.

.

.

October 16, 2008

ဂန္ဒီ နှင့် အောင်ဆန်း မြန်မာနှင့်ကမ္ဘာ - အပိုင်း(၁)

ဆောင်းပါးရှင် - ဆရာဂါမဏိ

စာဖတ်သူများခင်ဗျား

ဒီမိုကရေစီကို ရရှိဖို့ လက်နက်ကိုင် တော်လှန်ရေး ပြုလုပ်ရတဲ့ နိုင်ငံတကာ ဖြစ်စဉ်တွေနဲ့ အကြမ်းမဖက်တဲ့ နည်းနဲ့ ဆန့်ကျင်ပြီး ဒီမိုကရေစီ ရရှိသွားတဲ့ နိုင်ငံတကာ ဖြစ်စဉ်တွေအား ဆရာဂါမဏိက နှိုက်နှိုက်ချွတ်ချွတ် ရေးသား ထားတဲ့ ဆောင်းပါးကို ကျွန်တော် ကိုဖိုးတရုတ်ထံ ပေးပို့လာပါတယ်။ အဲဒီလို ရေးသားရာမှာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အိန္ဒိယ ခေါင်းဆောင်ကြီး ဂန္ဒီတို့ ကျင့်သုံးတဲ့ လမ်းစဉ်တွေကို နှိုင်းယှဉ် ရေးသားထားတာမို့ မြန်မာနိုင်ငံ နိုင်ငံရေး အခင်းအကျင်းအရ နိုင်ငံရေးမဟာဗျူဟာ ချမှတ်မည်ဆိုပါလျှင် တွေးခေါ်စဉ်းစားရမည့် အချက်အလက်များ ပေါ်ထွက်လာမည်ဟု ယုံကြည်ပါတယ်။ ဒါ့အပြင် ဦးဝင်းတင်ကိုလည်း ချီးကျူး ထုတ်ဖော်ထားပြီး ယခုတင်ပြမဲ့ အပိုင်း(၁) ကတော့ လက်နက်ကိုင် တော်လှန်ရေး စတင် ကျင့်သုံးတဲ့ နိုင်ငံ များမှ အာဏာရှင် နိုင်ငံများ ပေါ်ပေါက်လာသလို ဒီမိုကရေစီ နိုင်ငံများ အဖြစ် ပေါ်ထွက်တဲ့ နိုင်ငံများလည်း ရှိကြောင်း အကြမ်းမဖက်တဲ့ နည်းနဲ့ ဒီမိုကရေစီ ရရှိတဲ့ နိုင်ငံများမှာလည်း အာဏာရှင် အရပ်သား အစိုးရများ ပေါ်ထွက်လာကြောင်း တောင်အာဖရိကနိုင်ငံ၊ အမေရိကန်နိုင်ငံ၊ ကနေဒါ နိုင်ငံ၊ သြစတြေးလျနိုင်ငံများရဲ့  သမိုင်း ကြောင်းများကို လေ့လာသုံးသပ် တင်ပြထားတာ တွေ့ရပါတယ်။ ယခုလို ဆောင်းပါး ပေးပို့လာတဲ့ ဆရာဂါမဏိကို ကျွန်တော် ကိုဖိုးတရုတ်မှ အထူး ကျေးဇူးတင်ရှိပြီး စည်းလုံးခြင်းရဲ့ အင်အား ဘာလောဂ်မှာ ပင်တိုင် ဆောင်းပါးရှင် တစ်ယောက်အဖြစ် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။

ဒီကနေ့ ဗမာပြည်မှာ စစ်အာဏာရှင်စနစ် ကြီးစိုးနေတာ ဗိုလ်ချုပ်အောင်ဆန်းက ဆပ်ဆော့ပြီး ဘီအိုင်အေထောင် လက်နက်ကိုင် တော်လှန်ရေးလုပ်ခဲ့တာကြောင့်လား။ ဗိုလ်ချုပ်အောင်ဆန်းတို့ကသာ စစ်တပ်မထောင် တော်လှန်ရေး မလုပ်ခဲ့ရင် အခုလို စစ်အာဏာရှင်စနစ် ပေါ်မှာမဟုတ်၊ ဒါမှမဟုတ်လည်း ဗြိတိသျှ ကိုလိုနီ အုပ်ချုပ်သူတွေက လက်အောက်ခံကိုလိုနီ စစ်တပ်ထဲ ကရင်၊ ကချင်၊ ချင်းတွေသာမက ဗမာတွေကိုပါ ဝင်ခွင့်ပေး ခဲ့ရင် လက်နက်ကိုင်တပ်အသစ်ထောင် တော်လှန်ရေး လုပ်စရာမလိုဘဲ အိန္ဒိယလိုမျိုး လွတ်လပ်ရေး အေးအေး ဆေးဆေးရပြီး ခိုင်မာတဲ့ဒီမိုကရေစီနိုင်ငံဖြစ်သွားနိုင်တယ်၊ ဗြိတိသျှတွေ သူတို့အကျိုးစီးပွားကို အတွက်မှားခဲ့လို့ တခြားကိုလိုနီတွေလို ဗမာပြည်ကို ဓနသဟာယထဲတောင် ဆက်ထည့်မထားနိုင်ဘဲ နောက်ဆုံးမှာ စစ်အာဏာရှင် စနစ်ဆီရောက်သွားရတယ်လို့ ယူဆလို့ရမလား။ ဘီအိုင်အေထောင်တာ မှားသလား။ ရဲဘော် သုံးကျိပ်တို့ မှားသလား။

လက်နက်ဆိုတာ လူကိုသွေးကြွစေတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။ ဒါကြောင့် ကမ္ဘာမှာ စစ်တပ်တွေက အရပ်သား တွေ အပေါ် ဗိုလ်ကျလွှမ်းမိုးလာပြီး နောက်ဆုံးမှာ နိုင်ငံရေးအာဏာသိမ်းယူတာတွေအထိ ဖြစ်လာကြတာပါ။ ဒါပေမဲ့ အခြေခံ နိုင်ငံရေး အဆောက်အအုံ ကောင်းပြီး လူထုအင်အား ရှိနေရင်တော့ ဒီလိုမဖြစ်တာလည်း အားလုံးအမြင်ပါပဲ။ လက်နက်ကိုင် တော်လှန်ရေးနည်းနဲ့ တိုင်းပြည်ထူထောင်ခဲ့တဲ့ နိုင်ငံတွေထဲမှာ တချို့က စစ်တပ်အာဏာသိမ်းတာတွေဖြစ်သွားပြီး တချို့မှာ တော့ အရပ်သားအစိုးရတွေ ခိုင်မာနေကြတယ်။ အမေရိကန်၊ ပြင်သစ်၊ တောင်အာဖရိက၊ အစ္စရေး၊ ဗီယက်နမ်၊ တရုတ်၊ ကျူးဘား၊ မြောက်ကိုးရီးယားနိုင်ငံတွေကို လက်နက်ကိုင်တော်လှန်ရေးနည်းနဲ့ ထူထောင်ခဲ့ကြတာဖြစ်တယ်။ ဒီကနေ့မှာ ကျူးဘား၊ မြောက်ကိုးရီးယား စတာတွေကို အာဏာရှင်နိုင်ငံအဖြစ် သတ်မှတ်ကြပေမဲ့ စစ်တပ်အာဏာရှင်နိုင်ငံတော့မဟုတ်ဘဲ ဖြစ်ခြင်းဖြစ်ရင် အရပ်သားအာဏာရှင်နိုင်ငံတွေလို့ပဲ ပြောလို့ရနိုင်ပါတယ်။ ဖိလစ်ပိုင်၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား တို့ကျတော့လည်း လက်နက်ကိုင်တော်လှန်ရေးနည်းနဲ့ တိုင်းပြည်ထူထောင်ခဲ့တာ မဟုတ်ပေမဲ့ အရပ်သားအာဏာရှင်စနစ်တွေ ကြီးစိုးခဲ့ကြတာ၊ ကြီးစိုးနေတာတွေ တွေ့ရတယ်။

နယ်လဆင်မင်ဒဲလားကတော့ တိုက်ပွဲသဏ္ဌာန်ဆိုတာ အားကြီးတဲ့ အုပ်စိုးသူ တဖက်ရန်သူ အပေါ်မှာ မူတည်တယ်လို့ ပြောခဲ့ပါတယ်။ အုပ်စိုးသူက အတိုက်အခံအပေါ် အကြမ်းဖက်တဲ့နည်းနာတွေသုံးနေရင် အုပ်စိုးခံတွေ အနေနဲ့ ပြန်လည် အကြမ်းဖက်တိုက်ခိုက်ဖို့ပဲ ရှိတယ်လို့ပြောခဲ့တယ်။ တောင်အာဖရိက အစိုးရက အတိုက်အခံတွေအပေါ် ချုပ်ချယ်ကန့်သတ်မှုတွေ ရုပ်သိမ်းပေးပြီး တရားဝင်လှုပ်ရှားခွင့်တွေ ကမ္ဘာသိ ပေးတော့မှ မင်ဒဲလားတို့ဟာ လက်နက်ကိုင်တိုက်ပွဲကို “ရပ်နား” လိုက် တယ်။ (အပြီးရပ်စဲတာ၊ လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်တာ မဟုတ်သေး) ဒီမိုကရေစီနည်းကျ အာဏာရလာတဲ့ တရားဝင် အစိုးရထံကိုသာ လက်နက်တွေ အပ်မယ်လို့ မေတ္တာရပ်ခံခဲ့တယ်။ မင်ဒဲလားခေါင်းဆောင်တဲ့ အေအင်စီနဲ့ တောင်အာဖရိကကွန်မြူနစ် ပါတီတို့ဟာ အစိုးရရဲ့ခြေလှမ်းတွေပေါ်မူတည်ပြီး လိုအပ်ရင်လိုအပ်သလို လက်နက်ကိုင်တိုက်ပွဲ၊ လူထုတိုက်ပွဲ၊ ဥပဒေတွင်း တိုက်ပွဲ၊ စားပွဲဝိုင်းတိုက်ပွဲတွေကို လက်တွေ့ အခြေအနေနဲ့ ကိုက်ညီစွာ ကျွမ်းကျွမ်းကျင်ကျင် ဆင်နွှဲခဲ့ကြတယ်။ တိုက်ပွဲသဏ္ဌာန် တခုတည်းကိုပဲ တရားသေမကိုင်စွဲခဲ့ပါဘူး။

အမေရိကန်နိုင်ငံ သမိုင်းကို ပြန်ကြည့်ရင် ကနဦးအမေရိကန်လွတ်လပ်ရေးတိုက်ပွဲဝင်သူတွေဟာ ၁၇၆၅-၆၇ သွင်းကုန် သပိတ်မှောက်ရေးလှုပ်ရှားမှု၊ ၁၇၇၃ ဘော့စတွန်လဖက်ရည်ပွဲ၊ ၁၇၇၄ အမေရိက တိုက်လုံးဆိုင်ရာ ညီလာခံလို အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေ လုပ်ခဲ့တာရှိပေမဲ့ လွတ်လပ်ရေးအတွက် အကြမ်းဖက်ရေး မဖက်ရေး ကိစ္စကို ရေးကြီးခွင်ကျယ်မလုပ်ခဲ့ကြပါဘူး။ လွတ်လပ်ရေး ဒီမိုကရေစီရေး ဖက်ဒရယ်ရေးဆိုတဲ့ အရင်းခံ အတွေးအခေါ်ကိုသာ ပဓာနထားခဲ့တာ ဖြစ်ပါတယ်။ ၁၇၇၅ ဧပြီလမှာ အမေရိကန်ပြည်သူ့စစ်တချို့နဲ့ ဗြိတိသျှတပ် တွေ တိုက်ပွဲစဖြစ်ပြီးနောက် ဇွန်လကျမှ ဒုတိယအကြိမ် အမေရိက တိုက်လုံးဆိုင်ရာညီလာခံက ဗြိတိသျှကို အကြမ်းဖက်တော်လှန်ဖို့ လက်နက်ကိုင် တပ်ဖွဲ့စည်းရေး ဆုံးဖြတ်လိုက်တာဖြစ်တယ်။ ၁၇၇၆ ဇူလိုင်မှာ လွတ်လပ်ရေး ကြေညာလိုက်ပေမဲ့ လုံးဝအောင်ပွဲရတဲ့ ၁၇၈၁ နှောင်းပိုင်းအထိ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲခဲ့ရတယ်။ ၁၇၈၃ ကျမှ တရားဝင် စစ်ပြေငြိမ်း စာချုပ်ချုပ်ပြီး အင်္ဂလိပ်က အမေရိကန်လွတ်လပ်ရေးကို အသိအမှတ်ပြုခဲ့ရ တယ်။ အမျိုးသားလွတ်လပ်ရေးစစ်ပွဲဆိုပေမဲ့ ၁၇၇၈ ကစပြီး ပြင်သစ်၊ စပိန်၊ နယ်သာလန်နိုင်ငံ တို့ကလည်း အင်္ဂလိပ်ကို အတိအလင်း ပါဝင်တိုက်ခိုက်ခဲ့ကြတယ်။

