.

.

.

October 19, 2008

သင်္ခါရ တရား နဲ့ စစ်အာဏာရှင်များ - အပိုင်း(၆)

အထူးကဏ္ဍရပ်များ

ယနေ့ နအဖ အတွင်းမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား နေရာရရေး အတွက် ဗိုလ်ချုပ်တွေက ဘယ်လို “ဖား” ပြီး ကြိုးပမ်းဆောင်ရွက်ခဲ့ကြတယ်။ တပ်တွင်း အာဏာလွန်ဆွဲပွဲတွေနဲ့ ဘယ်လိုအားပြိုင်မှုတွေ ဖြစ်ခဲ့ကြတယ် ဘယ်လိုနှိပ်ကွပ်ခဲ့တယ် ဆိုတာတွေကို ကျွန်တော် ကိုဖိုးတရုတ်က စည်းလုံးခြင်းရဲ့  အင်အား ဘာလောဂ် မှာသင်္ခါရတရားနဲ့ စစ်အာဏာရှင်များ အပိုင်း(၅) အထိ တင်ပြထားခဲ့ပြီး ဖြစ်ပါတယ်။

ယနေ့ ကျွန်တော့်ရဲ့  စည်းလုံးခြင်းရဲ့ အင်အား ဘာလောဂ်ကို စာဖတ်သူများအတွက် ဗဟုသုတရရှိစေဖို့ အထူးကဏ္ဍတစ်ရပ်အနေနဲ့ ထိပ်ပိုင်းစစ်အာဏာရှင်တွေ အကြောင်းကိုတင်ပြသွားပါမယ်။ အဲဒီလို တင်ပြရာမှာ စစ်ဖက်နီးစပ်သူများက ပေးပို့လာတဲ့ အခြေအနေအပေါ် မူတည်ပြီးတော့ အလျဉ်းသင့်သလို တင်ပြပေးသွားမှာဖြစ်ပါတယ်။ ဒီနေ့မှာတော့ မကြာသေးမှီက ဖယ်ရှားခံရတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး (၅)ဦးဖြစ်ကြတဲ့ ဒုဗိုလ်ချုပ်ကြီး အောင်ထွေး၊ ရဲမြင့်၊ ကျော်ဝင်း၊ မောင်ဘို၊ ခင်မောင်သန်း တို့ အကြောင်းကို စာဖတ်ပရိသတ်များအနေနဲ့ တပ်တွင်း အာဏာချိန်ခွင် လေ့လာ သုံးသပ်နိုင်ဖို့ တင်ပြလိုက်ရပါတယ်။

၂၀၀၈ ခုနှစ်မှာ ထူးခြားစွာ တပ်တွင်းအပြောင်းအလဲ ဖြစ်လာတဲ့ ဒုဗိုလ်ချုပ်ကြီး အောင်ထွေး၊ ခင်မောင်သန်း၊ ရဲမြင့်၊ မောင်ဘို၊ ကျော်ဝင်းတို့ (၅) ဦးဟာ စစ်တပ်ထိပ်ပိုင်းကို ရောက်ခါနီးကျမှ ထောင့်ကပ်သွားပြီးတော့ ၄င်းမှတဆင့် ဖယ်ရှားခံလိုက်ရပြီ ဖြစ်ပါတယ်။ ဗိုလ်အောင်ထွေးဟာ OTS ဗိုလ်သင်တန်းကျောင်း အပတ်စဉ် (29) ကျောင်းဆင်း စီနီယာ ဖြစ်ပါတယ်။ ဗိုလ်မောင်ဘို၊ ဗိုလ်ရဲမြင့်၊ ဗိုလ်ခင်မောင်သန်း၊ ဗိုလ်ကျော်ဝင်း တို့ဟာ OTS (30,31) ကျောင်းဆင်းတွေ ဖြစ်ကြပေမဲ့ တက္ကသိုလ်ကျောင်းသားဘ၀က တစ်နှစ်ထဲ ကျောင်းပြီးသူများ ဖြစ်ကြလို့ သိပ်မကွာကြဘဲ OTS ကျောင်းဆင်းတဲ့အခါမှာလည်း ရှေ့ဆင့် နောက်ဆင့် တစ်နှစ်ထဲ ကျောင်းဆင်းသူများ ဖြစ်ခဲ့ကြပါတယ်။ တိုင်းမှူး ဖြစ်ကြတော့လည်း အတူတူ ဖြစ်တာမို့ သူတို့ဟာ “ညီ” ပြီး တိုင်း(၅) တိုင်း လှုပ်ရင်တောင် နိုင်ငံတော် အာဏာကို ကိုင်လှုပ်နိုင်တဲ့ အနေအထားမှာ ရှိခဲ့ပါတယ်။ ဒါကို ရိပ်မိတဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် ဗိုလ်ချုပ်ကြီး ခင်ညွှန့် တို့ဟာ သူတို့ကို မျက်နှာသာ မပေးဘဲ အမှားကို စောင့်ကြည့်ခဲ့ကြသလို ဒါကို သိနေတဲ့ သူတို့ (၅) ဦးကလည်း တပ်ချုပ်ထံ ၀င်ထွက်နီးစပ်မှုရရှိရန် အစွမ်းကုန် ကြိုးစားကြပြီး တပ်ချုပ်ရဲ့  လူယုံတော်များ ဖြစ်ကြောင်းနဲ့ တပ်ချုပ်မှ လွဲလို့ ကျန်တဲ့သူဆိုရင် ဂရုမစိုက်ဘူးဆိုတဲ့ အချိုးမျိုး လုပ်လာတဲ့ ဖြစ်စဉ်တွေကို စဉ်ဆက်မပြတ် တင်ပြသွားပါမယ်။


