.

.

.

October 17, 2008

ဂန္ဒီ နှင့် အောင်ဆန်း မြန်မာနှင့်ကမ္ဘာ - အပိုင်း(၂)

ဆောင်းပါးရှင် - ဆရာဂါမဏိ

ဂန္ဒီဟာ ကမ္ဘာမှာ သြဇာအကြီးဆုံး၊ အထိရောက်ဆုံး အကြမ်းမဖက်လှုပ်ရှားရေးသမားစစ်စစ်ဖြစ်သလို ဒီမိုကရေစီကိုလည်း ဦးထိပ်ထားသူ ဖြစ်တယ်။ ဒါကြောင့် သဘာဝကျစွာပဲ သူဟာ ဖက်ဆစ်ဝါဒကို ဆန့်ကျင်ပေမဲ့ ဒုတိယကမ္ဘာစစ် ဖြစ်တဲ့အခါကျတော့ စစ်ပွဲတခုလုံးကိုလည်း ဆန့်ကျင်ခဲ့တယ်။ ၁၉၃၉ စက်တင်ဘာ ၁၄ ရက် အိန္ဒိယ အမျိုးသားကွန်ဂရက် ကြေညာစာတမ်းမှာ အိန္ဒိယ ကို လွတ်လပ်ရေးပေးရင် မဟာမိတ်ဘက်က စစ်တိုက်ပေးမယ်လို့ သဘောထားချမှတ်တာကို ဂန္ဒီက သဘောမတူပေမဲ့ အများစုဆန္ဒကို နာခံခဲ့တယ်။ တကယ့် သူ့သဘောထား အစစ်အမှန်ကတော့ ဖက်ဆစ်ကို အကြမ်းမဖက်ဘဲ ဆန့်ကျင်ဖို့သာ ဖြစ်တယ်။ လွတ်လပ်ရေး ရဖို့အတွက် အင်္ဂလိပ်ကို အကြမ်းမဖက်ဘဲ တိုက်ဖို့၊ ဖက်ဆစ်ဝါဒကိုလည်း အင်္ဂလိပ်က အိန္ဒိယကို လွတ်လပ်ရေး ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ လက်နက်ကိုင် မတိုက်ဘဲ အကြမ်းမဖက် တိုက်ပွဲဝင်ဖို့ကိုသာ သူလိုလားတယ်။ အိန္ဒိယကို ဂျပန်မသိမ်းနိုင်ခဲ့လို့ ဖက်ဆစ်ကို ဂန္ဒီနည်းနဲ့တိုက်ရင် ဘယ်လိုဖြစ်မယ် ဆိုတာတော့ ကမ္ဘာက တွေ့ခွင့်မရခဲ့ပါဘူး။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကွန်ဂရက်ပါတီ ဗဟိုခေါင်းဆောင်အများစုသဘောထားကို သူနာခံပြီး ဗြိတိသျှက လွတ်လပ်ရေး မပေးရင် စစ်ပွဲကိုဆန့်ကျင်မယ် (=လွတ်လပ်ရေး ပေးရင်တော့ ဂျပန်ကို လက်နက်ကိုင် တိုက်မယ်) လို့ တစ်နိုင်ငံလုံးမှာ ထောင်ကျ ခံလိုက်လံဟောပြောခဲ့တယ်။ (အိန္ဒိယ လွတ်လပ်ရေး အတွက် ဂန္ဒီရဲ့အကျိုးပြုချက်အပြင် ဆူဘတ်စ်ချန်ဒရာဘို့စ်ရဲ့ အကျိုးပြုချက် လျှို့ဝှက်ချက်ကို ဘီဘီစီ သတင်းဌာန က ဖော်ထုတ်ရရှိထားတာ ဒီဆောင်းပါးအဆုံးမှာ နောက်ဆက်တွဲအဖြစ် ဖော်ပြထားပါ တယ်။)

“မတရားတဲ့ အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတဲ့ အမေရိကန် နိုင်ငံရေးတွေးခေါ်ရှင် ဟင်နရီဒေးဗစ်သိုရူးရဲ့ ပြောင်မြောက်တဲ့အဆိုကို မြန်မာ့အခြေအနေနဲ့ အထူးကိုက်ညီအောင် လက်တွေ့ကျင့်သုံး နိုင်ခဲ့သူကတော့ မြန်မာနိုင်ငံမှာ အပြောင်မြောက် အထူးချွန်ဆုံး စွယ်စုံရပညာရှင်တဦးဖြစ်တဲ့ ဦးဝင်းတင်ပဲ ဖြစ်ပါတယ်။ သိုရူးကတော့ ပြောင်မြောက်တဲ့အတွေး အခေါ်တွေကို ထက်ထက်မြက်မြက်တွေးဆဖော်ထုတ်ခဲ့တဲ့ အမေရိကန်လူမျိုးတယောက်ဖြစ်ပေမဲ့ လက်တွေ့နိုင်ငံရေးနယ်ပယ် ထဲမှာတော့ ဒါလောက် ထဲထဲဝင်ဝင် မပတ်သက်ခဲ့ပါဘူး။ ဦးဝင်းတင်ကတော့ အတွေးအခေါ်တင်မကဘဲ လက်တွေ့နိုင်ငံရေး မှာရော အထွေထွေ စာပေပန်းချီ ဂီတအနုပညာပိုင်းတွေမှာပါ အားလုံးကလက်ဖျားခါရလောက်အောင် ထူးချွန်သူဖြစ်တယ်။

ဒေးဗစ်သိုရူးဟာ စာပေသမား၊ သဘာဝပတ်ဝန်းကျင်ပညာရှင်၊ ဒဿနပညာရှင်၊ လူမှုဝေဖန်ရေးသမား၊ အစိုးရ ဆန့်ကျင်ရေး သမား ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက မက္ကဆီကိုနိုင်ငံကို ကျူးကျော်နယ်ချဲ့တဲ့စစ်ကို ဆန့်ကျင်တဲ့ အနေနဲ့ အခွန်မပေးဘဲ အာဏာဖီဆန်လို့ ၁၈၄၆ ခုနှစ်မှာ ထောင်တစ်ရက်ကျခဲ့တယ်။ အဲဒီနောက် အကြမ်းမဖက် အာဏာဖီဆန်ရေး ဆိုတဲ့ကျမ်းကို ပြုစုခဲ့ရာမှာ ၂ဝ ရာစုကျမှ နာမည်ကြီး လူဖတ်များတဲ့ စာအုပ်ဖြစ်လာပြီး သိုရူးလည်း သူရဲကောင်းဖြစ်လာတယ်။ သိုရူးဟာ တိုင်းရင်းသားလူနီအခွင့်အရေး၊ ကျွန်စနစ်ဖျက်သိမ်းရေး၊ အလုပ်သမားအခွင့်အရေး၊ အမျိုးသမီးများမဲပေးခွင့်တို့ကိုလည်း တောင်းဆိုခဲ့တယ်။ လက်တွေ့ နိုင်ငံရေး လှုပ်ရှားမှု အနေနဲ့တော့ ကျွန်တွေကို ဥပဒေဘောင် အပြင်ဘက်ကကူတဲ့ 'မြေအောက် ရထားလမ်း' ဆိုတဲ့ အဖွဲ့ထဲ ဝင်လုပ်ခဲ့ပြီး ကျွန်တွေထွက်ပြေးအောင် လှုံ့ဆော်ကူညီ၊ ကျွန်ပြေးတွေကိုဖွက်ပေး ထောက်ပံ့ကူညီပေး တာတွေ လုပ်ခဲ့တယ်။ အခြေခံအားဖြင့် အကြမ်းမဖက်တဲ့ အာဏာဖီဆန်ရေးအယူအဆ ခံယူထားပေမဲ့ ကျွန်စနစ် ဖျက်သိမ်းရေး-ကျွန်သူ ပုန်ထရေး အတွက် အကြမ်းဖက် လက်နက်ကိုင် လှုပ်ရှားလို့ သေဒါဏ်ပေးခံရသူ ဂျွန်ဘရောင်း ကိုတော့ အတွေးအခေါ် ရပ်တည်ချက်အတွက် ဂုဏ်ပြုချီးကျူးခဲ့တယ်။ အခုအခါ သိုရူးကို အများက အမေရိကန်နိုင်ငံရဲ့ 'အကြမ်းမဖက်တဲ့ မင်းမဲ့ဝါဒ' စတင်တည်ထောင်သူတဦးအဖြစ် သတ်မှတ်ကြတယ်။ ကျွန်စနစ် ဖျက်သိမ်းရေး အမေရိကန် ပြည်တွင်းစစ်ဖြစ်စ (၁၈၆၂) မှာပဲ ကွယ်လွန်ခဲ့လို့ အဲဒီစစ်ပွဲအပေါ် သူ့သဘောထားကို မသိလိုက်ရပါဘူး။ ယေဘုယျ အကဲဖြတ်ရရင်တော့ သိုရူးဟာ အကြမ်းမဖက် ရေးသဏ္ဌာန်ကို ပိုလိုလားပေမဲ့ သဏ္ဌာန်ထက် အနှစ်သာရပိုင်းကို အဓိကထားတယ်ဆိုတာ ဂျွန်ဘရောင်းအပေါ် သူ့သဘော ထားတွေအရ ပြောနိုင်ပါတယ်။

ကိုယ်ကျိုးစီးပွားဆိုတာ ဗမာပြည်နဲ့တင် ထူးထူးခြားခြားသက်ဆိုင်နေတာ မဟုတ်ပါဘူး။ ဘယ်နိုင်ငံမှာမဆို လူသားတွေဟာ ကိုယ်ကျိုးစီးပွားနောက် လိုက်ကြတာချည်းပါပဲ။ တစ်ဦးချင်း ကိုယ်ကျိုးစီးပွားကို အများ အကျိုးစီးပွားနဲ့ မထိန်းနိုင်တဲ့ တိုင်းပြည်တွေ မှာ စစ်အာဏာရှင်စနစ်၊ အရပ်သား အာဏာရှင်စနစ်တွေ ခေါင်းထောင်တာ ဓမ္မတာဖြစ်ပါတယ်။ ဦးဝင်းတင်တို့၊ ဒေါ်အောင် ဆန်းစုကြည် တို့လိုလူမျိုးတွေကျတော့ အဲဒီလို တစ်ဦးချင်း ကိုယ်ကျိုးစီးပွားတွေကို အများပြည်သူ့အကျိုးစီးပွားနဲ့ ပြန်ထိန်းဖို့ အနစ် နာခံ ကိုယ်ကျိုးစွန့်နေတာ ဖြစ်တယ်။ ခေါင်းမာနေတာ၊ တင်းမာနေတာမဟုတ်ပါဘူး။ ခေါင်းမာတယ်ဆိုတာ ကိုယ်ကျိုးစီးပွား အကြီးအကျယ် ရှိနေသူတွေရဲ့ လက္ခဏာသာဖြစ်ပါတယ်။

ဦးဝင်းတင်ဟာ ခိုင်မာပြတ်သားလှတဲ့ သံမဏိစိတ်ဓာတ်ကို ထောင်ထဲမှာ အလံမလှဲစတမ်း စိုက်ထူထားနိုင်တာ ကမ္ဘာသိ ဖြစ်ပါတယ်။ အဲသလို စွယ်စုံထူးချွန်ထက်မြက်လှသူတစ်ယောက်က စစ်အာဏာရှင် ဆန့်ကျင်ရေး စိတ်ဓာတ် အင်မတန် ကြံ့ခိုင်လှတဲ့အတွက်ကြောင့်ပဲ သူ့ကို စစ်အစိုးရက လုံးဝ ပြန်မလွှတ်ပေးတာ ဖြစ်တယ်။ လက်ဝဲယိမ်းလို့ လွှတ်မပေးတာ မဟုတ်ပါဘူး။ ဦးဝင်းတင် ကွန်မြူနစ် မဟုတ်မှန်း စစ်အစိုးရ ကောင်းကောင်း သိပါတယ်။ ကွန်မြူနစ် စာအုပ်စာတမ်းဆိုပြီး စောမောင်-ခင်ညွန့်တို့က ဦးဝင်းတင်အိမ်မှ သိမ်းယူပြတဲ့စာအုပ်တွေမှာ ကွန်မြူနစ် ဆန့်ကျင်ရေး စာအုပ်တွေလည်း အတော်များများ ပါဝင်နေတယ်လို့ ဆိုပြီး ဦးဝင်းတင် အား ကွန်မြူနစ်လို့ စွပ်စွဲခဲ့ပါတယ်။ ကွယ်လွန်သူ ဖဆပလ ဦးကျော်ငြိမ်းလိုလူတောင် ကွန်မြူနစ်ဝါဒ စာအုပ်တွေ ကိုယ်ပိုင် ဝယ်ယူလေ့လာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဦးဝင်းတင်လို ဘက်စုံလေ့လာသူ၊ ဘက်စုံနှံ့စပ် ထူးချွန်သူ တယောက်ဟာ ကွန်မြူနစ်ဝါဒ စာအုပ်တွေကိုလည်း လေ့လာတာ ဘာမှမဆန်းပါဘူး။ ဒါတွေကို မသိနားမလည်ဘဲ ဦးဝင်းတင်လိုလူမျိုး စစ်အစိုးရက လွှတ်မပေးတာကို နားလည်မှုပေးသင့်တယ် လို့ သွားစဉ်းစားရင်တော့ စစ်ဗိုလ်ချုပ်တွေရဲ့အကွက်ထဲ ဝင်သွားပါလိမ့်မယ်။ စစ်အုပ်စုကိုယ်ကျိုးစီးပွားတွေထဲက အရိုးအရင်း လေးများ စားရမလားဆိုပြီး ဆင့်ဟိုဒင်း ဟဝှာကောင်မျှော်တဲ့ဘဝ မဆိုက်ကြစေချင်ပါဘူး။

ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေအနေနဲ့ နိုင်ငံတကာနဲ့ မြန်မာ့သမိုင်းကြောင်းတွေ၊ လက်ရှိ အခြေအနေ အရပ်ရပ်ကို ဘက်စုံဒေါင့်စုံ နှံ့နှံ့စပ်စပ် မသိ နားမလည် မလေ့လာဘဲ စစ်အုပ်စု ဘက်တော်သားတွေ လုပ်သလို ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးဝင်းတင်တို့ကို မဆင်မခြင် စော်ကားမိတာမျိုး မဖြစ်စေချင်ပါ။

No comments: