.

.

.

October 12, 2008

ခေါင်းဆောင်

ခေါင်းဆောင်မှုကောင်းလို့ တိုးတက်နေတဲ့ နိုင်ငံတွေ အကြောင်းနဲ့ ခေါင်းဆောင်မှုရဲ့ အဓိပ္ပါယ်ကို နေဇင်လတ်က ယခုလို တင်ပြထားပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ စစ်ခေါင်းဆောင်တွေကြောင့် နိုင်ငံတကာနဲ့ ယှဉ်ရင် အနှစ်(၆၀) အတွင်းမှာ အောက်ကျနောက်ကျ ဖြစ်နေလို့ မိမိနိုင်ငံကို ချစ်သူ အမျိုးကောင်း သား၊ အမျိုးကောင်း သမီး မှန်သမျှ စစ်ခေါင်းဆောင်တွေကို ဆန့်ကျင်ဖြုတ်ချဖို့ သမိုင်းပေးတာဝန်ရှိကြောင်း ကျွန်တော် ကိုဖိုးတရုတ် မှ ရည်ရွယ်တင်ပြလိုက် ရပါတယ်။ ဒါ့အပြင် စစ်ဖက်နီးစပ်သူများနှင့် တိုင်ပင်ဆွေးနွေး ဖြည့်စွက်တည်းဖြတ် ကာ လက်ရှိ နိုင်ငံရေး အခြေအနေ၊ စီးပွားရေးနှင့် စစ်ရေးအခြေအနေတို့ကို စာဖတ်သူများ ဗဟုသုတ ရရှိစေဖို့ စေတနာထားပြီး ကျွန်တော် ကိုဖိုးတရုတ်မှ (၅) လ ပြည့် အထူးအစီအစဉ် အနေနဲ့ တင်ပြလိုက်ရပါတယ်ခင်ဗျား။

ခေါင်းဆောင်ဆိုတာဟာ သီးခြားရပ်တည်နေဖို့ မဟုတ်ပါဘူး။ Leaders as Partners ဆိုတဲ့ ကောင်းတူဆိုးဖက် ရဲဘော်ရဲဘက် အနေနဲ့ သာဖြစ်ရပါမယ်။ သက်ဦးဆံပိုင်ခေတ်က သတ်စေသေစေ ဆိုတဲ့ အတွေးအခေါ်နဲ့ ဦးဆောင်မှုကို ယနေ့(၂၁)ရာစုမှာ လုံးဝလက်မခံ ဆန့်ကျင်လာကြပါတယ်။ ကွန်မြူနစ်စနစ်၊ ဆိုရှယ်လစ်စနစ် အာဏာရှင်စနစ် ကျဆုံးရခြင်းရဲ့  အဓိကအကြောင်းရင်းဟာ ခေါင်းဆောင်မှု မှားယွင်းပြီး သီးခြားဖြစ်တည်နေတဲ့ အကြောင်းရင်းကြောင့် ဖြစ်ပါတယ်။ ခေါင်းဆောင် (Leader) ဆိုတာ အဖွဲ့ဝင်တစ်ဦး (Group Member) သာဖြစ်ပြီး ဦးဆောင်မှု ပေးနေတဲ့ သူတစ်ယောက်အဖြစ်သာ Globalization ခေတ်မှာ မြင်လာကြပါတယ်။ လက်ခံလာကြပါတယ်။

ခေါင်းဆောင်မှု ဆိုတာကို အများရဲ့ ယုံကြည်မှု၊ ကိုးစားမှု၊ လေးစားမှုတွေကို ရရှိအောင် စွမ်းဆောင်နိုင်ပြီး ပြည်သူရဲ့ ရည်မှန်းချက်ကို ပေါက်မြောက်အောင် ထောက်ပံ့နိုင်မှုလို့ အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါတယ်။ နိုင်ငံတစ်ခု တိုးတက်မှု ဆုတ်ယုတ်မှုတွေဟာ ခေါင်းဆောင်နဲ့ သူ့ ရဲ့ ခေါင်းဆောင်မှုက တဆင့် သီးပွင့်လာကြတာဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရရင် ခေါင်းဆောင်မှု ကောင်းမှ နိုင်ငံတိုးတက်မှာ ဖြစ်ပါတယ်။

မြင်းခေတ်၊ လှည်းခေတ်က ခေါင်းဆောင်တွေရဲ့  အရည်အချင်းက စာမဖွဲ့လောက်လို့ အရေးမကြီးပေမဲ့ မျက်မှောက်ခေတ်မှာတော့ ခေါင်းဆောင်တွေရဲ့ အရည်အချင်းနဲ့ ဦးဆောင်မှုဟာ အလွန်အရေးပါ ပါတယ်။ ရှေးခေတ်တုန်းက ကုန်သွယ်မှုက သိပ်မကြီးမားသေးတာရယ် ပညာက ရှေ့တန်းသိပ် မရောက်သေးတာ ရယ်ကြောင့် ကိုယ့်နိုင်ငံနဲ့ ကိုယ် သီးခြား နေထိုင်အုပ်စိုးနိုင်ကြပေမဲ့ ယခု မျက်မှောက်ခေတ်မှာတော့ ဆန်းသစ်တဲ့ သိပံ္ပပညာ၊ ဆက်သွယ်ရေး၊ ကွန်ပြူတာ အင်တာနက် အိုင်တီနည်းပညာစနစ်၊ သယ်ယူပို့ဆောင်ရေးစနစ် စတာတွေ အလွန်အမင်း တိုးတက်လာတာကြောင့် နိုင်ငံတွေအားလုံးဟာ သီးခြားရပ်တည်လို့ မရကြတော့တာ တွေ့ရပါတယ်။ လက်နက်ကိုင် စစ်ပွဲတွေအတွက် အကန့်အသတ် ရှိလာတာမို့ သိပ်စိုးရိမ်စရာ မရှိပေမဲ့ ကုန်သွယ်ရေးစစ်ပွဲ၊ ငွေကြေးစစ်ပွဲတွေ ရန်က ပိုပြီး စိုးရိမ်စရာ ဖြစ်လာပါတယ်။

လက်နက်ကိုင် တိုက်ရင် လူသေတာ ထင်သာ မြင်သာလို့  ကုန်သွယ်ရေးစစ်ပွဲ၊ ဘဏ္ဍာရေးစစ်ပွဲ၊ ပညာရေးစစ်ပွဲ တွေမှာ အသာစီးရဖို့ နိုင်ငံတိုင်းက ကြိုးစားနေကြပါတယ်။ အရင်က ခေတ်မှီလက်နက် ဘယ်လောက်ရှိရင် နိုင်ငံ အင်အားရှိတယ်၊ သယံဇာတ ဘယ်လောက်ရှိရင် ကြွယ်ဝမှု ဘယ်လောက်ရှိတယ်ဆိုပြီး ပြောနိုင်ကြပါတယ်။ Comparative Advantage လို့ ပြောလေ့ရှိပါတယ်။ သည်ကနေ့ သယံဇာတမရှိဘဲ တိုးတက်အင်အားကြီးနေတဲ့ နိုင်ငံတွေ ပေါ်လာတော့ နိုင်ငံရဲ့ အင်အားဟာ ဓနအင်အားဆိုတာ အတွေးအခေါ် တစ်ရပ်အနေနဲ့ ပြောင်းလဲလာပါတယ်။ အဲဒီဓနကို သယံဇာတ ထုတ်မရောင်းဘဲ ပညာနဲ့ လုပ်ယူလို့ ရတာကြောင့် ပညာဟာ ရှေ့တန်းတက်လာပြီး ပညာခေတ်ကို ရောက်လာပါတယ်။ ယနေ့ခေတ်လွန် အဆင့်မြှင့် နည်းပညာတွေအရ အနျူမြူဗုံးကို မြေပြင်မှာ အန္တရာယ်ကြီးမားစွာ ဖောက်ခွဲပြဖို့ မလိုတော့ဘဲ ဓာတ်ခွဲခန်းမှာတင် စမ်းသပ် ဖောက်ခွဲရုံဖြင့် ရနိုင်တဲ့ နည်းပညာ တိုးတက်လာပါတယ်။ ပညာနဲ့ဓန အင်အားကို ဖန်တီးယူနိုင်ပြီး စစ်အင်အားကြီးတဲ့ နိုင်ငံတွေကို နိုင်ငံရေးအရ ပြန်ပြီးကစားနိုင်လာခဲ့ပါတယ်။ ယနေ့ အင်အားကြီး နိုင်ငံတွေအနေနဲ့ ရှေးခေတ်က စစ်ရေးအင်အားဖြင့် ခြိမ်းခြောက်အရေးယူခြင်းထက် စီးပွားရေး ပိတ်ဆို့ခြင်း (Economics Sanction) ကို ဖိအားပေး လက်နက်တခု အသွင် အသုံးပြုလာခဲ့ပါတယ်။

အဲဒီလို မဟာဗျူဟာတွေကို ချမှတ်သူတွေဟာ ခေါင်းဆောင်တွေ ဖြစ်ကြလို့ သူတို့ရဲ့  ကဏ္ဍဟာ အလွန်အရေးပါ ပါတယ်။ ပညာဟာ တွေးတတ်ရင် ကြောက်စရာကောင်းအောင် ထက်မြက်တဲ့ လက်နက်တစ်ခု ဖြစ်ပါတယ်။ (၂၁)ရာစုဟာ ပီပြင်တဲ့ပညာ အခြေခံတဲ့ ခေါင်းဆောင်မှု၊ ပညာအခြေခံတဲ့ လူမူအဖွဲ့အစည်းနဲ့ ပညာအခြေခံတဲ့ ကုန်သွယ်မှုခေတ် ဖြစ်ပါတယ်။ ပညာမပါရင် ဘာမှလုပ်မရဘူးလို့ ယေဘူယျ နားလည်ထား နိုင်ပါတယ်။ ခေါင်းဆောင်ဆိုတာ အဲဒီမှန်ကန်တဲ့ ခေါင်းဆောင်မှု (အများအကျိုးရှေးရှု) ကို ပေးနိုင်သူသာ ဖြစ်ပါတယ်။

စင်ကာပူဟာ အတုယူစရာကောင်းတဲ့ နိုင်ငံငယ်လေးတစ်ခုပါ။ ၁၉၆၅ ခုနှစ် မလေးရှားက ရုတ်တရက် အထုတ်ခံ လိုက်ရတော့ လီကွမ်ယူ တော်တော် အကြပ်တွေ့ခဲ့ရပါတယ်။ ဆိုရှယ်လစ်ခေတ်တုန်းက မြန်မာပြည်ကသွားတဲ့ စီးပွားရေး ပညာရှင်တစ်ဦးဟာ လီကွမ်ယူနဲ့ ကျောင်းနေဘက် သူငယ်ချင်းတစ်ဦး ဖြစ်ခဲ့ပါတယ်။ လီကွမ်ယူရဲ့  မဟာလက်ရုံး တစ်ဆူ ဖြစ်ခဲ့ပြီး ဒီနေ့ စင်ကာပူကို တည်ထောင်ခဲ့တဲ့ အဓိက လူတစ်ဦးဖြစ်ပါတယ်။ နိုင်ငံငယ်တော့ စီးပွားရေး၊ လူမှုရေး၊ စစ်ရေး ရှုထောင့်တွေက ကြည့်ရင် အကန့်အသတ် ရှိနေပါတယ်။ လီကွမ်ယူဟာ စင်ကာပူကို “ရေပြည့်အိုး” ဖြစ်မှာ ကြောက်သူပါ။ နိုင်ငံကို ချဲ့ မရတော့ စင်ကာပူဟာ “ပညာ” ကိုဘဲ ချဲ့ ရပါတော့တယ်။ ကမ္ဘာကြီးဟာ နှိုင်းရ အသာစီး (Comparative Advantage) ကနေ စွမ်းရည် အသာစီးရမှု (Competitive Advantage) ကို ကူးပြောင်းလာတာ လီကွမ်ယူ သတိကောင်းကောင်း ထားမိပါတယ်။


တိုးတက်ဖွံ့ဖြိုးနေတဲ့ စင်ကာပူနိုင်ငံရဲ့  မြင်ကွင်း

နိုင်ငံအဆင့် ပညာကို ချဲ့ ထွင်ရာမှာ မဟာဗျူဟာနဲ့ Macro View က အလွန် အရေးကြီးပါတယ်။ စင်ကာပူလို City State က အတိမ်းအစောင်း ခံလို့ မရပါဘူး။ Michael E Porter ဆိုတာက စီးပွားရေး ပညာရှင်တွေ ထဲက ဂုရုတစ်ဦး ဖြစ်ပါတယ်။ သုံးနာရီ Seminar တစ်ခုကို ဒေါ်လာ (၂) သိန်း ပေးရတဲ့ ပညာရှင် ဖြစ်ပြီး သူ့ Seminar ကို တက်ချင်ရင် လက်မှတ် တစ်စောင်ကို ဒေါ်လာ (၃၀၀၀) ပေးရတဲ့အထိ အဆင့်ရှိသူ ဖြစ်ပါတယ်။ GE ဆိုတဲ့ General Electric ဧရာမ ကုမ္ပဏီကြီးရဲ့  ဦးဆောင်သူ Jack Welch တို့လို ထိပ်တန်း CEO ကြီးတွေရဲ့  အကြံဥာဏ် ယူနေရတဲ့ ပုဂ္ဂိုလ်ကြီးလည်း ဖြစ်ပါတယ်။ နိုင်ငံတကာက MBA သမားတွေ မသင်မနေရ နိုင်ငံအဆင့် (National Competitiveness) ကို Porter Diamond ဆိုတဲ့ သီအိုရီနဲ့ အစားထိုး ပေးခဲ့သူလည်း ဖြစ်ပါတယ်။

လီကွမ်ယူက Porter ဆီက အကြံဥာဏ်ကို ရယူပါတယ်။ Porter ကလည်း မဟာဗျူဟာ အဆင့် “မူဝါဒ” ဘဲ ပေးပါတယ်။ ဒီနေ့ စင်ကာပူဟာ Competitiveness ဆိုတဲ့ ယှဉ်ပြိုင်မှု စွမ်းရည်မှာ ကမ္ဘာ့ထိပ်တန်း နိုင်ငံတွေရဲ့  ရှေ့မှာတောင် ရောက်နေပါပြီ။ ခေါင်းဆောင်မှုနဲ့ မဟာဗျူဟာ သဘောကို ပြောချင်တာ ဖြစ်ပါတယ်။ လီကွမ်ယူကို ဆရာတင်တဲ့ လူကတော့ မြန်မာနိုင်ငံက စစ်အာဏာရှင်များ ဖြစ်ပါတယ်။ လီကွမ်ယူဟာ ဆရာတင်ခံရချိန်မှာ စစ်အာဏာရှင်များကို စည်းရုံးပြီး မြန်မာနိုင်ငံကို အာဆီယံ ၀င်ခွင့်ရရေး ကူညီပေးခဲ့ပါတယ်။ အဲဒီ အကျိုးအမြတ်ကတော့ ဗမာပြည်ရဲ့  သယံဇာတ ပစ္စည်းမှန်သမျှနဲ့ ငွေကြေး လမ်းကြောင်းတွေကို စင်ကာပူသို့ မှီခိုတင်သွင်းနိုင်ရေးအတွက် လီကွမ်ယူက အမြတ်ထုတ် နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ စီးပွားရေး ပိတ်ဆို့ခံရချိန်မှာ စင်ကာပူကို မှီခိုအားထားနေရပြီး လက်နက်မှောင်ခို တင်သွင်းတာကအစ စင်ကာပူမှ တဆင့် တင်သွင်းရတဲ့အတွက် စင်ကာပူအတွက် အကျိုးအမြတ်များစွာ ရရှိသွားစေခဲ့ပါတယ်။ အာဏာရဖို့သာ သိပြီး ပညာမရှိတဲ့ မြန်မာစစ်ခေါင်းဆောင်တွေရဲ့  ညံ့ဖျင်းမှုကြောင့် မြန်မာနိုင်ငံအတွက် များစွာ နစ်နာဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေရပါတယ်။

နောက်တပတ်မှာတော့ ခေါင်းဆောင်မှု ကောင်းတဲ့ ကမ္ဘာပေါ်က တိုးတက်နေတဲ့ နိုင်ငံတွေ အကြောင်း ခေါင်းဆောင်မှုမှာ ပါဝင်ရမဲ့ အရည်အသွေးတွေကို ဆက်လက် တင်ပြသွားပါမယ်။

1 comment:

Unknown said...

သေချာတာပေါ့ ဗျာ... ခုဆိုရင် မြန်မာပြည်က ပညာတတ် တွေ တောင် စင်္ကာပူ မှာရရာ လုပ်နေရတာ... နောက်ပီး အဆင့်တောင် သတ်မှတ်လိုက်သေး... မြန်မာပြည်က Graduated က စင်္ကာပူ က Diploma အဆင့်လောက်ပဲ ရှိ ဆိုပဲ...