အမေရိကန်နိုင်ငံဟာ လက်နက်ကိုင်တော်လှန်ရေးနည်းနဲ့ လွတ်လပ်ရေးရအောင် တိုက်ခဲ့ရပေမဲ့ တခြား ဗြိတိသျှ ကိုလိုနီတွေ ဖြစ်တဲ့ ကနေဒါနိုင်ငံနဲ့ သြစတြေးလျနိုင်ငံ တို့ကတော့ အကြမ်းမဖက်တဲ့န ည်းနဲ့ပဲ နောက်ဆုံးမှာ လွတ်လပ်ရေး ရခဲ့ကြတယ်လို့ အများက ယေဘုယျ သိထားကြတယ်။ ဒီနိုင်ငံတွေရဲ့လွတ်လပ်ရေးကို အကြမ်းမဖက်ရေး နည်းသဏ္ဌာန်ရဲ့ အောင်မြင်တဲ့ နမူနာတွေအဖြစ် ထောက်ပြကြတယ်။ တကယ်တော့ အမေရိကန် တော်လှန်ရေး အောင်ပွဲခံပြီးနောက် ကနေဒါမှာလည်း အင်္ဂလိပ် ကိုလိုနီဘဝက လွတ်မြောက်ဖို့ လက်နက်ကိုင် ပုန်ကန်မှုတွေ ပေါ်ခဲ့တယ်။ ၁၈၃၇ မှာ မက္ကင်ဇီ နဲ့ ပက်ပင်နိုး တို့နှစ်ဦး ခေါင်းဆောင် တဲ့ လက်နက်ကိုင် တော်လှန်ရေး ကနေဒါနိုင်ငံအနှံ့မှာ ပေါ်ပေါက်ခဲ့တယ်။ ၁၈၃၈ မှာ သူပုန်တွေ အရေးနိမ့်သွားခဲ့ပေမဲ့ ကနေဒါ နိုင်ငံရေးအပေါ် ဘယ်လိုမှရှောင်လွဲမရနိုင်တဲ့ ဂယက်ရိုက်ခတ်ချက်တွေ ဖြစ်သွားခဲ့တယ်။ ၁၈၆၉ မှာ ရီးယဲလ် ခေါင်းဆောင်တဲ့ တိုင်းရင်းသားလူနီသူပုန်ထမှု ပေါ်ပေါက်ပြန်တယ်။ နောက်တနှစ်မှာ ဖြိုခွင်းခံရတယ်။ ရီးယဲလ်ခေါင်းဆောင်တဲ့ လူနီတိုင်းရင်း သားတွေဟာ ၁၈၈၅ မှာ ဒုတိယအကြိမ် သူပုန်ထပြန်တယ်။ ဒီတခါလည်း ရှုံးနိမ့်သွားပြန်ပြီး ရီးယဲလ်ကိုယ်တိုင် အဖမ်းခံရ ကြိုးပေးကွပ်မျက်ခံလိုက်ရတယ်။ အမေရိကန်လို လုံးဝ အောင်မြင်တဲ့အထိ လက်နက်ကိုင် မတိုက်နိုင်ပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကနေဒါရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုမှာ အရေးပါတဲ့ အကျိုးပြုမှုတွေ ဖြစ်ခဲ့တာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

သြစတြေးလျနိုင်ငံမှာတော့ ၁၈ဝ၄ ခု တကျွန်းစံ အိုင်ယာလန် နိုင်ငံရေးအကျဉ်းသားတွေ ပုန်ကန်ထကြွတာကို ဗြိတိသျှ အာဏာပိုင်တွေက အကြမ်းဖက်နှိမ်နင်းလိုက်ပြီး ခေါင်းဆောင်လုပ်သူကို ဖမ်းဆီးကြိုးပေးလိုက်တယ်။ ၁၈ဝ၈ မှာ ဒေသခံတပိုင်း ဖြစ်လာတဲ့ ကိုလိုနီစစ်တပ်အရာရှိတွေက ဗြိတိသျှဘုရင်ခံရဲ့ စီးပွားရေးလက်ဝါးကြီး အုပ်မှုကို မကျေနပ်လို့ 'ရမ်အရက်သူပုန်ထမှု' လို့နာမည်ကျော်တဲ့ ပုန်ကန်မှုလုပ်၊ ဘုရင်ခံကို ဖြုတ်ချပြီး တိုင်းပြည်ကို တနှစ်လောက်သိမ်းပိုက်အုပ်ချုပ်ခဲ့တယ်။ နောက်ပိုင်းမှာ သူပုန်ထသူတွေ အရေးယူခံရပေမဲ့ အရေးပါတဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးပြုပြင်မှုတွေ လုပ်ပေးခဲ့ရတယ်။ ၁၈၅၄ မှာလည်း ယူရေးကား ရွှေတွင်းအလုပ်သမားတွေက မဲပေးခွင့်မရတဲ့ကိစ္စ၊ မတရားဆက်ကြေးကောက်တဲ့ကိစ္စတွေကို မကျေနပ် လို့ လက်နက်ကိုင်ပုန်ကန်ပြန်တယ်။ ရက်ရက်စက်စက် နှိမ်နင်းခံလိုက်ရပေမဲ့ သြစတြေးလျလွတ်လပ်ရေးသမိုင်းမှာ အကြီးကျယ်ဆုံး သူပုန်ထမှု ဖြစ်သွားခဲ့တယ်။

No comments: