စာဖတ်သူများခင်ဗျား
၁၉၈၈ လူထုအုံကြွမှု အရေးတော်ပုံကြီးမှာ ပြည်သူတွေဘက် ရပ်တည်ပြီး ပြည်သူ့တပ်မတော်သား အစစ်အမှန်များ ဖြစ်ခဲ့ကြတဲ့ တပ်ကြပ်ကြီး လှရွှေ ဦီးစီး (၁၆) ဦးဟာ ရန်ကုန်မြို့  ဘဏ်ရိပ်သာ (လှည်းတန်းအနီး) မှာ စစ်အာဏာရှင်တွေရဲ့  လက်ကိုင်တုတ် စစ်သားတွေကို ရွန်ရွ့န်ချွံချွံ ပြည်သူတွေ ရှေ့ကခုခံ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအကြောင်းကို ကျွန်တော် ကိုဖိုးတရုတ်က ကိုမင်းဒင် ဘာလော့ဂ်မှ ကူးယူဖော်ပြ ပေးလိုက်ပါတယ်။
သေနတ် အားလုံးပေါင်း ဆယ့် ခြောက်လက် တဲ့ ။ ကျနော် မြင်လိုက်တာကတော့  အုန်းမြင့် ကိုင်သွားတဲ့  ဂျီသရီးလိုလို ရယ်။ နောက်ပိုင်းမှာ ကိုလှရွှေ လက်ထဲကနေ ကျနော့်  လက်ထဲကို ရောက်လာတဲ့  နေဝင်းစတင်း တလက် ရယ်ဗျ။ ကျနော့် လက်ထဲကို အဲဒီ သေနတ်ဘယ်လို ရောက်လာ သလဲဟုတ်လား။ အဲဒါကို ခဏထားလိုက်ပါအုံး ဗျာ။ တိုက်ပွဲလေး ဆက်လိုက် ကြရအောင်။
အဲဒီ လူအုပ်ကြီးဟာ လုံထိန်းတွေကို ဝိုင်းတာ က အကြောင်းရှိတယ် ဗျ။ ရန်ကုန်မြို့ လည်ခေါင် မှာကော၊တနိုင်ငံလုံး နေရာအနှံအပြားမှာ စစ်တပ်က ရက်စက်ချင်တိုင်း ရက်စက် ၊ထင် တိုင်း ကြဲနေတာကို တယ်လီဖုန်းသတင်းတွေကော၊ တဆင့်စကား တဆင့်နားကြား နဲ့  ကော သိကုန်ကြပြီး ဘယ်လိုနည်း နဲ့  အကောင်းဆုံးတုန့် ပြန် ကြမယ်ဆိုတာ လုံးပမ်း ကြံ ဆ ကြရာက တောက်လာတဲ့ မီးပွား ဗျ။ အလကားနေရင်း လက်ဆော့ပြီး တက်ပစ်တာ မဟုတ်ဘူး။ ဘယ်လိုမှ သည်းမခံနိုင်လွန်းလို့ ပေါက်ကွဲ ကြတာ။
အော်။ ။ အဲဒီလက်နက်တွေကို ခွဲဝေပုံက တော်တော် စိတ်ဝင်စားဘို့ အကောင်းသား ဗျ။ လက်နက်တွေ ရှိတယ်ဆိုရော။ နောက်လက်နက်တွေကိုလည်းတွေ့ ကော လူထုထဲက စစ် တပ်ကို တက်ရင်ဆိုင်မဲ့  ၊တက်ပစ်ရဲတဲ့ လူတွေ အများကြီး ဖြစ်နေသတဲ့ ဗျာ။
သေနတ်ကိုင်ပြီး စစ်တပ်ကို ရင်ဆိုင် တိုက်ရဲတဲ့  သူတွေ တန်းစီကြပါ ဆိုတော့ တန်းစီလိုက် ကြတာ ထောင်ချီတဲ့  အတန်းကြီး ဖြစ်သွားတယ် တဲ့ ။သေနတ်တွေကိုလား။ ဘုန်းတော်ကြီး တွေ က သိမ်းထားပြီး တက်ပစ်မဲ့  လူစွမ်းကောင်းတွေကို လူအုပ်ထဲက ခေါင်းဆောင်တချို့  နဲ့ တိုင်ပင်နေတာလေ။
နေဦး။ ။ စီးကရက်စက်ရုံ ဂိုဒေါင်တွေ ရဲ့ နောက်တည့်တည့် မှာ လှိုင်မြို့ နယ် ပရဟိတ ကျား ကျောင်း ရှိတယ်ဗျ။ မိဘမဲ့  ကလေးတွေ အတွက် ဒိုက်ဦး ဇာတိ စကာင်္ပူ ကျားဘမ်း ပရုပ်ဆီ သူဌေး အော်ဘွန်ပေါနဲ့ အော်ဘွန်ပါ တို့ ညီ အကို တည်ထောင် ထားတာတဲ့ ။
နေဦးဗျာ။ ။ အရေးထဲမှာ ကြားဖြတ်ပြီး ကြွားလိုက်အုံးမယ် ။ စာရေးဆရာ ဇင်သန့် ရဲ့  ဒိုက်ဦး မှသည် စကာင်္ပူ သို့  ဆိုတဲ့ စာအုပ်က ကျနော် ထုတ်တာဗျ။ ဇင်သန့် က ကျနော့် မိတ်ဆွေ အရင်း သူ့ သားက ကျနော် တပည့် ။ ကျနော် တပြားမှ ငွေ ပြန်မယူပဲ ၊ ကျနော် ငွေစိုက်ပြီး ထုတ်ပေးခဲ့ တာ ဗျာ။ ထားလိုက်ပါတော့ ဗျာ။
ဂိုဒေါင်တွေနောက်ဘက် ဟာ ကျားကျောင်းရဲ့ နောက်ဘက်ပဲ။ ကျားကျောင်းရှေ့ ပေါက် က ဘူတာရုံ လမ်းဘက်မှာ။ ကျောင်းဝ အုတ်တိုင်ထိပ် က ဆိုင်းဘုတ်မှာ အော်ဘွန် ညီအကိုနာ မည်ထိုးထားတာ ပရုပ်ဆီပုလင်းမှာပါတဲ့  ကျားရုပ်နှစ်ရုပ် တောင် ပါလိုက်သေးတယ်။ ရုပ်တု မဟုတ်ဘူးသံပန်းနဲ့လုပ်ထားတဲ့ဆိုင်းဘုတ် ပါဗျာ။
ကျောင်းဝင်းထဲမှာ မဲ့နေသူ ပြုံးအောင်လုပ်ပါ။ သူတပါး၏ ဒုက္ခကို သုခ ဖြင့်  အစားထိုးပါ ဆိုတဲ့  ၊ ကျနော်ငယ်ငယ်က တော်တော်ကို သဘောကျတဲ့  စာတန်း ဆိုင်းဘုတ်လေး တွေ ထောင် ထားတယ်။ တချို့ စာ တန်းအောက်မှာ မဟတ္တမဂန္ဓီလို့လည်းရေးထားသေးတယ်။ဘူတာရုံလမ်း ဘက်က မြင်ရတဲ့ ကျောင်းစိုက်ခင်းတွေ ကြားမှာ ၊ ကျောင်းတွင်း တချို့ လမ်း ဘေးတွေမှာ ထောင်ထားတာ ဗျာ။
ရှိတဲ့  သေနတ်က ဆယ့် ခြောက်လက် ။ တက်ပစ်ချင်တဲ့ သူက ထောင်ချီ ရှိနေတော့ ဒီနည်း နဲ့  မဖြစ်ချေဘူး ဆိုပြီး အရပ်က အယုံအကြည်ရှိတဲ့ ၊ တကယ့်ကို စွမ်းစွမ်းတမံ တက်ပစ်ရဲတဲ့ စစ်ရေးအတွေ့ အကြုံ ရှိသူ စစ်မှုထမ်းဟောင်းတွေ ပဲတန်းစီကြ ဆိုပြီး လုပ်ရပြန်ရော တဲ့ ။
ဒါနဲ့  တန်းစီနေတဲ့ ထောင်ချီ ရှိတဲ့ လူစွမ်းကောင်းတွေ ထဲက စစ်သားမဟုတ်တဲ့ မောင်တွေ ဘေးထွက်လိုက်ကြတယ် ။။ ဒါတောင် ခြောက်ဆယ်လောက် ကျန်နေသေးသတဲ့ ဗျာ။
ဒါနဲ့  စစ်မှုထမ်းဟောင်းထဲကနေ ဘယ်သူတက်ပစ်ဆိုတာတော့ စစ်သားဟောင်း အချင်းချင်း ပဲ ရွေးကြပေတော့  ဆိုပြီး ဘုန်းတော်ကြီး တွေက စစ်သားဟောင်းချင်းညှိုကြဘို့ လွှဲလိုက် ရော တဲ့ ဗျ။ အော်။။ တခု ကျန်ခဲ့အုံးမယ်။နေဦး ။။ တက်ပစ်ဘို့ ဝင်တန်းစီတဲ့ အထဲမှာ အရာ ရှိတယောက်မှ မပါဘူး ဗျ။ အမြင့်ဆုံးက တပ်ကြပ်ကြီး ပဲတဲ့ ။
အဲဒီ လူစွမ်းကောင်းတွေ ထဲက စစ်သက် အရင့် ဆုံး၊ တပ်ကြပ်ကြီး လှရွှေဟာ ကျနော်နဲ့  တလမ်းတည်း နေတဲ့  ကိုလှရွှေပဲ ။ ကျနော်နဲ့ လား။။ ရင်းနှီးပါသော်ကော ဗျာ။ ကျနော် နဲ့  တောင် ဖိုက်တင် ပလေးတဲ့  ဇာတ်လမ်းလေး ရှိသေး ဗျာ။ အဲဒီ ဇာတ်လမ်းကြောင့် ပဲ ကျနော်နဲ့ ကိုလှ ရွှေကြားမှာ နားလည်မှုလွဲပြီး ကိုလှရွှေ ထောင်ဆယ်နှစ်ကျသွား ရတယ် ။ စိတ်မကောင်း စရာပါ ဗျာ။
ကိုလှရွှေက မူဆလင် ဗျ။ တပ်ကြပ်ကြီး အဆင့်နဲ့ ဆေးပင်စင်ယူလာတာ။ တပ်ထဲမှာတုန်းက ကွန်မန်ဒို တဲ့ ဗျ။ သူ့မျက်နှာ သူ့ ကိုယ်ဟန် အနေအထားဟာ တကယ့် ကို ကွန်မန်ဒို ပုံပေါက်တယ် ဗျ။ ကြံ့ခိုင်မှုအပြည့် ရှိတယ် ။ စစ်သားပုံပေါက်တယ်။ကိုလှရွှေ့  မိန်းမက ရှမ်းသွေးပါတယ် ဗျာ။ တောင်ကြီးဘက်က ။ စစ်ဆင်ရေးသွားရင်း အိမ်ထောင်ကျခဲ့ တာလို့ ကိုလှရွှေ ပြောဘူးတယ်။
တပ်က ပင်စင်ယူပြီး စီးကရက် စက်ရုံမှာ လင်မယားနှစ်ယောက် စလုံးအလုပ် ရတယ် ဆို တော့ သူ တို့ မိသားစု အထိုက်အလျောက် ချောင်လည်ကြပုံ ပေါ်ပါတယ်။သူ ဆိုးတာက အရက်မူးရင် မိန်းမကို .. ကွန်မန်ဒို လှရွှေကွ ဆိုတဲ့  ကြွေးကြော်သံနဲ့  ရိုက် တတ်တဲ့ အကျင့် ပဲ။ လမ်းထဲက တော်ရုံ တန်ရုံ လူမိုက်တောင် သူ့ ကို လန့် တယ်။
သူနဲ့ ကျနော့်  ပြဿနာက သိပ်ကြီးကျယ်လှတာ မဟုတ်ပါဘူး ဗျာ။ ကျနော် သွေးကြွတာ လည်း ပါတယ်။ သူ မူးပြီး ပါးစပ်ဆော့ တာလည်း ပါတယ်။ အရေးအခင်း မဖြစ်ခင် တနှစ်ကျော်လောက်က ကျနော် ညခုနှစ်နာရီလောက် လမ်းထိပ် ထွက်လာတယ်။ ဘာကြောင်းနဲ့ မှ မဟုတ်ဘူး ။အိမ်ထဲမှာ စာဖတ်နေတာ ကြာလို့  ခါးဆန့်  ချင်တာနဲ့ ထွက်လာတာ။ ကံဆိုးချင်တော့ ကိုလှရွှေ မူးပြန်လာတာနဲ့ တိုးနေ ရောဗျာ။
သူက ဆိုက်ကားပေါ်က ဆင်းဆင်းချင်း ကျနော့်  ကိုမြင်တယ် ထင်ပါရဲ့ ။ ကျနော့်  ဆီ ဦးတည်ပြီး တန်း လျောက် လာတယ်။ သူက ခပ်ထွေထွေလေး စကားစတယ်။ ဆရာ ။ ထမင်းစားပြီး ပြီလားတဲ့။
ဟာ။ ကျနော် လည်း ကိုလှရွှေ နှုတ်ဆက်နေတာ လူကြီးလူကောင်း ပုံစံပဲ ဆိုပြီး ။။ ဟုတ်ကဲ့ .. စားပြီးပါပြီ လို့ လည်း ဖြေလိုက်ရော သူက ... ဒါဆို ဆရာတို့ အိမ်ရှေ့ က ခင်ဌေးရီ ကို ကျနော် (...)ချင်တယ် တဲ့ ။ဘာမှလည်း မဆိုင်ပါလား ဗျာ။
သူပြောတဲ့ ခင်ဌေးရီက ကျနော်တို့ အိမ်ရှေ့ တည့် တည့်ကဗျ။ ကိုယ်ခန္ဓာ အချိုးအစား တော် တော်လှတယ်။ ရုပ်ကတော့  ရွက်ကြမ်းရေကျိုပဲ ။ ကိုလှရွှေက ဘယ်တုန်းက ခင်ဌေးရီကို စိတ် ဆာနေတယ် မသိဘူး။နောက် ကျနော်နဲ့ ခင်ဌေးရီ ဘာလိုလို ထင်နေပုံ ရတယ်။ မူးနေ တော့  သူ့ စိတ်မှာ တိတ်တခိုး မျိုသိပ် ထားရတာ ပွင့် အံလာတယ် ထင်ပါရဲ့ ။။
သူထင်တာ အရေးမကြီးဘူးလေ ဗျာ။လူကို ဆရာခေါ်ပြီး အိမ်ရှေ့ က မိန်းမကို (..)ချင်တယ် ဆိုတော့  ကျနော်ဘယ်ဘဝ ရောက်သွားပြီလဲ။
ကျနော် အသာလေး ဒေါသကို ချုပ်တီးလိုက်တယ်။ အဲဒီနေ့  ညက ကျနော်တစ်ညလုံး အိပ်မ ပျော်ဘူး ။နောက်နေ့  ကိုလှရွှေ အလုပ်သွားမဲ့  အချိန် လမ်းထိပ်မှာ ခုနှစ်နာရီ လောက် က တည်းက ထွက်စောင့်နေလိုက်တယ်။ ဖြစ်ချင်တော့ အဲဒီနေ့ က ရုံးပိတ်တော့ ကိုယ်တော်က မနက် ကိုးနာရီ လောက်မှ လမ်းထိပ် ထွက်လာတယ်။
ကွန်မန်ဒို သတိတော့ မပျောက်သေးဘူး ဗျာ။
သူ့  အန္တရာယ် အနံ့ ကို သူသတိထားမိ ပုံရတယ်။ ကျနော့်  မလှမ်းမကမ်းက ဟန်မပျက် ဖြတ်လျောက် သွားပြီး (၁၂) လမ်းထိပ်က ရွှေလိပ်လက်ဘက်ရည်ဆိုင် ထဲဝင်သွားတယ်။နောက်ကောင်စီလူကြီးဦးအောင်နိုင်တို့ အ ဖွဲ့ထိုင်တဲ့ ဝိုင်း မှာ သွားထိုင်တယ်။။ကျနော်လည်း သူ့ နောက်က ကပ်လိုက်သွားပြီး ခပ်လှမ်းလှမ်းက ခုံမှာ ထိုင်လိုက်တယ်။ သူ့ က နောက်ကျော မလုံဘူး ။ နောက်ကို လှည့်လှည့် ကြည့်နေတယ်။ ကောင်စီလူကြီးတွေ ဝိုင်းဆိုတော့  ကျနော်ရုတ်တ ရက် မရမ်းလောက်ဘူး လို့ လည်း သူတွက်ပုံ ရတယ်။
ကျနော်လည်း တစ်ညလုံး မအိပ်နိုင်ပဲ စိတ်ပေါက်နေတာနဲ့  လက်ဘက်ရည်ဆိုင် မုန့် ဘီဒို ပေါ်မှာ တင်ထားတဲ့  ပေါင်မုန့် လှီးတဲ့ တစ်ပေခွဲလောက်အရှည် ဓားကို ဆတ်ကနဲ ကောက် ပြီး ကိုလှရွှေ ထိုင်တဲ့ ဝိုင်းကို ကူးသွားလိုက်ကာ သူ့ ရှေ့ ကို ဓားပစ်ချပေးလိုက် ရောဗျာ။
ရော့ .. ခင်ဗျားက ကွန်မန်ဒို ဆိုတော့ သတ္တိကောင်းတယ် ။ ညက ခင်ဗျား ကျုပ်ကို စော်ကား သွားတာ ကျုပ်မကျေနပ်ဘူး ။ ဒီတော့ ခင်ဗျား ကျုပ်ကို ထိုးရင်ထိုး မထိုးရင် ကျုပ်ထိုးမယ် လုပ်လိုက်ရော။
သူက တော်တော်ကြာအောင် ကြောင်နေလို့ ကျနော်က ဓားပြန်ယူပြီး ထိုးမယ်လုပ်တော့  လူတွေ ဝိုင်းဆွဲကြ ပေါ့ဗျာ။ ငယ်စိတ်တွေ ပါဗျာ။တကယ်တော့  ဂုဏ်ယူစရာ မဟုတ်ဘူး ။ ဒါဟာ ရန်ကိုရန်ချင်း တုံ့နှင်းချင်တဲ့ ၊ ရမ်းကား ချင်တဲ့ ၊ မိုက်သွေးပြချင်တဲ့  စိတ် သက်သက် ပါ ။ တကယ်တမ်း အခုနေ ပြန်စဉ်းစား ရင် ကျနော်ဟာ သူ့ လောက်တိုင်းပြည် အတွက် မစွန့် စားနိုင်ခဲ့ ပါဘူး။ သူ တကယ့်ကို စစ်သား ဟောင်းဘဝနဲ့ တောင် လူထုအ တွက် စွန့် စားခဲ့တယ်လို့  ဆိုရပါ လိမ့် မယ်။
သူ ဒီလို စွန့် စားလိုက်တဲ့  အကြောင်းရင်းက သားဇောနဲ့ ရှက်စိတ် ဗျ။ ကိုလှရွှေမှာ သားတယောက် သမီးတယောက် ။ သားက အကြီးကောင် ။ အဲဒီတုန်းက ကိုး တန်းကျောင်းသား ထင်တယ်။ကလေးက ဆန္ဒပြထဲ လျောက်ပါနေတယ်။ အဖေ ကို သိပ် ကြောက်ရတဲ့ သား ဟာ အရေးအခင်းထဲမှာ တောက်လျောက်ပါနေတယ်။ ကိုလှရွှေ ဘယ် လောက်ကြိမ်းကြိမ်း ဘယ်လောက်ရိုက်ရိုက် သူ့ သားက လစ်တာနဲ့  လူအုပ်ထဲမှာ ဆန္ဒ လျောက်ပြတော့ တာပဲ။ကလေး က ရှိလှမှ ဆယ့်  လေး နှစ်၊ ဆယ့်ငါးနှစ်ပေါ့။
စစ်တပ်က အာဏာသိမ်း ပြီဆိုတော့ ကိုလှရွှေက စစ်သားလူထွက်ပီပီ စစ်တပ်အကြောင်း ရိပ်မိတယ် ထင်ပါရဲ့ ။ သူ့ သားကိုလိုက်ခေါ်ရာက စီးကရက်စက်ရုံ ဂိုဒေါင် က လုံထိန်း တပ် ဖွဲ့ ကိုဝိုင်း ပြီလက်နက်တွေ သိမ်းတဲ့  ဇာတ်လမ်းထဲကို ရောက်လာတာ ပေါ့ ဗျာ။
ကိုလှရွှေ သူ့ သားကိုလိုက်ရှာတာ တွေ့ မဲ့ တွေ့ တော့  သူ့ သားဟာ စစ်တပ်ကို တက်ပစ်ဘို့  တန်းစီ နေတဲ့လူတန်း ထဲမှာ သွားတွေ့ သတဲ့  ဗျာ။ကလေးက ငယ်ငယ်တုန်းက တပ်ထဲမှာ နေ ဘူးတော့  သေနတ်ကို အကျွမ်းတဝင်ဖြစ်နေတယ်။ နောက်သူတက်ပစ်ရင် လည်း ဖြစ်မယ်ထင် နေတာကိုး ။ ကိုလှရွှေက သူ့ သားကိုတော်တော် ချစ်ရှာတယ် ဗျ။ ချော့မော့ ပြီး အဖေနဲ့  ပြန်လိုက်ခဲ့  ပါ သားရယ် ဆိုပြီး ခေါ်တယ်။ သားက ခပ်မာမာ၊ ခပ်ပြတ်ပြတ် ငြင်းတယ်။
ဒါနဲ့ ကိုလှရွှေက သူ့ သားကို မင်းစစ်တပ်အကြောင်း ဘယ်လောက်သိလို့ လည်းကွ ။ နေရာ တကာမှာ ပစ်ကုန်ပြီ။ မင်းပြန်မလိုက်ဘူးလား လိုက်မလား ခပ်ကြမ်းကြမ်းလုပ်ပါလေရော။ သူ တို့ သားအဖ အချေအတင် ဖြစ်နေတာက တကယ့်လူအုပ်ကြီး ထဲမှာ ဆိုတော့  အားလုံး လည်း ဝိုင်းကြည့် နေကြတဲ့  အချိန် ထင်ပါရဲ့ ဗျာ။
နောက်ပိုင်းမှာ ကျနော့် ကို ကိုလှရွှေ ကိုယ်တိုင် ပြန်ပြောဘူး တယ်။ မိန်းမရှာလို နေတဲ့  ကျ နော့် သားက ဗျာ။ လူအုပ်ကြီးထဲမှာ ။။ ကျနော့်ကို .... အဖေက ကွန်မန်ဒို စစ်သားသာ ပြော နေတာ အခြောက်လောက်တောင် သတ္တိမရှိဘူး လို့ ခံလည်း တွန်းလိုက်ရော။
ကျနော်ဗျာ ... သေသွားတာကမှ ကောင်းဦးမယ် ဆိုပြီး။ ။ ကဲ ... ကဲ .. ငါ့သား မင်းတက်မပစ်နဲ့ တော့  ။ ။မင်းဒီလောက် ပစ်ချင်နေတဲ့  စစ်တပ်ကို အဖေ ကိုယ်တိုင် တက် ပစ်ပေးမယ် ကွာ ဆိုပြီး ကျနော် သားနေရာမှာ ဝင်စီလိုက်ပြီး လက်ရွေးစင် တပ်ဖွဲ့ ကို ဦးစီး ခဲ့တာ ပါပဲတဲ့ ။။။အားလုံးပေါင်း ဆယ့်ခြောက်ယောက်တဲ့။
ကဗျာ ဆန်ဆန်ပြောရရင် ဆယ့်ခြောက်ယောက၊် ဆယ့်ခြောက်လက်၊ ဆယ့် ခြောက်နာရီ လို့  တောင်ပြောလို့ ရ သဗျာ။ အေးလေ။ သေနတ်တွေ ဝေတော့ ညနေလေးနာရီ ဝန်းကျင် ဗျ။ အားလုံးဟာ စစ်မှုထမ်းဟောင်းတွေချည်း ပဲ ။ တပ်ကြပ်ကြီး၊ တပ်ကြပ်၊ ဒု တပ်ကြပ် ။ တပ်သား အစုံပေါ့  ဗျာ။ သေနတ် နဲ့ ကျည်ဆံ တွေ လည်း ကိုယ်စီလည်း ဝေခြမ်းပြီး ရော။
ဘယ်သူ့ က ဘယ်သေနတ်ကို ကိုင်မယ့်  ဘယ်သူနဲ့  တွဲလျက်ရှိမယ်။ ဘယ်လို နေရာယူ မယ် ။ ဘယ်သူ့ က အမိန့် ပေးမယ် ။ ဆိုတာတွေ ကို အသေးစိတ် ညှိကြသတဲ့။ ကျည်ဆံအင်အား။ သေနတ်တွေ ရဲ့ ကြံ့ ခိုင်မှု အရာရောက်မှု တယောက်ချင်းရဲ့  စစ်သက် စစ်ရေးကျွမ်းကျင်မှု တွေကို ပါ ထည့် တွက် ကြရသတဲ့  ဗျာ။ သိတယ်လေ။ တံခါးပိတ် အစည်းအဝေးမှ မဟုတ်တာ လူအုပ်ကြီး ရှေ့ ၊ ဂိုဒေါင်ရှေ့ မြေပြင်မှာ ဒုတ်နဲ့  မြေပုံ ခြစ်ပြီး စစ်ဆင်ရေး ကို ဇယား ဆွဲနေကြတာ တဲ့ ။
ရဲဘော် ဆယ့်ခြောက်ယောက် ဟာ ရန်ကုန်ဘက်ကနေ အင်းစိန်ဘက်ကို တလမ်းချင်း သိမ်း ပြီး ၊ ဆန္ဒပြ အပြစ်မဲ့ ပြည်သူ တွေကို စိတ်တိုင်းကျ ပစ်ခတ် တက် လာနေတဲ့  မြန်မာ့ တပ်မတော်ကြီး ရဲ့  တစ်ခုသော စစ်ကြောင်းကို ရန်ကုန် အင်းစိန် လမ်းမ ကြားဖြတ် တနေရာကနေ ရင်ဆိုင်တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ကြသတဲ့ ဗျာ။ အဲဒီလို ဆုံးဖြတ်ပြီး လူအုပ် ကြီးနဲ့ ဝန်းရံချီတက်လာတဲ့  အဖွဲ့ ကို လမ်းမှာ ကျနော်တိုးခဲ့ တာပေါ့ ။။
ကျနော် မမူးချင်ဟန်ဆောင် စရာ မလိုတော့ပါဘူး။ ။တကယ့်ကို အမူးပြေသွားပါ ပြီ။ ကျနော် အုန်းမြင့်နောက် ကိုလိုက်မှ ဖြစ်တော့မယ်လို့ ဆုံးဖြတ်ပြီး ရေချိုးခန်းထဲ ဝင် ၊ ခေါင်းကို ရေ လေးငါးခြောက်ခွက် လောင်းချပြီး အုန်းမြင့်တို့ ၊ ကိုလှရွှေတို့ ချီလေတဲ့ လှည်းတန်းဘက်ကို ဦးတည်ပြီး ဂမူးရှူးထိုး ထွက်ခဲ့ ပါတော့တယ်။ ဘာလုပ်ဖို့လည်း ဟုတ်လား။ အုန်းမြင့် ကို စိတ်ပူလို့ ဗျို့ ။ သောက်ရမ်းလျောက်လုပ် ရင် မ ဖြစ်သင့်တာ တွေ လျောက်ဖြစ်ကုန်မှာ စိုးလို့။နောက်တချက်က ကျနော်ကိုယ်တိုင် က လည်း ပွဲကြီးပွဲကောင်း ကိုလွတ်သွားမှာ ကြောက်တာလည်း ပါနိုင် သပေါ့ဗျာ။
အေးလေ။ အိမ်ကနေ ဘူတာရုံ လမ်းထိပ်ကို တော့ ဆိုက္ကားနဲ့ ပေါ့ ဗျာ။ လမ်းထိပ်ရောက် တော့ ဆိုက္ကား မပြောနဲ့  ခွေးတစ်ကောင် ကြောင်တစ်မြီး မှ မရှိတော့ ဘူး ထင်ရအောင် တောင် လူရှင်းနေလေ ရဲ့ ။ အော်.......ရန်ကုန် အင်းစိန်လမ်းမ ကြီးပေါ်ကို ပြောတာ ဗျ။လမ်းခွဲ လမ်းသွယ်တွေ ထဲမှာ လူတွေ က ပြူတစ် ပြူတစ် နဲ့  ရှေ့ ဆက်၊ ဘာဖြစ်လေ မလဲ စိတ်စောနေကြတဲ့ သူတွေချည်းပေါ့ ဗျာ။
ကျနော် လှည်းတန်း ဘက်ကို လှမ်းမျှော်ကြည့် လိုက်ပါတယ်။ လမ်းမပေါ် နေရာအနှံ့ အပြား မှာ အတားအဆီး အဖြစ်ချထားတဲ့ စည်ပိုင်းဟောင်းတွေ ၊ သစ်သားတုံးတွေ အုန်းပင်က နေ ခုတ်ဖြတ်ထားတဲ့ အုန်းတုံး ပြတ်တွေ ။ ကွန်ကရစ်တုံး ခပ်လတ်လတ် ခပ်ကြီးကြီးတွေ ကိုသာ မြင်နေရပါတယ်။။ ရှေ့ မျှော်ကြည့်လည်း ဒီမြင်ကွင်းပါ ပဲ။ ကျနော် သတိချပ်လိုက်ပါတယ်။ တစုံတရာ ဖြစ်လာတော့ မဲ့ အရိပ်အငွေ့ အနံ့ အသက် ကို ကျနော် ကောင်းကောင်း ရနေပါပြီ။
ဘူတာရုံလမ်းထိပ် ဓာတ်ဆီဆိုင် ရှေ့ က ဘေးကျကျကနေ လှည်းတန်းဘက် ကို အပြေး တပိုင်း သွားနေတာပေါ့ ဗျာ။ ပလက်ဖောင်းပေါ်တောင် မတက်ရဲဘူးဗျာ။ ကျည်ဆံက အဝေး ကြီး ခရီးတွင်တယ် ဆိုတာလောက်တော့ သိနေတယ်လေ။ ပိုစိတ်ချရအောင် ဓာတ်တိုင် တစ်တိုင်ပြီး တစ်တိုင် ကူးသွားလိုက်တယ်။ ဓာတ်ဆီဆိုင်ကျော် တော့ သဖော့တော့ သချိုင်း ကုန်းလမ်းထိပ် ရောက်ရော ဗျာ။ အဲဒီလမ်းလည်း ဝါးကပ်တွေ နဲ့ ပိတ်ထားလေရဲ့ ။ တကယ့်ကို အင်းစိန်လမ်းမပေါ်မှာ လူရှင်းနေတယ် ဗျာ။
နောက် ကနေ .. ရှူး ....ရွှတ်.. ရွှတ်... ဆိုတဲ့ အသံကြားလို့ လှည့်ကြည့်လိုက်တော့  သဖော့တော လမ်းကို ပိတ်ထားတဲ့ ဝါးကပ်ကြားက ကျနော် အသိ.. မျိုးမြင့်ဆိုတဲ့  ကျနော့် အသိတယောက် ရဲ့ ခေါင်းကို လှမ်းမြင် နေ ရတယ်။ သူက ကိုသက်ခိုင်.... မသွားနဲ့ တဲ့ ။။ သူ့ လက်ညှိုးကို ကွေးကွေးပြတယ် ။ အဲဒီ လက်ညှိုးက လှည်းတန်းဘက် ညွှန်နေတယ်။
ရောက်ချင်လို့ သွားပါတယ် ဆိုနေမှ မသွားပါနဲ့ လာတားနေ သဗျာ။ ဘာမှ ပြန်ပြောမနေပဲ ဆက်သွားလိုက်တော့  ကမာရွတ်နဲ့ လှိုင်မြို့ နယ်ကို စည်းခြားထားတဲ့  ရေမြောင်းကြီး နား ကိုရောက်လာတယ် ။
နောက်ဆင်ရေတွင်းမှတ်တိုင် ကိုလည်းကျော်ပြီး ရော၊ အာတီစီ ဝင်းရှေ့ ရောက်ရော ဆိုပါ တော့ ။ ကျနော်က အာတီစီ ဝင်း ဘက်မှာ မဟုတ်ဘူး။ မျက်နှာချင်းဆိုင် ဘက်အခြမ်းမှာ ကျနော် လှည်းတန်း အဝိုင်းကို လှမ်းမြင်နေရပါ ပြီ။ အမှန်က သိပ်သတ္တိကောင်းလွန်းလို့  သတ်ကွင်းစစ်မြေပြင် ဖြစ်တော့မဲ့ နေရာဘက်ကို တိုး တိုးသွားနေတာ တော့ မဟုတ်ဘူးဗျ။ အုန်းမြင့်ကို မှီလိုမှီငြား ဆိုတဲ့ စိတ်... ရှေ့ က ဦး ဆောင်နေတာ တပိုင်းပါ ပါလိမ့်မယ်။
ဟံသာဝတီဘက်ကနေ စစ်ကားနှစ်စီး မီးထိုးပြီးလာ နေတယ် ဗျ။ အေးလေ။ နေ့ ခင်းကြောင်တောင် တော့မဟုတ်ပါဘူးပေါ့ ။ညနေလေးနာရီခွဲ သာသာ ပေါ့ ။ ဘာလဲ (ယ ) ရက်ကို မှတ်ထားချင်လို့ လား ။ ၁၉၈၈ခုနှစ်၊ စက်တင်ဘာလ(၁၉) ရက်ပေါ့  ဗျာ။့ (န) နာရီကို သေချာချင်ရင်တော့ ..... ညနေသုံးနာရီထက် မစော။ ငါးနာရီခွဲ ထက် နောက် မကျတဲ့  အချိန်သာမှတ်ထားပေတော့ ဗျ။
ဟုတ်တယ်လေ။ ကျနော် လက်ပတ်နာရီတော့ ကြည့်မထားမိဘူး။ သေချာတာက အဲဒီ တိုက်ပွဲ မတိုင်ခင် အချိန်နဲ့  တိုက်ပွဲ ပြီးတဲ့ အချိန်တွေမှာ မှတ်မှတ်ရရ ဖြစ်စရာတွေ အများ ကြီး ရှိနေလေတော့ .... ကြားထဲ က ဟနေတဲ့  အချိန်ဟာ တိုက်ပွဲချိန် ပဲ။ သေချာသလား မမေးနဲ့ တော့ ဗျာ။။
အစိမ်းရင့်ရောင် တီအီး စစ်ကားနှစ်စီးဟာ လှည်းတန်း အဝိုင်းကို ကျော်လာတယ်။ ကားတွေကို အမိုးကိုင်းပဲ ပါတယ် ။ အမိုးဖျင် အုပ်မထားဘူး ဗျ။ ကားနောက်ပိုင်းမှာ စစ်သားတွေ ပါလာတယ်။ ခပ်ဖြေးဖြေး မောင်းလာနေတယ် ဗျာ။ အဝိုင်းနားက လှည်းတန်းရဲစခန်းကို ကျော်လာတော့  ကားနှစ်စီးလုံး ရုတ်တရက် ရပ်လိုက်တယ်။ လှည်းတန်းမှတ်တိုင် လေ မှတ်မိလား ။ ပန်း ကမ္ဘာ အအေးဆိုင် လားရှိတယ် ဗျာ။
ကားနှစ်စီး လာနေတာက လမ်းတလမ်းလုံးကို နေရာယူပြီး မောင်းလာတာနော် ။ ဘယ် ဘက် ယာဉ်ကြောမှာ တစီး ။ ညာဖက် ယာဉ်ကြောမှာ တစီး ။ အင်းစိန်ဘက်ကို ချည်း ဦး တည်ပြီး မောင်းလာနေတာ ဗျ။ ကျနော်လား စံရိပ်ငြိမ် ဘဏ်ရှေ့ ကို ရောက်လာပြီလေ။ ဆင်ဝင်အုတ်တိုင်ကြီးတွေ နဲ့  ရှေး ဟောင်း အဆောက်အဦး ပုံစံ စံရိပ်ငြိမ် ဘဏ် ရှေ့၊ လမ်းဘေး ။ ခြံစည်းရိုး မှာ ကပ်လျက် ကျနော် ရှိနေတယ်။အဲဒီ စံရိပ်ငြိမ် မြန်မာ့ စီးပွားရေး ဘဏ်က နှစ်ထပ် တိုက် လေ။ ပြည်သူပိုင် သိမ်းထားတာ ထင်ပါရဲ့ ။ နောက်.. သူ့ ဘေး ကပ်လျက် က လူမှုဖူလုံရေး ရုံး။ ကံကောင်းချင်တော့ ကျနော် ရှိနေတဲ့  စည်းရိုးက အတွင်းဘက်ကို မသိ မသာ ထောင့် ချိုး ချိုးနေ တဲ့ နေရာ။ ဒီတော့ ကျနော်ကသာ သူတို့ကို လှမ်းမြင်နေရတာ သူတို့ ကျနော့်  ကို လှမ်းမမြင်နိုင်ဘူး။ မတ်တပ်ရပ်နေလို့ ဘယ်ဖြစ်မလဲ ဗျာ့။ ကျနော်လည်း ရုပ်ရှင် စစ်ကား တွေ အများကြီး ကြည့်ဘူးတယ်လေ။ မြေကြီးပေါ် ဝပ်ပြီး မိကျောင်းတွားလေးဘာလေး နဲ့  ပေါ့ ။ စည်းရိုး အုတ်နံရံ ကြား အပေါက်ကလေး ကနေ ချောင်းကြည့်နေလို့ မြင်နေရတာ ။
လမ်းမကြီးပေါ်မှာ စစ်ကားနှစ်စီးနဲ့  စစ်သားတွေသာ ရှိပါတယ်။ မိုးလည်း မရွာ၊နေလည်း မပူတဲ့  အခြေအနေ။ မိုးတိမ်မိုးသား ခပ်ပါးပါးနဲ့  ဗျ။စစ်သားနဲ့  စစ်ကားတွေကို ကျော်ပြီး ဟိုး အဝေးကြီး က ဟံသာဝတီဘက်ကို လှမ်းကြည့်လိုက်တော့  လည်း ငြိမ်သက် တိတ်ဆိတ် ခြောက်ကပ် နေတဲ့ မြင်ကွင်းပါ ပဲ။။
စစ်သားတွေ ဆင်းမလာဘူး ဗျာ။ စစ်ကားနှစ်စီး ဟာ ငါးမိနစ်လောက် ရပ်ပြီး ရှေ့ ကို ဓာတ်တိုင်သုံးလေးတိုင် စာလောက် တိုးလာပြန်တယ်။နောက် ရပ်လိုက်တယ်။ လှည်းတန်း မှတ်တိုင်နဲ့ စံရိပ်ငြိမ် မှတ်တိုင် ကြားမှာ ပေါ့။ နောက် ကမာရွတ်ရဲ စခန်းဘက် အခြမ်းက စစ်ကားရဲ့ ခေါင်းခန်းတံခါးပွင့်လာပြီး အရာရှိ တစ်ယောက်ဆင်းလာတယ်။ ဗိုလ်ကြီး ဗျ။ အသက်သုံးဆယ်ဝန်းကျင်။ သူ့ ပုခုံးပေါ်က ကြယ်ပွင့် တွေ ကိုတောင်လှမ်းမြင်နေရတယ်။ ရှေ့ တန်းမှာ အညိုရောင်ကြယ်ပွင့်တွေ တပ်လေ့ ရှိ တယ် ဆိုပေမဲ့ အဲဒီနေ့ က ဗိုလ်ကြီးတပ်ထားတာ ရွှေရောင်ဗျ။
နောက် ဆက်တိုက်ဆိုသလို နောက်ကားတစီးပေါ်က နောက်ထပ် ဗိုလ်ကြီးတယောက် ဆင်း လာပြန်တယ်.. ကားတံခါးတွေကို မပိတ်ဘူး ဗျာ။ ဖွင့်လျက်သား ပဲ။ ဗိုလ်ကြီး က ကားတံခါးကို လက်တဖက်နဲ့ ကိုင်ထားလိုက်သေးတယ်။ ကျန်တဲ့ တဘက်က ခါး ထောက်ထား တယ်ဗျ။ စစ်ဦးထုပ် အပျော့ ကို ဆောင်းထားတယ် ။ သူတို့ တခုခု သိနေလေပြီလားလို့  ထင် မိ သေးတယ် ဗျ။
အဲဒီအချိန်မှာ ကျနော့် ခေါင်းထဲကို အုန်းမြင့်ဝင်လာတယ် ဗျာ။ ဒီကောင်ဘယ်နေရာ မှာ နေရာ ယူနေသလဲ ....... ပေါ့ ။ အောင်မယ် ။ ဘဏ်အပေါ်ထပ်က အသံတချို့ ကြားနေ ရ တယ်။။ တခုခု အချင်းချင်း လှမ်းပြောနေတဲ့အ သံတွေ ။ ဘာတဲ့ ။ လာနေပြီ။ အသင့်ပြင်ထား... ဆိုတာလောက်တော့ ကြားတယ်။ခပ်အုပ်အုပ် အသံတွေ ဆို တော့ အကုန်လုံးတော့ မသဲကွဲလှဘူး။
လက်စသတ်တော့  အုန်းမြင့်တို့ အဖွဲ့ ထဲက တချို့ က ဘဏ်ပေါ်မှာ နေရာယူထားကြတာ ကိုး ။ တော်တော်ကို နေရာအရွေးတော်တယ် ဆိုရမယ်ဗျာ။ တကယ့်ချက်ကောင်းတွေချည်း မှန်အောင် ပစ်နိုင်တဲ့ နေရာဗျ။
ဟား။။ ကျနော်လည်း ပွဲကောင်းတော့မယ် ဆိုကာမှ ကျနော့်  ဟိုဘက် ကတ္တရာလမ်း အခြမ်း ဘက်ကို လှမ်းကြည့်မိတယ်။ အော် ....... သေနတ်ကိုင်ထားတဲ့  အကျီအညိုရောင်နဲ့ လူတစ် ယောက်က ရေမြောင်းအုတ်ခုံကို နောက်မှီပြီး အဆင်သင့် နေရာယူထား လေရဲ့ ဗျာ။
လက်နက်ကိုင် ရဲဘော် ဆယ့်ခြောက်ယောက် ဆိုပေမဲ့ လောလောဆယ် ကျနော် လှမ်းမြင် နေရတဲ့ တစ်ယောက်ရယ်။ ဘဏ်အပေါ်ထပ်က နှစ်ယောက်သို့ မဟုတ် သုံးယောက်ရယ် အား လုံး သုံးလေးယောက် နေရာယူထားတာကိုပါ သိနေရတာ ဗျ။ ကျန်တဲ့ ဆယ်ယောက်ကျော် ဘယ်လို နေရာမှာ ရှိနေသလဲ ဆိုတာတော့ကျနော်လည်း မသိနိုင်ပါဘူး ဗျာ။
တခု သတိထားမိတာက ဘဏ်ပေါ်ကို ကျနော့် ရှေ့ က လူက လှမ်းလှမ်းကြည့်နေတော့  သူ ဟာ ဘဏ်ပေါ်က ရဲဘော်ရဲ့ အချက်ပေးချက် ။ သို့ မဟုတ် စတင်ပစ်ခတ်မှုကို သူ စောင့်နေ တာလောက်တော့ ကျနော် ရိပ်မိနေတယ်။ အော်............ အချိတ်အဆက်နဲ့ ပါကလား ဗျာ။
အဲဒီ အချိန်မှာ ကားနောက်ပိုင်းမှာ ပါလာတဲ့ စစ်သားတွေ ဟာ ကားပေါ်ကနေ ခုန်ဆင်းချ လာပါတော့ တယ် ။ အားလုံးလက်နက်ကိုယ်စီ နဲ့ ။ ကိုယ်ခန္ဓာမှာ စစ်အသုံးအဆောင် အပြည့် နဲ့ ။ သံခမောက် ဦးထုပ်တွေ နဲ့ လေ။ ကျနော် ရှင်းရှင်းလင်းလင်း လှမ်းမြင် နေရ တယ်။ ဆင်းလာကြတာက ကားရဲ့  ညာဘက်ကိုချည်း ဆင်းလာတာ ဗျ။
တစ်စီး တစ်စီးမှာ စစ်သား နှစ်ဆယ်ဝန်းကျင်လောက် ပါလာတယ်။နောက် ရင်ဘောင်တန်းပြီး တန်းစီလိုက်ကြတယ် ။ ခင်ဗျား မျက်စိထဲ မြင်လာအောင် ပြောရရင် စစ်ကား တစ်စီး။ ဘေးမှာ စစ်သား နှစ်ဆယ် ဆယ်ယောက်နှစ်တန်း ။နောက်စစ်ကား တစ်စီး ။ ဘေးမှာ စစ်သား နှစ်ဆယ် ၊ဆယ်ယောက် နှစ်တန်း ၊ခန့် မှန်းခြေနော် ။ တစ်နှစ်သုံးလေး လို့တော့ မရေလိုက် မိဘူး ။ ကားတွေရောစစ်သား တွေ ပါ ရင်ဘောင်တန်းပြီး စီထားတာ ..။ စစ်သားတွေက သေနတ်ကို ရင်ဘတ်မှာကန့် လန့်  ဖြတ် ပုံစံ အသင့်အနေအထားနဲ့  ကိုင်ထားကြလေ ရဲ့ ဗျာ။
အမှန်တော့ သူ တို့ အားလုံးဟာ သတ်ကွင်းထဲမှာ အသေခံဘို့  အဆင်သင့် ပြင်ပေးနေတာ နဲ့ တူနေတယ် ဗျ။
ကျနော့်  စိတ်ထဲမှာ ဇဝေဇဝါ ဖြစ်နေတာက လှိုင်မြို့ နယ်က လူထုကြီးဟာ လက်နက်တချို့  ရသွားပြီးသူတို့ ကို ရင်ဆိုင်တိုက်ခိုက်ကြတော့ မယ် ဆိုတဲ့  သတင်းကို သူ တို့  သိ မသိဆိုတာပဲ။ တကယ်တမ်း သိရင် အခုလို ရင်ဘောင်တန်း ပြီး အဆင်သင့် အသေခံဘို့  တန်းစီပေးထား တာမျိုး လုပ်ပါ့ မလား ပေါ့ ။
နောက်တချက်က ကားတွေ ရပ်ပြီး စစ်သားတွေ သေနတ်ကိုယ်စီ အသင့်အနေအထားနဲ့  တန်းစီ နေတယ် ဆိုတော့ တခုခု သတိထားရမဲ့  သတင်း ရနေတယ် ဆိုတာ သေချာနေ တာပေါ့ ။ ကျနော် တွေးတာ မဆုံးလိုက်တော့ ပါဘူး။ ဒိုင်းကနဲ ပထမဆုံး သေနတ်ကို စကြားလိုက်ပါတော့တယ်။ ဆက်တိုက် ဆက်တိုက် သေနတ်သံတွေ ဆူညံမြည်ဟီး ထွက်ပေါ်လာပါတော့ တယ်။
မြင်ကွင်းက တော့ ရှင်းသလား မမေးနဲ့ ဗျာ။ ကျနော်နဲ့ ဓာတ်တိုင် နှစ်တိုင်အတွင်း လောက် သာကွာတဲ့ နေရာ ဗျ။တခုပဲ ရှိတယ်။ လူထုရဲဘော်တွေ ဘယ်လိုနေရာယူနေကြ သလဲ အတိ အကျမသိတာ ပေါ့။ စစ်တပ်လှုပ်ရှားမှုတော့ အားလုံးမြင်နေရတယ် ဗျာ။ စစ်ကား နှစ်စီးလုံးရဲ့  ရှေ့ ကာမှန်တွေကွဲကြေကုန်ပါတယ်။ နောက်ကားတွေရဲ့ ဘေး တံခါး တွေကို ဖွင့်ထားတော့ အဲဒီတံခါး တွေ ရဲ့ မှန်တွေကော တံခါးဘောင်တွေကော ချွင်ကနဲ ၊ ဒုတ်ကနဲ ၊ ဒက်ကနဲ ၊ နေရာအနှံ့ က ထွက်လာတဲ့ ကျည်ဆံတွေ ဆက်တိုက် မှန် နေပြီ ဗျို့ ။
ကျနော် သေချာ မြင်လိုက်တာကတော့  ဘယ်ဘက် ကားဘေးက ဗိုလ်ကြီးဟာ ဇတ်ကနဲ နောက်လန် ကျသွားတာကို ပါပဲ။။ ဟုတ်ပါတယ် ။ ကတ္တရာလမ်းမပေါ်ကို တည့်တည့် နောက် လန်ကျသွားတာ ဗျာ။ အသင့်နေရာယူထားတဲ့ စစ်သက်ရင့် ပြည်သူ့ ရဲဘော်တွေ ဟာ အမိန့်  ပေးမဲ့  ဗိုလ်ကြီးကို အရင်ဖြိုရတယ် ဆိုတာ ကြိုသိထားကြတယ် ထင်ပါရဲ့။သူ အရင်ဆုံး စ ကျတာ ပဲဗျ။
ဆက်တိုက်ဆက်တိုက် လူထုဘက်က ရဲဘော်တွေက ချည်းပစ်နေလိုက်တာ ရင်ဘောင်တန်း နေတဲ့  စစ်သားလေးဆယ်လောက်ထဲ က တဝက်လောက်နီးပါးဟာ အရုပ်ကြိုး ပြတ် တယောက်ပြီး တယောက် ကျကုန်ကြရော ဗျာ။ ကျပုံက ကျည်ဆံမှန်တာ ဆိုတော့  ဆတ်ကနဲ ဆတ်ကနဲ့ ။ တွန့် ကနဲ တွန့် ကနဲ ကျကျ ကုန်တာ ပေါ့ ဗျာ။ဘာမှကို လုပ်ချိန်၊ပြင်ချိန်မရပါဘူး။ ဘယ်နေရာက ပစ်လိုက်မှန်း လည်း သိ မဲ့ ပုံ မပေါ်ပါဘူး။ အေးလေ.. ပစ်တဲ့ ဘက်ကနေ ကြိုရောက်နေတဲ့  ကျနော်တောင် ဘယ်နေ ရာမှာ ရဲဘော်တွေ နေရာ ယူထားမှန်း မသိတာ။
ကျနော်နဲ့ မလှမ်းမကမ်း ကားလမ်းဟိုဘက်ခြမ်း က ပြည်သူ့ ရဲဘော်ကလည်း သေနတ်ကို ရေမြောင်း နှုတ်ခမ်းဘောင်ပေါ်တင်ပြီး လက်ညှိုးကိုကွေးလိုက် ဆန့် လိုက်နဲ့  ဆက်တိုက် ပစ်နေလေရဲ့ ဗျာ။ သူ့ ဘေးက ခြံစည်းရိုးဟာ စစ်အတွင်းက လေယာဉ်တွေ ဆင်းရင် သုံးတဲ့  သံပြားပေါက် အဝိုင်းတွေ ကာထားတာ ကိုတွေ့ နေ ရတယ်။ သူက ဘေးကိုတောင် လှည့်မကြည့်အားပါဘူး ။ သူ့ သေနတ်က ကျည်ဆံတစ်တောင့်  ထွက်သွားတိုင်း သူ့  ခေါင်းက ဆတ်ကနဲ ဆတ်ကနဲ ငြိမ့်ငြိမ့်  သွားတယ် ဗျ။ ရုပ်ရှင်ထဲက အတိုင်းပေါ့ ဗျာ။။
လက်မြန်တဲ့ သတိကောင်းတဲ့ စစ်သား နှစ်ယောက်သုံးယောက် လောက် က ပြန်ပစ်လေ သလား တော့ မသိတော့ ဘူးဗျာ။ ဘဏ်အပေါ်ထပ်က မှန်တချို့ ကွဲသံတွေလည်း ကြား နေ ရတယ်။ ကျနော်တို့ ဘက်ကို ရောက်လာတဲ့ သေနတ်သံ တချို့  ကြားတယ် ဗျ။ ကျနော်လည်း ခပ်ကြောက်ကြောက်နဲ့  ပြန်ဝပ်နေလိုက်တယ်။ ပြန်ပစ်တဲ့  အသံက ခပ်ကျဲကျဲ ဗျ။ ပြန်ပစ်သံ အဆုံးမှာ လူထုရဲဘော်တွေ ကျနော် ရှိနေတဲ့  အနားတ ဝိုက်ကနေ ထပ်ပြီး ပစ်လိုက်တဲ့  အဆက်မပြတ် သေနတ်သံတွေ ထွက်လာပြန်ရော ဗျာ။
နံရံ ကိုမှီပြီး ရင်ထိတ်နေတဲ့ ကျနော်ဟာ စစ်ကားတွေ စက်နှိုးတဲ့ အသံကြားတော့  အလန့်  တကြားလှမ်းကြည့်မိလိုက်ပါတယ် ။။ကိုယ်တော်ချောတွေ ရှေ့ ကိုများ ဆက်တက်လာ လေ သလားပေါ့ ဗျာ။ ရှေ့ဆက် တက်လာတာ မဟုတ်ဘူး ဗျ။ နောက်ကို ပြန်လှည့်မောင်းနေတာ ဗျ။ ကျသွားတဲ့  ဗိုလ်ကြီးနဲ့ ရဲဘော်တွေ ရဲ့ အလောင်းတွေလည်း ကတ္တရာလမ်းပေါ်မှာ မရှိတော့ဘူး ဗျာ။ ကျနော်ကြည့်မိတဲ့ အချိန်မှာ ပြန်လှည့်နေတဲ့ စစ်ကား နှစ်စီး လုံး တဝက်ပဲ ကွေ့ ရသေးတယ် ဗျာ။ ဘေးထိုင်ခုံတွေမှာ စစ်သားတယောက်မှ မတွေ့ ရတော့ဘူး။ သေနတ်တချို့ ထိုးထိုး ထောင်ထောင်တော့  လှမ်းမြင်နေရသေး တယ်ဗျို့ ။။တိုက်ပွဲ အစ အဆုံးဟာ ဆယ်မိနစ် ထက်ပို မကြာလိုက်ပါဘူး။
ကျနော့်  အဖြစ်က ဆန်းတော့ အဆန်းသားဗျာ။
အဲဒီမနက်ပိုင်းမှာပဲ လက်နက်မဲ့  ဆန္ဒပြတဲ့ လူထုကြီးကို စစ်တပ်က ရက်ရက်စက်စက် ရမ်းချင်တိုင်း ရမ်းပြီး ပစ်ခတ်တာကိုလည်း မျက်မြင်ကိုယ်တွေ့ ။ ဟော။ အခု .. လက်နက် ကိုင်ထားတဲ့ ပြည်သူ့ ဘက်တော်သားတွေက လက်သံပြောင်ပြောင်နဲ့ တက်ချဲ လို့  စစ်သားတွေ အတုန်းအရုံး ကျကုန် တာ လည်း မြင်ရတယ်။
နောက်ပိုင်း သတင်းအရ ဗိုလ်ကြီး တယောက်နဲ့ စစ်သား ဆယ့်ခွန်နှစ်ယောက် ကျသတဲ့  ဗျာ။ လူထု ရဲဘော်တွေဘက် ကတစ်ယောက်ကျသတဲ့ ။ ကျဆုံးသွားတဲ့ လူထု ရဲဘော် နာမည်က ... ကရင်ကြီးတဲ့ ။ လှိုင်(၅) ရပ်ကွက် ဒိုဘီလိုင်းဘက်က တဲ့ ။ဘာဘဲ ဖြစ်ဖြစ် အဲ ဒီနေ့ က သေတဲ့ သူ၊ ဒါဏ်ရာရတဲ့ သူ ။ ပစ်ခတ်တဲ့ သူ အားလုံးဟာ မြန်မာနိုင်ငံသား တွေ ချည်းပါပဲ ဗျာ။ ဒါတော့ ခင်ဗျား မေ့မနေနဲ့ အုံး။ ကျနော်ဟာ အဲဒီအချိန်ကတော့  ဒီလောက် တောင် ရမ်းကားတဲ့ စစ်တပ် ။။ မှတ်ကရောကွ ဆိုတဲ့ စိတ်မျိုး ပေါ်မိတာ အမှန်ပါပဲ ဗျာ။

No comments:
Post a Comment