဲတာ ကြောက်ရ၊ စုဆောင်းရေးက ဆွဲမှာ ကြောက်ရ အများကြီးပါပဲ။