ပန်ချာပီ ကုလားကို “ဖား” နေရှာတဲ့ ဗိုလ်အောင်ထွေး

ပထမဦးဆုံး စီနီယာ ဖြစ်တဲ့ ဗိုလ်အောင်ထွေး နပခတိုင်းမှူး ဖြစ်တုံးက ရခိုင်ရိုးမ တောင်တန်းကြီးကို ဖြတ်ပြီး စစ်တွေ အမ်းမှ မကွေး- ပြည်မသို့ ဖေါက်တဲ့ မဟာဗျူဟာ လမ်းမကြီး ဖောက်လုပ်ရေး စီမံကိန်းနဲ့ စပ်လျဉ်းလို့ အမှတ်လျော့ကာ မှားကွက် ဖြစ်သွားပါတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ အတွင်းရေးမှူး (၂) ဒုတိယ ဗိုလ်ချုပ်ကြီး တင်ဦး တို့ စစ်တွေကို သွားရောက် စစ်ဆေးတဲ့ ခရီးစဉ်တစ်ခုမှာ မူလက စစ်ဆေးမဲ့ အစီအစဉ် မပါရှိဘဲ တပ်ချုပ်က တိုင်းမှူးဗိုလ်အောင်ထွေးကို ရုတ်တရက် “မင်းတို့ ဖောက်ထားတဲ့ လမ်းမကြီးကို စစ်ဆေးဖို့ အပေါ်ကနေ လေယာဉ်နဲ့ မပြန်တော့ဘဲ ကားတန်းနဲ့ မနက်ဖြန် ပြန်ကြမယ်” လို့ အမိန့်ပေး ခဲ့ပါတယ်။ ဒီအခါမှာ ဒီမဟာဗျူဟာ လမ်းမကြီးကို တကယ်မပြီးသေးဘဲနဲ့ ပြီးပြီလို့ လိမ်ညာဖြီးဖြန်းထားတဲ့ ဗိုလ် အောင်ထွေး ခမျာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားခဲ့ပါတယ်။ ညတွင်းချင်း တပ်တွေကို လမ်းမကြီးအပေါ် ဆင်းခိုင်းကာ “မီး” ဖိုပြီး ရွာသားတွေအား အတင်းအဓမ္မ လုပ်အားပေး ပြင်ဆင်ခိုင်းပါတော့တယ်။ လမ်းမကြီးဟာ အကြမ်းထည်သာပြီးပြီး ချောင်းတွေ ကူးတဲ့ တံတားချဉ်းကပ်လမ်း တွေဟာ မပြီးသေးတာမို့ ဗိုလ်သန်းရွှေ စီးတဲ့ Land Cruiser ကားကြီးမှာ ဘယ်လိုဘဲ အိစက်ညက်ညောပါစေ လမ်းမကြီးရဲ့  ကြမ်းတမ်းမှု ဒါဏ်မခံနိုင်ဘဲ ဇကောထဲ ဇီးဖြူသီး လိမ့်သလို ခံစားရပါတော့တယ်။ မကွေးရောက်တော့ အတွင်းရေးမှူး(၂) ဗိုလ်တင်ဦးခမျာ မျက်နှာကို ဓားနဲ့ လှီးချင်စိတ် ပေါက်တယ်လို့ ငြီးတွားပြီး ဗိုလ်သန်းရွှေရဲ့  ဆူပူမှုကို ခံရပါတော့တယ်။ အဲဒီကတည်းက အကွက်ချောင်းနေတဲ့ ဗိုလ်မောင်အေးက တိုင်းမှူး တစ်ဦးအပေါ်အရည်အသွေး၊ မှတ်ချက် ပေးတဲ့ အပိုင်းမှာ နှိပ်ကွပ်ခဲ့လို့ ဗိုလ်အောင်ထွေးခမျာ အမှတ်တွေ လျော့ကာ နလန်မထူနိုင်အောင် ကွဲခဲ့ရပါတော့တယ်။ ဗိုလ်ခင်မောင်သန်း၊ ဗိုလ်မောင်ဘို၊ ဗိုလ်ရဲမြင့်၊ ဗိုလ်ကျော်ဝင်း တို့အကြောင်းကိုလည်း စစ်ဖက်နီးစပ် သူများက ထပ်မံ ပေးပို့လာဖို့ ရှိရာ အလျဉ်းသင့်သလို ဆက်လက်တင်ပြသွားပါမယ်။

No comments: